အခန်း (၈) ဝိညာဉ်မဲ့နတ်ဘုရားဖြစ်နေမလား
ဤသို့ တွေးလိုက်မိသည်နှင့် ဆုန့်ဝူနယ်စားမင်းသည် သွေးရိပ်ကို ရင်ဆိုင်ရာတွင် ယုံကြည်မှု ပို၍ပင် နည်းပါးသွားတော့သည်။
ဆုန့်မျိုးနွယ်စု၏ ဘိုးဘေးကြီးမှာ နတ်ဘုရားမီးလျှံကို ထွန်းညှိပြီး ဝိညာဉ်မဲ့နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သော်လည်း နှစ်ပေါင်းများစွာ အခြေခိုင်ပြီးသား မင်းဆက်ကြီးများနှင့် ယှဉ်လျှင်မူ ဆုန့်မျိုးနွယ်စု၏ အခြေခံမှာ အားနည်းနေသေးသည်ဟု ခံစားရသည်။
ဆုန့်မျိုးနွယ်စုအနေဖြင့် မူယာမင်းဆက်ကို အစားထိုးပြီး မိုင်ငါးသန်းပတ်လည် နယ်မြေတစ်ခုလုံးကို လုံးဝ မစိုးမိုးနိုင်သေးမီအချိန်တွင် အခြေခိုင်ပြီးသား ဝိညာဉ်မဲ့နတ်ဘုရား မင်းဆက်တစ်ခုကို သွားရောက် ပြစ်မှားမိရန် မသင့်တော်ပေ။
ဆုန့်ဝူနယ်စားမင်း၏ စိုးရိမ်တကြီး မေးမြန်းမှုနှင့် အလျှော့ပေးလိုသောပုံစံကို သွေးရိပ်က ဘာမှ ပြန်မပြောပေ။ သူသည် သားရဲကြီးတစ်ကောင်၏ ကျောပေါ်တွင် မြင့်မြတ်သော ကျောက်ဆစ်ရုပ်တုတစ်ခုကဲ့သို့ မလှုပ်မယှက် ထိုင်နေပြီး မှောင်မိုက်ရိပ်တပ်သား နှစ်ထောင်ကို ဦးဆောင်ကာ ဆုန့်ဝူနယ်စားမင်းကို အေးစက်စွာ စိုက်ကြည့်နေသည်။
ဆုန့်မျိုးနွယ်စုဖြစ်စေ၊ ထိပ်တန်း နယ်စားမင်း အင်အားစုဖြစ်စေ သွေးရိပ်က ဂရုမစိုက်ပေ။ ယင်ချီသာ အမိန့်ပေးလိုက်မည်ဆိုပါက ရဟန္တာဧကရာဇ်တစ်ပါး ဆင်းသက်လာလျှင်ပင် သူသည် ဓားကိုဆွဲထုတ်၍ တိုက်ခိုက်ရဲသူ ဖြစ်သည်။
သွေးရိပ်နှင့် မှောင်မိုက်ရိပ်တပ်သား နှစ်ထောင်နှင့် ယှဉ်လျှင်မူ ယန်ဝူးမြို့ရှိ လူသန်းပေါင်းများစွာမှာ ပို၍ပင်ထိတ်လန့်နေကြသည်။
မူယာမင်းဆက်နယ်မြေအတွင်း ဆုန့်မျိုးနွယ်စု၏ ဂုဏ်သတင်းမှာ အလွန်ပင် ကြီးမားလှသည်။ မျိုးနွယ်စု အသေးစားများမှ ကျင့်ကြံသူ အများအပြားမှာ ဆုန့်မျိုးနွယ်စုမှ နယ်စားမင်း ရောက်လာသည်ကို မြင်လျှင်ပင် ထိုနေရာ၌တင် ဒူးထောက် အညံ့ခံချင်နေကြပြီ ဖြစ်သည်။
သို့သော် သူတို့ အဆုံးအထိ အောင့်ထားကြသည်။ ဆုန့်မျိုးနွယ်စုက အင်အားကြီးသော်လည်း သူတို့သည် ယင်ချီကို သစ္စာမဖောက်ရဲကြပေ။
ထို့ပြင် ယန်ဝူးမြို့ရှိ ကုမျိုးနွယ်စုဦးဆောင်သော မျိုးနွယ်စုကြီး ခြောက်ခုမှာလည်း တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။
