အခန်း (၁၇) ဆုန့်မျိုးနွယ်စု၏ဝိညာဉ်မဲ့နတ်ဘုရားနှင့် အသိမ်းပိုက်ခံလိုက်ရသော မသေမျိုးသင်္ဘောများ
"ဟင်း.... ချင်နယ်စားမင်းက ယန်ဝူးမြို့ထဲမှာ မရှိတာများလား"
ဆုန့်မျိုးနွယ်စု၏ မသေမျိုးသင်္ဘောပေါ်တွင် ဘိုးဘေး ဆုန့်ဂေါ့ဒ်သည် မျက်မှောင်ကြုတ်လျက် သူ၏နတ်ဘုရားအာရုံကို မိုင်ပေါင်းတစ်သောင်းအထိ ဖြန့်ကျက်ရှာဖွေနေသည်။
သို့သော် သူသည် ယင်ချီ၏ အရှိန်အဝါကို လုံးဝ မခံစားရပေ။
သူ သံသယဝင်နေစဉ်မှာပင် ယန်ဝူးမြို့အတွင်းမှနေ၍ ကောင်းကင်နှင့် လမင်းကိုပင် ဖုံးလွှမ်းနိုင်လောက်အောင် ကြီးမားလှသော မှော်စွမ်းအား လက်ဝါးကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
ထိုလက်ဝါးကြီး ဖြတ်သန်းသွားရာ ဟင်းလင်းပြင် တစ်ခုလုံးမှာ တုန်ခါသွားပြီး လောကတစ်ခုလုံးကို နှိမ်နင်းတော့မည့်အလား ထင်မှတ်ရသည်။
တစ်ခဏအတွင်းမှာပင် ဆုန့်မျိုးနွယ်စု၏ မသေမျိုးသင်္ဘော ၃၇ စင်းစလုံးမှာ ထိုလက်ဝါးကြီး၏ ဖမ်းဆုပ်ခြင်းကို ခံလိုက်ရတော့သည်။
"ဘာ"
ဤရုတ်တရက် ဖြစ်ရပ်ကြောင့် ဆုန့်ဂေါ့ဒ် တစ်ကိုယ်လုံး တုန်ရင်သွားပြီး သူ၏ နတ်ဘုရားစွမ်းရည်များနှင့် လျှို့ဝှက်နည်းစနစ်များကို အပြင်းအထန် ထုတ်သုံးလိုက်ရသည်။
အလွန်ကြီးမားသော ပေးဆပ်မှုများ ပြုလုပ်ပြီးမှသာ ထိုလက်ဝါးကြီးအတွင်းမှ သူ သီသီလေး လွတ်မြောက်ခဲ့သည်။ သို့သော် သင်္ဘော ၃၇ စင်းမှာမူ လက်ဝါးကြီးနှင့်အတူ ပါသွားခဲ့ပြီ ဖြစ်သည်။
"ဘိုးဘေးကြီး... ကျွန်တော်တို့ကို ကယ်ပါဦး"
သင်္ဘောပေါ်ရှိ ဆုန့်မျိုးနွယ်စု ကျင့်ကြံသူများမှာ အော်ဟစ်အကူအညီတောင်းနေကြသည်။
ထိုလက်ဝါးကြီး၏ပိုင်ရှင်မှာ ယင်ချီပင် ဖြစ်သည်။ သူသည် သင်္ဘော ၃၇ စင်းစလုံးကို တိုက်ရိုက် သိမ်းဆည်းလိုက်ခြင်း ဖြစ်သည်။ သင်္ဘောပေါ်ရှိ ကျင့်ကြံသူအားလုံးမှာလည်း ယင်ချီ၏ ကျင့်စဉ်ပိတ်ဆို့ခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။
ဝေးကွာသော တစ်နေရာတွင် ရပ်နေသည့် ဆုန့်ဂေါ့ဒ်၏ မျက်နှာမှာ အလွန်ပင် အကျည်းတန်နေသည်။ သူသည် ယင်ချီကို စိုက်ကြည့်ရင်း စိတ်ထဲတွင် ဆုတ်ခွာလိုစိတ်များ စတင်ပေါ်ပေါက်လာသည်။
ကိုယ်တိုင် ကြုံတွေ့လိုက်ရမှသာ ထိုလက်ဝါးကြီး၏ ကြောက်မက်ဖွယ်ကောင်းမှုကို သူ သိလိုက်ရခြင်းပင်။
သူ့ကို ပို၍ထိတ်လန့်စေသည်မှာ ယင်ချီ၏ ကျင့်စဉ်အဆင့်ကို သူ လုံးဝမသိနိုင်ခြင်းပင် ဖြစ်သည်။ ကျင့်ကြံခြင်းလောကတွင် ပြိုင်ဘက်၏ အဆင့်ကို မသိနိုင်ခြင်းမှာ နှစ်မျိုးသာ ရှိသည်။
တစ်မျိုးမှာ ပြိုင်ဘက်က အရှိန်အဝါ ဖုံးကွယ်ထားခြင်းဖြစ်ပြီး နောက်တစ်မျိုးမှာ ပြိုင်ဘက်က မိမိထက် များစွာ သာလွန်နေခြင်း ဖြစ်သည်။ ယင်ချီမှာ ဒုတိယအမျိုးအစား ဖြစ်နေသည်မှာ ထင်ရှားလှသည်။
