အခန်း (၉၈) နတ်မိမယ်လင်ယွင်၏ စိတ်အစုံမှာ ယိမ်းယိုင်နေပုံရသည်
ဒါပေမဲ့... ဒါပေမဲ့ သူမက ကျွန်တော်တို့ ဝိညာဉ်ဓားဂိုဏ်းက အလိုရှိနေတဲ့ ရာဇဝတ်သားလေ ဒီလိုလုပ်ပါ ကျွန်တော် အကြီးအကဲတွေကို သွားတိုင်ပင်လိုက်ဦးမယ်။ အကယ်၍ အကြီးအကဲတွေက ဘာမှမပြောဘူးဆိုရင်တော့ ခင်ဗျားတို့ကို ပေးဝင်ပါ့မယ်။
ထိုတပည့်သည် သူတို့နှစ်ဦးကို အကျပ်ရိုက်စွာ ကြည့်နေမိသည်။ နောက်ဆုံးတွင်တော့ သူသည် ဘေးနားရှိ တပည့်တစ်ဦးကို တိုးတိုးလေး မှာကြားလိုက်ပြီး အထက်လူကြီးများထံမှ အမိန့်တောင်းရန် ဂိုဏ်းအတွင်းသို့ အပြေးအလွှား ပြန်သွားတော့သည်။
ဤကိစ္စမှာ ဦးစွာ အပြင်ဂိုဏ်း၏ အဖွဲ့များကို လှုပ်ခတ်သွားစေပြီးနောက် အပြင်ဂိုဏ်း အကြီးအကဲများထံ ရောက်ရှိသွားသည်။
နောက်ဆုံးတွင်တော့ အပြင်ဂိုဏ်း အကြီးအကဲများကလည်း မိမိတို့ဘာသာ မဆုံးဖြတ်ရဲသဖြင့် အတွင်းဂိုဏ်း အကြီးအကဲများထံ သွားရောက် တိုင်ပင်ခဲ့ကြရသည်။
နောက်ဆုံးတွင် အတွင်းဂိုဏ်း အကြီးအကဲ အချို့ တိုင်ပင်ပြီးနောက် လင်းယုရှုကို လောလောဆယ်တွင် လျစ်လျူရှုထားရန် ဆုံးဖြတ်လိုက်ကြတော့သည်။
"ခင်ဗျားတို့နှစ်ယောက်... အထဲဝင်လို့ ရပါပြီ" စောစောက ဂိတ်စောင့်တပည့်မှာ မကျေမနပ် ဖြစ်နေပုံရသည်။ သူသည် မူလက မိမိ၏ ရာထူးမှာ အတော်လေး အရှိန်အဝါရှိသည်ဟု ထင်ခဲ့ခြင်းဖြစ်သည်။ ဘယ်သူလာလာ ဂုဏ်ပြုလွှာကို ရိုရိုသေသေ ကမ်းပေးရသည် မဟုတ်ပါလား။
သို့သော် မနေ့က မင်းသမီးတစ်ပါး၊ ယနေ့ကျတော့ ကျောက်စိမ်းကညာဂိုဏ်းမှ အရေးပါသူ နှစ်ဦး ပေါ်လာသည့်အခါ သူ၏ စိတ်အခြေအနေမှာ အောက်ဆုံးသို့ ထိုးဆင်းသွားတော့သည်။
မိမိ၏ ရာထူးမှာ အသုံးမကျလှဘဲ တွေ့သမျှလူက သူ့ကိုနင်းခြေသွားနိုင်သည်ဟု သူ ခံစားလိုက်ရသည်။
လင်းယုရှုနှင့် ယွီလင်လုံတို့သည် သူ့ကို တစ်ချက် စိုက်ကြည့်လိုက်ပြီး ဂိုဏ်းအတွင်းသို့ မောက်မောက်မာမာဖြင့် လှမ်းဝင်သွားကြသည်။ သူတို့နှစ်ဦးကို အထူးဧည့်သည်တော်များအဖြစ် သတ်မှတ်ကာ အထက်တန်း ဧည့်သည်ဆောင်များတွင် နေရာချပေးခဲ့သည်။
လင်းယုရှုတို့ အထဲဝင်သွားပြီးနောက် တောင်တံခါးဝမှာ အတော်လေး တိတ်ဆိတ်သွားသည်။ ရံဖန်ရံခါမှ အခြားဂိုဏ်းများမှ ကျင့်ကြံသူများ ရောက်ရှိလာပြီး ဂုဏ်ပြုလွှာများ ကမ်းကာ အထဲဝင်သွားကြသည်။
