အခန်း (၈၅) သူတို့တွေ သခင်ကို ပြန်လုပ်ကြံမှာ မစိုးရိမ်ဘူးလား
သူတို့သုံးဦးစလုံးမှာ နက်ရှိုင်းသော စွမ်းအားများကို ပိုင်ဆိုင်ထားကြသူများ ဖြစ်သည်။ လောလောဆယ်တွင် သူတို့၏ ဝိညာဉ်အာရုံ သာ ပြင်းထန်စွာ ဖိနှိပ်ခံထားရခြင်း ဖြစ်ပြီး မစွမ်းအားများမှာမူ ပြောင်းလဲခြင်း မရှိသေးပေ။
သို့သော် ဤကျွန်း၏ နိယာမများက ကျင့်ကြံသူတစ်ဦး၏ ဝိညာဥ်စွမ်းအားကိုပါ လျော့ပါးစေမည်ဆိုလျှင် သူတို့၏ ကျင့်စဉ်များမှာလည်း နောက်ဆုံးတွင် ပျောက်ကွယ်သွားပေလိမ့်မည်။
ဤကဲ့သို့ တွေးမိလိုက်သောအခါ သူတို့ သုံးဦး၏ စိတ်အခြေအနေမှာ ပို၍ပင် လေးလံသွားတော့သည်။
ညစာစားပြီးနောက် လူတိုင်း အိပ်စက်ခဲ့ကြသော်လည်း ဤကျွန်းပေါ်တွင် ကုန်ဆုံးရသည့် ပထမဆုံးည ဖြစ်သဖြင့် မည်သူမျှ နှစ်နှစ်ခြိုက်ခြိုက် မအိပ်နိုင်ကြပေ။
အထူးသဖြင့် အမျိုးသမီးများမှာ တောအုပ်ထဲမှ လူသားစား သတ္တဝါဆိုးကြီးများ ထွက်လာမည်ကို စိုးရိမ်သဖြင့် အလွန်အမင်း သတိထားနေကြသည်။
နောက်တစ်နေ့ နံနက်စောစောတွင် ချန်ရှင်းဟေသည် သူ၏သူငယ်ချင်းနှစ်ဦးနှင့် တိုင်ပင်ကာ ကျွန်းပေါ်မှ ဓားစီး၍ အမြန်ဆုံး ပျံသန်းထွက်ခွာရန် ပြင်ဆင်ကြသည်။
သူတို့၏ ကျင့်စဉ်များ မပျောက်ဆုံးသေးခင်မှာပင် အမြန်ဆုံး ထွက်ခွာလိုကြသည်။ အကယ်၍ ကျင့်စဉ်များ လုံးဝ ပျောက်ကွယ်သွားသည်အထိ စောင့်နေမည်ဆိုလျှင် ထွက်ခွာနိုင်ဖို့မှာ တကယ့် ပြဿနာကြီး ဖြစ်လာပေလိမ့်မည်။
"မိသားစုခေါင်းဆောင် ခင်ဗျားတို့ ထွက်သွားရင် ကျွန်တော်တို့ ဘယ်လိုလုပ်ရမလဲ" ချန်ရှင်းဟေတို့အဖွဲ့ ကောင်းကင်သို့ ပျံတက်ရန် ပြင်နေကြသည်ကို မြင်တော့ အောက်ခြေ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူအချို့က စိုးရိမ်တကြီး မေးလိုက်ကြသည်။
"အားလုံး စိတ်အေးအေးထားကြပါ ငါ လမ်းကြောင်း ရှာတွေ့တာနဲ့ မင်းတို့ကို လာခေါ်ဖို့ အခွင့်အရေးကို ပထမဆုံးအသုံးချမှာပါ" ချန်ရှင်းဟေသည် ကောင်းကင်ထက်တွင် လက်နှစ်ဖက်ကို နောက်ပစ်ကာ လေထဲ၌ လွင့်နေသော သူ၏ ဝတ်စုံများနှင့်အတူ နတ်သားတစ်ပါးကဲ့သို့ ခန့်ညားစွာ ရပ်နေသည်။
