အခန်း (၈၁) ကမ္ဘာသစ်တစ်ခု
ကျွန်တော်တို့ အခုဘယ်နားရောက်နေတာလဲ ခင်ဗျားတို့ ကျွန်တော့်ကို ကယ်တုန်းက ပန်းရောင်ဝတ်စုံနဲ့ မိန်းကလေးတစ်ယောက်ကို တွေ့ခဲ့သေးလား။
ရှောင်ချီသည် အစေခံမလေး၏ ပုခုံးကို ဆုပ်ကိုင်ကာ အသည်းအသန် မေးမြန်းလိုက်သည်။
"ကျွန်မ... ကျွန်မ မသိပါဘူး" အစေခံမလေးမှာ ရှောင်ချီ၏ ပုံစံကြောင့် ကြောက်လန့်တကြား ဖြစ်သွားပြီး သူ့ကို ကြောင်ကြည့်နေမိသည်။
ရှောင်ချီသည် မိမိ၏လုပ်ရပ်မှာ အနည်းငယ် ကြမ်းတမ်းသွားသည်ကို သတိပြုမိလိုက်သည်။ သူသည် စိတ်ကို အမြန်တည်ငြိမ်အောင် ထိန်းလိုက်ပြီး အဝတ်အစားများကို သပ်သပ်ရပ်ရပ် ပြင်ဆင်ကာ အစေခံမလေးကို လက်အုပ်ချီ နှုတ်ဆက်ရင်း "မိန်းကလေးကျေးဇူးပြုပြီး ကျွန်တော့်ကို ဒီသင်္ဘောရဲ့ တာဝန်ရှိသူဆီ ခေါ်သွားပေးပါ" ဟု ပြောလိုက်သည်။
"ဪ... ဟုတ် ဟုတ်ကဲ့ သခင်လေး... ကျွန်မနောက်ကို လိုက်ခဲ့ပါ" အစေခံမလေးမှာ ခဏမျှ ကြောင်သွားပြီးမှ ခေါင်းညိတ်ပြသည်။
သူမသည် ရေဇလုံကို တစ်နေရာတွင် အသာချထားခဲ့ပြီး ရှောင်ချီကို သင်္ဘော၏ အပေါ်ထပ်ဆီသို့ ခေါ်ဆောင်သွားတော့သည်။
ဤသင်္ဘောမှာ အနည်းငယ် ဟောင်းနွမ်းနေသော်လည်း အရွယ်အစားမှာမူ မသေးလှပေ။ အပေါ်မှ အောက်အထိ သုံးထပ် ရှိပြီး သင်္ဘောကုန်းပတ်မှာ အင်မတန် ကျယ်ဝန်းကာ သင်္ဘောကိုယ်ထည်မှာ ၁၅ မီတာခန့် ရှည်လျားသည်။
သင်္ဘောခန်းများအတွင်း၌ အခန်းပေါင်းများစွာရှိသည် ရှောင်ချီ ရောက်နေခဲ့သော ပစ္စည်းသိုလှောင်ခန်းမှာ အောက်ဆုံးထပ်ရှိ အခန်းငယ်များထဲမှ တစ်ခုသာဖြစ်သည်။ ဤအောက်ဆုံးထပ် တစ်ခုတည်းမှာပင် အခန်းပေါင်း ၁၅ ခန်း၊ ၁၆ ခန်းခန့်ရှိသည်။
ဤအထပ်မှာ သင်္ဘောသားများ နေထိုင်သည့်နေရာ ဖြစ်သဖြင့် ပထမထပ်နှင့် ဒုတိယထပ်တို့ထက် ပို၍စုတ်ပြတ်နေသည်။
ဒုတိယထပ်တွင်မူ ကျင့်ကြံသူများ နေထိုင်ကြသည်။ သူတို့၏ ကျင့်စဉ်အဆင့်မှာ မမြင့်လှဘဲ ယေဘုယျအားဖြင့် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်နှင့် အမြုတေဖြစ်တည်ခြင်းအဆင့်များသာ ဖြစ်ကြသော်လည်း လူဦးရေမှာမူ အင်မတန် များပြားသည်။
ဤအထပ်တစ်ခုတည်းမှာပင် ကျင့်ကြံသူ ၆၀ ကျော်ရှိပြီး အောက်ထပ်က သင်္ဘောသားများနှင့် ပေါင်းလိုက်လျှင် စုစုပေါင်း လူဦးရေမှာ ၂၀၀ နီးပါး ရှိမည်ဖြစ်သည်။
