အခန်း (၉၀) မှတ်ဉာဏ်ဒီရေလှိုင်းများအကြား
ကျန်းချင်းရှန်း၏ မှတ်ဉာဏ်များကို ရရှိခဲ့ပြီးနောက် ရှောင်ချီ သည် ကျန်းချင်းရှန်း၏ ခံစားချက်များကိုလည်း နားလည်သွားခဲ့သည်။
ထိုလူသည် ချန်နန်းနန်းဆိုသည့် အမျိုးသမီးကို အချိန်အတော်ကြာကတည်းက စွဲစွဲမြဲမြဲ ချစ်မြတ်နိုးခဲ့ခြင်းဖြစ်သည်။ သေခါနီးအချိန်မှာပင် သူမအတွက် လမ်းခင်းပေးသွားခဲ့ရှာသည်။
ထိုမှတ်ဉာဏ်များထဲမှ ပြင်းထန်လှသော မေတ္တာတရားကို ရှောင်ချီ ခံစားနေရသည်။ ချန်နန်းနန်းကို အသက်ရှင်စေချင်သည့် ကျန်းချင်းရှန်း၏ ဆန္ဒမှာ အင်မတန် ကြီးမားလှသည်။
ဤခံစားချက်များကို ရှောင်ချီထံသို့ လက်ဆင့်ကမ်းပေးလိုက်ခြင်းမှာလည်း ကျန်းချင်းရှန်း၏ ရည်ရွယ်ချက်တစ်ခု ဖြစ်ပေလိမ့်မည်။
ရှောင်ချီက သူတို့ကို ကယ်တင်ခဲ့သော်လည်း ရှောင်ချီတွင် တခြားမရိုးသားသော ရည်ရွယ်ချက် ရှိ မရှိ သူ မသေချာပေ။
ထို့ကြောင့် သူ၏မှတ်ဉာဏ်များဖြင့် ရှောင်ချီကို လွှမ်းမိုးရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။
အကယ်၍ဤမှတ်ဉာဏ်များကြောင့် ရှောင်ချီက ချန်နန်းနန်းကို ချစ်မိသွားလျှင်ပင် ကိစ္စမရှိပေ။ သူမ အဆင်ပြေပြေ အသက်ရှင်နိုင်မည်ဆိုလျှင် ကျန်းချင်းရှန်းမှာ နောင်တမရှိဘဲ သေပျော်ပြီ မဟုတ်ပါလား။
ရှောင်ချီသည် ကြောက်မက်ဖွယ်ကောင်းလှသော မှတ်ဉာဏ်ဒီရေလှိုင်းများကြောင့် အံ့အားသင့်သွားရသည်။ သူသည် ချက်ချင်းပင် တင်ပျဉ်ခွေထိုင်ကာ ကျန်းချင်းရှန်း၏ ဘဝအတွေ့အကြုံများကို ဂရုတစိုက် ဆင်ခြင်နေမိသည်။
ထိုကမ္ဘာရှိ အရာများမှာ သူ့ကို တဖြည်းဖြည်း ဆွဲဆောင်သွားတော့သည်။ ထိုနေရာ၏ ခမ်းနားထည်ဝါမှုနှင့် အရောင်အသွေးစုံလင်မှုများက သူ့ကို စိတ်ဝင်စားစရာ ဖြစ်စေခဲ့သည်။
ရှောင်ချီ ရုတ်တရက် တင်ပျဉ်ခွေထိုင်ကာ ငြိမ်ကျသွားသည်ကို ကြည့်ပြီး ညီအစ်မနှစ်ဦးမှာ ဘာလုပ်ရမှန်းမသိ ဖြစ်နေကြသည်။
သို့သော် သူတို့၏ရင်ထဲတွင်လည်း ဝမ်းနည်းပူဆွေးမှုများ ဖုံးလွှမ်းနေသဖြင့် တခြားအရာများကို စိတ်မဝင်စားနိုင်ကြသေးပေ။