နေဝင်ရီတရော အချိန်ရောက်၍ ဝိညာဉ်ဓားဂိုဏ်းသား အချို့ တောင်တံခါးကို ပိတ်ရန် ပြင်နေစဉ်မှာပင် ကောင်းကင်ယံထက်၌ နတ်ဘုရားအလင်းတန်းပေါင်း သောင်းချီ၍ ဖြာထွက်လာတော့သည်။
မှောင်စပြုနေသော ကောင်းကင်ယံမှာ အလွန်တောက်ပသော ရွှေရောင်အလင်းတန်း နှစ်ခုကြောင့် ရုတ်တရက် လင်းထိန်သွားသည်။ ထိုအလင်းတန်းများမှာ တစ်ညလုံးကို လင်းထိန်စေပြီး ဂိတ်စောင့်တပည့်များမှာ မျက်စိပင် မဖွင့်နိုင်လောက်အောင် ဖြစ်သွားကြသည်။
"ဝေနိုင်ငံတော်ကြီးရဲ့ အိမ်ရှေ့စံ မင်းသား မဟာမင်းမြတ် ရောက်ရှိလာပါပြီ"
"ဝေနိုင်ငံတော်ကြီးရဲ့ သတ္တမမြောက် မင်းသမီးလေး ရောက်ရှိလာပါပြီ"
အမျိုးသားနှင့် အမျိုးသမီး အသံနှစ်ခုမှာ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာသည်။
ထို့နောက် ချက်ချင်းပင် ကြောက်မက်ဖွယ်ကောင်းသော နဂါးပျံတစ်ကောင်က နဂါးရထားလုံးကို ဆွဲလျက် ဝိညာဉ်ဓားဂိုဏ်း တံခါးဝသို့ ဆင်းသက်လာသည်။
၎င်း၏ ဘေးတွင်တော့ လွန်စွာ ခမ်းနားလှသော ဖီးနစ်ရထားလုံးကို ဆွဲလာသည့် စိမ်းစိုသော ငှက်ကြီးတစ်ကောင် ရှိနေသည်။
ထိုအသံများ အဆုံးတွင်တော့ ဂိတ်စောင့်တပည့် အားလုံးမှာ ထိတ်လန့်တကြားဖြင့် မြေပြင်ပေါ်တွင် ဒူးထောက်ကာ အထက်မှ ပုဂ္ဂိုလ်များကို အကြိမ်ကြိမ် ဦးတိုက် ဂါရဝပြုကြတော့သည်။
သို့သော် အထက်မှ ရထားလုံး နှစ်စီးမှာ တစ်စုံတစ်ဦးကို စောင့်နေသကဲ့သို့ ဝိညာဉ်ဓားဂိုဏ်းအတွင်းသို့ ဝင်ရန် အစီအစဉ် မရှိသေးပေ။
ခဏအကြာတွင်တော့ ဝိညာဉ်ဓားဂိုဏ်းဘက်မှ လူပုံရိပ် နှစ်ခု ပျံသန်းထွက်ပေါ်လာသည်။
"အိမ်ရှေ့စံ မင်းသားနဲ့ မင်းသမီးလေး ယဲ့ဖန် အနေနဲ့ ကြိုဆိုမှု နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်" ဝတ်စုံဖြူ ဝတ်ဆင်ထားသော ခန့်ညားသည့် လူငယ်တစ်ဦးသည် လေဟာနယ်ကို နင်းလျှောက်လာသည်။
သူ၏ မျက်နှာမှာ ကျောက်စိမ်းကဲ့သို့ ချောမောလှပပြီး မျက်ခုံးများမှာ ကြယ်တာရာများအလား တောက်ပနေသည်။ သူ ထုတ်လွှတ်နေသော အရှိန်အဝါမှာ ရထားလုံးများပေါ်တွင် ထိုင်နေသော ပုဂ္ဂိုလ်ကြီးနှစ်ဦးနှင့် ယှဉ်လျှင်ပင် အားနည်းခြင်း မရှိပေ။
