အခန်း (၉၆) ဂျူနီယာညီမလေးထံမှ သတင်းစကား
တစ်ရက်ကျော်ကြာ ခရီးနှင်ပြီးနောက် ရှောင်ချီသည် သူ၏ သိုလှောင်လက်စွပ်အတွင်းရှိ အဆက်အသွယ် ကျောက်စိမ်းပြားလေး လင်းလက်လာသည်ကို တွေ့လိုက်ရသဖြင့် အလွန်အမင်း ဝမ်းသာသွားတော့သည်။
ရှောင်ချီသည် ခရီးကို ချက်ချင်းရပ်နားလိုက်ပြီး အောက်ဘက်ရှိ လူသူကင်းမဲ့သော တောင်ကုန်းတစ်ခုပေါ်သို့ ဆင်းသက်လိုက်သည်။
"မင်း... မင်း ဘာလုပ်မလို့လဲ" ရှောင်ချီက သူတို့၏ ပါးစပ်ပိတ်အင်းကို ဖြုတ်ပေးလိုက်သည့်အခါ မိန်းကလေးများမှာ ကြောက်လန့်တကြား မေးလိုက်ကြသည်။
ရှောင်ချီက သူတို့ကို အစီအစဉ်တကျ သင်ခန်းစာပေးခဲ့ပြီးပြီ ဖြစ်သဖြင့် ယခုအခါ သူ့ကို အတော်လေး ကြောက်နေကြပြီဖြစ်သည်။
ဒီလူက သူတို့ကို လူသူမရှိသည့် တောင်ကုန်းပေါ် ခေါ်လာခြင်းမှာ သိသာလှသည့် ရည်ရွယ်ချက်ရှိပုံရသည်။ သူတို့၏ ရတနာများကို လုယူပြီး ဂုဏ်သိက္ခာကို ဖျက်ဆီးတော့မည်လား။
ကျွန်မ... ကျွန်မ သတိပေးလိုက်မယ်နော် ကျွန်မက ဝေနိုင်ငံတော်ကြီးရဲ့ မင်းသမီးတစ်ပါးပဲ။ ရှင်သာ ကျွန်မတို့ကို ရန်ပြုရဲရင် ကမ္ဘာကုန်အောင် ပြေးလည်း လွတ်မှာမဟုတ်ဘူး။
ခရမ်းရောင်ဝတ်စုံနှင့် မိန်းကလေးမှာ ထိတ်လန့်တကြားဖြင့် နောက်သို့ ခြေလှမ်းများ ဆုတ်သွားသည်။
ရှောင်ချီက ထိုမိန်းကလေးများကို မျက်လုံးတစ်ချက် လှန်ကြည့်လိုက်ပြီး ဂရုမစိုက်ဘဲ တောင်ကုန်းပေါ်မှာ တင်ပျဉ်ခွေထိုင်ကာ သိုလှောင်လက်စွပ်ထဲမှ ကျောက်စိမ်းပြားကို ထုတ်ယူလိုက်သည်။
ကျောက်စိမ်းပြားပေါ်တွင် သတင်းအချက်အလက်များစွာ ပြည့်နှက်နေသည်။ သူ မရှိသည့် အတောအတွင်း သူ၏ ဂျူနီယာညီမလေးက သတင်းစကားများကို အမြဲတစေ ပို့ထားပုံရသည်။
"ညီမလေး... အခု ဘယ်မှာလဲ နေကောင်းရဲ့လား အခုပဲ လာရှာတော့မယ်" ရှောင်ချီသည် တုန်ရီနေသော လက်များဖြင့် ကျောက်စိမ်းပြားပေါ်တွင် စာသားများ အမြန်ရေးထိုးလိုက်သည်။ ညီမလေး တစ်ခုခု ဖြစ်သွားမှာကို သူ အလွန်စိုးရိမ်နေမိသည်။
ကျောက်စိမ်းကညာဂိုဏ်း၏ လင်လုံတောင်ထွတ်ဤနေရာမှာ ဂိုဏ်း၏ သူတော်စင်မနေထိုင်ရာ နေရာဖြစ်သည်။ သူမ၏ အဆင့်အတန်းကို ဖော်ညွှန်းရန်အတွက် တောင်ထွတ်တစ်ခုလုံးကို သူမ၏ အမည်ပေးထားခြင်း ဖြစ်သည်။
"မမလင်လုံ... စီနီယာအစ်ကို ကျွန်မဆီ စာပို့လိုက်ပြီ" သူမ၏ နတ်စင်ဂူအတွင်း ကျင့်စဉ်ကျင့်နေသော လင်းယုရှုသည် ကုတင်ပေါ်မှ ဝမ်းသာအားရ ခုန်ဆင်းလိုက်သည်။ သူမသည် ယွီလင်လုံဆီသို့ ပြေးသွားကာ အပျော်ကြီး ပျော်နေတော့သည်။
