အခန်း (၁၂) ချင်မင်းဆက်၏ အရှေ့ဘက်ချီတက်ပွဲ
အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့သည်။
ယင်ချီသည် ကျင့်ကြံခြင်းအခြေအနေသို့ အပြည့်အဝ ဝင်ရောက်သွားသည်နှင့်အမျှ သူ၏ ခန္ဓာကိုယ်မှ ကြည်လင်တောက်ပသော မသေမျိုးအလင်းတန်းများ စတင်ထွက်ပေါ်လာသည်။
နှစ်ရက်အတွင်းမှာပင် ယင်ချီ၏အသိစိတ်ပင်လယ်အနက်ပိုင်း၌ တောက်လောင်နေသော နတ်ဘုရားမီးလျှံတစ်ခု စုစည်းလာတော့သည်။
နတ်ဘုရားမီးလျှံ စတင်တောက်လောင်လာသည်နှင့် ယင်ချီသည် သူ၏ အသား၊ အရိုးနှင့် ဆဲလ်တစ်ခုချင်းစီတိုင်းတွင် အသွင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်ကို ခံစားလိုက်ရသည်။
"ဒါဟာ ဝိညာဉ်မဲ့နတ်ဘုရားအဆင့်ရဲ့ ခံစားချက်လား"
မိမိခန္ဓာကိုယ်အတွင်း စီးဆင်းနေသော ပြင်းထန်လှသည့် စွမ်းအားများကို ခံစားရင်း ယင်ချေ ရေရွတ်လိုက်မိသည်။ အကယ်၍ ကောင်းကင်ဖြစ်စဉ်အဆင့်ကျင့်ကြံသူများသည် မြေပြင်ပေါ်မှ ပုရွက်ဆိတ်များ ဖြစ်ကြပါက ဝိညာဉ်မဲ့နတ်ဘုရားများသည် ကောင်းကင်နှင့် မြေကြီးကြားတွင် လျှောက်လှမ်းနေသော ဆင်ကြီးများ ဖြစ်ကြပေလိမ့်မည်။
ဤနှစ်ခုကြားတွင် ကျော်ဖြတ်ရန် ခက်ခဲလှသော ကွာဟချက်ကြီး ရှိနေသည်။
သို့သော် ဝိညာဉ်မဲ့နတ်ဘုရားအဆင့်သို့ ရောက်ရှိပြီးနောက် ယင်ချီသည် ခဏတာသာ စိတ်လှုပ်ရှားမိသည်။ ဟွမ်ကျိုးနယ်မြေတွင် ဝိညာဉ်မဲ့နတ်ဘုရား တစ်ပါးသည် အလွန်အင်အားကြီးသည်ဟု ဆိုနိုင်သော်လည်း ရှန့်မင်းဆက်ကို တိုက်ခိုက်ရန်အတွက်မူ ဝိညာဉ်မဲ့နတ်ဘုရား အဆင့်သာမက နတ်ဘုရားဘုရင်အဆင့်ပင်လျှင် အောင်နိုင်ရန် အခွင့်အရေး မရှိသလောက်ပင်။
ယင်ချီ၏ အစစ်အမှန်ရန်သူမှာ ဟွမ်ကျိုးရှိ အင်အားစုများ မဟုတ်ပေ။ သူ၏ ရန်သူမှာ ရှန့်မင်းဆက်မှ သူ၏ညီနောင်များနှင့် သူ၏ အသက်ကို ဂရုမစိုက်သော ရှန့်ဧကရာဇ်ပင် ဖြစ်သည်။
သူ ထီးနန်းလုပွဲတွင် ရှုံးနိမ့်ပြီး ဟွမ်ကျိုးသို့ ပြည်နှင်ဒဏ် ခံရကတည်းက သူ့အတွက် နောက်ဆုတ်စရာ လမ်းမရှိတော့ပေ။
ယင်ချီ အသက်ရှင်လိုပါက တစ်ခုတည်းသော ရွေးချယ်မှုမှာ အမြဲမပြတ် သန်မာလာရန်ပင် ဖြစ်သည်။ အခြားသော မင်းသားများကို နှိမ်နင်းနိုင်သည်အထိ ရှန့်မင်းဆက်တစ်ခုလုံးကို သိမ်းပိုက်နိုင်သည်အထိ သန်မာလာရမည်။
"ရှေ့ခရီးကတော့ ရှည်လျားပြီး ခက်ခဲဦးမှာပဲ"
