အခန်း (၈၄) ကျင့်စဉ်အဆင့်များ တဖြည်းဖြည်း ကုန်ခမ်းလာခြင်း
"ကျွန်တော်တို့ အတူတူပဲ ရှိနေသင့်တယ် ထင်တယ် ဒီကျွန်းက အန္တရာယ်တွေနဲ့ ပြည့်နေတာ။ တစ်ခါ လူစုကွဲသွားပြီဆိုရင် ပြန်ဆုံဖို့ ခက်လိမ့်မယ်" အမြဲတမ်း လူရှိမှန်းမသိအောင် တိတ်ဆိတ်နေတတ်သည့် ကျန်းချင်းရှန်းက ရုတ်တရက် ဝင်ပြောလိုက်သည်။
မျိုးဆက်သစ် တစ်ယောက်အနေဖြင့် ဤအဖွဲ့ထဲတွင် သူ၏တည်ရှိမှုမှာ အင်မတန် အားနည်းခဲ့သည်။
သူ အခုလို စကားပြောလာတော့မှသာ ရှောင်ချီက သူ့ကို အာရုံစိုက်မိသွားသည်။
ဒီလူ့ရဲ့ ကျင့်စဉ်ကလည်း မနိမ့်လှပေ။ ဝိညာဉ်အသွင်ပြောင်းအဆင့်အစောပိုင်း အစွမ်းရှိသည်။ သူနှင့် အသက်ချင်း မတိမ်းမယိမ်းဖြင့် ဤမျှ မြင့်မားသော ကျင့်စဉ်ကို ပိုင်ဆိုင်ထားသည်ဆိုကတည်းက ဤလူငယ်၏ ပါရမီမှာ မဆိုးလှကြောင်းသိသာသည်။
သို့သော် သူသည် အတော်လေး အေးစက်သော စရိုက်ရှိပြီး ခရီးတစ်လျှောက်လုံး စကားတစ်ခွန်းမှပင် သိပ်မပြောခဲ့ပေ။
"ချင်းရှန်းပြောတာ အချက်ကျတယ်။ ငါ့ရဲ့ ဝိညာဉ်အာရုံက တစ်ခုခုရဲ့ ဖိနှိပ်မှုကို ခံနေရသလိုပဲ။ စမ်းသပ်လို့ရတဲ့ အကွာအဝေးက တဖြည်းဖြည်းနဲ့ ပိုပိုတိုလာပြီ" လီဖုန်းက လူတိုင်းကို ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။
"ဒါဆို... ငါတို့ ကမ်းခြေကို ပြန်ပြီး သင်္ဘောကို ရှာမလား ဒါမှမဟုတ် ကျွန်းထဲကိုပဲ ဆက်ပြီး စူးစမ်းမလား" လူတိုင်း၏ သဘောထားများ ကွဲလွဲနေသည်ကို မြင်တော့ ရှောင်ချီက ရုတ်တရက် မေးလိုက်သည်။
ရှောင်ချီ၏ မေးခွန်းကို ကြားသောအခါ လူတိုင်း တိတ်ဆိတ်သွားကြသည် သူတို့ တစ်ယောက်ချင်းစီမှာ ကိုယ်ပိုင် အတွေးကိုယ်စီ ရှိနေကြသည်မှာ သိသာသည်။ သေမှာကြောက်သည့် လူအများစုမှာ ကမ်းခြေသို့ ပြန်ကာ သင်္ဘောကို ရှာချင်ကြသည်။ သင်္ဘောကို ရှာမတွေ့ရင်တောင် ထိုနေရာမှာပဲ အေးအေးဆေးဆေး စောင့်နေချင်ကြသည်။
သို့သော် ချန်ရှင်းဟေကဲ့သို့သော စွန့်စားလိုသူများကမူ ကျွန်း၏ အတွင်းဘက်သို့ အနက်ရှိုင်းဆုံးအထိ သွားကာ နတ်ဘုံအခွင့်အရေးကို ရှာဖွေချင်နေကြသည်။
ချန်ရှင်းဟေသည် ပထမဆုံးအကြိမ် စွန့်စားထွက်လာခြင်း မဟုတ်ကြောင်း ရှောင်ချီ ရိပ်မိသည်။ သူသည် ပင်လယ်ပြင် အခြေအနေများကို အတော်လေး နှံ့စပ်သူ ဖြစ်သည်။ သင်္ဘော ပျောက်ကွယ်သွားချိန်မှာတောင် သူသည် တခြားလူများကဲ့သို့ ထိတ်လန့်တကြား မဖြစ်ခဲ့ပေ။