ဆုန့်မျိုးနွယ်စုက ယန်ဝူးမြို့ကို ရောက်နေပြီ။ မျိုးနွယ်စု ခေါင်းဆောင်နဲ့ အကြီးအကဲတို့ ကျွန်တော်တို့ မျိုးနွယ်စုအနေနဲ့ ဘယ်လို ရွေးချယ်မလဲ။
ကုမျိုးနွယ်စု၏နန်းတော်အတွင်း၌ ကုမျိုးနွယ်စု၏ အမာခံဝင်များ စုဝေးနေကြသည်။ သူတို့၏ အကြည့်များမှာ ခရမ်းရောင်နန်းတော်အဆင့် ကျင့်ကြံသူများ ဖြစ်ကြသော ကုချန်ဟဲနှင့် ကုရှင်းဟန်တို့ဆီသို့ ရောက်နေကြသည်။
ဆုန့်ဝူနယ်စားမင်းနှင့် သွေးရိပ်တို့၏ စကားပြောဆိုမှုတွင် ဆုန့်ဝူနယ်စားမင်းဘက်က အလျှော့ပေးနေသည်မှာ ထင်ရှားသော်လည်း ကုမျိုးနွယ်စုနှင့် ယန်ဝူးမြို့သားများမှာမူ ထိုအခြေအနေကို မသိကြပေ။
သာမန်ကျင့်ကြံသူများမှာ ကောင်းကင်ဖြစ်စဉ်အဆင့် ကျွမ်းကျင်သူများ၏ အာရုံချင်း ဆက်သွယ်ပြောဆိုမှုကို ကြားနိုင်စွမ်း မရှိကြချေ။
မျိုးနွယ်စု အသီးသီး၏ အမြင်တွင်မူ ဆုန့်မျိုးနွယ်စုသည် အင်အားသုံး၍ရောက်ရှိလာခြင်းဖြစ်ပြီး ယင်ချီကို အညံ့ခံခိုင်းရန် သို့မဟုတ် သုတ်သင်ရန် ရည်ရွယ်နေသည်ဟုသာ ထင်နေကြသည်။
ယင်ချီသည် ခရမ်းရောင်နန်းတော်အဆင့် တပ်သား နှစ်သောင်းအထိ ပိုင်ဆိုင်ထားသော်လည်း ဆုန့်မျိုးနွယ်စုတွင် ကောင်းကင်ဖြစ်စဉ်နယ်စားမင်း ငါးဦးအထိ ရှိနေသည် မဟုတ်ပါလား။
မျိုးနွယ်စုဝင်များ၏ မေးခွန်းများကို ရင်ဆိုင်ရာတွင် ကုချန်ဟဲနှင့် ကုရှင်းဟန်တို့လည်း အလွန်စိတ်ရှုပ်ထွေးနေကြရသည်။ လက်ရှိ အခြေအနေအရ ဆုန့်မျိုးနွယ်စုထံ အညံ့ခံမည်ဟု တိုက်ရိုက်ပြောဆိုခြင်းမှာ အကောင်းဆုံး ရွေးချယ်မှုဖြစ်မည်မှာ သေချာသည်။
သို့သော် နောက်ဆုံးတွင် သူတို့နှစ်ဦးမှာ စိတ်ကို ပြတ်သားစွာ ထားလိုက်ပြီး ယင်ချီကို မသစ္စာဖောက်ရန် ဆုံးဖြတ်လိုက်ကြသည်။
"အားလုံး နားထောင်ကြ"
ချင်နယ်စားမင်းဟာ ငါတို့ ယန်ဝူးမြို့အပေါ် ကျေးဇူးရှိခဲ့တယ်။ အဲဒီတုန်းက ချင်နယ်စားမင်းသာ ကြားဝင် မကူညီခဲ့ရင် ငါတို့ ကုမျိုးနွယ်စုဟာ အခုထိ ရှိနေပါဦးမလား။
ငါဆုံးဖြတ်ပြီးပြီ။ ချင်နယ်စားမင်းနဲ့ ဆုန့်မျိုးနွယ်စုကြားမှာ စစ်ပွဲပဲဖြစ်ဖြစ် ဘာပဲ ဖြစ်ဖြစ် ငါကတော့ ချင်နယ်စားမင်းနောက်ကို အသက်ပေးပြီးလိုက်မယ် မင်းတို့ကိုတော့ ငါ အတင်းအကျပ် မတိုက်တွန်းဘူး။
ဒါပေမဲ့ ကုမျိုးနွယ်စုဝင်တွေအနေနဲ့ တစ်ခုပဲ မှတ်ထားကြပါ အဲဒါက ကျေးဇူးသိတတ်ဖို့ပဲ ဒါဟာ ငါတို့ ဘိုးဘေးတွေ ချန်ထားခဲ့တဲ့ ဆုံးမစကားပဲ။
