အခန်း (၈၃) ထူးဆန်းသောဖြစ်ရပ်
ဒီဆော့ကစားရတာ ဝါသနာပါတဲ့ ကောင်မလေးကတော့ ငါ့ရဲ့ဒုတိယသမီး ချန်မုန့်မုန့်ပါ။ သူက ထက်မြက်ပြီး လိမ္မာပေမဲ့ ကလေးပေါချင်တာလေး တစ်ခုပဲရှိတယ်။
နည်းနည်း ပိုကြီးတဲ့ မိန်းကလေးကတော့ ငါ့ရဲ့ သမီးကြီး ချန်နန်းနန်းပါ။ သူကတော့ အခု လက်ထပ်တော့မှာဆိုတော့ အရင်ကထက် အများကြီး ပိုပြီး တည်ငြိမ်လာပါပြီ။
ဟိုလူငယ်လေးကတော့ ကျန်းချင်းရှန်းလို့ ခေါ်တယ်။ သူက မိတ်ဆွေ ကျန်းခွမ်းရဲ့မြေးဖြစ်သလို ငါ့သမီးကြီးရဲ့အနာဂတ် ခင်ပွန်းလောင်းလည်း ဖြစ်ပါတယ်။
ဪ ငါ့ကိုယ်ငါ မိတ်ဆက်ဖို့ မေ့နေတာပဲ။ ငါ့နာမည်က ချန်ရှင်းဟေပါ။ ဒီသင်္ဘောရဲ့ ပိုင်ရှင်ဖြစ်သလို ချန်မိသားစုရဲ့ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။
ဝတ်စုံနက်ဝတ် အမျိုးသားသည် အခန်းထဲဝင်လာသည့် လူငါးယောက်ကို ရှောင်ချီအား တစ်ယောက်ချင်း မိတ်ဆက်ပေးပြီးနောက် သူ၏ အမည်ကိုပါ ပြုံးလျက် ပြောပြလိုက်သည်။
နေပါဦး နင်က ဘယ်လိုများ ကျင့်ကြံထားတာလဲ ကြည့်ရတာ အသက် ၂၀ ကျော်လေးပဲ ရှိဦးမယ် ဒါပေမဲ့ ဝိညာဉ်အသွင်ပြောင်းအဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်နေပြီလား။ နင်က ငယ်ငယ်ကတည်းက ဆေးလုံးတွေကိုပဲ ထမင်းလို စားလာတာလား။
ချန်မုန့်မုန့်ဟု ခေါ်သော မိန်းကလေးမှာ သူမ၏ ချစ်စရာကောင်းသော မျက်လုံးအစုံဖြင့် ရှောင်ချီကို စူးစမ်းလိုစိတ်အပြည့်ဖြင့် ကြည့်ကာ မေးလိုက်သည်။
"လူတွေကတော့ ငါ့ကိုပါရမီ ထူးခြားတယ်လို့ ပြောကြတာပဲ ဒါကြောင့် ကျင့်စဉ်တက်တာ နည်းနည်း မြန်သွားတာပါ ကြွားစရာတော့ မဟုတ်ပါဘူး" ရှောင်ချီသည် ဤမိန်းကလေး၏ ရင်းနှီးလွန်းသော ပုံစံကြောင့် အနည်းငယ် စကားအအဖြစ်ကာ ပုခုံးတွန့်လျက်သာ အေးအေးဆေးဆေး ပြန်ဖြေလိုက်သည်။
"ဟေ့... မုန့်မုန့် ရိုင်းရိုင်းစိုင်းစိုင်း မလုပ်နဲ့" ချန်ရှင်းဟေက သမီးဖြစ်သူကို တစ်ချက်ကြည့်ကာ အပြစ်တင်သော လေသံဖြင့် တားလိုက်သည်။
ချန်မုန့်မုန့်သည် မျက်နှာလေး ရှုံ့ပြလိုက်ပြီးနောက် ဖခင်ဖြစ်သူ၏ နောက်တွင် ငြိမ်ငြိမ်လေး သွားရပ်နေကာ စကားဆက်မပြောတော့ပေ။