ချန်ရှင်းဟေ အရင်က ပြောခဲ့ဖူးသည်ကို ရှောင်ချီ ပြန်သတိရလိုက်မိသည်။ ပင်လယ်လျှို့ဝှက်နယ်မြေထဲမှာ ကျွန်းတွေ ပေါ်လာဖို့ဆိုတာ အင်မတန် ကံကောင်းမှ ဖြစ်နိုင်တာပါ။
ဒါပေမဲ့ အချို့ကျွန်းတွေက အခွင့်အရေးတွေ ပေးနိုင်သလို အချို့ကျွန်းတွေကတော့ လူတိုင်းရဲ့အသက်ကို နှုတ်ယူနိုင်လောက်အောင် အင်မတန် အန္တရာယ်ကြီးလှသည်။
ညီအစ်ကိုချန် ငါတို့ ကမ်းခြေကို အရင် ပြန်ကြည့်ကြရင်ကော ဘယ်လိုလဲ ဒီကျွန်းက ဘယ်လိုပဲကြည့်ကြည့် ထူးဆန်းနေတယ်။ ကျွန်းထဲကို မဝင်ခင်မှာ အရင်ဆုံး သင်္ဘောကို ပြန်ရှာပြီး ဆုတ်လမ်းကို အခိုင်အမာ လုပ်ထားတာက ပိုကောင်းလိမ့်မယ်။
တူတော်ချင်းရှန်းနဲ့ ညီငယ် ရှောင်ချီတို့ ပြောတာလည်း အချက်ကျပါတယ်။ ငါတို့ လူစုကွဲလို့ မဖြစ်ဘူး ဒါပေမဲ့ အားလုံးရဲ့သဘောထားကလည်း တူညီမနေပြန်ဘူး။ ငါ့အမြင်အရတော့ ကမ်းခြေတစ်လျှောက်ကို အရင် စူးစမ်းကြည့်ကြမလား။
"အကယ်၍ သင်္ဘောကို တွေ့ရင် အရင်တက်မယ်။ မတွေ့ရင်တော့ မင်းတို့ အားလုံး ငါနဲ့အတူ ကျွန်းထဲကို လိုက်ခဲ့ကြပေါ့။ ဘယ်လိုလဲ"
ဤလူများမှာ သေမှာကြောက်နေကြသည်ကို ချန်ရှင်းဟေ မြင်နိုင်သည်။ သူတစ်ယောက်တည်း ကျွန်းထဲသွားဖို့ ဇွတ်မတိုက်တွန်းတော့ဘဲ သူတို့၏ ဆန္ဒအတိုင်း ကမ်းခြေတစ်လျှောက် အရင် လမ်းလျှောက်ကြည့်ရန် သဘောတူလိုက်သည်။
အားလုံး အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် ချန်ရှင်းဟေ၏ အစီအစဉ်ကို သဘောတူလိုက်ကြသည်။
ဟာလာဟင်းလင်း ပြန်လည်ရောက်ရှိခြင်းအဆင့်ပညာရှင် သုံးဦးနှင့် အစောင့် တစ်ရာကျော်တို့သည် ကမ်းခြေသို့ ပြန်သွားကာ နှစ်နာရီကြာအောင် ရှာဖွေခဲ့ကြသည်။ ကမ်းခြေပေါ်ရှိ အရာအားလုံးမှာ သူတို့ ကမ်းတက်လာစဉ်ကအတိုင်းပင်။ သို့သော် လူတိုင်းကို အံ့အားသင့်စေသည်မှာ သင်္ဘောကြီးမှာ ဘာအစအနမှ မချန်ဘဲ လေထဲသို့ အငွေ့ပျံ ပျောက်ကွယ်သွားခြင်းပင်။
နှစ်နာရီ ကုန်ဆုံးသွားပြီးနောက် ရှောင်ချီသည် သူ၏ ဝိညာဉ်အာရုံမှာ လျင်မြန်စွာ ကျုံ့ဝင်လာသည်ကို တွေ့ရသဖြင့် အံ့အားသင့်သွားသည်။ လောလောဆယ်တွင် သူသည် ကီလိုမီတာ အနည်းငယ်အတွင်းကိုသာ စမ်းသပ်နိုင်တော့သည်။
သူ၏ အခြေအနေမှာ အဖွဲ့ထဲတွင် အကောင်းဆုံးဟုဆိုနိုင်သည်။ ချန်ရှင်းဟေတို့၏ ဝိညာဉ်အာရုံမှာ အဆပေါင်း ရာနှင့်ချီ၍ ဖိနှိပ်ခံထားရပြီး အခုဆိုလျှင် မီတာ ရာဂဏန်းလောက်ကိုသာ စမ်းသပ်နိုင်တော့သည်။