ညီအစ်ကိုယဲ့... မတွေ့ရတာ ကြာပြီနော် မင်း ဝိညာဉ်ဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ရာထူးကို ဆက်ခံတော့မယ်လို့ ကြားလို့ ငါ့ရဲ့ ညီမလေးကိုပါ ခေါ်ပြီး ဂုဏ်ပြုဖို့ အထူးလာခဲ့တာ။
မြွေနဂါးပုံစံပါသော ဝတ်စုံဝါကို ဝတ်ဆင်ထားသည့် ယဉ်ကျေးသိမ်မွေ့သော လူငယ်တစ်ဦးသည် နဂါးရထားလုံးပေါ်မှ လှမ်းထွက်လာသည်။ သူ၏ မျက်နှာမှာ အနည်းငယ် ဖြူဖျော့နေပြီး တစ်စုံတစ်ရာသော အတွင်းရောဂါ ခံစားနေရပုံ ပေါက်သည်။
အိမ်ရှေ့စံက အရမ်း အားနာစရာ ကောင်းနေပါပြီ။ ဒါက ကျွန်တော့်ရဲ့ ဆရာ ဝူတောက်ဇီပါ။ အိမ်ရှေ့စံ ရောက်လာတယ်ဆိုတာ သိတာနဲ့ ကျွန်တော်နဲ့အတူ ကြိုဆိုဖို့ လိုက်လာခဲ့တာပါ။
ယဲ့ဖန်သည် အိမ်ရှေ့စံနှင့် ခဏမျှ နှုတ်ဆက်စကား ပြောဆိုပြီးနောက် သူတို့ကို ဝိညာဉ်ဓားဂိုဏ်းအတွင်းသို့ ကိုယ်တိုင် ဦးဆောင် ခေါ်သွားတော့သည်။
ဤမြင်ကွင်းကို အကဲခတ်နေကြသော လူများစွာ မြင်တွေ့လိုက်ကြသည်။
"ဒီယဲ့ဖန်က ဘယ်သူမို့လို့လဲ အိမ်ရှေ့စံက ဘယ်သူ့မျက်နှာမှ မထောက်ဘဲ တရားမျှတတယ်လို့ နာမည်ကြီးတာ။ အခုကျတော့ ယဲ့ဖန်ရဲ့ ရာထူးဆက်ခံပွဲအတွက် ဝိညာဉ်ဓားဂိုဏ်းအထိ ကိုယ်တိုင်ကိုယ်ကျ လာတယ်ပေါ့"
"အဲ့ဒါ ပြောတာပေါ့ ဝူချန်းဂိုဏ်းက ပါရမီရှင်တောင်မှ ဒီလောက် မျက်နှာပွင့်မှာ မဟုတ်ဘူး"
"ဟူး... ဘာတတ်နိုင်မှာလဲ။ ယဲ့ဖန်က အခု ဝေနိုင်ငံတော် တစ်ခုလုံးမှာ နာမည်ကြီးနေတာလေ သူ လူသားမိစ္ဆာ စစ်တလင်းမှာ မိစ္ဆာ ၃၀၀ ကို သတ်ခဲ့တဲ့ သတင်း ထွက်လာကတည်းက ဝေနိုင်ငံသားအားလုံးက သူ့ကို ချီးကျူးနေကြတာ။ သူ တည်ထောင်ထားတဲ့ နတ်ဘုရားနန်းတော်ကိုလည်း လူတွေက အရမ်း မျှော်လင့်နေကြတာလေ။
ဒီအတိုင်းသာ ဆက်သွားရင် ယဲ့ဖန်က နောက်ထပ် နိုင်ငံတော် ဆရာကြီးတောင် ဖြစ်လာနိုင်တယ်။
ဝိညာဉ်ဓားဂိုဏ်း၏ အရိပ်ထဲတွင် ပုန်းကွယ်နေသော ပညာရှင်များစွာမှာ တစ်ဦးပြီးတစ်ဦး ထွက်ပေါ်လာကြသည်။ ယဲ့ဖန်၏ ကျောပြင်ကို ကြည့်ကာ သူတို့၏ ရင်ထဲတွင် မနာလိုမှုနှင့်အတူ ခါးသီးမှုကို ခံစားနေကြရသည်။
အချို့သော လူများမှာ ကောင်းကင်နှင့် မြေကြီး၏ အချစ်တော်များ ဖြစ်ရန် ကံပါလာကြသူများပင် သူတို့ ဘယ်နေရာ ရောက်ရောက် အမြဲတမ်း အာရုံစိုက်ခြင်း ခံကြရသည်။
