အခန်း (၂) ယန်ဝူးမြို့သို့ဝင်ရောက်ခြင်းနှင့် ကိုယ်ပိုင်အင်အားစုရှိလာခြင်း
ဘုန်း...
ယင်ချီ အပြေးလာနေစဉ်မှာပင် ယန်ဝူးမြို့ကို ကာကွယ်ထားသော စွမ်းအင်ကာရံမှာ စတင်ပြိုကွဲနေပြီဖြစ်သည်။ သားရဲတိရစ္ဆာန်များမှာ မြို့ထဲသို့ အဆက်မပြတ် ကျူးကျော်ဝင်ရောက်ကာ စိတ်ကြိုက်သတ်ဖြတ်နေကြပြီ ဖြစ်သည်။
"ဒီတိရစ္ဆာန်တွေ..."
ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူ နှစ်ဦးသည် သားရဲအုပ်ကြီးမြို့ထဲသို့ မဝင်နိုင်စေရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားတားဆီးနေကြသည်။
သို့သော် သားရဲအရေအတွက်မှာ များလွန်းလှပြီး ၎င်းတို့ထဲတွင် ခရမ်းရောင်နန်းတော်အဆင့်ရှိသော သားရဲများလည်း မနည်းပေ။
"ဟိန်း..."
ထိုအချိန်တွင် ယန်ဝူးမြို့ရှိလူသန်းပေါင်းများစွာကို ပိုမိုမျှော်လင့်ချက်မဲ့စေသည်မှာ ကောင်းကင်ဖြစ်စဉ်အဆင့်သားရဲကြီး နှစ်ကောင်မှာ ငြိမ်မနေတော့ဘဲ စတင်လှုပ်ရှားလာခြင်းပင်။
၎င်းတို့သည် သဘာဝဘေးအန္တရာယ်ကြီးများ လမ်းလျှောက်လာသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများဖြင့် တောင်တန်းကြီးများသဖွယ်မြို့ဆီသို့ တဟုန်ထိုး ချဉ်းကပ်လာကြသည်။
"ဒါကောင်းကင်ဖြစ်စဉ်အဆင့် သားရဲတွေပဲ"
ကောင်းကင်ဘုံရယ် ငါတို့မျိုးနွယ်စုကို ဘာလို့ ဒီလောက်တောင် ပြင်းပြင်းထန်ထန် အပြစ်ပေးရတာလဲ။
မိုးတိမ်အမည်းရောင်များနှင့် လျှပ်စီးများ ပြည့်နှက်နေသော ကောင်းကင်ကြီးကို ကြည့်ရင်း ယန်ဝူးမြို့မှအဖိုးအိုတစ်ဦးသည် သူ၏ တောင်ဝှေးကို ချပစ်ကာ ကောင်းကင်ကို ကြည့်၍ဝမ်းနည်းပက်လက် အော်ဟစ်လိုက်သည်။
ဤ ဟွမ်ကျိုးတွင် ကောင်းကင်ဖြစ်စဉ်အဆင့်ရှိသော တည်ရှိမှုများကို ပုံမှန်အားဖြင့်နယ်စားမင်းဟု ခေါ်ဝေါ်ကြသည်။
ကောင်းကင်ဖြစ်စဉ်နယ်စားမင်းအမည်အတိုင်းပင် ဤအဆင့်သို့ရောက်ရှိပါက များပြားလှသော စွမ်းအင်များကို အသုံးချနိုင်ပြီး ကောင်းကင်ယံ၏ဖြစ်စဉ်များကိုပင် ပြောင်းလဲစေနိုင်သည်။
ခရမ်းရောင်နန်းတော်အဆင့်သည် ကောင်းကင်ဖြစ်စဉ်အဆင့်၏ရှေ့တွင် ဆင်ရိုင်းကြီးရှေ့မှ ပုရွက်ဆိတ်ကဲ့သို့သာ ဖြစ်သည်။
သွားပြီ ယန်ဝူးမြို့တော့ကုန်ပါပြီ ငါတို့မျိုးနွယ်စုတော့မျိုးတုံးတော့မှာပဲ
ယန်ဝူးမြို့၏အမြင့်ဆုံးအာဏာကို မျိုးနွယ်စုကြီး ခြောက်ခုဖြစ်သော ကု၊ ကျန်း၊ ဟန်၊ ရဲ့၊ လင် နှင့် ကျိတို့က ပူးတွဲပိုင်ဆိုင်ထားကြသည်။
ကုမျိုးနွယ်စုမှာ ဤနေရာသို့ အစောဆုံး ပြည်နှင်ဒဏ်ပေးခံရသူဖြစ်ပြီး အခြေခံအုတ်မြစ် အခိုင်မာဆုံးဖြစ်သဖြင့် ယန်ဝူးမြို့၏ဗဟိုချက်မှာ အမြဲတမ်း ကုမျိုးနွယ်စုသာ ဖြစ်ခဲ့သည်။
