အခန်း (၉၉) အိမ်ရှေ့စံ ကျောက်ဝူကျိ
သို့သော်လည်း နောက်တစ်ခဏတွင် ယဲ့ဖန်က ခေါင်းကို အနားတိုးကပ်လိုက်ပြီး နတ်မိမယ် လင်ယွင်ကို နမ်းရန် ကြံစည်လိုက်သည်။
နတ်မိမယ် လင်ယွင်မှာ ခဏတာ မှင်တက်သွားပြီး အချိန်မီ တုံ့ပြန်ရန်ပင် ပျက်ကွက်သွားခဲ့ရသည်။
ဘေးမှ ကြည့်နေသော ရှောင်ချီပင် ချီးကျူးမိသွားသည် ယဲ့ဖန်၏ လှုပ်ရှားမှု အစီအစဉ်များမှာ တကယ့်ကို ချောမွေ့လွန်းလှပေသည်။
သို့သော် ယဲ့ဖန် လင်ယွင်ကို ထိတွေ့ရန် ကြိုးစားလိုက်သည့် အခိုက်အတန့်မှာပင် သူ၏ မျက်စိရှေ့ရှိ မြင်ကွင်းမှာ ရုတ်တရက် ပြောင်းလဲသွားတော့သည်။
သူ့ရှေ့မှ ရင့်ကျက်ပြီး ဆွဲဆောင်မှုရှိသော အလှပဂေးမှာ ရွှံ့ညွန်များ ပေကျံနေသည့် မိစ္ဆာကောင်ကြီး တစ်ကောင်ဖြစ်သွားသည် ထိုထူးဆန်းသော သတ္တဝါမှာ မျက်လုံးမှလွဲ၍ တစ်ကိုယ်လုံး ရွှံ့များဖြင့် ဖုံးလွှမ်းနေလေသည်။
"အော့..." ဒီတစ်ခါတော့ ယဲ့ဖန်တစ်ယောက် အန်ချင်သွားသည့် အလှည့် ဖြစ်သည်။ သူ့ရှေ့မှ ရွံစရာကောင်းပြီး နံစော်နေသည့် မိစ္ဆာကောင်ကြီးကို ကြည့်ကာ မနေ့ညက စားထားသမျှ အစာများပင် ပြန်ထွက်လာမတတ် ခံစားလိုက်ရသည်။
နတ်မိမယ် လင်ယွင်မှာ ယဲ့ဖန်၏ နှုတ်ခမ်းများ နီးကပ်လာသည်ကို မြင်သဖြင့် အနောက်သို့ ခြေလှမ်းအသာဆုတ်လိုက်သည်။ သို့သော် နောက်တစ်စက္ကန့်တွင် ယဲ့ဖန်၏ မျက်နှာမှာ ထိတ်လန့်သွားပြီး မြေပြင်ပေါ်တွင် ဝပ်ကာ အပြင်းအထန် အော့အန်နေသည်ကို တွေ့လိုက်ရသည်။
"ယဲ့ဖန် ငါက မင်းအတွက် အဲ့လောက်တောင် ရွံစရာကောင်းနေလို့လား" နတ်မိမယ် လင်ယွင်မှာ အလွန်အမင်း ဒေါသထွက်သွားပြီး ယဲ့ဖန်ကို မြေပြင်ပေါ်သို့ ကန်ချလိုက်တော့သည်။
"မင်းက ဘယ်သူလဲ လင်ယွင်အယောင်ဆောင်ရအောင် မင်းက ဘယ်လောက်တောင် ရဲတင်းနေတာလဲ" ယဲ့ဖန်က ပြန်ထလာပြီး နတ်မိမယ် လင်ယွင်၏ ဝမ်းဗိုက်ကို ပြင်းထန်စွာ ကန်လိုက်သည်။