ဒီညမှာတော့ လူအများ တည်ငြိမ်နေနိုင်မည် မဟုတ်ပေ။ ပုဂ္ဂိုလ်ကြီးများစွာ ရောက်ရှိလာသဖြင့် ဝိညာဉ်ဓားဂိုဏ်း အနေဖြင့် သူတို့ကို ဧည့်ခံရန် စားပွဲတစ်ခု ကျင်းပပေးရသည်မှာ သဘာဝပင်။
သို့သော် ဝိညာဉ်ဓားဂိုဏ်း၏ မျက်နှာကြီးရာ ဟင်းဖတ်ပါတတ်သော အကျင့်မှာ ကျင့်ကြံခြင်းလောကတွင် နာမည်ကြီးသည်။ အားလုံး မျှော်လင့်ထားသကဲ့သို့ပင် သူတို့သည် အထက်တန်းအခန်းများတွင် တည်းခိုသူများကိုသာ စားပွဲသို့ဖိတ်ကြားခဲ့သည်။
အလယ်တန်းနှင့် အောက်တန်းအခန်းမှ လူများမှာမူ မိမိတို့ အခန်းတွင်သာ နေ၍ ကျင့်စဉ်ကိုသာ ဆက်လက် ကျင့်ကြံနေကြရသည်။
ဤကိစ္စနှင့် ပတ်သက်၍ အဖိတ်မခံရသော ဧည့်သည်များမှာ မကျေမနပ် မပြောရဲကြပေ! မိမိတို့၏ အဆင့်အတန်း နိမ့်ကျပြီး အရှိန်အဝါ မရှိခြင်းကြောင့်သာ မဟုတ်ပါလား။
ကျင့်ကြံခြင်းလောကဆိုသည်မှာ အမြဲတမ်း အင်အားနှင့် အဆင့်အတန်းကို ရှေ့တန်းတင်သည့် နေရာတစ်ခုပင် ဖြစ်သည်။
"မင်း ဘာလုပ်နေတာလဲ" ရှောင်ချီမှာ အားနေသဖြင့် တိတ်တဆိတ် ပြဿနာတစ်ခုခု ရှာရန် ကြံစည်နေသည်။ သို့သော် သူ စားပွဲကျင်းပရာ ခန်းမဘက်သို့ သွားနေစဉ် ဥယျာဉ်တစ်ခုအတွင်းမှ ရင်းနှီးသော အသံတစ်ခုကို ကြားလိုက်ရသည်။
"မင်းလည်းမြင်နေတာပဲ ငါ့ရဲ့အခု အင်အားနဲ့ အဆင့်အတန်းကို ဝိညာဉ်ဓားဂိုဏ်း တစ်ခုလုံးမှာတင်မကဘူး ဝေနိုင်ငံတော် တစ်ခုလုံးမှာတောင် ငါကထိပ်တန်း အဆင့်မှာရှိနေတာ
မင်း ဘာလို့ငါ့ကို အမြဲရှောင်နေတာလဲဆိုတာ ငါ နားမလည်ဘူး။ ငါ့ရဲ့မိန်းမ ဖြစ်လာရတာက အဲ့လောက်တောင် ရှက်စရာကောင်းလို့လား။
နောက်ထပ် အသံတစ်သံ ထွက်လာသည့်အခါ ရှောင်ချီသည် စကားပြောနေသူ နှစ်ဦးမှာ ဘယ်သူတွေလဲဆိုတာ ချက်ချင်း သိလိုက်သည်။
သူတို့မှာ အခြားသူများ မဟုတ်ဘဲ သူ၏ ဆရာ နတ်မိမယ် လင်ယွင်နှင့် ယခု နာမည်ကြီးနေသော ယဲ့ဖန်တို့ပင်ဖြစ်သည်။
သူတို့၏ စကားဝိုင်းကို နားထောင်ရင်း ရှောင်ချီမှာ စိတ်ဝင်စားသွားမိသည်။ သူသည် မူလက ထိုလူများကို စိတ်အနှောင့်အယှက် ပေးရန် စားပွဲကျင်းပရာ ခန်းမထဲသို့ ခိုးဝင်ရန် ကြံရွယ်ထားခြင်း ဖြစ်သော်လည်း ယခုကဲ့သို့ တုန်လှုပ်ဖွယ်ရာ အတင်းအဖျင်း သတင်းတစ်ခုကို တွေ့ရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။