ဝမ်းနည်းစရာပဲ ငါတို့ကျန်းမျိုးနွယ်စုဟာ တစ်ချိန်က နှစ်ပေါင်းသန်းချီတဲ့အစဉ်အလာနဲ့အတူ ဘုန်းမီးနေလ တောက်ပခဲ့တာ။ ဒီနေ့မှာပဲ အသတ်ခံရတော့မှာလား။
"ဒီအဖိုးကြီးတော့မကျေနပ်နိုင်ဘူး"
ကျန်းမျိုးနွယ်စုမှ အကြီးအကဲတစ်ဦးသည် သူ၏ခန္ဓာကိုယ်အတွင်းရှိ အသက်စွမ်းအားများကို လောင်မြိုက်စေကာ သူ၏ကျင့်စဉ်အဆင့်ကို ခရမ်းရောင်နန်းတော် အစောပိုင်းအဆင့်အထိ အတင်းအကျပ် မြှင့်တင်လိုက်သည်။
သူ၏မျက်လုံးများမှာ သွေးရောင်လွှမ်းနေပြီး မြို့ပြင်ရှိ သားရဲအုပ်ကြီးကိုဒေါသတကြီး စိုက်ကြည့်နေသည်။
အကြီးအကဲ၏အက်ရှရှအသံမှာ တစ်နယ်လုံး ပဲ့တင်ထပ်သွားသည်။ ၎င်းကို ကြားရသော ကျန်မျိုးနွယ်စုငါးခုမှ ကျင့်ကြံသူများမှာလည်း ရင်ထဲတွင်လေးလံသွားကြသည်။
ဤမျိုးနွယ်စုကြီး ခြောက်ခုသည် တစ်ချိန်က ရှန့်မင်းဆက်၏ ထိပ်တန်းမျိုးနွယ်စုကြီးများ ဖြစ်ခဲ့ကြသည်။
သူတို့၏ဘိုးဘေးများသည် အလွန်အင်အားကြီးမားခဲ့ကြပြီး ရှန့်မင်းဆက်ကို တည်ထောင်ရာတွင်လည်း ကြီးမားသော စစ်မှုထမ်းကောင်းမှုများကို ပြုလုပ်ခဲ့ကြသူများ ဖြစ်သည်။
နှမြောစရာကောင်းသည်မှာ အချိန်ကြာလာသည်နှင့်အမျှ မျိုးနွယ်စုကြီးခြောက်ခု၏ ဘုန်းအာနုဘော်မှာ ပျောက်ကွယ်သွားခဲ့ရသည်။
သူတို့သည် ပြစ်မှုကျူးလွန်သူအရာရှိများ ဟူသော အမည်ဆိုးဖြင့် ဤဟွမ်ကျိုးနယ်မြေတွင် မသေရုံတမယ် ရှင်သန်နေကြရပြီး ဘယ်သောအခါမှ ပြန်လည်မထမြောက်နိုင်တော့ပေ။
"သတ်ကြ"
ကလေးတစ်ယောက်ကိုပဲဖြစ်ဖြစ် အပြင်ကို ပို့နိုင်သရွေ့ ယန်ဝူးမြို့ရဲ့မျှော်လင့်ချက် ကျန်ရှိနေဦးမှာပဲ။ ငါတို့ မျိုးနွယ်စုကြီး ခြောက်ခု မပျောက်ကွယ်သွားနိုင်ဘူး။
လေထဲတွင် ကုမျိုးနွယ်စုမှ ခရမ်းရောင်နန်းတော်အဆင့် ကျင့်ကြံသူ နှစ်ဦးသည် အားကုန်ထုတ်ကာ မြို့စောင့်တိုက်ခိုက်ရေးစွမ်းအင်ကို ထိန်းထားကြသည်။
စွမ်းအင်ကာရံသာ ပွင့်ထွက်သွားပါက ကောင်းကင်ဖြစ်စဉ်အဆင့်သားရဲများ၏ ရှေ့တွင် မျိုးနွယ်စု ခြောက်ခုလုံး ပေါင်းတိုက်လျှင်ပင် ချက်ချင်းအမှုန့်ဖြစ်သွားမည်ကို သူတို့ ကောင်းကောင်းသိသည်။
သူတို့ ယခုလုပ်နိုင်သည်မှာ မျိုးဆက်သစ်များ လွတ်မြောက်နိုင်ရန် အချိန်ဆွဲပေးထားဖို့သာ ရှိသည်။
သို့သော်လည်း ခြင်္သေ့ကိုယ်ထည်နှင့် ကျားမျက်နှာရှိသော တောင်တန်းကြီးများကဲ့သို့ မြင့်မားသည့် ကောင်းကင်ဖြစ်စဉ်အဆင့် သားရဲကြီးနှစ်ကောင်မှာ ကြောက်မက်ဖွယ် ကောင်းလှသည်။ လက်ဖဝါးဖြင့် တစ်ချက် ရိုက်လိုက်ရုံနှင့် မိုင်တစ်ရာအတွင်းရှိ မြေပြင်ကို ပြောင်းပြန်လှန်ပစ်နိုင်သည်။
"ဝေါ့..."