သို့သော် အောက်တွင် ကျန်ရစ်ခဲ့သည့် လူများမှာမူ ထိုမြင်ကွင်းကို ခံစားနိုင်စွမ်း မရှိကြပေ။ သူတို့၏ မျက်နှာများမှာ ဝမ်းနည်းပူဆွေးမှုများဖြင့် ပြည့်နှက်နေသည်။
ကျန်ရစ်ခဲ့သူ အများစုမှာ ကျင့်စဉ်များ လုံးဝနီးပါးကုန်ခမ်းသွားသည့် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများသာ ဖြစ်ကြသည်။
လောလောဆယ်တွင် ချီစွမ်းအားစုဆောင်းခြင်းအဆင့်ပထမ သို့မဟုတ် ဒုတိယအဆင့်လောက် အစွမ်းပြနိုင်ရင်ပင် ကံကောင်းလှပြီ ဖြစ်သည်။
ထိုကျင့်ကြံသူလေးများမှာ သွားကြိတ်ထားကြသော်လည်း ဘာမှ ထပ်မပြောဝံ့ကြပေ။ ထိုကဲ့သို့သော ပညာရှင်ကြီးများ၏ မျက်လုံးထဲတွင် သူတို့မှာ ပုရွက်ဆိတ်များကဲ့သို့သာ မဟုတ်ပါလား။
အခုတော့ သူတို့မှာ ချန်ရှင်းဟေကဲ့သို့သော လူကုံထံကြီးများကိုသာ မျှော်လင့်ချက် အပြည့်ထားနိုင်တော့သည်။ ထိုလူများအနေဖြင့် အသိတရား အနည်းငယ်ရှိကာ လမ်းကြောင်းရှာတွေ့လျှင် သူတို့ကို ပြန်လာခေါ်ပါစေဟုသာ ဆုတောင်းနေကြရသည်။
အခြေအနေအချို့ကို စီစဉ်ပြီးနောက် ချန်ရှင်းဟေသည် သူ၏သူငယ်ချင်းများ သမီးနှင့်ကျင့်ကြံသူ တစ်စုတို့နှင့်အတူ ကျွန်းပေါ်မှ ပျံသန်းထွက်ခွာသွားတော့သည်။
ရှောင်ချီလည်း သူတို့နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားသည်။ လောလောဆယ်တွင် သူလည်း ဤကျွန်းမှ ထွက်ခွာရန်မှလွဲ၍ တခြား ဘာအကြံမှ မရှိပေ။
တခြားလူများကဲ့သို့ပင် သူသည်လည်း ဦးတည်ရာမဲ့နေသော ယင်ကောင်တစ်ကောင်ကဲ့သို့ နံရံများကိုသာ လိုက်လံ တိုက်မိနေသကဲ့သို့ခံစားနေရသည်။
ရှောင်ချီ အံ့သြသွားသည်မှာ သူတို့သည် ကျွန်းပေါ်မှ ချောချောမွေ့မွေ့ ပျံသန်းထွက်ခွာနိုင်ခဲ့ခြင်းပင်။
သို့သော် သူတို့ မိုင်အနည်းငယ်မျှသာ ပျံသန်းရသေးခင်မှာပင် ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအားများမှာ ထိတ်လန့်စရာကောင်းလောက်အောင် လျင်မြန်စွာ ကုန်ခမ်းလာတော့သည်။
ဝိညာဉ်စွမ်းအားများ ကုန်ဆုံးနေသည့် အရှိန်ကို ခံစားမိလိုက်သောအခါ လူတိုင်း၏ မျက်နှာများ ပျက်သွားကြပြီး ကျွန်းပေါ်သို့ မတတ်သာဘဲ ပြန်လှည့်လာခဲ့ကြရသည်။