"သခင်... ရှေ့မှာ ကျွန်းတစ်ကျွန်း တွေ့ပါတယ်" အားလုံး အခန်းထဲတွင် ပျော်ပျော်ပါးပါး စကားပြောနေစဉ်မှာပင် တံခါးအပြင်ဘက်မှ အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။
"ဟေ ကျွန်းကို ဒီလောက်မြန်မြန် တွေ့တာလား ညီငယ်လေး မင်းက ငါ့အတွက်တော့ တကယ့် ကံကောင်းခြင်းကြယ်ပွင့်ပဲ"
ချန်ရှင်းဟေသည် ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွားသည်။ သူသည် ဤပင်လယ်ပြင်တွင် မျောပါနေသည်မှာ တစ်လနီးပါး ရှိပြီဖြစ်ပြီး ယခုမှသာ ကျွန်းတစ်ကျွန်းကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သည်။ အခုတော့ သူသည် အတော်လေးကို စိတ်အားထက်သန်နေပြီ ဖြစ်သည်။
ရလဒ်က ဘာပဲဖြစ်ဖြစ်နတ်ဘုံနတ်နန်းဆိုတာ ဘယ်လိုမျိုးလဲဆိုတာ သူမြင်ဖူးချင်နေပြီ မဟုတ်ပါလား။
ချန်ရှင်းဟေ၏ ဦးဆောင်မှုဖြင့် ရှောင်ချီသည် လူအုပ်နှင့်အတူ သင်္ဘောခန်းထဲမှ ထွက်လာကာ အပေါ်ထပ် ကုန်းပတ်သို့ ရောက်ရှိလာသည်။
ဤအချိန်တွင် သင်္ဘောသား ၂၀ ခန့်မှာ ကုန်းပတ်ပေါ်တွင် အလုပ်ရှုပ်နေကြသည်။ သင်္ဘောတာဝန်ခံ၏ ညွှန်ကြားမှုအောက်တွင် သူတို့သည် သင်္ဘောကြီးကို စနစ်တကျ မောင်းနှင်နေကြသည်။
ရှောင်ချီသည် နိုးလာကတည်းက ဝိညာဉ်အာရုံဖြင့် ပတ်ဝန်းကျင်ကို စစ်ဆေးခဲ့သော်လည်း လှိုင်းတံပိုးများ ထနေသော အဆုံးမဲ့ ပင်လယ်ပြင်ကြီးကို ကိုယ်တိုင် မြင်လိုက်ရသောအခါ ခဏမျှ ငိုင်သွားမိသည်။ ဤမျှ ခမ်းနားသော မြင်ကွင်းမျိုးကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။
သူ၏ လက်ရှိခံစားချက်ကို ဖော်ပြရန် ခက်ခဲလှသည်။ တစ်ခါမှ မမြင်ဖူးသော ဤခမ်းနားသည့် မြင်ကွင်းကို ကြည့်ရင်း နှစ်ပေါင်း ရာနှင့်ချီ၍ မလှုပ်မယှက် ရှိနေခဲ့သော ရှောင်ချီ၏ စိတ်အခြေအနေမှာ အနည်းငယ် ပြေလျော့သွားရသည်။
ဒါက မိတ်ဆွေ ရှောင်ချီ ပင်လယ်ထဲကို ပထမဆုံးအကြိမ် ရောက်ဖူးတာလား မင်း ဒီလိုဖြစ်သွားတာ မဆန်းပါဘူး။ ငါတောင် ပထမဆုံး ရောက်တုန်းက မင်းထက်တောင် ပိုအံ့သြခဲ့တာ။
