အခန်း (၃) ကံစမ်းမဲနှိုက်ခွင့်နှင့် ချင်ဟိုနိုင်ပွဲ
"ကောင်းပြီ" ခဏမျှ စဉ်းစားပြီးနောက် ယင်ချီသည် ကောင်းကင်နှင့် မြေကြီးကို လွှမ်းခြုံထားသော သူ၏ စွမ်းအင်များကို ရုပ်သိမ်းလိုက်ပြီး တည်ငြိမ်စွာပြောလိုက်သည်။
ထိုစကားကိုကြားလိုက်ရသောအခါ ကုမျိုးနွယ်စုမှ ခရမ်းရောင်နန်းတော်အဆင့် ကျင့်ကြံသူနှစ်ဦး၏ မျက်လုံးများတွင် ဝမ်းသာရိပ်များ ပေါ်လာသည်။
သူတို့သည် ကံစမ်းကြည့်သည့် သဘောဖြင့်သာ ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး ယင်ချီက အမှန်တကယ် သဘောတူလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သူတို့၏အမြင်တွင် ယင်ချီသည် လက်တစ်ချက်ဝှေ့ယမ်းရုံဖြင့် ကောင်းကင်ဖြစ်စဉ်အဆင့်သားရဲကြီး နှစ်ကောင်ကို အမှုန့်ပြုနိုင်ခဲ့သဖြင့်သူ၏အစွမ်းမှာ ဝိညာဉ်မဲ့နတ်ဘုရားအဆင့်သို့ မရောက်သေးလျှင်ပင် အလွန်နီးစပ်နေပြီဟု ယူဆကြသည်။
ယင်ချီ၏ အကာအကွယ်ရှိလျှင် ယန်ဝူးမြို့ သည် အင်အားကြီးရန်သူများကို သွားရောက် ရန်မစသရွေ့နောင်တွင် ပိုမိုစည်ပင်ဝပြောလာမည်ဖြစ်ပြီး နယ်မြေများကိုပင်ချဲ့ထွင်နိုင်တော့မည် ဖြစ်သည်။
စီနီယာ ဒါကတော့ ကျွန်တော်တို့ယန်ဝူးမြို့ရဲ့ မြို့စောင့်တံဆိပ်ပါ။
ဒီတံဆိပ်နဲ့ဆိုရင် စီနီယာအနေနဲ့ ယန်ဝူးမြို့ရဲ့ အကာအကွယ် စွမ်းအင်တွေကို ထိန်းချုပ်နိုင်သလို လူသန်းပေါင်းများစွာကိုလည်း အမိန့်ပေးနိုင်မှာ ဖြစ်ပါတယ်။
ဒီအကာအကွယ်စွမ်းအင်ဟာ ကျွန်တော်တို့ ကုမျိုးနွယ်စု ဘိုးဘေးတွေထားရစ်ခဲ့တာပါ။
အတိတ်တုန်းကတော့ ဒါဟာရဟန္တာတုအဆင့်ရှိတဲ့တိုက်ခိုက်ရေး စွမ်းအင်အစီအစဉ် ဖြစ်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ တော်တော်လေး ပျက်စီးသွားခဲ့ပါတယ်။
ဒါပေမဲ့လည်း ကောင်းကင်ဖြစ်စဉ်အဆင့်အထက်ရှိတဲ့ ကျင့်ကြံသူတစ်ယောက်က ထိန်းချုပ်မယ်ဆိုရင်တော့ ဒီစွမ်းအင်နဲ့တင် ဝိညာဉ်မဲ့နတ်ဘုရား တစ်ယောက်ကို ယှဉ်နိုင်ပါသေးတယ်။