အပြန်လမ်းတွင် ပျောက်ဆုံးနေသော သင်္ဘောကြီးကို တွေ့နိုင်မလားဟု ပတ်ဝန်းကျင်ကို ရှာဖွေသော်လည်း ဘာမှ မတွေ့ခဲ့ရပေ။
"မိသားစုခေါင်းဆောင် ပြန်လာကြပြီလား ထွက်ပေါက် ရှာတွေ့ခဲ့လား" အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးသည် ချန်ရှင်းဟေတို့ ကောင်းကင်မှ ပြန်ဆင်းလာသည်ကို မြင်သောအခါ ဝမ်းသာအားရ ပြေးကြိုပြီး မေးမြန်းလိုက်သည်။
"ဖယ်စမ်း" ချန်ရှင်းဟေသည် အော်ဟစ်လိုက်ပြီး အနားသို့ လာသော ထိုကျင့်ကြံသူကို ခြေထောက်ဖြင့် ကန်ထုတ်လိုက်သည်။ ဤအချိန်တွင် ချန်ရှင်းဟေ၏ စိတ်ထဲ၌ ဒေါသများ တောက်လောင်နေသည်။ အစက ဒါဟာ အခွင့်အရေးကြီးလို့ ထင်ခဲ့သော်လည်း အခုတော့ သူ့ကိုမြှုပ်နှံမည့် သင်္ချိုင်းတွင်းကြီး ဖြစ်နေသည် မဟုတ်ပါလား။
သူ၏ ရင်ထဲမှ ဒေါသများကို မထိန်းချုပ်နိုင်တော့သဖြင့် မြင်မြင်သမျှ လူတိုင်းကို အမြင်ကတ်နေသည်။ ထိုကျင့်ကြံသူလေးမှာ ဒေါသမီးတောက်နေချိန်တွင် သွားပြီး အနားကပ်မိသဖြင့် တကယ်ပင် ကံဆိုးသွားခြင်း ဖြစ်သည်။
"ညီအစ်ကိုချန် သီးသန့် စကားခဏ ပြောရအောင်" ကျန်းခွမ်းသည် ချန်ရှင်းဟေ၏ အနားသို့ သွားကာ တိုးတိုးလေး ပြောပြီးနောက် သူ့ကို ဘေးသို့ ခေါ်သွားသည်။
"ဘာကိစ္စလဲ ညီအစ်ကိုကျန်း ဘာများ အကြံပေးချင်လို့လဲ" ချန်ရှင်းဟေသည် ဒေါသထွက်နေသော်လည်း ကျန်းခွမ်းနှင့် ရင်ဆိုင်ရချိန်တွင်တော့ အခြေခံ ကျိုးကြောင်းဆင်ခြင်မှုကို ထိန်းထားနိုင်သေးသည်။
ငါတို့ ဒီလူတွေ အကုန်လုံးကို သတ်ပစ်ရမယ်။ မဟုတ်ရင် ငါတို့ရဲ့ ကျင့်စဉ်တွေ လုံးဝ ပျောက်ကွယ်သွားတဲ့အခါ သူတို့တွေ သခင်ကို ပြန်လုပ်ကြံလာကြလိမ့်မယ်။
ကျန်းခွမ်းသည် သူ၏ လည်ပင်းကို ဓားဖြင့် လှီးပြသည့် ပုံစံလုပ်ပြကာ မည်းမှောင်သော မျက်နှာဖြင့် ပြောလိုက်သည်။
"သူတို့တွေက ငါ့နောက်ကို ဆယ်စုနှစ်တစ်ခုကျော် လိုက်လာခဲ့တဲ့ လက်အောက်ငယ်သားတွေပဲ ငါ ဘယ်လိုလုပ် အဲ့ဒီလို လုပ်နိုင်မှာလဲ" ချန်ရှင်းဟေသည် နောက်သို့ တစ်ချက် လှည့်ကြည့်လိုက်ပြီး ပြတ်ပြတ်သားသား ခေါင်းခါလိုက်သည်။