ဟွမ်ကျိုးနယ်မြေ၏ရိတ်သိမ်းသူများ လာရောက်ရန် ၁၀ နှစ်သာ လိုတော့သည်။ ထိုကာလအတွင်း စစ်မှန်သောနတ်ဘုရား အဆင့်ရှိသည့် ရိတ်သိမ်းသူများပင် ပေါ်လာနိုင်သည်။ မိမိကိုယ်ကိုယ် ကာကွယ်ရန်အတွက် ဝိညာဉ်မဲ့နတ်ဘုရားအဆင့်မှာ လုံးဝ မလုံလောက်သေးပေ။ အနည်းဆုံး စစ်မှန်သောနတ်ဘုရားအဆင့်အထိ တက်လှမ်းနိုင်မှသာ ယာယီ ဘေးကင်းနိုင်မည် ဖြစ်သည်။
ယင်ချီသည် ကျင့်စဉ်ခန်းမှ ချက်ချင်း မထွက်သေးဘဲ ကျင့်စဉ်များနှင့် နတ်ဘုရားစွမ်းရည်များကို ဆက်လက် လေ့ကျင့်နေခဲ့သည်။ တစ်ချိန်တည်းမှာပင် သူသည် သွေးရိပ်ထံသို့ အမိန့်တစ်ခု ပေးပို့လိုက်သည်။ ၎င်းမှာ ဝူးမြစ် မြောက်ဘက်နယ်မြေတစ်ခုလုံးကို အမြန်ဆုံး ထိန်းချုပ်ရန် ဖြစ်သည်။
ဝူးမြစ် မြောက်ဘက်ကို သိမ်းပိုက်ပြီးသည်နှင့် ယင်ချီသည် မင်းဆက်သစ်တစ်ခုကို တည်ထောင်မည် ဖြစ်သည်။ ထိုမင်းဆက်၏ အမည်ကိုမူ ချင် - မဟာချင်ဟု သူ သတ်မှတ်လိုက်သည်။
အတိတ်ကာလတွင် မဟာချင်သည် အရှေ့ဘက်သို့ချီတက်ကာ ပြည်နယ်အသီးသီးကို သိမ်းပိုက်ခဲ့သကဲ့သို့ ယင်ချီ၏ ရည်မှန်းချက်မှာလည်း ထိုအတိုင်းပင် ဖြစ်သည်။
ယင်ချီ၏အမိန့်ကို ရသည်နှင့် သွေးရိပ်သည် မှောင်မိုက်ရိပ်တပ်သား နှစ်ထောင်ကို ဦးဆောင်ကာ ယန်ဝူးမြို့မှ ထွက်ခွာလာတော့သည်။ ချင်ဟူသော အလံတော်မှာ တပ်မတော်နှင့်အတူ အဆုံးမဲ့ နယ်မြေများဆီသို့ လွင့်ပျံသွားခဲ့သည်။
ဝူးမြစ် မြောက်ဘက်တွင် မျိုးနွယ်စုများစွာနှင့် မြို့ပေါင်းများစွာ ရှိနေသည်။ ၎င်းတို့အနက် ဒေါင်လျိုမျိုးနွယ်စုမှာ အစည်ကားဆုံး ဖြစ်သည်။ ဤမျိုးနွယ်စုမှာ ပြည်နှင်ဒဏ် ခံရသူများ မဟုတ်ဘဲ ဟွမ်ကျိုးတွင် မူလကတည်းက နေထိုင်ခဲ့သည့် တိုင်းရင်းသားများ ဖြစ်ကြသည်။ သူတို့တွင် ကောင်းကင်ဖြစ်စဉ် ပြီးပြည့်စုံခြင်းအဆင့် ကျွမ်းကျင်သူ သုံးဦးအထိ ရှိသည်။
ယခုအခါ ဒေါင်လျိုမျိုးနွယ်စု ထိန်းချုပ်ထားသော မြို့ကြီးတစ်မြို့၏ အပြင်ဘက်တွင် သွေးရိပ်သည် ဓားရှည်ကို ကိုင်လျက် မြို့အတွင်းရှိ သတ္တဝါများကို ငုံ့ကြည့်နေသည်။
ချင်နယ်စားမင်းရဲ့အမိန့်တော်အရ ဝူးမြစ် မြောက်ဘက် မိုင်ငါးသိန်းအတွင်းမှာရှိတဲ့ ဘယ်မျိုးနွယ်စု ဒါမှမဟုတ် မြို့မဆို အညံ့ခံရင် မသတ်ဘူး။
အကယ်၍ ခုခံဖို့ ကြိုးစားမယ်ဆိုရင်တော့ သွေးချောင်းစီးအောင် သတ်ဖြတ်ပြီး မြို့ကို မြေလှန်ပစ်မယ်။
သွေးရိပ်၏ အသံမှာ အေးဆေးနေသော်လည်း နားထောင်သူများအဖို့မှာမူ ဝိညာဉ်ထဲအထိ စိမ့်ဝင်သွားလောက်အောင် ကြောက်လန့်ဖွယ် ကောင်းလှသည်။