ဒါက လူတိုင်းကို ပို၍ စိုးရိမ်ထိတ်လန့်စေသည်။ ကျင့်ကြံသူတစ်ဦးအတွက် ဝိညာဉ်အာရုံဆိုသည်မှာ မျက်စိကဲ့သို့ အရေးကြီးသည်။ ကျန်းမာသန်စွမ်းသူတစ်ယောက် ကျွန်းတစ်ကျွန်းပေါ်ရောက်မှ အိမ်ပြန်လမ်း ပျောက်သွားသည်ကို မြင်ယောင်ကြည့်ပါ။
ထိုမျှမက သူတို့ အကြောက်ဆုံးအချိန်မှာပင် သူတို့၏ မျက်လုံးများပါ ကွယ်သွားသကဲ့သို့ ဖြစ်နေသည်။ ဒါက ဘယ်လောက်တောင် ကြောက်စရာကောင်းပြီး မျှော်လင့်ချက်မဲ့တဲ့ ကိစ္စလဲ။
"အားလုံး မြင်တဲ့အတိုင်းပဲ ကမ်းခြေမှာ ဘာမှမရှိတော့ဘူး ငါတို့ လာခဲ့တဲ့ သင်္ဘောကလည်း ပျောက်သွားပြီ"
"အခုတော့ ကျွန်းရဲ့အတွင်းဘက်ကို ဆက်ပြီး စူးစမ်းမှပဲ ဒီကျွန်းရဲ့ လျှို့ဝှက်ချက်တွေကို ငါတို့ ဖော်ထုတ်နိုင်မှာ"
ချန်ရှင်းဟေသည် ကျွန်းအနက်ပိုင်းကို စူးစမ်းရန် စိတ်မပျက်သေးဘဲ လူအုပ်ကို ဆက်လက် လှုံ့ဆော်နေသည်။
တကယ်တော့ သူက လူတိုင်းကို လှုံ့ဆော်နေတာထက် လီဖုန်းနဲ့ ကျန်းခွမ်းကိုသာ သူနဲ့အတူ လိုက်စေချင်တာပါ။
သူ့အမြင်မှာတော့ ဒီအဖွဲ့ထဲမှာ ဒီနှစ်ယောက်ပဲ သူ့ကိုကူညီနိုင်မှာလေ။ ရှောင်ချီကိုတောင် သူ သိပ်ပြီး အလေးမထားပါဘူး။ ရှောင်ချီကို သူ တန်ဖိုးထားတာက သူ့ရဲ့ ပါရမီနဲ့ အလားအလာကြောင့်သာ ဖြစ်ပြီး လက်ရှိ တိုက်ခိုက်ရေးစွမ်းရည်ကြောင့် မဟုတ်ပေ။
ဘာလို့လဲဆိုတော့ သူတို့လို အဆင့်ကို ရောက်မှသာ ဝိညာဉ်အသွင်ပြောင်းအဆင့် အထွတ်အထိပ်နဲ့ ဟာလာဟင်းလင်း ပြန်လည်ရောက်ရှိခြင်းအဆင့် အစောပိုင်းကြားက ကွာဟချက်ဟာ ဘယ်လောက်တောင် ကြီးမားလဲဆိုတာ သိနိုင်လို့ပါ။
အဲ့ဒါက ကျော်ဖြတ်ဖို့ မလွယ်ကူတဲ့ ချောက်ကမ္ဘားကြီးလိုပါပဲ။
"ကောင်းပါပြီ အားလုံးပဲ အနားမှာပဲ နေကြပါ လူစုမကွဲစေနဲ့" ထိုနှစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ပြီးနောက် နောက်ဆုံးတွင် ချန်ရှင်းဟေနှင့်အတူ ကျွန်းထဲသို့ စူးစမ်းရန် ဆုံးဖြတ်လိုက်ကြသည်။
ကျွန်းက သိပ်မကြီးပေ။ အမွှေးတိုင်တစ်တိုင် မကုန်ခင် အချိန်အတွင်းမှာပင် သူတို့ ကျွန်း၏ အနက်ရှိုင်းဆုံးနေရာသို့ ရောက်ရှိသွားကြသည်။
ဤကျွန်းမှာ ဘာမှ ထူးထူးခြားခြား မရှိသည့် သာမန်ကျွန်းတစ်ကျွန်းကဲ့သို့ပင်။ စိမ်းလန်းစိုပြေသော တောအုပ်များနှင့် တောထဲမှာ ရံဖန်ရံခါ ပြေးလွှားနေသည့် သားရဲငယ်လေးများက ကျွန်း၏ သာမန်ဖြစ်မှုကို ပြသနေသကဲ့သို့ပင်။
သို့သော် ရှောင်ချီကတော့ ခံစားချက် တစ်မျိုးဖြစ်နေသည်။ ကျွန်းထဲကို ပိုဝင်လေလေ ကောင်းကင်နဲ့ မြေကြီးရဲ့ နိယာမတွေက ပိုပြီး ထူထပ်လာသလို ခံစားရကာ သူ့ကို အသက်ရှူရ ခက်ခဲစေသည်။