နတ်မိမယ် လင်ယွင်မှာ ဝမ်းဗိုက်တွင် အလွန်အမင်း နာကျင်မှုကို ခံစားလိုက်ရသည်။ သူမ၏ မျက်လုံးများတွင် ရူးသွပ်မှု အရိပ်အယောင်များ ဖြတ်ပြေးသွားပြီးနောက် သူတို့နှစ်ဦးမှာ နောက်ဥယျာဉ်အတွင်း အပြင်းအထန် တိုက်ခိုက်ကြတော့သည်။
"မတိုက်ခင် သေချာကြည့်ဦး ဒီလို ရိုးရှင်းတဲ့ အင်းကွက်လေးကိုတောင် မမြင်နိုင်ဘူးလား မင်း ကျင့်ကြံလာတဲ့နှစ်တွေက ခွေးကျွေးလိုက်တာလား"
ယဲ့ဖန်၏ ကျင့်စဉ်မှာ ဝိညာဉ်အသွင်ပြောင်းခြင်း နောက်ဆုံးအဆင့်သို့ ရောက်နေပြီ ဖြစ်သည်။ သူ၏ လျှို့ဝှက်ဖဲချပ်များနှင့် ပေါင်းစပ်လိုက်လျှင် ပြင်ပမှ နှောင့်ယှက်မှုမရှိပါက လင်ယွင်နှင့် ယှဉ်ပြိုင်တိုက်ခိုက်ရန် အရည်အချင်း ပြည့်မီနေပြီဖြစ်သည်။
သို့သော် သူတို့နှစ်ဦး အကြိတ်အနယ် တိုက်ခိုက်နေစဉ်မှာပင် ယဲ့ဖန်၏ စိတ်ထဲ၌ အေးစက်သော အသံတစ်ခု မြည်ဟည်းသွားသည်။
"ဆရာ... ဘာဖြစ်လို့လဲ" စိတ်ထဲမှ အသံကို ကြားလိုက်ရသဖြင့် ယဲ့ဖန်က ချက်ချင်းရပ်ကာ အနောက်သို့ ဆုတ်လိုက်သည်။
အမှန်စင်စစ် ရဲ့ဖန်၏ဆရာမှာလည်း အမျိုးသမီးတစ်ဦး ဖြစ်သည် ယဲ့ဖန်က အခြားအမျိုးသမီးများနှင့် အဆင်ပြေနေချိန်မျိုးတွင် သူမက အမြဲတမ်း ပုန်းနေတတ်သည်။
ခုနက ယဲ့ဖန်နှင့် လင်ယွင်တို့ ချွဲနွဲ့နေစဉ်က ဝတ်စုံဖြူနှင့် အမျိုးသမီး မှာ လက်စွပ်ထဲတွင် အလိုက်တသိ ပုန်းနေခဲ့ခြင်း ဖြစ်သည်။
သို့သော် ယဲ့ဖန်က စတင်တိုက်ခိုက်လိုက်သည်နှင့် သူမ၏ ဝိညာဉ်အာရုံမှာ ပြန့်နှံ့သွားပြီး ဘေးပတ်ဝန်းကျင်မှ တားဆီးထားသော အာရုံလှည့်စားမှု အင်းကွက်ကို တစ်ချက်တည်းနှင့် မြင်ဖောက်သွားခဲ့ခြင်း ဖြစ်သည်။
"ဘယ်သူက လာနောက်နေတာလဲ ထွက်ခဲ့စမ်း" စိတ်ထဲမှ အမျိုးသမီးက အင်းကွက်အကြောင်း ပြောပြလိုက်သည့်အခါ ရဲ့ဖန်မှာ ချက်ချင်းပင် ဒေါသပေါက်ကွဲသွားသည်။
သူ၏ ဝိညာဉ်စွမ်းအားကို အသံထဲတွင် ထည့်သွင်းကာ နောက်ဥယျာဉ်တစ်ခုလုံး ဟည်းထွက်သွားအောင် အော်ဟစ်လိုက်တော့သည်။
ဟားဟားဟား... ယဲ့ဖန် နှစ်တွေအကြာကြီး ဖြစ်သွားတာတောင် မင်းက ဘာမှမတိုးတက်လာသေးဘူးပဲ ငါမင်းကို လာရှာတဲ့အထိ မင်းရဲ့လည်ပင်းကို ဆေးကြောပြီးစောင့်နေဖို့ ငါ အကြံပေးချင်တယ်။