"အော်... ဟုတ်လား အဲ့ဒါဆိုလည်း သူ့ကို အမြန် ပြန်စာပို့လိုက်လေ" ယွီလင်လုံက သူမ၏ နဖူးကို ပွတ်လိုက်သည်။ ဒီကောင်မလေးရဲ့ ပျော်ရွှင်မှုကို သူမ လုံးဝ နားမလည်နိုင်ပေ။
ကံကောင်း၍ သူမ ကျင့်စဉ်ထဲ အပြည့်အဝ စိတ်မနှစ်ထားခြင်းဖြစ်သည်။ မဟုတ်လျှင် ဒီကောင်မလေး၏ ဆူညံသံကြောင့် သွေးလေချောက်ချားဖြစ်သွားနိုင်ပေသည်။
လင်းယွီရှို့(လင်ယုရှုလိုပဲဘာသာပြန်ပါမည်) သည် သတိပြန်ဝင်လာကာ ကျောက်စိမ်းပြားကို ကောက်ကိုင်ပြီး ခဏမျှ အလုပ်ရှုပ်သွားတော့သည်။
"စီနီယာအစ်ကို... ကျွန်မ ဘာမှမဖြစ်ပါဘူး။ အခု ကျောက်စိမ်းကညာဂိုဏ်းမှာ ရောက်နေတာ။ အစ်ကို အခု ဘယ်မှာလဲ အရင်က ဘာလို့ ဆက်သွယ်လို့ မရတာလဲ"
ညီမလေး၏ ပြန်စာကို မြင်လိုက်ရမှ ရှောင်ချီမှာ သက်ပြင်းချနိုင်တော့သည်။ ထို့နောက် သူသည် ဟင်းလင်းပြင်ဖြတ်ကျော် ကျောက်စိမ်းလက်ဖွဲ့ကြောင့် ပင်လယ်ရပ်ခြားသို့ ရောက်သွားသည့် အကြောင်းကို အကျဉ်းချုပ် ပြောပြလိုက်သည်။
သူသည် နောက်ဆုံးကိစ္စတစ်ခုပြီးသည်နှင့် ကျောက်စိမ်းကညာဂိုဏ်းသို့ လာရှာမည်ဖြစ်ကြောင်း ညီမလေးကို စိတ်မပူရန် မှာကြားလိုက်သည်။
ရှောင်ချီ တစ်ယောက်တည်း ကျောက်စိမ်းပြားကို ကြည့်ပြီး အလုပ်ရှုပ်နေသည်ကို မြင်ရသော မိန်းကလေးများမှာကြောင်တောင်တောင် ဖြစ်နေကြသည်။ သူတို့မှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ ရှောင်ချီ ဘာလုပ်နေမှန်း မဝေခွဲနိုင်ကြပေ။
"ဆောရီးပါ ခုနက အရေးကြီးကိစ္စလေး ရှိနေလို့ ဒီမှာ ခဏရပ်လိုက်တာ"
ဝိညာဉ်ဓားဂိုဏ်းရောက်ဖို့ နောက်ထပ် နှစ်နာရီလောက်ပဲ လိုတော့တယ်။ အဲ့ဒီရောက်ရင်တော့ ငါတို့တွေ အတူတူ ခရီးသွားလာတာပါလို့ နတ်သမီးလေးတို့က ကူညီပြောပေးဖို့ လိုလိမ့်မယ်။ မဟုတ်ရင် သူတို့ ငါ့ကို အထဲပေးဝင်မှာ မဟုတ်ဘူး။
ရှောင်ချီသည် ဘာမှမဖြစ်ခဲ့သကဲ့သို့ ကျောက်စိမ်းပြားကို သိုလှောင်လက်စွပ်ထဲ ပြန်ထည့်ကာ မိန်းကလေးများကို ပြောလိုက်သည်။
အားလုံးမှာ အနည်းငယ် အနေခက်သွားကြသည်။ ရှောင်ချီက ဒီတောင်ကုန်းပေါ် ဆင်းလိုက်သည့်အခါ တိရစ္ဆာန်စိတ်ဝင်ပြီး တစ်ခုခု လုပ်တော့မည်ဟု သူတို့ ထင်ခဲ့ကြခြင်း ဖြစ်သည်။ စာပြန်နေခြင်း ဖြစ်လိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။
သို့သော် နတ်သမီးလေးများကို စိတ်တိုစေသည့် အချက်မှာ ဒီလူက သူတို့ကို လုံးဝ အရေးမစိုက်ခြင်းပင်။ လေထုလို သဘောထားပြီး လုံးဝ ဂရုမစိုက်ခဲ့ပေ။