ရှောင်ချီ ငိုင်နေသည်ကို မြင်သောအခါ ချန်ရှင်းဟေက နားလည်ပေးသလို ပြုံးပြသည်။
ရှောင်ချီသည် အကြည့်ကို လွှဲလိုက်သောအခါ ကျွန်းဟု ဆိုသော နေရာကို တွေ့လိုက်ရသည်။
ထိုကျွန်းမှာ တကယ့် ကုန်းမြေတိုက်ကြီးတစ်ခုနှင့် မနှိုင်းယှဉ်နိုင်သော်လည်း အတော်အတန် ကျယ်ဝန်းလှသည်။ ရှောင်ချီက ဝိညာဉ်အာရုံဖြင့် အသာအယာ စမ်းသပ်ကြည့်ရာ အလျားမှာ မိုင်ပေါင်း ဆယ်ဂဏန်းခန့် ရှိကြောင်း သိလိုက်ရသည်။
ရှောင်ချီသည် ချန်ရှင်းဟေကို အံ့သြသလို ကြည့်လိုက်သည်။ ဤကဲ့သို့သော ကျွန်းက နတ်ဘုံနတ်နန်းနဲ့ ဘယ်လိုများ ပတ်သက်နိုင်မှာလဲ။
ချန်ရှင်းဟေသည် ရှောင်ချီ၏ အတွေးကို ရိပ်မိပုံရသည်။ သူက ဝေးလံသော ကျွန်းကို လက်ညှိုးထိုးပြကာ ရှောင်ချီအား ဖြည်းဖြည်းချင်း ပြောပြသည် ညီငယ်ရှောင်ချီ ဒီကျွန်းကို အထင်မသေးနဲ့။ ပင်လယ်လျှို့ဝှက်နယ်မြေ ထဲမှာ ပေါ်လာတဲ့ ဘယ်ကျွန်းမဆို ထူးခြားတဲ့ အဓိပ္ပာယ် ရှိတယ်။
အဲ့ဒီမှာ အင်မတန် အန္တရာယ်ကြီးရင်ကြီး မဟုတ်ရင်တော့ အခွင့်အရေးကြီးကြီးမားမား ရှိနေတတ်တယ်။ ဒါဟာ လူ့လောကနဲ့ နတ်လောကကို ဆက်သွယ်ထားတဲ့ လမ်းကြောင်းလည်း ဖြစ်နိုင်တာပဲ။
ရှောင်ချီမှာ ထိုလူကို ကြည့်ပြီး စကားပင် မထွက်တော့ပေ။ အန္တရာယ်ကြီးတယ်လို့လည်း ပြောသေးတယ် ဒါပေမဲ့ သူက အရမ်း စိတ်လှုပ်ရှားနေတာပဲ ဒီလူ တစ်ခုခု မှားနေတာလား။
ဟားဟားဟား... ညီငယ်ရှောင်ချီ ငါ့ကို အဲ့ဒီလို အကြည့်နဲ့ မကြည့်ပါနဲ့။ ငါတို့ ကျင့်ကြံသူတွေဆိုတာ အခွင့်အရေးအတွက် ကြိုးစားကြရတာလေ။
အထူးသဖြင့် ငါ့လိုကျင့်ကြံသူမျိုးပေါ့ သေခြင်းတရားကိုတောင် လျစ်လျူရှုနိုင်တဲ့အဆင့် ရောက်နေပြီ။ ဒါတွေ အကုန်လုံးက ဒီကမ္ဘာကြီးရဲ့အမှန်တရားကို ရှာဖွေဖို့အတွက်ပဲ မဟုတ်လားယ
ရှောင်ချီ ခေါင်းညိတ်လိုက်သည်။ သူတစ်ပါးရဲ့ အသက်ရှင်ခြင်း သေခြင်းကိစ္စကို ဝင်စွက်ဖက်ဖို့ သူမှာအခွင့်အရေး မရှိပါဘူး။
"ညီငယ်... ငါတို့နဲ့အတူ ကျွန်းပေါ်မှာ လမ်းလျှောက်ဖို့ စိတ်ဝင်စားလား" ကျွန်းငယ်လေးကို ကြည့်ရင်း ချန်ရှင်းဟေက ရှောင်ချီကို အလေးအနက် ဖိတ်ခေါ်လိုက်သည်။