စကားပြောရင်း ကုမျိုးနွယ်စုကျင့်ကြံသူတစ်ဦးက အနက်ရောင်တံဆိပ်ပြားတစ်ခုကို သေချာစွာထုတ်ယူပြီး ယင်ချီအား ရိုသေစွာ ဆက်သလိုက်သည်။
ယင်ချီက တံဆိပ်ကို လက်ခံလိုက်သည်နှင့် ကုမျိုးနွယ်စုကျင့်ကြံသူ နှစ်ဦးမှာ အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကြပြီးနောက် ယင်ချီကို ထပ်မံ၍ ဦးညွှတ်ကာ
"မြို့စားမင်းကို ဂါရဝပြုပါတယ်"
"မြို့စားမင်းကို ဂါရဝပြုပါတယ်"
သူတို့၏အသံများမှာ ယန်ဝူးမြို့ တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ မြို့ထဲရှိ အခြားလူသား ကျင့်ကြံသူများလည်း ယင်ချီနှင့် သူတို့၏ စကားပြောသံများကို ကြားရပြီးနောက် တစ်ဖန် ပြန်လည်ဂါရဝပြုကြတော့သည်။
ယင်ချီရုတ်တရက် ယန်ဝူးမြို့၏မြို့စားမင်း ဖြစ်လာခြင်းကို မည်သူကမျှ မကန့်ကွက်ကြပေ။ ဤကမ္ဘာတွင် အားနည်းသူက အားကြီးသူကို အမြဲတမ်းအညံ့ခံရစမြဲပင်။
တကယ်တော့ အားနည်းသူများမှာ အားကြီးသူနောက်ကိုလိုက်ချင်လျှင်ပင် အခွင့်အရေး မရနိုင်သည့် အခြေအနေမျိုးကပိုများသည်။
ကြည်ညိုလေးစားစွာ အော်ဟစ်ပူဇော်သံများကြားတွင် ယင်ချီသည် မြို့စားတံဆိပ်ကို သွေးတစ်စပ်ချလိုက်သည်နှင့် ကံကြမ္မာစက်ဝန်း၏ အသံက သူ၏ဦးနှောက်ထဲတွင် ပဲ့တင်ထပ်လာသည်။
သခင်သည် နယ်မြေတစ်ခုကို တရားဝင် ပိုင်ဆိုင်လိုက်ပြီဖြစ်သဖြင့် ကံကြမ္မာစက်ဝန်းကို ၃ ကြိမ် လည်ပတ်ခွင့် ရရှိပါသည်။
သခင်အနေဖြင့် အဆင့်ဆင့်ကြိုးပမ်းအားထုတ်ကာ ကိုယ်ပိုင်မင်းဆက်ကို တည်ထောင်ပြီး အတုမရှိသော ကောင်းကင်ဘုံနန်းတော်ကို တည်ဆောက်နိုင်ပါစေ။
သခင်၏လက်ရှိနယ်မြေမှာ အချင်းဝက် မိုင် ၁၅၀၀ ခန့်ဖြစ်သည်။
သခင်လက်ရှိ အင်အားစု၏ ကံတရားတန်ဖိုးမှာအမှတ် ၁၀၀ ဖြစ်သည်။
ထိုအသံ ပျောက်ကွယ်သွားသည်နှင့် ယင်ချီ၏ စိတ်အာရုံထဲတွင် ကြီးမားသော စက်ဝန်းကြီးတစ်ခုပေါ်လာသည်။ ယခုအကြိမ်တွင် စက်ဝန်း၏ အလယ်ဗဟို၌ ရွှေရောင်ဂဏန်း ၃ဟု ပေါ်နေသည်။