သူသည် ယင်ချီကို ဝိညာဉ်မဲ့နတ်ဘုရား အလယ်အဆင့်သို့မဟုတ် အထက်အဆင့် အထိ ရှိနိုင်သည်ဟု ခန့်မှန်းလိုက်မိသည်။
"မိတ်ဆွေ... ဒါက ဘာသဘောလဲ"
"ငါတို့ ဆုန့်မျိုးနွယ်စုက မိတ်ဆွေနဲ့ ထာဝရ မဟာမိတ်ဖွဲ့ဖို့ စိတ်ရင်းနဲ့ လာခဲ့တာပါ"
ဆုန့်ဂေါ့ဒ်၏ စိတ်ထဲတွင် ထိတ်လန့်နေသော်လည်း ဝါရင့်မြေခွေးအိုကြီးပီပီ တည်ငြိမ်အောင် ဟန်ဆောင်ထားသည်။
သို့သော် သူ၏ လေသံမှာမူ ယခင်ကကဲ့သို့ ယုံကြည်ချက် မရှိတော့ဘဲ ယင်ချီကိုပင် မိတ်ဆွေဟု ရိုရိုသေသေ သုံးနှုန်းလာတော့သည်။
ယင်ချီသည် ချက်ချင်း အဖြေမပေးဘဲ ဆုန့်ဂေါ့ဒ်ကို ဤနေရာမှာတင် အပြီးသတ် သတ်ဖြတ်ပစ်သင့်သလားဟု တွေးတောနေသည်။ အကယ်၍ ဆုန့်ဂေါ့ဒ်သာ ကျဆုံးသွားပါက ဆုန့်မျိုးနွယ်စုကို ခြေမှုန်းရန်မှာ လက်ဖျောက်တစ်ချက် တီးသလောက်ပင် လွယ်ကူသွားမည် မဟုတ်ပါလား။
ယင်ချီထံမှ ထွက်ပေါ်လာသော သတ်ဖြတ်လိုသည့် အငွေ့အသက်ကြောင့် ဆုန့်ဂေါ့ဒ်မှာ ထိတ်လန့်သွားပြီး မိုင်ပေါင်း ရာချီဝေးသည့် နေရာသို့ ချက်ချင်း ဆုတ်ခွာသွားတော့သည်။
ဘိုးဘေးကြီး ကြေက်လန့်တကြား ထွက်ပြေးသွားသည်ကို ကြည့်ပြီး သင်္ဘောပေါ်ရှိ ဆုန့်မျိုးနွယ်စု ကျင့်ကြံသူများမှာ အားကိုးရာမဲ့ ဖြစ်သွားကြသည်။
ဆုန့်မျိုးနွယ်စု၏ စစ်သူကြီးနှစ်ဦးဖြစ်သော ဆုန့်ဝူးနှင့် ဆုန့်ဝမ်တို့မှာမူ တည်ငြိမ်နေကြသည်။ ယင်ချီ၏ လက်ဝါးတစ်ချက်မှာပင် သူတို့ ဘိုးဘေးကြီးမှာ အဝတ်အစားပင် မသပ်ရပ်နိုင်ဘဲ ထွက်ပြေးခဲ့ရသည်ကို မြင်လိုက်ရသဖြင့် သူတို့ဘိုးဘေးကြီးမှာ ယင်ချီကို ယှဉ်နိုင်မည် မဟုတ်ကြောင်း သူတို့ သိလိုက်ကြပြီ ဖြစ်သည်။
မိတ်ဆွေ... ပြီးခဲ့တဲ့အကြိမ်က မိတ်ဆွေပြောခဲ့တဲ့ အချက်တွေကို ငါတို့ သဘောတူပါတယ်။ အခုလည်း ဝိညာဉ်ကျောက်တုံး ၅ သန်း၊ နှစ်တစ်ထောင်သက်တမ်းရှိ ဆေးပင် ၅၀၀ နဲ့ လက်နက် ၃ သောင်း ယူလာပါတယ်။
ကျန်တာတွေကိုလည်း ၁၀ ရက်အတွင်း စုဆောင်းပြီး ပေးပို့ပါ့မယ်။ မိတ်ဆွေအနေနဲ့လည်း မူလကတိအတိုင်း ဆောင်ရွက်ပေးဖို့ မျှော်လင့်ပါတယ်။
ဆုန့်ဂေါ့ဒ်သည် မိုင်ပေါင်း ရာချီဝေးသည့် နေရာမှ လှမ်းအော်ပြောနေရသော်လည်း လုံခြုံသည်ဟုမခံစားရပေ။
သို့သော် မျိုးနွယ်စုအတွက် သူသည် အားတင်းကာ ညှိနှိုင်းနေရခြင်း ဖြစ်သည်။ အကယ်၍ အခြေအနေမှာ လုံးဝ မတတ်သာတော့ပါက သူသည် ဆုန့်ဝူးနှင့် ဆုန့်ဝမ်တို့ကို စွန့်ပစ်ပြီး သူ့အသက် ဘေးကင်းဖို့ကိုသာ ပထမဦးစားပေး လုပ်ဆောင်မည် ဖြစ်သည်။
ဆုန့်ဂေါ့ဒ်သည်စကားပြောနေစဉ်မှာပင်ယင်ချီကိုအမြဲမပြတ်သတိထားလျက်အသက်ကယ်တန်ခိုးပစ္စည်းများကိုအသင့်ပြင်ထားလေသည်။