လွန်ခဲ့သော ရက်သတ္တပတ် နှစ်ပတ်အတွင်း ကျန်းချင်းရှန်း၏ဂရုတစိုက် စောင့်ရှောက်မှုနှင့် ယဉ်ကျေးပျူငှာသော အပြုအမူများက သူတို့ကို အတော်လေး စိတ်လှုပ်ရှားစေခဲ့သည်။
သူသည် အမျိုးသားတစ်ဦး ဖြစ်သော်လည်း ထိုနှစ်ပတ်အတွင်း စည်းကျော်သော အပြုအမူ တစ်ခုမှ မလုပ်ခဲ့ပေ။ သူ ဂူထဲသို့ ဝင်သည့် အကြိမ်အရေအတွက်မှာ လက်ချိုးရေတွက်၍ ရသည်။ ထိုအကြိမ်များမှာလည်း သူတို့အတွက် အစားအစာ လာပို့ပေးခြင်းသာဖြစ်သည်။
ကျန်းချင်းရှန်း၏ အလောင်းဘေးတွင် ခဏမျှ ငိုကြွေးပြီးနောက် ညီအစ်မနှစ်ဦးသည် မြေကွက်လပ်တစ်ခုကို ရှာကာ ကျန်းချင်းရှန်းကို ကျန်းခွမ်း၏ ဘေးတွင် မြှုပ်နှံပေးလိုက်ကြသည်။
ရှောင်ချီ ဂူထဲသို့ ဝင်လာစဉ်က ကျားနက်၏ လက်အောက်ငယ်သား အားလုံးကို သတ်ပစ်ခဲ့သဖြင့် လက်ရှိတွင် ဤနေရာမှာ ဘေးကင်းသည်ဟု ဆိုနိုင်သည်။
သို့သော် အချိန်ကြာလာသည်နှင့်အမျှ သူတို့၏ ဗိုက်များက ဆာလောင်မှုကြောင့် အချက်ပေးလာတော့သည်။
ယခုအခါ သူတို့မှာ သာမန်လူသားများသာ ဖြစ်သဖြင့် နေ့စဉ် အစားစားရန် လိုအပ်သည်။
အရင်ကတော့ ဒါတွေအားလုံးကို ကျန်းချင်းရှန်းက လုပ်ဆောင်ပေးခဲ့သော်လည်း အခုတော့ သူတို့ကိုယ်တိုင် ကြိုးစားကြရတော့မည်။
ဂူအတွင်းရှိ ရှောင်ချီကို တစ်ချက်ကြည့်ပြီးနောက် ညီအစ်မနှစ်ဦးသည် တိုင်ပင်ကာ အရင်ဆုံး တောင်အောက်သို့ အမဲလိုက်ထွက်ရန် ဆုံးဖြတ်လိုက်ကြသည်။
တစ်ညလုံး ပင်ပန်းခံ ရှာဖွေပြီးနောက်တွင်တော့ တောသီးအချို့နှင့် မှိုအချို့သာ ရရှိခဲ့သည်။ ဂူသို့ ပြန်ရောက်လာချိန်တွင် သူတို့၏ ပုံစံမှာ အတော်လေး ဖရိုဖရဲ ဖြစ်နေချေပြီ။
အတော်လေး အားစိုက်ထုတ်ပြီးမှ မီးမွှေးနိုင်ခဲ့ကြသည်။ သူတို့သည် မှိုစွပ်ပြုတ်တစ်ခွက်ကို ရိုးရိုးရှင်းရှင်း ပြုတ်သောက်ကာ အသီးအချို့ စားပြီးနောက် ပင်ပန်းလွန်းသဖြင့် အိပ်ပျော်သွားကြတော့သည်။
သို့သော် နောက်ရက်အနည်းငယ်အထိ ရှောင်ချီမှာ ဂူအတွင်း၌ သတိမေ့မြောနေဆဲပင်။ သူသည် ထိုတင်ပျဉ်ခွေထိုင်လျက် အနေအထားအတိုင်းပင် တစ်ချိန်လုံး ရှိနေခဲ့သည်။