ဟွန်း ရှင်မှာလည်း ငါတို့ဆီက အကူအညီ တောင်းရမယ့် အချိန်ရှိသားပဲ ငါတို့နဲ့ အတူတူ ခေါ်သွားပေးစေချင်ရင် အရင်ဆုံး ငါ့ကို အစ်မတော်လို့ ခေါ်စမ်း ငါ သဘောကျရင် ခေါ်သွားပေးမယ်။
ခရမ်းရောင်ဝတ်စုံနှင့် မိန်းကလေး ဇီယွမ်က မောက်မာသော မျက်နှာဖြင့် ရှောင်ချီကို ကြည့်ကာ ပြောလိုက်သည်။
"ဇီယွမ်... မင်း ရူးနေလား အဲ့ဒီလို ကြောက်စရာကောင်းတဲ့သူကို အစ်မလို့ ခေါ်ခိုင်းရဲတယ်ပေါ့" သူမဘေးရှိ အနည်းငယ် အသက်ကြီးသော မိန်းကလေးက ဇီယွမ်၏ ပုခုံးကို ဆွဲခါကာ တိုးတိုးလေး သတိပေးလိုက်သည်။
"ဘာပြောလိုက်တာလဲ နောက်တစ်ခါ ထပ်ပြောစမ်းပါဦး" ရှောင်ချီက ဇီယွမ်၏ ရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်သွားကာ သူမ၏ မေးစေ့ကို အသာအယာ မလိုက်သည်။ သူသည် မိစ္ဆာတစ်ကောင်ကဲ့သို့ ရက်စက်သော အပြုံးဖြင့် သူမကို စိုက်ကြည့်နေသည်။
"အစ်... အစ်ကိုကြီး... ကျွန်မ မှားသွားပါပြီ ခုနက နောက်လိုက်တာပါ ကျွန်မတို့ကို စိတ်ကြိုက် ခိုင်းလို့ရပါတယ်" ဇီယွမ်မှာ ကြောက်လန့်လွန်း၍ ငိုမတတ် ဖြစ်သွားကာ မျက်လုံးလေးများ နီရဲလျက် အလျင်အမြန် ရှင်းပြတော့သည်။
"လိမ္မာလိမ္မာနေနော်... မဟုတ်ရင် ငါ လူသတ်မိလိမ့်မယ်" ရှောင်ချီက ကြောက်စရာကောင်းသော အသံဖြင့် ရယ်မောလိုက်ပြီးနောက် သူ၏ ဓားပျံကိုပြန်ထုတ်ကာ ဝိညာဉ်ဓားဂိုဏ်းဆီသို့ ဦးတည် ပျံသန်းသွားတော့သည်။
ရှောင်ချီသည် ဝိညာဉ်ဓားဂိုဏ်းမှ ထွက်ပြေးလာသူဖြစ်သဖြင့် ယုတ္တိနည်းအရဆိုလျှင် ပြန်မသွားသင့်ပေ။ သူ၏ အစွမ်းမှာလည်း ယွီရှောင်ဇီတို့နှင့် ယှဉ်နိုင်သည့် အဆင့်သို့ မရောက်သေးပေ။
သို့သော် အခွင့်အရေး အနည်းငယ်သာ ရှိဦးတော့ သူသည် ယဲ့ဖန်ကို သတ်ရန် အခွင့်အရေးကို လက်လွတ်ခံမည် မဟုတ်ပေ။
အကယ်၍ ဤဂိုဏ်းချုပ် ရာထူးဆက်ခံပွဲမှာ ယဲ့ဖန်ကို လုပ်ကြံနိုင်လျှင် သူရရှိမည့် အကျိုးကျေးဇူးမှာ အတိုင်းအဆမရှိပေ။
ယဲ့ဖန်၏ ကိုယ်ပေါ်ရှိ ရတနာများအားလုံး ပေါင်းလိုက်လျှင် ဂိုဏ်းတစ်ခုလုံး၏ အခြေခံ အရင်းအမြစ်များထက်ပင် ပိုမို များပြားပေလိမ့်မည်။
သို့သော် ဤကဲ့သို့သော ကံကြမ္မာရှင်များကို သတ်ရန် မလွယ်ကူကြောင်း ရှောင်ချီ ကောင်းကောင်း သိသည်။ အရေးကြီးသည့် အချိန်တိုင်းတွင် သူတို့မှာ အကြောင်းအမျိုးမျိုးကြောင့် အမြဲလွတ်မြောက်သွားတတ်ကြသည်။