"ညီအစ်ကိုချန် ပြတ်သားရမယ့်အချိန်မှာ မပြတ်သားရင် နောက်ကျရင် မင်းပဲ ဒုက္ခရောက်လိမ့်မယ်" ကျန်းခွမ်းက စိုးရိမ်တကြီး ပြောသည်။
"ဒါပေမဲ့ ဒီကျွန်းက ဘယ်လိုပဲကြည့်ကြည့် ထူးဆန်းနေတယ် ငါတို့သာ ဒီလူတွေကို သတ်ပစ်လိုက်လို့ ငါတို့မှာ ကျင့်စဉ်လည်း မရှိတော့တဲ့အချိန်မှာ တောရိုင်းသားရဲတွေ ဒါမှမဟုတ် ထူးဆန်းတဲ့ ဖြစ်ရပ်တွေ ပေါ်လာရင် ဘယ်လိုလုပ်မလဲ" ချန်ရှင်းဟေသည် ပို၍ မြင့်မားသော အမြင်ဖြင့် ကျန်းခွမ်းကို ပြန်မေးလိုက်သည်။
"ဒါကတော့..." ကျန်းခွမ်း ခဏမျှ စကားအသွားသည်။ သူသည် ထိုအချက်ကို ထည့်မစဉ်းစားခဲ့မိပေ။
"ဒါဆိုရင်လည်း သူတို့ကို ထိန်းချုပ်နိုင်မယ့် နည်းလမ်းတစ်ခုခုတော့ ရှိရမယ်။ မဟုတ်ရင် သူတို့တွေ ငါတို့ကို ပြန်လုပ်ကြံလာရင် ငါတို့ဟာ သတ်မယ့် ဆိတ်ကလေးတွေလို ဖြစ်သွားလိမ့်မယ်" ကျန်းခွမ်းက ခေါင်းညိတ်သော်လည်း ထပ်လောင်း သတိပေးလိုက်သည်။
"မလိုပါဘူး ငါ့လူတွေကို ငါ သိတယ် သူတို့ ငါ့ကို ဘယ်တော့မှ သစ္စာမဖောက်ဘူး" ချန်ရှင်းဟေက လက်ယမ်းပြကာ မကျေမနပ် ပြောလိုက်သည်။ ထို့နောက် ကျန်းခွမ်း ဘာပြောပြော ဂရုမစိုက်တော့ဘဲ လူအုပ်ဆီသို့ တည့်တည့် လျှောက်သွားတော့သည်။
အားလုံးပဲ မကြောက်ကြပါနဲ့ ငါတို့က တစ်ခုခုကို အမြင်မှားအောင် လုပ်ထားတဲ့ထဲကို မတော်တဆ ဝင်မိသွားတာ ဖြစ်ရမယ် ဆယ်ရက်လောက်နေရင် သူ့အလိုလို ပြန်ထွက်သွားနိုင်လိမ့်မယ်။
အခုတော့ အားလုံးပဲ ကိုယ့်တာဝန်ကိုယ် ယူကြပါ။ အမဲလိုက်နိုင်တဲ့သူက အမဲလိုက် တဲထိုးနိုင်တဲ့သူက တဲထိုးကြ။ ကျင့်စဉ် လုံးဝ မကျန်တော့တဲ့သူတွေကတော့ တောသီးသွားခူးကြ
အားလုံးမှာ ဝိညာဥ်စွမ်းအားအနည်းငယ် ကျန်နေသေးချိန်မှာ အစားအစာတွေ စုဆောင်းထားရမယ်။ ဘာလို့လဲဆိုတော့ အနာဂတ်မှာ ဘာဖြစ်လာမလဲဆိုတာ ငါတို့မသိလို့ပဲ။
ချန်ရှင်းဟေသည် လူအုပ်ကို လက်ယမ်းပြကာ အမိန့်များကို စနစ်တကျ ပေးလိုက်သည်။
ဤလူတစ်ရာကျော်မှာ စိတ်ပျက်နေကြသော်လည်း သူတို့၏ ခေါင်းဆောင်က အမိန့်ပေးထားသဖြင့် အမြန်ဆုံး လိုက်နာကြရသည်။