စွမ်းအင်ကာရံကို ထိန်းထားသော ကုမျိုးနွယ်စု ကျင့်ကြံသူနှစ်ဦးမှာ သွေးအန်ကာ ကောင်းကင်မှ မြေပြင်သို့လွင့်ကျသွားသည်။
အခြားသော ကျွမ်းကျင်သူများကလည်း သူတို့၏အသက်ကို စတေးကာ ကျင့်စဉ်အဆင့်မြှင့်ပြီးကာရံကို ထိန်းထားရန် ကြိုးစားသော်လည်း ပြိုကွဲတော့မည့် အခြေအနေကို မတားဆီးနိုင်ခဲ့ပေ။
ရှူး...
ကောင်းကင်ဖြစ်စဉ်အဆင့်သားရဲကြီး နှစ်ကောင် ထပ်မံတိုက်ခိုက်ရန် ပြင်နေစဉ်မှာပင် ရုတ်တရက် ကောင်းကင်နှင့် မြေကြီးသည် ထူးဆန်းစွာ ပူပြင်းလာသည်။
လေဟာနယ်ထဲတွင် တောက်ပပြီး မျက်စိကျိန်းစေသော မီးလျှံများ ပေါက်ကွဲထွက်လာကာ မိုင်တစ်ရာပတ်လည် မီးပင်လယ်ကြီး ဖြစ်ပေါ်လာသည်။
ထိုမီးပင်လယ်ဖုံးလွှမ်းသွားသော နေရာတိုင်းရှိ သားရဲများမှာ ချက်ချင်းပင် ပြာအဖြစ်သို့ ပြောင်းလဲသွားကြသည်။ ကောင်းကင်ဖြစ်စဉ်အဆင့်သားရဲကြီး နှစ်ကောင်ပင်လျှင် ပြင်းထန်သော ဒဏ်ရာများရရှိသွားပြီး ကြောက်လန့်တကြား ဆုတ်ခွာသွားကြသည်။
ထူးဆန်းသည်မှာ ထိုမီးပင်လယ်သည် ယန်ဝူးမြို့ရှိလူသားကျင့်ကြံသူများနှင့် အပင်များကိုမူ အနည်းငယ်မျှပင်ထိခိုက်မှု မရှိစေခြင်းပင်။
"အစွမ်းထက်တဲ့ပုဂ္ဂိုလ်တစ်ယောက် လှုပ်ရှားလိုက်ပြီ"
ကောင်းလိုက်တာ ယန်ဝူးမြို့တော့ ကယ်တင်ခြင်း ခံရပြီ။
ကုမျိုးနွယ်စုမှကျင့်ကြံသူ နှစ်ဦးမှာ ချက်ချင်းပင် တုံ့ပြန်လိုက်ကြသည်။ သူတို့၏ မျှော်လင့်ချက်မဲ့နေသော မျက်လုံးများတွင် အလင်းရောင်များ ပြန်လည်ပေါ်လာသည်။
ဟွမ်ကျိုးတွင် ထိပ်တန်းကျွမ်းကျင်သူများ ရှိသော်လည်း ပြစ်မှုကျူးလွန်သူဟူသော ဘွဲ့ကြောင့် ဝိညာဉ်မဲ့နတ်ဘုရားနှင့် အထက် အဆင့်ရှိသူများမှာ အလွန်လျှို့ဝှက်စွာ နေထိုင်လေ့ရှိကြသည်။
အဘယ်ကြောင့်ဆိုသော် ရှန့်မင်းဆက်တွင် မရေးသားထားသော ဥပဒေတစ်ခုရှိသည်။ ဟွမ်ကျိုးသို့ပြည်နှင်ဒဏ်ပေးခံရသူ မည်သူမဆို သူတို့၏ကျင့်စဉ်အဆင့်သည် စစ်မှန်သောနတ်ဘုရားအဆင့်သို့ရောက်ရှိပါက ရှန့်မင်းဆက်မှ သူတို့ကို ဆေးဝါးတစ်ခုကဲ့သို့ သတ်မှတ်ကာ သူတို့၏သွေးသားများကို ထုတ်ယူ၍ ဆေးလုံးများ ဖော်စပ်လေ့ရှိသောကြောင့် ဖြစ်သည်။