ရှောင်ချီ၏ အသံမှာ ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာသည်။ ထိုအသံ၏ တုန်ခါမှုမှာ ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်စွမ်းအားများ ပါဝင်နေသဖြင့် ယဲ့ဖန်၏ ဝိညာဉ်ကိုပင် တုန်လှုပ်သွားစေသည်။
"ဝေါ့..." ယဲ့ဖန်မှာ ရုတ်တရက် သွေးတစ်လုပ် အန်ထုတ်လိုက်ရပြီး အမှောင်ထုကြီးကို ထိတ်လန့်စွာ ကြည့်နေမိသည်။
"ရှောင်ချီ... ထွက်ခဲ့စမ်း ဘယ်လို သူရဲကောင်းမျိုးက ပုန်းနေတာလဲ သတ္တိရှိရင် ငါနဲ့ အချီသုံးဆယ်လောက် ယှဉ်တိုက်ကြည့်စမ်း"
ယဲ့ဖန်၏ အသံမှာ ဒေါသနှင့် မောက်မာမှုများ ပြည့်နှက်လျက် ကောင်းကင်ယံသို့ ပဲ့တင်ထပ်သွားသည်။
ဖြောင်း... လျှပ်စီးတစ်ချက်က ညကောင်းကင်ယံကို ဖြတ်သန်းသွားပြီး ယဲ့ဖန် တုံ့ပြန်ရန် အချိန်မရခင်မှာပင် သူ၏ ပုခုံးရိုးကို ဖောက်ထွက်သွားတော့သည်။
"မင်းရဲ့အခုရှိတဲ့ အစွမ်းနဲ့ ငါ့ကို တိုက်ဖို့ဆိုတာ စောလွန်းပါသေးတယ်။ အဲ့ဒီ အမျိုးသမီးဆီက ဝိညာဉ်စွမ်းအားကို ခေတ္တချေးသုံးရင်တော့ ငါ့ကိုနှစ်ကွက် သုံးကွက်လောက် ယှဉ်နိုင်ရင် ယှဉ်နိုင်လိမ့်မယ်"
"စောင့်နေလိုက်ပါယဲ့ဖန်။ မင်းရဲ့ အသက်ကို နောက်ထပ် ရက်အနည်းငယ်လောက် ထပ်ချေးပေးထားဦးမယ်" ရှောင်ချီ၏ မောက်မာသော အသံမှာ ညကောင်းကင်ယံတွင် ပဲ့တင်ထပ်ကာ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။
ရှောင်ချီ၏ အသံ ပျောက်ကွယ်သွားသည်နှင့် ယဲ့ဖန်၏ ဘေးသို့ လူပုံရိပ် အချို့ ရောက်ရှိလာကြသည်။
"ဘာဖြစ်တာလဲ" ဂိုဏ်းချုပ် ဝူတောက်ဇီနှင့် ကျိန်းရန်ကျင်းချီတို့က ယဲ့ဖန်ကို သံသယဖြင့် ကြည့်ကာ တစ်ပြိုင်နက်တည်း မေးလိုက်ကြသည်။
"ရှောင်ချီ ပေါ်လာတယ်" ယဲ့ဖန်က ပါးစပ်ထောင့်မှ သွေးစများကို သုတ်လိုက်ပြီး အေးစက်သော အကြည့်ဖြင့် ကောင်းကင်ယံကို ကြည့်ကာ ပြောလိုက်သည်။