ချင်နယ်စားမင်း သူ့နာမည်ကိုတော့ ကြားဖူးပါတယ်။ ဒါပေမဲ့ မင်းကတော့ နည်းနည်း ရဲတင်းလွန်းနေပြီ မဟုတ်လား။
ချင်နယ်စားမင်း ကိုယ်တိုင်လာရင်တော့ ငါ အနည်းငယ် စိုးရိမ်မိမှာ ဖြစ်ပေမဲ့ မင်းတစ်ယောက်တည်းနဲ့တော့ ငါ့ကို ခြိမ်းခြောက်လို့ မရဘူး။
သွေးရိပ်၏ စကားအပြီးတွင် မြို့ထဲမှ လူပုံရိပ် ငါးခု ထွက်ပေါ်လာသည်။ အရှေ့ဆုံးတွင် ရှိနေသူမှာ ရဲရင့်ဖျတ်လတ်သော အမျိုးသမီး တစ်ဦး ဖြစ်သည်။ သူမမှာ ဒေါင်လျိုမျိုးနွယ်စု၏ ခေါင်းဆောင် ဒေါင်လျိုယွဲ့ ဖြစ်ပြီး ကောင်းကင်ဖြစ်စဉ် ပြီးပြည့်စုံခြင်းအဆင့် ကျွမ်းကျင်သူ ဖြစ်သည်။
သူမ၏ ဘေးတွင်လည်း ကောင်းကင်ဖြစ်စဉ်အဆင့် ကျွမ်းကျင်သူ လေးဦး ရှိနေသည်။
သူမ ရပ်နေသည့် နေရာမှာ သူမ၏ အမာခံမြို့ဖြစ်သော ဒေါင်ယွဲ့မြို့ဖြစ်သည်။ ကောင်းကင်ဖြစ်စဉ် ပြီးပြည့်စုံခြင်းအဆင့် တစ်ဦးအနေဖြင့် သူမသည် သွေးရိပ်ကို အလွန်အမင်း မစိုးရိမ်ပေ။ သွေးရိပ်တွင် တပ်သား နှစ်ထောင်ရှိသော်လည်း သူမဘက်တွင်လည်း ကျွမ်းကျင်သူများနှင့် တပ်သား လေးထောင် ရှိနေသည် မဟုတ်ပါလား။
တိုက်ပွဲအတွက် ပြင်ကြ ငါတို့ ဒေါင်လျိုမျိုးနွယ်စုဟာ နှစ်ပေါင်း တစ်သောင်းတိုင်တိုင် ဘယ်သူ့ကိုမှ ဒူးမထောက်ခဲ့ဖူးဘူး။
စကားပြောရင်း ဒေါင်လျိုယွဲ့သည် လှံရှည်ကို ဝှေ့ယမ်းလိုက်ရာ ကောင်းကင်နှင့် မြေကြီးကြားတွင် အေးစက်သော ဖိအားများ ဖုံးလွှမ်းသွားတော့သည်။ သူမ၏ လှုပ်ရှားမှုကြောင့် ပတ်ဝန်းကျင် တစ်ခုလုံးမှာ နွေရာသီမှ နှင်းများ ကျဆင်းနေသည့် ဆောင်းရာသီသို့ ချက်ချင်း ပြောင်းလဲသွားသကဲ့သို့ ဖြစ်သွားသည်။ သူမသည် ရေခဲနတ်သမီး တစ်ပါးကဲ့သို့ ဖြစ်သွားပြီး သူမ၏ လှံဦးမှာ သွေးရိပ်၏ မျက်ခုံးအလယ်သို့ တည့်တည့် ချိန်ရွယ်ထားသည်။
"အကျိုးမဲ့တဲ့ ခုခံမှုက အချည်းနှီးပါပဲ။"
ကောင်းကင်ဖြစ်စဉ် ပြီးပြည့်စုံခြင်းအဆင့်၏ စွမ်းအားအပြည့်ကို ရင်ဆိုင်နေရသော်လည်း သွေးရိပ်၏မျက်လုံးများမှာ အေးစက်နေဆဲ ဖြစ်သည်။ သူသည် ဓားရှည်ကို တင်းတင်းဆုပ်ကိုင်ထားပြီး ရှောင်တိမ်းရန်ပင် မကြိုးစားပေ။
၎င်းကို မြင်သောအခါ ဒေါင်လျိုယွဲ့မှာ မျက်မှောင်ကြုတ်သွားပြီး ဒေါသတကြီး ပြောလိုက်သည်။
"ရဲတင်းလှချည်လား"
သို့သော်သူမစကားမဆုံးမီမှာပင်ပြင်းထန်လှသောသွေးဆာနေသည့်အငွေ့အသက်တစ်ခုဝုန်းခနဲကျဆင်းလာတော့သည်။ထိုအရှိန်အဝါမှာငရဲအနက်ဆုံးပိုင်းမှလာသကဲ့သို့အေးစက်ပြီးကြောက်မက်ဖွယ်ကောင်းလှပေသည်။