အခုလို အခြေအနေ ရောက်မှတော့ ဘာပြောစရာ ကျန်သေးလို့လဲ အဲ့ဒီတုန်းက မင်း ငါ့ကို လုပ်ကြံခဲ့တာတောင် မင်းအပေါ် ငါက အချစ်ကြီး ချစ်နေဦးမယ်လို့ မျှော်လင့်နေတာလား။
အကြိမ်ကြိမ် ထိုးနှက်ခံထားရသဖြင့် နတ်မိမယ် လင်ယွင်၏ မျက်နှာမှာ အလွန် ညှိုးငယ်နေသည်။ ဤသည်မှာ အသက်စွမ်းအားများ ကုန်ခမ်းနေသည့် လက္ခဏာပင် ဖြစ်သည်။
ငါဘာလို့ မင်းကို လုပ်ကြံခဲ့လဲဆိုတာ မင်းရဲ့ နှလုံးသားထဲမှာ မသိဘူးလား ငါမင်းကို ဘယ်လောက် ချစ်လဲဆိုတာကောသိရဲ့လား မင်းက ကောင်းကင်က ကြယ်တွေလိုပဲ တောက်ပပြီး စူးရှလွန်းတယ်။
မင်းက လက်လှမ်းမီတဲ့ နေရာမှာ ရှိနေတယ်လို့ ငါ ခံစားရပေမဲ့ ငါ လက်လှမ်းလိုက်တိုင်း မင်းက ငါ့ကိုပစ်သွားတာပဲ။
မင်းရဲ့ နှလုံးသားကို တစ်ကြိမ်လောက်ပဲ ဖြစ်ဖြစ် ခဏလေးပဲဖြစ်ဖြစ် ရနိုင်မယ်ဆိုရင် ငါ အရိုးမှုန့်ဖြစ်သွားရပါစေ ငါ လိုလိုလားလား ခံယူမှာပါ။
မင်းအတွက်ဆိုရင် ငါဘာမဆို လုပ်ဖို့ အသင့်ပဲ ဒါကြောင့် မင်း ငါ့ကိုမုန်းနေလည်း ငါဂရုမစိုက်ဘူး ဘာလို့လဲဆိုတော့ အချစ်ရှိမှအမုန်းရှိတာကိုး။
ငါ မင်းကိုတာဝန်ယူပြီး ပြောနိုင်တာကတော့မင်း ငါ့ကိုတစ်ချိန်က ချစ်ခဲ့ဖူးတယ် ပြီးတော့ အဲ့ဒီ အတိတ်ကိုအခုထိ မင်း မေ့မရသေးဘူးဆိုတာပဲ။
ယဲ့ဖန်သည် နတ်မိမယ် လင်ယွင်ကို လွန်စွာ နူးညံ့သိမ်မွေ့သော အကြည့်များဖြင့် စိုက်ကြည့်နေသည်။ ထိုအကြည့်များမှာ လူတစ်ယောက်ကို အရည်ပျော်သွားစေနိုင်လောက်သည်။
"အော့... အန်ချင်လိုက်တာ"
"ဒီယဲ့ဖန်က ဘယ်မှာဒါတွေကို သင်လာတာလဲ သူ့ရဲ့အစွမ်းက သိပ်မရှိပေမဲ့ ဒီလို ရွံစရာကောင်းတဲ့နည်းလမ်းတွေကတော့ တစ်ခုပြီးတစ်ခု ထွက်လာတာပဲ"
ရှောင်ချီသည် ထိုရွံစရာကောင်းပြီး ချွဲနွဲ့လွန်းသော စကားများကို နားထောင်ရင်း ချက်ချင်းပင် အန်ချင်သလိုဖြစ်သွားတော့သည်။
သို့သော် ရှောင်ချီ မမျှော်လင့်ထားသည့် အရာမှာ ယဲ့ဖန်၏ရှေ့တွင် ရပ်နေသော နတ်မိမယ် လင်ယွမ်မှာ အမှန်တကယ်ပင် စိတ်ဝေဝါးသွားခြင်းဖြစ်သည်။
သူမသည် သူမ၏ပန်းရောင်နှုတ်ခမ်းလေးကို ခပ်ဖွဖွ ကိုက်လိုက်ပြီး မျက်လုံးများမှ မျက်ရည်များ စီးကျလာကာ ယဲ့ဖန်ကို ဒေါသတကြီး အမူအရာဖြင့် စိုက်ကြည့်နေတော့သည်။