"မင်း သူ့ကို တိုက်ခဲ့တာလား" ဂိုဏ်းချုပ် ဝူတောက်ဇီက စိုးရိမ်တကြီး မေးသည်။
"မဟုတ်ဘူး သူက ကျွန်တော့်ကို ချောင်းတိုက်ပြီးပြေးသွားတာ" ယဲ့ဖန်က ရှက်ရွံ့ခြင်းမရှိဘဲ လိမ်ညာပြောဆိုလိုက်သည်။
"ဘာ... ချောင်းတိုက်တာ ဟုတ်လား ငါအကုန်မြင်လိုက်ပါတယ်။ သူက အပျင်းပြေတစ်ကွက်ပဲ ထုတ်လိုက်တာကိုတောင် မင်းက မခံနိုင်ဘူးလေ ပြီးတော့ မင်းကိုယ်မင်း ငါတို့ ဝေနိုင်ငံတော်ရဲ့နံပါတ်တစ် ပါရမီရှင်လို့ ခေါ်နေတာလား ဟာသပဲ"
နောက်ဥယျာဉ်ရှိ အဆောက်အဦးတစ်ခုပေါ်တွင် ဆံပင်ရှည်ဖားဖားနှင့် ကျောက်စိမ်းကဲ့သို့ လှပသော ခြေထောက်အစုံရှိသည့် မိန်းကလေးတစ်ဦးက ယဲ့ဖန်ကို ကြည့်ကာ အထင်အသေးဆုံး ပုံစံဖြင့် ပြောလိုက်သည်။
"ယွီလင်လုံ မင်းလည်း ဒီမှာလား ငါ့ကို ဂုဏ်ပြုဖို့ လာတာလား" ယဲ့ဖန်သည် ပြောဆိုသူကို မြင်လိုက်သည့်အခါ သူ၏ ဒေါသထွက်နေသော မျက်နှာမှာ ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွားသည်။
"ဂုဏ်ပြုဖို့ ဟုတ်လား ငါက အဲ့လောက်အထိ အားမနေပါဘူး ဒီမှာ စည်ကားနေတယ်လို့ ကြားလို့ ငါ့ရဲ့ ညီမလေးကို ခေါ်ပြီး လာလည်တာ" ယွီလုံလုံက ယဲ့ဖန်ကို မျက်စောင်ထိုးကာ ရွံရှာသော လေသံဖြင့်ပြောလိုက်သည်။
သူမနှင့် ပတ်သက်ပြီး ဝေနိုင်ငံတော် တစ်ခုလုံးမှာ ကောလာဟလတွေ ဖြန့်နေတာ ဒီလူပဲ မဟုတ်ပါလား။
အခုဆိုရင် သူမရဲ့ နာမည်က ဝေနိုင်ငံတော် တစ်ခုလုံးမှာ ပုပ်သိုးနေပြီ။ အချို့ကဆိုရင် ယွီလင်လုံက တွေ့သမျှ ယောက်ျားနဲ့ အိပ်တဲ့ မိန်းမလို့တောင် တိုးတိုးတိတ်တိတ် ပြောနေကြတာ။
အခု ယဲ့ဖန်ကို မြင်လိုက်ရတာက ရန်သူနဲ့ တွေ့သလိုပဲ သူမ မျက်လုံးထဲမှာ သွေးဆိုးတွေ တက်နေပြီ။
"လင်လုံ ငါတို့ ဂိုဏ်းခုနစ်ခု မဟာပြိုင်ပွဲ တုန်းက စကားတွေ အရမ်း ပြောဖြစ်ခဲ့ကြတယ် မဟုတ်လား အခုကျမှ ဘာလို့ ငါ့အပေါ် ဒီလောက် ရန်လိုနေရတာလဲ"
ယဲ့ဖန်ကတော့ သူ၏ဆွဲဆောင်မှုဖြင့် ဆန့်ကျင်ဘက်လိင်များ၏ အာရုံစိုက်မှုကို ရယူရန် ကြိုးစားနေဆဲ ဖြစ်သည်။