ကုချန်ဟဲသည် တည်ကြည်သော မျက်နှာထားဖြင့် ပြောလိုက်သည်။ ကုရှင်းဟန်မှာ စကားမပြောသော်လည်း ကုချန်ဟဲ၏ ဘေးတွင် အမြဲ ရပ်နေခဲ့သည်။ သူမလည်း ထိုအတိုင်းပင် ဆုံးဖြတ်ထားပုံရသည်။
မျိုးနွယ်စု ခေါင်းဆောင်နှင့် အကြီးအကဲတို့က ရပ်တည်ချက် ပြသလိုက်သဖြင့် ကုမျိုးနွယ်စုဝင်များမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး နောက်ဆုံးတွင် သွားကို ကြိတ်ကာ ယင်ချီနောက်သို့ လိုက်ရန် ဆုံးဖြတ်လိုက်ကြသည်။
တစ်ချိန်တည်းမှာပင် ကျန်မျိုးနွယ်စုကြီး ငါးခုမှာလည်း ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြပြီး နောက်ဆုံးတွင် အားလုံးက ယင်ချီနောက်သို့ လိုက်ရန်သာ ရွေးချယ်ခဲ့ကြသည်။
ဤမျိုးနွယ်စုကြီး ခြောက်ခု၏ ဘိုးဘေးများမှာ စိတ်ဓာတ်ခိုင်မာသူများ ဖြစ်ကြပြီး သူတို့၏မျိုးဆက်များမှာလည်း ထိုစိတ်ဓာတ်ကို ဆက်ခံထားကြခြင်း ဖြစ်သည်။ ထိုအချက်ကြောင့်ပင် သူတို့သည် ရှန့်မင်းဆက်၏ လုပ်ကြံမှုကို ခံခဲ့ရပြီး ဟွမ်ကျိုးသို့ ပြည်နှင်ဒဏ် ခံခဲ့ရခြင်း ဖြစ်သည်။
ယင်ချီသည် ဤမျိုးနွယ်စုကြီး ခြောက်ခု၏ ဆုံးဖြတ်ချက်များကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။ သူတို့၏ စွမ်းဆောင်ရည်အပေါ် သူ အလွန်ကျေနပ်မိသည်။
မင်းဆက်တစ်ခုတည်ထောင်ရန်အတွက် ယုံကြည်ရသော အမှုထမ်းများ လိုအပ်ပြီး ဤမျိုးနွယ်စု ခြောက်ခုမှာ အမှန်တကယ်ပင် ပျိုးထောင်ပေးရန် ထိုက်တန်ပေသည်။
ကောင်းပြီ... အခု ဆုန့်မျိုးနွယ်စု ကိစ္စကို ရှင်းရမယ့် အချိန်ရောက်ပြီ။
ယင်ချီသည် မြို့စားနန်းတော်မှ ဖြည်းဖြည်းချင်း လမ်းလျှောက် ထွက်လာပြီး လေဟာနယ်ထဲရှိ ဆုန့်ဝူနယ်စားမင်းကို ကြည့်လိုက်သည်။
ဆုန့်မျိုးနွယ်စု ယန်ဝူးမြို့သို့ ရုတ်တရက် ရောက်လာခြင်းကို ယင်ချီအနည်းငယ် အံ့သြမိသော်လည်း အများကြီး မတွေးတောနေပေ။
ဆုန့်မျိုးနွယ်စုဆိုသည်မှာ ယင်ချီကို ခြိမ်းခြောက်နိုင်သည့် အရည်အချင်း မရှိပေ။
ယင်ချီပေါ်ထွက်လာသည်နှင့် မှောင်မိုက်ရိပ်တပ်သား နှစ်ထောင်နှင့် တပ်မှူး သွေးရိပ်တို့မှာ သူ၏ ရှေ့တွင်ချက်ချင်း ဂါရဝပြုကြသည်။
"ချင်နယ်စားမင်းကို ဂါရဝပြုပါတယ်"
"ချင်နယ်စားမင်းကို ဂါရဝပြုပါတယ်"
မှောင်မိုက်ရိပ်တပ်သား နှစ်ထောင်၏အသံမှာ တစ်သံတည်း ထွက်ပေါ်လာပြီး လှုပ်ရှားမှုများမှာလည်း တစ်ဦးတည်းကဲ့သို့ စနစ်တကျ ရှိလှသည်။ ဤမြင်ကွင်းကို ကြည့်ပြီး ဆုန့်ဝူနယ်စားမင်း ပို၍ပင် ထိတ်လန့်သွားရသည်။