ဟွမ်ကျိုးမှ လွတ်မြောက်ရန်မှာမူပို၍ပင် မဖြစ်နိုင်ပေ။ ဟွမ်ကျိုးတစ်ခုလုံးကို ရှန့်မင်းဆက်က စွမ်းအင်ကာရံများဖြင့် ပိတ်ဆို့ထားသည်။ နတ်ဘုရားဘုရင်အဆင့် ကျင့်စဉ်မရှိပါက လွတ်မြောက်ရန် မျှော်လင့်ချက် မရှိပေ။
ရှန့်မင်းဆက်သည် ၎င်းကို ဆန့်ကျင်သော တည်ရှိမှုအားလုံးကို အဆုံးမဲ့မျှော်လင့်ချက်မဲ့မှုနှင့် ကြောက်ရွံ့မှုထဲသို့ နှစ်မြှုပ်ထားကာ သူတို့၏မင်းဆက်အာဏာကို ပြသလိုခြင်းပင် ဖြစ်သည်။
ကောင်းကင်ဖြစ်စဉ်အဆင့်သားရဲကြီး နှစ်ကောင်ကို အလွယ်တကူ ဒဏ်ရာရအောင် လုပ်နိုင်တယ်ဆိုရင် ဒီလူကဝိညာဉ်မဲ့နတ်ဘုရားအဆင့်နီးပါး ရှိနေတာလား။
ယန်ဝူးမြို့မှ လူသန်းပေါင်းများစွာသည် ကောင်းကင်သို့ မော့ကြည့်လိုက်ကြသည်။ မီးပင်လယ်ထဲတွင် ခန့်ညားထည်ဝါသော ပုံရိပ်တစ်ခုသည် နတ်ဘုရားတစ်ပါးကဲ့သို့ ဖြည်းဖြည်းချင်း ပေါ်ထွက်လာသည်။
"ငါတို့လူသားမြို့ကို ကျူးကျော်သူတွေ အားလုံး အသတ်ခံရစေ"
ထိုပုံရိပ်မှာ ယင်ချီပင်ဖြစ်သည်။ သူသည် ကောင်းကင်ဖြစ်စဉ်အလယ်အဆင့်ရှိသော သားရဲကြီးနှစ်ကောင်ကို ငုံ့ကြည့်ကာ သူ၏ လက်အင်္ကျီကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်သည်။
ကျယ်ပြောလှသော မီးပင်လယ်သည် ချက်ချင်းပင် ပူပြင်းလှသော နတ်ဘုရား သံကြိုးများအဖြစ် ပြောင်းလဲသွားကာ သားရဲကြီးနှစ်ကောင်၏ ခန္ဓာကိုယ်ကို တိုက်ရိုက် ထိုးဖောက်လိုက်သည်။ တစ်ခဏအတွင်းမှာပင် ဖြစ်ပျက်သွားခြင်း ဖြစ်သည်။
ယင်ချီ၏ရှေ့တွင် တစ်ခဏလေးအတွင်းက ကောင်းကင်နှင့် မြေကြီးကို တုန်ခါစေခဲ့သော သားရဲကြီးများမှာ မြေပြင်ပေါ်မှ ပိုးကောင်များကဲ့သို့ပင် ချက်ချင်းပင် ပြာပုံအဖြစ်သို့ လောင်ကျွမ်းသွားကာ ဘာမျှမကျန်တော့ပေ။
ကျွန်တော်မျိုးကုချန်ဟဲပါ စီနီယာကို ဂါရဝပြုပါတယ်။
ကျွန်တော်မျိုး ကုရှင်းဟန်ပါ စီနီယာကို ဂါရဝပြုပါတယ်။
ယန်ဝူးမြို့က လူသန်းပေါင်းများစွာကို ကယ်တင်ပေးခဲ့တဲ့ စီနီယာရဲ့တရားမျှတတဲ့ လုပ်ရပ်အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။
ယင်ချီ၏ကြောက်မက်ဖွယ် နည်းလမ်းများကို မြင်လိုက်ရသောအခါ ယန်ဝူးမြို့မှ လူအားလုံး အလွန်တုန်လှုပ်သွားကြသည်။ ကုမျိုးနွယ်စုမှ ကျင့်ကြံသူ နှစ်ဦးမှာ ဦးစွာ သတိဝင်လာပြီး ယင်ချေ၏ ရှေ့တွင် ပျပ်ဝပ်ဂါရဝပြုလိုက်ကြသည်။