အမျိုးသမီးနှစ်ဦးမှာလည်း သူတို့၏ ခက်ခဲလှသော အသက်ရှင်သန်ရေး တိုက်ပွဲကို ဆက်လက် ဆင်နွှဲနေကြရသည်။ နောက်ထပ် ရက်သတ္တပတ် နှစ်ပတ်ခန့် ကုန်ဆုံးသွားချိန်တွင် သူတို့မှာ သိသိသာသာ နွမ်းနယ်အိုစာသွားကာ အသားအရေများမှာလည်း ဝါဖန့်ဖန့် ဖြစ်လာတော့သည်။
"အစ်မ ကျွန်မ ဗိုက်အရမ်းဆာတယ်" ဂူအတွင်း၌ ချန်မုန့်မုန့်သည် ကျောက်နံရံကို မှီကာ အားမရှိစွာ လဲလျောင်းနေရင်း ချန်နန်းနန်းကို ငေးကြည့်ကာ ပြောလိုက်သည်။
"ဗိုက်ဆာနေပြီလား ရော့... မုန့်မုန့် ဒီမှာ အသီးတစ်လုံးရှိတယ် ဒါလေး အရင်စားလိုက်ဦး"
ချန်နန်းနန်းသည် သူမ၏ ရင်ခွင်ထဲမှ အသီးတစ်လုံးကို ထုတ်ကာ ရတနာတစ်ခုလို သေချာ သုတ်သင်ပြီးနောက် ချန်မုန့်မုန့်၏ ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။
ညီအစ်မနှစ်ဦးမှာ အမဲလိုက်ကျွမ်းကျင်မှု မရှိကြပေ။ တောင်အောက်သို့ စတင်ဆင်းစဉ်က သားကောင်တစ်ကောင်မှ မဖမ်းနိုင်ခဲ့ကြပေ။
အသားဓာတ် မရရှိသဖြင့် သူတို့၏ ခန္ဓာကိုယ်မှာ တဖြည်းဖြည်း အားနည်းလာသည်။
နောက်ပိုင်းတွင် အတွေ့အကြုံ အနည်းငယ် ရလာသော်လည်း ခန္ဓာကိုယ်က အားမရှိတော့သဖြင့် အမဲလိုက်ရန် ပို၍ပင် ခက်ခဲလာတော့သည်။
ဤသို့ဖြင့် သူတို့မှာ သံသရာလည်နေတော့သည်။ အမဲမလိုက်နိုင်လေ ဗိုက်ဆာလေ ဗိုက်ဆာလေ အမဲလိုက်ဖို့ အားမရှိလေ ဖြစ်နေရသည်။
"မင်းတို့နှစ်ယောက် ဗိုက်အရမ်းဆာနေမှာပဲ၊ ငါ သွားပြီး စားစရာရှာပေးမယ်" ထိုအချိန်တွင် ဂူအလယ်၌ ကျောက်ရုပ်ကဲ့သို့ ထိုင်နေသော ရှောင်ချီမှာ ရုတ်တရက် စကားပြောလာသည်။
"အစ်ကိုရှောင်ချီ အစ်ကို နိုးလာပြီလား" သူ၏ အသံကို ကြားလိုက်ရသဖြင့် အမျိုးသမီးနှစ်ဦးမှာ ဝမ်းသာအားရဖြင့် ရှောင်ချီ၏ ဘေးသို့ ပြေးလာကြသည်။
သူတို့သည် ယခုရက်ပိုင်းအတွင်း အသက်နှင့် သေခြင်းတရားကြားမှာ အသည်းအသန် ရုန်းကန်နေခဲ့ရခြင်းဖြစ်သည်။ ရင်ထဲက ဖိအားများမှာလည်း ဖော်ပြ၍ မရနိုင်လောက်အောင်ပင်။ အခု ရှောင်ချီ နိုးလာပြီဆိုတော့ သူတို့အတွက် အားကိုးရာ တိုင်တစ်လုံး ရရှိလိုက်သကဲ့သို့ပင်။
"အင်း" ရှောင်ချီက အမျိုးသမီးနှစ်ဦးကို ခေါင်းညိတ်ပြလိုက်ပြီးနောက် ထရပ်ကာ ဂူဝသို့ လျှောက်သွားသည်။