သို့သော် သူ၏ ဤပုံစံက ယွီလင်လုံအတွက်တော့ ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုကိုသာ ဖြစ်စေသည်။
"ယဲ့ဖန် ငါ့ကို လာပြီးရွံစရာတွေ မပြောနဲ့။ ငါ နင်ကို မနိုင်ပေမဲ့ ငါ့မိသားစုက လူကြီးတွေက အရမ်းအစွမ်းထက်တယ်။ နင် ငါ့ကို အရမ်း တွန်းအားပေးရင် သူတို့ကို ခေါ်ပြီး နင်ကို သေအောင် ရိုက်ခိုင်းလိုက်မယ်"
ယွီလင်လုံက သူမ၏ ညာလက်ကို နှာခေါင်းနားတွင် ယမ်းပြလိုက်သည်။ နံစော်သောအနံ့တစ်ခုကို ဖယ်ရှားသကဲ့သို့ ယဲ့ဖန်ကို အတော်လေး အထင်သေးစွာ ကြည့်နေသည်။
ယွီလင်လုံ၏ ကျောက်စိမ်းကညာဂိုဏ်းမှ အဆင့်အတန်းမှာ ပြောစရာပင် မလိုချေ။ သူမသည် ဂိုဏ်း၏ သူတော်စင်မဖြစ်ပြီး လူပေါင်းသောင်းချီ၏ အထက်တစ်ဦးတည်းသော ပုဂ္ဂိုလ်၏ အောက်တွင်ရှိသူ ဖြစ်သည်။
ကျောက်စိမ်းကညာဂိုဏ်း၏ ကျင့်ကြံခြင်းလောကမှ အဆင့်အတန်းမှာလည်း ပြောစရာမလို။ ဝေနိုင်ငံတော် တော်ဝင်မိသားစုနှင့် ဝူချန်းဂိုဏ်းမှလွဲ၍ အခြား မည်သည့်ဂိုဏ်းကမှ သူတို့ထက် သာသည်ဟု မပြောရဲကြချေ။
ဟားဟားဟား အားလုံးက သူငယ်ချင်းတွေပဲလေ ဘာလို့ ဒီလောက် ရန်လိုနေကြတာလဲ အားလုံးပဲ ကျွန်တော်နဲ့အတူ ဝိုင်တစ်ခွက် သောက်ကြရအောင်။
လေထုက အကျပ်ရိုက်စပြုလာစဉ်မှာပင် ကောင်းကင်ယံမှ ရွှင်လန်းသော အသံတစ်ခု ထွက်ပေါ်လာသည်။ ဝေနိုင်ငံတော်၏ အိမ်ရှေ့စံ မင်းသားသည် ဟင်းလင်းပြင်ကို နင်းလျှောက်ကာ ရောက်ရှိလာပြီး နောက်ဥယျာဉ်ရှိ လူအုပ်ကို ပြုံးရွှင်စွာ နှုတ်ဆက်လိုက်သည်။
ကျောက်ဝူကျိဘာလို့ ဒီမှာ လူကောင်းလုပ်နေတာလဲ ငါတို့ ယှဉ်ပြိုင်ခဲ့တာ တော်တော် ကြာပြီ။ ငါနဲ့ ယှဉ်တိုက်ရဲရဲ့လား။
အမှောင်ထဲရှိ အခြား အဆောက်အဦးတစ်ခုပေါ်တွင် ဆံပင်ဖြူနှင့် လူငယ်တစ်ဦးက ဓားတစ်လက်ကို ကိုင်ကာ ထိုင်နေရင်း အိမ်ရှေ့စံကို အေးစက်သော အသံဖြင့် လှမ်းမေးလိုက်သည်။
"ကျိဝူထျန်း မင်းလည်း ရောက်နေတာလား" အိမ်ရှေ့စံက အဆောက်အဦးပေါ်တွင် ထိုင်နေသော ဆံပင်ဖြူလူငယ်ကို အံ့သြစွာ မော့ကြည့်လိုက်သည်။