"စီနီယာကို ဂါရဝပြုပါတယ်"
စီနီယာရဲ့ ကြီးမားတဲ့ ကျေးဇူးကို ယန်ဝူးမြို့က လူတွေ ဘယ်တော့မှမေ့မှာ မဟုတ်ပါဘူး။
"စီနီယာရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်"
ထိုအချိန်တွင် ယန်ဝူးမြို့မှအခြားကျင့်ကြံသူများနှင့် သာမန်လူများလည်း သတိဝင်လာကြပြီး ယင်ချီကို ဝိုင်းဝန်း ဂါရဝပြုကြတော့သည်။
ဤကမ္ဘာတွင် ပြင်ပလောကဖြစ်စေ ဟွမ်ကျိုး အကျဉ်းထောင်ဖြစ်စေ အစွမ်းထက်သူများသည် အမြဲတမ်း လေးစားမှုခံရစမြဲပင်။
ယင်ချီသည် အောက်မှယန်ဝူးမြို့ကို တည်ငြိမ်သော မျက်နှာထားဖြင့် ကြည့်လိုက်သည်။
သူက ယန်ဝူးမြို့ကို ထိန်းချုပ်မည့်အကြောင်း ပြောရန် ပြင်လိုက်စဉ်မှာပင် ကုမျိုးနွယ်စုမှ ကျင့်ကြံသူ နှစ်ဦးက သူ၏ အနားသို့ လျှောက်လာကြသည်။
စီနီယာ ဒီနေ့ကျေးဇူးကို ယန်ဝူးမြို့အနေနဲ့ ပြန်ဆပ်ဖို့ ခက်ခဲပါတယ်။ ဒီနေ့ကစပြီး ယန်ဝူးမြို့က လူသန်းပေါင်းများစွာဟာ စီနီယာနောက်ကို လိုက်ပါဖို့ အသင့်ရှိနေပါပြီ။ နှစ်တိုင်းလည်း စီနီယာကို လက်ဆောင်ပဏ္ဍာတွေဆက်သပါ့မယ်။
ကျွန်တော်တို့ယန်ဝူးမြို့ဟာ မြို့အသေးလေး ဖြစ်ပေမဲ့ တစ်နှစ်ကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးနှစ်သောင်းလောက်တော့ ပေးနိုင်ပါတယ်။
"စီနီယာအနေနဲ့ ဒါကို မငြင်းပယ်ဖို့ မျှော်လင့်ပါတယ်ခင်ဗျာ။"
သူတို့ စကားပြောနေစဉ်တွင် ရင်ထဲ၌စိုးရိမ်နေကြသည်။ တကယ်တော့ သူတို့တွင် အစီအစဉ်လေးတစ်ခုရှိသည်။ ယင်ချီကို ဝိညာဉ်ကျောက်တုံးနှစ်သောင်း ပေးရခြင်းနှင့် တစ်မြို့လုံးကို ပေးအပ်လိုက်ရခြင်းမှာ ကြီးမားသော ပေးဆပ်မှုဟု ထင်ရသော်လည်း အကယ်၍ယင်ချီက သဘောတူလိုက်ပါက ယန်ဝူးမြို့တွင် အစွမ်းထက်သော နောက်ခံတစ်ခု ရှိသွားမည် ဖြစ်သည်။
အနည်းဆုံးတော့ ယနေ့ကဲ့သို့သော ဘေးအန္တရာယ်များကို နောင်တွင်ကြောက်နေစရာ မလိုတော့ပေ။
သူတို့၏အဆိုပြုချက်ကို ကြားလိုက်ရသောအခါ ယင်ချီမှာအနည်းငယ် အံ့အားသင့်သွားသည်။ သူသည် သူတို့၏ရည်ရွယ်ချက်ကို ကောင်းကောင်း မြင်နေရသည်။
သို့သော်လည်း ယန်ဝူးမြို့ကို ထိန်းချုပ်ပြီး ကိုယ်ပိုင်အင်အားစု တည်ထောင်ရန်မှာ ယင်ချေ ယခုလုပ်ချင်နေသောအရာပင် မဟုတ်ပါလား။