ကောင်းကင်မှာ မှောင်စပြုနေပြီ ဖြစ်သည်။ လရောင်မှာ ဂူဝသို့ ဖြာကျနေပြီး အပြင်ဘက်ရှိ လှပသော ရှုခင်းများကို ထင်ဟပ်စေကာ တစ်မျိုးတစ်ဖုံ ခံစားမှုရှိနေစေသည်။
သို့သော် ဤနေရာရှိ လူများမှာတော့ ရှုခင်းအလှကို ခံစားနိုင်သည့် စိတ်အခြေအနေတွင် ရှိမနေကြပေ။
ရှောင်ချီသည် တောထဲသို့ တစ်ပတ်လှည့်ကာ နှစ်မီတာနီးပါး မြင့်သော တောဆိတ်တစ်ကောင်ကို အမဲလိုက်ပြီး ဂူအတွင်းသို့ ထမ်းလာခဲ့သည်။
ဤတောဆိတ်မှာ အပင်စားသတ္တဝါ ဖြစ်သော်လည်း ၎င်း၏ ကြီးမားလှသော အရွယ်အစားကြောင့် ဤကျွန်းပေါ်တွင် အားအကောင်းဆုံး သတ္တဝါများထဲမှ တစ်ခု ဖြစ်သည်။
ရိုးရိုးရှင်းရှင်း ပြင်ဆင်ပြီးနောက် ရှောင်ချီနှင့် အမျိုးသမီးနှစ်ဦးမှာ ဝဝလင်လင် စားသောက်လိုက်ကြသည်။
"နောက်လာမယ့် ရက်တွေမှာ ငါ ဆက်ပြီး ကျင့်စဉ်ကျင့်ဦးမယ် မင်းတို့က ဒီဆိတ်သားတွေကို အသားခြောက် လုပ်ထားလိုက်ကြ။ ဒါဆိုရင် ရက်အတော်ကြာ အစားအသောက် အဆင်ပြေလိမ့်မယ်"
"ရှင် အစ်ကိုရှောင်ချီက ကျင့်စဉ် ပြန်ကျင့်ဦးမလို့လား" အမျိုးသမီးနှစ်ဦးမှာ ဆိတ်သားစားနေရင်းမှ ရပ်သွားကာ ရှောင်ချီကို စိုးရိမ်တကြီး ကြည့်လိုက်ကြသည်။
သူတို့ အခုလို ဝဝလင်လင် မစားရသည်မှာ ကြာလှပြီ။ အကယ်၍ ရှောင်ချီသာ ကျင့်စဉ်ကျင့်နေလျှင် သူတို့ ငတ်မသေဖို့ ဘယ်သူမှ အာမမခံနိုင်ပေ။
"ငါ ပြန်ရမယ့် လမ်းကို ရှာတွေ့ထားပြီ ဒါပေမယ့် ဒါကိုအတည်ပြုဖို့ အချိန်လိုသေးတယ်။ ဒီမှာပဲ သေချာနေနေကြပါ အချိန်တန်ရင် ငါ မင်းတို့ကို ခေါ်ပြီးပြန်သွားမယ်" ရှောင်ချီက ခေါင်းညိတ်ကာ တည်ကြည်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
သူ ဤကျွန်းသို့ ရောက်ရှိနေသည်မှာ နှစ်လနီးပါးရှိနေပြီ ဖြစ်ရာ ရှောင်ချီမှာ အမြန်ပြန်လိုလှပြီ ဖြစ်သည်။ သူ၏ ဂိုဏ်းတူညီမလေးဟိုမှာ ဘယ်လိုနေမလဲဆိုတာ သူ မသိရသေးပေ။
"တကယ်လား" သူတို့ ပြန်နိုင်တော့မည်ဟု ကြားလိုက်ရသဖြင့် အမျိုးသမီးနှစ်ဦးမှာ မျက်လုံးများ ပြူးသွားကာ မယုံနိုင်သလို မေးလိုက်ကြသည်။
ရှောင်ချီက ခေါင်းညိတ်ပြပြီးနောက် ဂူအတွင်းမှ ထွက်သွားသည်။ သူသည် အနီးအနားတွင် တခြားဂူတစ်ခုကို ထွင်းထုကာ ကျင့်စဉ်ပြန်ကျင့်နေပြန်သည်။