သူတို့သည် အဖွဲ့ငယ်လေးများ ခွဲကာ တောနက်ထဲသို့ စူးစမ်းရန် ထွက်သွားကြသည်။ မနေ့က တစ်ခေါက် သွားဖူးသဖြင့် ဒီနေ့အတွက်တော့ သိပ်ပြီး အခက်အခဲ မရှိတော့ပေ။ ကံကောင်းသည်မှာ သူတို့၏ စိတ်ထဲမှ ကြောက်ရွံ့မှုအချို့မှာလည်း ပြေလျော့သွားခဲ့သည်။
အချိန်များမှာ တိတ်တဆိတ် ကုန်ဆုံးသွားသည်။ ရှောင်ချီတို့အဖွဲ့ ဤကျွန်းပေါ်တွင် ရက်သတ္တပတ် နှစ်ပတ်ခန့် နေထိုင်ပြီးနောက် သူတို့၏ ကျင့်စဉ်များမှာ လုံးဝနီးပါး ပျောက်ကွယ်သွားတော့သည်။
ချန်ရှင်းဟေကဲ့သို့သော ဟာလာဟင်းလင်း ပြန်လည်ရောက်ရှိခြင်းအဆင့်က ပညာရှင်ကြီး သုံးဦးပင်လျှင် အခုဆိုလျှင် သာမန်လူများကဲ့သို့ ဖြစ်နေကြပြီး လမ်းလျှောက်ရုံနှင့်ပင် တစ်ခါတစ်ရံ မောဟိုက်နေကြရသည်။
ဤကျွန်း၏ နိယာမများမှာ တကယ်ပင် ကြောက်စရာကောင်းလှသည်။ ၎င်းသည် ဝိညာဉ်အာရုံနှင့် ကျင့်စဉ်များကို ဖိနှိပ်ရုံတင်မကဘဲ ခန္ဓာကိုယ်ကိုပင် ချမ်းသာမပေးခဲ့ပေ။
ကျွန်းပေါ်ရှိ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်နှင့် အမြုတေဖြစ်တည်ခြင်းအဆင့် ကျင့်ကြံသူများမှာ ယခုအခါ သာမန်လူတစ်ယောက်၏ ကြံ့ခိုင်မှုကိုပင် မမီတော့ကြောင်း တွေ့ရှိလိုက်ရသည်။
အရင်က ရှာဖွေထားသော အစားအစာများမှာလည်း အရေးပါလာသည်။ ယခုအခါ ချန်ရှင်းဟေ အပါအဝင် လူတိုင်းမှာ ဆာလောင်မှုကို ပြင်းထန်စွာ ခံစားနေကြရသည်။ အကယ်၍ မစားရဘူးဆိုလျှင် ရက်အနည်းငယ်အတွင်း ဆာလောင်မှုကြောင့် သတိလစ်သွားနိုင်ခြေ ရှိသည်။
...
"အား... ကယ်ကြပါဦး" သို့သော်လည်း ထိုနေ့တွင် ရှောင်ချီသည် ကမ်းခြေအနီးရှိ တဲဧရိယာသို့ သစ်လုံးတစ်လုံး ထမ်းလာစဉ်မှာပင် စူးရှသော အော်ဟစ်သံတစ်ခုကို ရုတ်တရက် ကြားလိုက်ရသည်။
"ဘာဖြစ်တာလဲ" သူ့နှင့်အတူ သစ်လုံးထမ်းလာသော ကျင့်ကြံသူအချို့မှာ အသံကြားသည်နှင့် ထိုဘက်သို့ ချက်ချင်း ပြေးသွားကြတော့သည်။
ရှောင်ချီလည်း သစ်လုံးကို အသာချထားခဲ့ပြီး အသံလာရာဘက်သို့ သတိကြီးစွာဖြင့် ဖြည်းဖြည်းချင်း လျှောက်သွားလိုက်သည်။