ကံကြမ္မာစက်ဝန်း၏ဖော်ပြချက်အရ ဤလည်ပတ်ခွင့်များကို အသုံးပြုကာ မည်သည့်အရာကိုမဆို နှိုက်ယူနိုင်ပြီး မသေမျိုးဧကရာဇ်အဆင့်ရှိသော ကျွမ်းကျင်သူများကိုပင် ဆင့်ခေါ်နိုင်သည်ဟုဆိုသည်။ ထိပ်တန်းပစ္စည်းများ သို့မဟုတ် ကျွမ်းကျင်သူများ ရရှိနိုင်ခြေမှာ အင်အားစု၏ကံတရားတန်ဖိုးပေါ်တွင် မူတည်သည်။
ဆိုလိုသည်မှာ ယင်ချီထိန်းချုပ်ထားသော နယ်မြေ၏ ကံတရားတန်ဖိုးမြင့်မားလေလေ ပိုကောင်းသော အရာများရရှိနိုင်ခြေ များလေလေ ဖြစ်သည်။
ကံတရားတန်ဖိုးသာ လုံလောက်ပါက မသေမျိုးဧကရာဇ်များကိုပင် ဆင့်ခေါ်နိုင်မည် ဖြစ်သည်။
ကံတရားတန်ဖိုး မြှင့်တင်ရန်အတွက် နယ်မြေချဲ့ထွင်ခြင်း၊ အခြားအင်အားစုများကို သိမ်းပိုက်ခြင်းနှင့် လူဦးရေ ပိုမိုအုပ်ချုပ်ခြင်းတို့ ပြုလုပ်ရမည် ဖြစ်သည်။
သူ့တွင်ရှိသောလည်ပတ်ခွင့်၃ ကြိမ်ကို ယင်ချီ မလောတကြီး မသုံးသေးပေ။ဤအခွင့်အရေးမှာ အလွန်တန်ဖိုးရှိသဖြင့် ကံတရားတန်ဖိုးကို တတ်နိုင်သမျှ မြှင့်တင်ပြီးမှသာ အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။
အဓိကမှာ ယင်ချီသည် သူ၏ကံအပေါ် ယုံကြည်မှုမရှိခြင်းကြောင့်ပင် ယခင်ဘဝက ဂိမ်းကစားလျှင်ပင် သူသည် ကံအဆိုးဆုံး လူစားမျိုး ဖြစ်ခဲ့သည်။
စဉ်းစားနေရင်းနှင့် ယင်ချီသည် ကုမျိုးနွယ်စု ကျင့်ကြံသူ နှစ်ဦး၏ဦးဆောင်မှုဖြင့် ယန်ဝူးမြို့၏ မြို့စားနန်းတော်အတွင်းသို့ ဝင်ရောက်ခဲ့သည်။
မင်းတို့နှစ်ယောက် ငါ့ကို မြို့စားအဖြစ် အသိအမှတ်ပြုပြီးပြီဆိုတော့ ငါ့မှာလည်း စည်းကမ်း နှစ်ခုရှိတယ်။
ပထမ သစ္စာဖောက်တာကို ငါလုံးဝသည်းမခံဘူး။
ဒုတိယ ငါ့ရဲ့အမိန့်တွေကို မင်းတို့ အပြည့်အဝ နာခံရမယ်။
အကယ်၍ မင်းတို့ဒါကို မလုပ်နိုင်ဘူးဆိုရင် ဖြစ်လာမယ့် နောက်ဆက်တွဲတွေကို မင်းတို့ပဲ တာဝန်ယူရလိမ့်မယ်။
နန်းတော်၏ခန့်ညားသော ခန်းမဆောင်ကြီးအတွင်း၌ ယင်ချီသည် ကျောက်စိမ်းထိုင်ခုံပေါ်တွင် ပေါ့ပေါ့ပါးပါး ထိုင်လိုက်သည်။
သူ၏အသံမှာ အေးစက်တည်ငြိမ်နေသော်လည်း ကုမျိုးနွယ်စု ကျင့်ကြံသူ နှစ်ဦးအတွက်မူ အသက်ရှူရခက်လောက်အောင် ဖိအားများ ပေးနေသည်။