သို့သော် သူ မျက်လုံးမှိတ်လိုက်တိုင်း ကျန်းချင်းရှန်း၏မှတ်ဉာဏ်များကို မြင်ယောင်နေမိသည်။
သူကိုယ်တိုင် ကြုံတွေ့ခဲ့ရသကဲ့သို့ပင် အဖြစ်အပျက်များမှာ သူ၏ မျက်စိရှေ့တွင် ရုပ်ရှင်ပြနေသကဲ့သို့ ပေါ်လာတော့သည်။
မြင်းမလိုဘဲ မောင်းနှင်နိုင်သော ကားများ၊ ဝိညာဉ်ကျောက်တုံးများမလိုဘဲ ကောင်းကင်မှာ ပျံသန်းနိုင်သည့် ကြီးမားသော အရာဝတ္ထုများ ရှောင်ချီကဲ့သို့ ကျင့်ကြံသူတစ်ဦးပင်လျှင် ထိုအရာများကို အတော်လေး အံ့သြတောင့်တမိသည်။
သို့သော် ရှောင်ချီသည် မိမိကိုယ်ကို ထိန်းချုပ်ကာ စိတ်မလေစေဘဲ ဤကျွန်း၏ အစီရင်ကို နားလည်သဘောပေါက်စေရန်သာ အာရုံစိုက်နေခဲ့သည်။
ရက်များစွာ ကုန်ဆုံးသွားပြီးနောက် ရှောင်ချီသည် နက်ရှိုင်းသော ကျင့်ကြံခြင်း အဆင့်သို့ တစ်ဖန် ပြန်လည် ရောက်ရှိသွားပြန်သည်။
ဤရက်များအတွင်း ချန်မုန့်မုန့်နှင့် ချန်နန်းနန်း ညီအစ်မနှစ်ဦး၏ ဘဝမှာ အတော်လေး တိုးတက်လာခဲ့သည်။
ရှောင်ချီ သင်ပေးခဲ့သော အစားအစာ သိမ်းဆည်းနည်းမှာ တကယ်ပင် အသုံးဝင်လှသည်။ ထိုဆိတ်တစ်ကောင်တည်းဖြင့် ဆယ်ရက်နီးပါး အဆင်ပြေခဲ့ကြသည်။ ဒီနေ့အထိတောင် အသားခြောက် အနည်းငယ် ကျန်နေသေးသည်။
ဝုန်း... ညီအစ်မနှစ်ဦး တောင်ခြေတွင် လမ်းလျှောက်နေရင်း ယုန်တစ်ကောင်ကို ဖမ်းမိကာ လတ်လတ်ဆတ်ဆတ် စားရန် ပြင်ဆင်နေစဉ်မှာပင် တောင်ပေါ်မှ ကြောက်မက်ဖွယ်ကောင်းလှသော စွမ်းအင်ဒီရေလှိုင်းတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာတော့သည်။
"ဒုက္ခပဲ အစ်ကိုရှောင်ချီ တစ်ခုခု ဖြစ်လို့လား မသိဘူး" ညီအစ်မနှစ်ဦး၏ မျက်လုံးထဲတွင် စိုးရိမ်ထိတ်လန့်မှုများ အထင်းသား ပေါ်လာတော့သည်။
သူတို့သည် ဂူရှိရာသို့ အပြေးပြန်လာကြသည်။ ဖမ်းထားသော ယုန်ကိုပင် ဂူဝမှာ ပစ်ထားခဲ့ပြီး ရှောင်ချီ ကျင့်စဉ်ကျင့်နေသည့် ဂူဆီသို့ ချက်ချင်း ပြေးသွားကြတော့သည်။
အခုနက ပေါက်ကွဲမှုကြောင့် လမ်းများမှာ ပျက်စီးနေသဖြင့် အမျိုးသမီးနှစ်ဦးမှာ ဂူဝသို့ ရောက်ရန် အတော်လေး အားစိုက်ခဲ့ရသည်။
သို့သော် ဂူဝမှာ ကျောက်တုံးကြီးများဖြင့် ပိတ်မိနေချေပြီ။