"ဒါကတော့" ရှောင်ချီ တုံ့ဆိုင်းသွားသည် သူသည် အခုအချိန်မှာ ဘာနတ်ဘုံအခွင့်အရေးကိုမှ မလိုချင်ပေ။ သူ အလိုချင်ဆုံးက ယွင်ကျူ ကုန်းမြေကို အမြန်ဆုံးပြန်ပြီး ညီမလေးကို ရှာဖို့ပဲဖြစ်သည်။
ဒါပေမဲ့ ဒီလူတွေ ပြောတာအရဆိုရင် သူ တစ်ယောက်တည်း ပြန်ဖို့လမ်းမရှိဘူး ဒီသင်္ဘောကြီးနဲ့ပဲ ပြန်လို့ရမယ်။ ပြီးတော့ အခု သင်္ဘောက လမ်းကြောင်း ပြောင်းသွားပြီဆိုတော့ သူ ပြန်နိုင်ဖို့ဆိုတာ ဒီလူတွေနဲ့ အတူရှိနေမှသာ ဖြစ်နိုင်မှာဖြစ်သည်။
"ကောင်းပါပြီ ကျွန်တော်လည်း လိုက်ကြည့်ပါ့မယ်" အကြာကြီး တုံ့ဆိုင်းနေပြီးနောက် ရှောင်ချီ နောက်ဆုံးတွင် ခေါင်းညိတ်လိုက်သည်။
ရှောင်ချီ သဘောတူသည်ကို မြင်တော့ ချန်ရှင်းဟေက ကျေနပ်စွာ ခေါင်းညိတ်ပြသည်။ မကြာမီမှာပင် သင်္ဘောကြီးသည် ထိုအမည်မသိကျွန်း၏ ကမ်းခြေသို့ ချဉ်းကပ်လာခဲ့သည်။
ချန်ရှင်းဟေသည် သင်္ဘောသားအများစုကို သင်္ဘောစောင့်ရန် ချန်ထားခဲ့သည်။ တစ်ချိန်တည်းမှာပင် သင်္ဘောကို ကာကွယ်ရန် အမြုတေဖြစ်တည်ခြင်းအဆင့်ကျင့်ကြံသူ အနည်းငယ်ကိုလည်း ထားခဲ့သည်။ ထို့နောက် သူသည် လူအုပ်ကို ဦးဆောင်ကာ ဤလျှို့ဝှက်ဆန်းကျယ်သော မြေပြင်ပေါ်သို့ ခြေချလိုက်တော့သည်။
ရှပ်... ရှပ်... ကမ်းခြေပေါ်တွင် ခြေသံများ ထွက်ပေါ်လာပြီး လူတစ်ရာနီးပါးခန့်မှာ ကျွန်း၏ အတွင်းဘက်သို့ သတိထားကာ စူးစမ်းရှာဖွေနေကြသည်။
ရှောင်ချီ၏ ဝိညာဉ်အာရုံမှာ ကျွန်း၏ ထောင့်တိုင်းသို့ ပိုက်စိပ်တိုက် ဖြန့်ကျက်ထားသည်။ သူ ရှာဖွေကြည့်သမျှမှာတော့ ဒါဟာ ဘာမှ ထူးထူးခြားခြား မရှိတဲ့ သာမန်ကျွန်းတစ်ကျွန်းသာ ဖြစ်သည်။
ရှောင်ချီက သတိလက်လွတ် ဖြစ်သွားစဉ်မှာပင် သူသည် မတော်တဆ နောက်သို့ လှည့်ကြည့်လိုက်ရာ ချက်ချင်းပင် ချွေးစေးများ ထွက်လာတော့သည်။
အခုအချိန်မှာ သူတို့ လမ်းလျှောက်လာတာ မီတာ ရာဂဏန်းလောက်ပဲ ရှိသေးတယ်! ဒါပေမဲ့ သူတို့နောက်က သင်္ဘောကြီးက ပျောက်ကွယ်သွားပြီ။
ကမ်းခြေမှာ ဘာမှမရှိဘဲ ဟာလာဟင်းလင်း ဖြစ်နေသည်။ အစကတည်းက ဘာမှ မရှိခဲ့သလိုမျိုးပင်။