ယင်ချီသည် အင်အားစုတစ်ခုကို အပြည့်အဝ ထိန်းချုပ်လိုပါက လုံလောက်သော ခွန်အားနှင့် အမိန့်အာဏာကို ပြသရမည်ဟု ကောင်းကောင်း သိထားသည်။
ထို့ပြင် ဤလူနှစ်ဦးကို သူက အပြည့်အဝ လွှမ်းမိုးထားရမည်။ အဘယ်ကြောင့်ဆိုသော် သူတို့နှစ်ဦးကိုထိန်းချုပ်နိုင်ခြင်းမှာ ယန်ဝူးမြို့ တစ်ခုလုံးကို ထိန်းချုပ်လိုက်ခြင်းပင်ဖြစ်သောကြောင့် ဖြစ်သည်။
ကုမျိုးနွယ်စု ကျင့်ကြံသူနှစ်ဦးမှာ တစ်ဦးက အရပ်ရှည်ပြီးတစ်ဦးက ပုသည်။ သူတို့ နှစ်ဦးစလုံးမှာ လူကြီးများဖြစ်ကြပြီး ခရမ်းရောင်နန်းတော်ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေကြသူများ ဖြစ်သည်။
အရပ်ပုသူမှာ ကုချန်ဟဲဖြစ်ပြီး ခရမ်းရောင် ကျင့်ကြံသူ ဝတ်စုံကို ဝတ်ဆင်ထားသော်လည်း သူ၏ပုံစံမှာ ကုန်သည်တစ်ဦးနှင့် ပိုတူသည်။
အရပ်ရှည်သူမှာ ကုရှင်းဟန်ဖြစ်ပြီး ကျောတွင် ဓားအရှည်တစ်လက် လွယ်ထားသည်။
သူက စကားနည်းပြီး အေးဆေးသော်လည်း သူ၏အရှိန်အဝါမှာ ကုချန်ဟဲထက် ပိုမိုအားကောင်းကာ ကောင်းကင်ဖြစ်စဉ်အဆင့်သို့ ရောက်ရန်ခြေတစ်လှမ်းသာ လိုတော့သည်။
သို့သော် ယင်ချီ၏ ဖိအားအောက်တွင် သူတို့နှစ်ဦးစလုံးမှာ မျက်နှာများဖြူလျော့ကုန်ပြီး တောင်တန်းကြီးများဖြင့် အဖိခံထားရသကဲ့သို့ ရပ်နေရန်ပင် ခက်ခဲနေကြသည်။
မလုပ်ရဲပါဘူး မလုပ်ရဲပါဘူး။
မြို့စားမင်းဟာ ယန်ဝူးမြို့ရဲ့ အမြင့်ဆုံး အုပ်ချုပ်သူပါ။ မြို့စားမင်းရှိနေတာဟာ ကျွန်တော်တို့ မြို့အတွက် ဂုဏ်ယူစရာနဲ့ ကံကောင်းခြင်းပါပဲ။
ကျွန်တော်တို့မြို့စားမင်းနောက်ကို အသက်ပေးပြီးလိုက်ပါပါ့မယ်။ ဓားတောင်ကို တက်ရတက်ရ မီးပင်လယ်ကို ဖြတ်ရဖြတ်ရ ဝန်မလေးပါဘူး။
ကုချန်ဟဲက တုန်တုန်ရင်ရင်ဖြင့် အမြန်ပြန်ဖြေလိုက်သည်။ သူ၏ရင်ထဲတွင် ကြောက်ရွံ့မှုများရှိနေသော်လည်း စိတ်လှုပ်ရှားမှုက ပိုများနေသည်။
မူလကယင်ချီသည် မြို့စားဘွဲ့ကိုသာ ယူပြီး တစ်နှစ်တစ်ခါ လက်ဆောင်ပဏ္ဍာ လာသိမ်းမည်ဟု သူထင်ခဲ့ခြင်းဖြစ်သည်။