ဒါပေမဲ့ ရှောင်ချီမှာလည်း ပြင်ဆင်ထားသည့် အရာများ ရှိပါသည်။ ဟင်းလင်းပြင်ဖြတ်ကျော် ကျောက်စိမ်းလက်ဖွဲ့ အပြင် အခြားသော လျှို့ဝှက်ဖဲချပ်များလည်း ရှိနေသေးသည်။ ဝိညာဉ်ဓားဂိုဏ်းကို ရင်ဆိုင်ရန်မှာ သူထင်သလောက် မခက်ခဲနိုင်ပေ။
နှစ်နာရီမပြည့်မီမှာပင် သူတို့သည် ဝိညာဉ်ဓားဂိုဏ်း၏ တောင်တံခါးသို့ ရောက်ရှိလာခဲ့ကြသည်။
ဝိညာဉ်ဓားဂိုဏ်း၏ တောင်တံခါးဝတွင် ဂုဏ်ပြုရန် ရောက်ရှိလာကြသော ကျင့်ကြံသူများ ဖြင့် ပြည့်နှက်နေသည်။
ယဲ့ဖန်၏ နာမည်ကျော်ကြားမှုမှာ ကျင့်ကြံခြင်းလောက တစ်ခုလုံးတွင် ဟိုးဟိုးကျော်နေပြီ ဖြစ်သည်။ ဂိုဏ်းကြီးခုနစ်ခုထဲမှ အခြားသော ဂိုဏ်းသားများပင် ဂုဏ်ပြုရန် ရောက်ရှိလာကြသည်။
"ရပ်စမ်း မင်းတို့က ဘယ်ဂိုဏ်း ဘယ်အဖွဲ့ကလဲ ဖိတ်စာ ပါလား" အရင်က အမြဲ အေးအေးဆေးဆေးနေတတ်သော ဝိညာဉ်ဓားဂိုဏ်းသားများမှာ ယခုအချိန်တွင် အလွန်ပင် မောက်မာနေကြသည်။
တောင်တံခါးတွင် ဝိညာဉ်ဓားဂိုဏ်းသား အယောက်နှစ်ဆယ်ကျော်က လာသမျှ ကျင့်ကြံသူများကို စစ်ဆေးနေကြသည်။
ရှောင်ချီတို့ အဖွဲ့ကို မြင်သည့်အခါ သူတို့က လမ်းကို ပိတ်ရပ်လိုက်ကြသည်။ ရှောင်ချီသည် ဝိညာဉ်ဓားဂိုဏ်းသို့ မလာခင် သူ၏ ရုပ်ရည်ကို အနည်းငယ် ပြောင်းလဲထားသဖြင့် ဂိတ်စောင့်နေသော ဂိုဏ်းသားများမှာ သူ့ကို မမှတ်မိကြပေ။
"ဘယ်လိုတောင် ရဲတင်းတာလဲ ဒါ ဝေနိုင်ငံတော်ရဲ့ ၁၆ ပါးမြောက် မင်းသမီး လေ။ မင်းသမီးကို မြင်တာတောင် ဘာလို့ ဒူးမထောက်တာလဲ"
မိန်းကလေးတစ်ဦးက ရှေ့သို့ တိုးလာပြီး လမ်းပိတ်ထားသော ဂိတ်စောင့်ကို ဒေါသတကြီး အော်ဟစ်လိုက်သည်။
"မင်းသမီးဆိုတာ ဟုတ် မဟုတ် သက်သေပြစရာ တစ်ခုခုရှိလား" ဂိတ်စောင့်၏ လေသံမှာ အနည်းငယ် ပျော့သွားသည်။ အဆုံးမှာတော့ ဒီလိုရာထူးမျိုးကို လိမ်ညာပြီး ဟန်ဆောင်မည့်သူ မရှိနိုင်ပေ။
သို့သော် သူတို့၏ ပုံစံမှာ ခရီးပန်းနေပြီး ဆံပင်များမှာလည်း ဖရိုဖရဲ ဖြစ်နေသဖြင့် ဂိတ်စောင့်မှာ ချက်ချင်း သံသယ ဝင်သွားသည်။
မင်းသမီးတစ်ပါးသာ ဆိုလျှင် ဝိညာဉ်ဓားဂိုဏ်းသို့ ရောက်ရှိလာသည့်အခါ ရထားလုံးများ အစောင့်အရှောက်များစွာ ပါရမည် ဖြစ်သည်။ အခုလို လေလွင့်ကျင့်ကြံသူတစ်ယောက်လို ဓားပျံစီးပြီး ဘယ်လိုလုပ် လာပါ့မလဲ။
" အလျင်စလို ထွက်လာခဲ့ရတာဆိုတော့ သက်သေပြစရာ ဘာမှမပါလာဘူး" ဇီယွမ်က အနည်းငယ် အားမလိုအားမရ ဖြစ်ကာ ပြောလိုက်သည်။
"ဇီယွမ်... မင်းမှာ ဖီးနစ်မီးလျှံရှိတယ်မဟုတ်လား သူ့ကိုပြလိုက်လေ" သူမဘေးရှိ ပန်းရောင်ဝတ်စုံနှင့် မိန်းကလေးက အမြန် သတိပေးလိုက်သည်။