"စီနီယာ ငါတို့ ရှေ့ဆက်သွားလို့ မဖြစ်တော့ဘူး။ ဒီကျွန်းက တစ်ခုခုတော့ မှားနေပြီ" ရှောင်ချီသည် လူအုပ်ကို အမြန်လှမ်းခေါ်လိုက်ပြီး လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
ထိုအချိန်တွင် ချန်ရှင်းဟေနှင့် တခြားလူများလည်း ထူးဆန်းမှုကို သတိပြုမိသွားကြသည်။ သူတို့ နောက်သို့ လှည့်ကြည့်လိုက်ပြီး ဟာလာဟင်းလင်းဖြစ်နေသော ကမ်းခြေကို မြင်လိုက်ရသောအခါ အားလုံး ချက်ချင်းပင် ထိတ်လန့်သွားကြတော့သည်။
"ဒါ... ဒါ ဘယ်လိုဖြစ်တာလဲ သင်္ဘောသားတွေ ပုန်ကန်ကြတာလား ငါတို့ကို ဒီကျွန်းပေါ်မှာ ထားခဲ့ပြီး သူတို့ဘာသာ သူတို့ မောင်းထွက်သွားကြတာလား" ကျန်းခွမ်းနှင့် လီဖုန်းတို့မှာ မျက်မှောင်ကြုတ်လျက် စိတ်ထဲတွင် အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသည်။
"မဟုတ်ဘူး ဒါလုံးဝ မဖြစ်နိုင်ဘူး။ သူတို့က ငါ့ရဲ့သစ္စာအရှိဆုံး လက်အောက်ငယ်သားတွေပဲ ငါ့ကို ဘယ်တော့မှ သစ္စာမဖောက်ဘူး"
"ပြီးတော့ သူတို့ ထွက်သွားချင်တယ်ဆိုရင်တောင် ဒီလောက် တိုတောင်းတဲ့ အချိန်အတွင်းမှာ ဘာအစအနမှ မကျန်အောင် ပျောက်သွားဖို့ဆိုတာ မဖြစ်နိုင်ဘူး" ချန်ရှင်းဟေက ခေါင်းခါပြသည်။ သူသည် တခြားလူများထက်စာလျှင် ပို၍ တည်ငြိမ်နေပုံရသည်။ သူသည် လောကဓံကို အတော်လေး ရင်ဆိုင်ဖူးပုံရသည်။
"ကမ်းခြေကို ပြန်သွားပြီး အရင်စစ်ဆေးကြည့်ရင်ကော ဒါက တစ်ခုခုကို အမြင်မှားအောင် လုပ်ထားတဲ့ဖြစ်နိုင်မလား" ကျန်းခွမ်းမှာ ဤအချိန်တွင် အတော်လေး ထိတ်လန့်နေပြီ ဖြစ်သည်။
သူသည် ဟာလာဟင်းလင်း ပြန်လည်ရောက်ရှိခြင်းအဆင့်က ပညာရှင်တစ်ဦး ဖြစ်သော်လည်း ဤကဲ့သို့သော အတွေ့အကြုံမျိုးကို ခဲခဲယဉ်ယဉ်သာ ကြုံဖူးခြင်းဖြစ်သည်။
"ငါတို့ အုပ်စုနှစ်စု ခွဲလိုက်ရင်ကော ဘယ်လိုလဲ အုပ်စုတစ်စုက ကမ်းခြေမှာ နေခဲ့ပြီး အကူအညီကို အချိန်မရွေး စောင့်နေမယ် နောက်အုပ်စုတစ်စုကတော့ ငါနဲ့အတူ ကျွန်းရဲ့ အတွင်းဘက်ကို ဆက်ပြီး စူးစမ်းမယ်"
ချန်ရှင်းဟေသည် ထိတ်လန့်နေသော လူအုပ်ကို တစ်ချက်ကြည့်ကာ ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။