ယခုမူ ယင်ချီကယန်ဝူးမြို့တွင် ရေရှည်နေထိုင်ရန် ရည်ရွယ်ထားသကဲ့သို့ ရှိနေသည်။ ထို့ပြင် ယန်ဝူးမြို့ကို သူ၏ကိုယ်ပိုင်အင်အားစုအဖြစ် စနစ်တကျ စီမံခန့်ခွဲတော့မည် ဖြစ်သည်။
မြို့စားမင်း မဟုတ်ပါဘူး "စီနီယာ"
စီနီယာရဲ့ခွန်အားနဲ့ဆိုရင် နယ်စားမင်းလို့ ခေါ်ဝေါ်ဖို့ ထိုက်တန်ပါတယ်။ ယန်ဝူးမြို့ရဲ့ မိုင်တစ်သောင်းပတ်လည်မှာ ဘယ်ကောင်းကင်ဖြစ်စဉ် နယ်စားမင်းမှမရှိပါဘူး။
အခုစီနီယာ ရောက်လာပြီဆိုတော့ ပတ်ဝန်းကျင်က မြို့တွေနဲ့ မျိုးနွယ်စုတွေအားလုံးစီနီယာကို အညံ့ခံသင့်ပါတယ်။ စီနီယာရဲ့ နယ်စားမင်း ဘွဲ့အမည်ကို သိခွင့်ပြုပါသလား။
ကျွန်တော်တို့ ညီအစ်ကိုတွေက ပတ်ဝန်းကျင် မြို့တွေကို အသိပေးပြီး စီနီယာကို လာရောက် ဂါရဝပြုဖို့ စီစဉ်ပါ့မယ်။
ကုချန်ဟဲက စိတ်လှုပ်ရှားမှုကိုထိန်းကာ မေးလိုက်သည်။ ယခုအချိန်အထိ သူတို့သည် ယင်ချီ၏အမည် သို့မဟုတ် သူ၏ဘွဲ့အမည်ကို မသိကြသေးပေ။
ဟွမ်ကျိုးတွင် ကောင်းကင်ဖြစ်စဉ်အဆင့် ရှိသူများက မိမိကိုယ်ကို နယ်စားမင်းဟု ခေါ်ဝေါ်လေ့ရှိပြီး ဝိညာဉ်မဲ့နတ်ဘုရားများကမူ ဧကရာဇ်အဖြစ် နန်းတက်လေ့ရှိကြသည်။
"ချင်နယ်စားမင်း ယင်ချီ"
ယင်ချီက တည်ငြိမ်စွာ ဖြေလိုက်သည်။
ချင်ဟူသောအမည်မှာ အရပ်မျက်နှာ အားလုံးကို သိမ်းပိုက်စိုးမိုးမည့်အမည်ဖြစ်သည်။ သူသည် ဟွမ်ကျိုးနယ်မြေ၊ အနက်ရောင်မြူနှင်း မင်းဆက်၊ ကမ္ဘာကြီးတစ်ခုလုံးနှင့် အထက်ရှိ မသေမျိုးလောကကိုပါ သိမ်းပိုက်မည်ဖြစ်သည်။
ချင်အမည်ကိုခံယူကာ စကြာဝဠာကို အုပ်ချုပ်ရန်မှာ ယင်ချီ၏နက်ရှိုင်းသော ရည်မှန်းချက်ပင်။
ယင်ချီ၏ဘွဲ့အမည်ကို သိရပြီးနောက် ကုမျိုးနွယ်စုကျင့်ကြံသူနှစ်ဦးမှာ မနှောင့်နှေးတော့ဘဲ မြို့စားနန်းတော်မှ ထွက်ခွာကာ ပတ်ဝန်းကျင် မြို့များနှင့် မျိုးနွယ်စုများဆီသို့ သတင်းပို့ရန် ပြင်ဆင်ကြတော့သည်။
ထိုမြို့များ၏အင်အားမှာ ယန်ဝူးမြို့ထက် မနိမ့်သော်လည်း ကောင်းကင်ဖြစ်စဉ် နယ်စားမင်းတစ်ဦး၏ ဂုဏ်သတင်းအောက်တွင် သူတို့အားလုံးသည် ယင်ချီကိုယ်တိုင် သွားရောက် တိုက်ခိုက်စရာမလိုဘဲ အညံ့ခံကြမည်မှာ သေချာလှပေသည်။