ပတ်ဝန်းကျင်ကို ရှာဖွေပြီးနောက် အဖွဲ့သားများမှာ ထူးခြားမှုကို ဘာမှ မတွေ့ရပေ။ သူတို့သည် ထင်းခြောက်အချို့နှင့် မြက်ခြောက်များကို စုဆောင်းကာ လမ်းမှာတွေ့သည့် အစားအစာအချို့ကို ကောက်ယူပြီးနောက် စိတ်ပျက်လက်ပျက်ဖြင့် ကမ်းခြေသို့ ပြန်လာခဲ့ကြသည်။
"ဒီကျွန်းက ရိုးရိုးရှင်းရှင်းတော့ မဟုတ်တာ သေချာတယ် ငါတို့ ရှာမတွေ့သေးတဲ့ လျှို့ဝှက်ချက်တွေ ရှိနေမှာပဲ" ညဘက်တွင် ချန်ရှင်းဟေသည် ကင်ထားသော အသားကို စားရင်း ကျွန်း၏ ထူးဆန်းမှုများကို စဉ်းစားနေသည်။
"မိသားစုခေါင်းဆောင် ပြောသင့်မပြောသင့် မသိတဲ့ ကိစ္စတစ်ခု ရှိလို့ပါ" ချန်ရှင်းဟေနှင့် သူ၏ သူငယ်ချင်းနှစ်ဦး မီးပုံနားတွင် ဆွေးနွေးနေစဉ် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူတစ်ဦးက ချန်ရှင်းဟေ၏ ဘေးသို့ လာကာ တုံ့ဆိုင်းစွာ ပြောလိုက်သည်။
"ပြောစရာရှိတာ တည့်တည့်ပြောစမ်းပါ ဝေ့ဝိုက်မနေနဲ့" ဤအချိန်တွင် ချန်ရှင်းဟေမှာ စိတ်ရှုပ်ထွေးနေသဖြင့် အစောင့်ကိုကြည့်ကာ စိတ်တိုတိုဖြင့် ပြောလိုက်သည်။
ကျွန်တော်တို့ရဲ့ ဝိညာဉ်အာရုံတွေက အခု လုံးဝ ပိတ်ဆို့ခံထားရပါပြီ ပြီးတော့ ကျွန်တော့်ရဲ့ ကျင့်စဉ်အဆင့်တွေကလည်း တစ်စစနဲ့ ကုန်ခမ်းနေတာကို သတိထားမိပါတယ်။ တခြားအဖော်တွေကို မေးကြည့်တော့ ကျင့်စဉ်နိမ့်တဲ့သူတွေကလည်း ကျွန်တော့်လိုပဲ ဖြစ်နေကြပါတယ်။
ကျွန်တော်တို့ရဲ့ ကျင့်စဉ် ထက်ဝက်လောက် ဆုံးရှုံးသွားပါပြီ ဒီအတိုင်းဆိုရင် မနက်ဖြန် မနက်လင်းတဲ့အခါ ကျွန်တော်တို့တွေ သာမန်လူတွေနဲ့ ဘာမှ ခြားနားတော့မှာ မဟုတ်ဘူး။
ထိုကျင့်ကြံသူမှာ တုန်ရီနေသော အသံဖြင့် ထိတ်လန့်တကြား ပြောလိုက်သည်။
အကယ်၍ ဝိညာဉ်အာရုံက ကျင့်ကြံသူရဲ့ မျက်စိဆိုရင် ကျင့်စဉ်ဆိုတာ ကျင့်ကြံသူရဲ့ လက်နဲ့ ခြေထောက်ပဲ မျက်စိမမြင်ရင်တောင် အနည်းဆုံး လမ်းလျှောက်လို့ အလုပ်လုပ်လို့ ရသေးတယ်။ ဒါပေမဲ့ လက်ခြေမရှိရင်တော့ ဘာမှ မလုပ်နိုင်တဲ့ ဒုက္ခိတတစ်ယောက်လို ဖြစ်သွားမှာပေါ့။
ထိုကျင့်ကြံသူ၏ စကားကို ကြားသောအခါ ချန်ရှင်းဟေသည် သူ၏ သူငယ်ချင်းနှစ်ဦးဘက်သို့ ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်သည်။ သူတို့ သုံးဦး အကြည့်ချင်း ဆုံလိုက်သည့် ခဏမှာပင် တစ်ဦးနှင့်တစ်ဦး၏ မျက်လုံးထဲ၌ ထိတ်လန့်နေသော အရိပ်အယောင်များကို မြင်လိုက်ကြရသည်။