ခရမ်းရောင်နန်းတော်တပ်သား နှစ်ထောင်မှာ အင်အားကြီးသော်လည်း ထိုတပ်မတော်၏ တင်းကျပ်လှသော စည်းကမ်းမှာ ပို၍ ကြောက်စရာကောင်းသည်။
ခရမ်းရောင်နန်းတော်အဆင့်အထိ ကျင့်ကြံနိုင်သူတိုင်းမှာ မာန်မာန အနည်းနှင့်အများ ရှိကြစမြဲ ဖြစ်သော်လည်း ဤမျှ စည်းကမ်းရှိသော တပ်မျိုးကိုမူ ဆုန့်ဝူနယ်စားမင်း တစ်သက်နှင့်တစ်ကိုယ် တစ်ခါမျှ မတွေ့ဖူးခဲ့ပေ။
"ဒါဟာ စစ်မှန်သောနတ်ဘုရားမင်းဆက် တစ်ခုက တပ်မတော် ဖြစ်နေမလား"
ဆုန့်ဝူနယ်စားမင်းမှာ ယခုအချိန်တွင် သူ၏ ယုံကြည်မှုအားလုံး ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ ကောင်းကင်ဖြစ်စဉ် ပြီးပြည့်စုံခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦးအနေဖြင့် ဟွမ်ကျိုးနယ်မြေ၏ လျှို့ဝှက်ချက်များကို သူ အတော်အသင့် သိထားသည်။
ဟွမ်ကျိုးတွင် လူသားကျင့်ကြံသူ စစ်မှန်သောနတ်ဘုရား အဆင့်များ မရှိဟု အပေါ်ယံတွင် ထင်ရသော်လည်း အလွန်ကြီးမားသော မင်းဆက်ကြီးအချို့တွင်မူ ထိုအဆင့် ကျွမ်းကျင်သူများမှာ တိတ်တဆိတ် ပုန်းအောင်းနေတတ်ကြသည်။
သူတို့သည် ရှန့်မင်းဆက်၏ သိရှိမှုကို ကြောက်ရွံ့သဖြင့် ပုန်းကွယ်နေကြခြင်း ဖြစ်သည်။
"သူ့ရဲ့ ကျင့်စဉ်အဆင့်ကို.....ငါ လုံးဝ မမြင်နိုင်ဘူး"
ဆုန့်ဝူနယ်စားမင်းသည် ယင်ချီကို သတိထားကြည့်လိုက်မိသောအခါ ရင်ဘတ်ထဲမှ နှလုံးသားမှာ ပြင်းထန်စွာ ခုန်လာတော့သည်။
ယင်ချီထံမှ ဝိညာဉ်စွမ်းအင် လှုပ်ရှားမှုကို သူ လုံးဝ မခံစားရပေ သို့သော် ယင်ချီထံမှ ထွက်ပေါ်လာသော ဖိအားမှာမူ အဆုံးအစမရှိ ကျယ်ပြောလှသော တောင်တန်းကြီးတစ်ခုကဲ့သို့ ခံစားရသည်။
တစ်ချက်ကြည့်လိုက်ရုံနှင့် ဆုန့်ဝူနယ်စားမင်း၏ခန္ဓာကိုယ်တစ်ခုလုံးမှာ လေးလံသွားပြီး သူ၏ စွမ်းအားများကို လှည့်ပတ်ရန်ပင် ခက်ခဲနှေးကွေးသွားတော့သည်။ ၎င်းမှာ ခွန်အားချင်း အလွန်အမင်း ကွာဟနေသောကြောင့် ဖြစ်ပေါ်လာသည့် ဖိနှိပ်မှုပင် ဖြစ်သည်။
"ငါ့ရှေ့က ပုဂ္ဂိုလ်ဟာ ငါ့ထက် အဆင့်တွေ အများကြီး သာလွန်နေတာ ဖြစ်ရမယ်"
ဆုန့်ဝူနယ်စားမင်း၏ ခန္ဓာကိုယ်မှာ တုန်ရီလာပြီး သူ၏ စိတ်ထဲတွင် ရုတ်တရက် ပေါ်လာသော အတွေးကြောင့် ထိတ်လန့်သွားရသည်။
သူသည်ယင်ချီကိုဆက်မကြည့်ရဲတော့ဘဲအကြည့်ကိုချက်ချင်းလွှဲလိုက်ရတော့သည်။