ဤလူမှာ ဝူချန်းဂိုဏ်း၏နတ်ဘုရားသားတော် ဖြစ်ပြီး ပြီးခဲ့သည့် ဂိုဏ်းခုနစ်ခု မဟာပြိုင်ပွဲတွင် ပထမဆုကို ရရှိခဲ့သူဖြစ်သည်။
အိမ်ရှေ့စံ ကျောက်ဝူကျိမှာမူ ထိုနှစ်က ဒုတိယဆုရခဲ့သူ ဖြစ်သဖြင့် သူသည် ယဲ့ဖန်နှင့် အတော်လေး ရင်းနှီးနေခြင်း ဖြစ်သည်။
"ကျိဝူထျန်း မင်းက ဝူချန်းဂိုဏ်းရဲ့နတ်ဘုရားသတော်ဖြစ်နေရုံနဲ့ ငါ ဘာမှမလုပ်နိုင်ဘူးလို့ မထင်နဲ့ ငါကဝေနိုင်ငံတော်ရဲ့ အိမ်ရှေ့စံ မင်းသားပဲ။ မင်း ငါ့အပေါ် နောက်တစ်ခါ ရိုင်းပြရင် ငါ မင်းကို သေချာပေါက် သတ်လိမ့်မယ်" ကျောက်ဝူကျိက ကျိဝူထျန်းကို တစ်ချက် ကြည့်လိုက်ပြီးနောက် ဘာမှမပြောဘဲ ဝိညာဉ်ဓားဂိုဏ်း၏စားပွဲခန်းမဆီသို့ ပြန်လှည့်သွားတော့သည်။
ယဲ့ဖန်နှင့် အခြားသူများလည်း ကျောက်ဝူကျိနောက်မှ လိုက်၍ နောက်ဥယျာဉ်မှ ထွက်ခွာသွားကြသည်။
နတ်မိမယ် လင်ယွင်မှာတော့ အဆုံးမရှိသော ညကောင်းကင်ယံကို မော့ကြည့်နေသည်။ အမှောင်ထုကြားထဲမှ တစ်စုံတစ်ဦးကို မြင်တွေ့ရန် ကြိုးစားနေသကဲ့သို့ပင်။
"ငါတကယ်ကို သနားဖို့ကောင်းတာပဲ ခုနလေးတင်ပဲ ယဲ့ဖန်ကို ငါခွင့်လွှတ်ပေးမိတော့မလို့" နတ်မိမယ် လင်ယွင်သည် မိမိကိုယ်ကို လှောင်ပြုံးပြုံးလိုက်ပြီး သေလူတစ်ယောက်ကဲ့သို့ နှလုံးသားဖြင့် သူမ၏ကျင့်ကြံဂူ သို့ ပြန်သွားတော့သည်။
သူမ၏တစ်ကိုယ်လုံးမှာ ချက်ချင်းပင် ညှိုးနွမ်းသွားပြီး တစ်စုံတစ်ဦးသာ ရှိနေပါက သူမ၏ ဆံနွယ်နက်သုံးထောင် မှာ မျက်စိရှေ့တင် ဖြူဖွေးသွားသည်ကို မြင်တွေ့ရပေလိမ့်မည်။
အပြင်လူအမြင်တွင်မူ ဤခန္ဓာကိုယ်မှာ အသက်ဓာတ် ကင်းမဲ့နေသည့် အလောင်းတစ်ခုကဲ့သို့ပင်!သို့သော် တစ်နာရီအကြာတွင်တော့ နတ်မိမယ် လင်ယွင်၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်စွမ်းအားများ ရုတ်တရက် ထွက်ပေါ်လာသည်။ သူမ၏ နဖူးပေါ်တွင် မီးတောက်ကဲ့သို့ နီမြန်းသော အမှတ်အသားတစ်ခု ဖျော့ဖျော့လေး ပေါ်လာလေသည်။