သင်္ဘောခန်းအတွင်းရှိ လမ်းကြောင်းများမှာ သိပ်ပြီး မကျပ်လှသော်လည်း အဆိုင်းပြောင်းသည့် သင်္ဘောသားများ အတက်အဆင်း လုပ်နေသဖြင့် ရှောင်ချီသည် လမ်းတစ်လျှောက်တွင် လူအများအပြားကို တွေ့ခဲ့ရသည်။
ဤအချိန်တွင် သူသည် သင်္ဘောပိုင်ရှင်ကို အသည်းအသန် ရှာဖွေနေသဖြင့် ထိုလူများကို ဂရုမစိုက်နိုင်ပေ။ ရှောင်ချီကို မြင်သောအခါ ထိုလူများမှာ တစ်ခုခုကို ဆွေးနွေးနေကြသကဲ့သို့ လက်ညှိုးထိုးကာ တိုးတိုးတိုးတိုး လုပ်နေကြသည်။
"မိသားစုခေါင်းဆောင် ဒီတစ်ခါကယ်လာတဲ့သူက ဘယ်သူလဲ"
"ဘယ်သူသိမှာလဲ သူ့ရဲ့ ပုံစံကို ကြည့်ရတာတော့ ကျင့်ကြံသူတစ်ယောက် ဖြစ်ပုံပဲ"
"ငါလည်း အဲ့လိုပဲထင်တယ် သူ့ရဲ့ ကျင့်စဉ်အဆင့်က ဘယ်လောက်ရှိမလဲ ငါတို့ မိသားစုအတွက် အသုံးဝင်ပါ့မလားဆိုတာပဲ သိချင်တယ်"
ရှောင်ချီသည် သူတို့၏ စကားအချို့ကို ကြားနေရသော်လည်း အရေးမစိုက်ဘဲ ကျော်ဖြတ်လာခဲ့သည်။
မကြာမီမှာပင် အစေခံမလေးသည် ရှောင်ချီကို တတိယထပ်၏ အတွင်းဘက်ဆုံး အခန်းဆီသို့ ခေါ်သွားသည်။
ပထမထပ်နှင့် ဒုတိယထပ်တို့နှင့် နှိုင်းယှဉ်လျှင် ဤတတိယထပ်မှာ အများကြီး ပို၍ သပ်ရပ်လှပသည်။ ဤနေရာတွင် အခန်း ၈ ခန်းသာ ရှိသည်။
အစေခံမလေး ရှောင်ချီကို ခေါ်သွားသည့် အခန်းမှာ ထို ၈ ခန်းထဲတွင် အကြီးဆုံး အခန်းပင် ဖြစ်သည်။
ဒေါက်... ဒေါက်... ဒေါက်
"သခင်... သခင် ကယ်တင်ထားတဲ့ သခင်လေး နိုးလာပြီး သခင်နဲ့ တွေ့ချင်နေပါတယ်"
အစေခံမလေးမှာ သူမ၏ အဝတ်အစားများကို သေသေသပ်သပ် ပြင်ဆင်လိုက်ပြီးမှ တံခါးကို အသာအယာ ခေါက်ကာ ရိုသေစွာ မေးလိုက်သည်။
"ဝင်ခဲ့ပါ" ခန့်ညားသော အသံတစ်ခု အခန်းထဲမှ ထွက်ပေါ်လာသည်။
ကျွီ... တံခါးပွင့်သွားသောအခါ ရှောင်ချီ မြင်လိုက်ရသည်မှာ ရှေးဆန်ပြီး ရိုးရှင်းလှပသော အပြင်အဆင်များဖြစ်သည်။
အတွင်းခန်းတွင် အကျော်သားဖြင့် ပြုလုပ်ထားသော ကုတင်ကြီးတစ်လုံးရှိပြီး အပြင်ဘက် ဧည့်ခန်းတွင်မူ လက်ရာမြောက်သော ထွင်းထုမှုများပါသည့် ကုလားထိုင်နှစ်လုံးနှင့် သစ်သားစားပွဲရှည်ကြီး တစ်လုံးရှိသည်။
ကြမ်းပြင်ပေါ်တွင် ခင်းထားသော အပြာရောင် ကော်ဇောမှာလည်း နင်းရသည်မှာ အင်မတန် သက်သောင့်သက်သာ ရှိလှသည်။
ရှောင်ချီသည် ကော်ဇောကို ပေပွသွားမည် စိုးသဖြင့် သူ၏ဖိနပ်ကို အမြန်ချွတ်လိုက်သည်။
"ညီငယ် ဝင်လာပြီး စကားပြောကြတာပေါ့" အသက် ၄၀ ခန့်ရှိမည့် ဝတ်စုံနက်ဝတ် အမျိုးသားတစ်ဦးက ရှောင်ချီကို လှမ်းခေါ်ကာ ညင်သာစွာ ပြောလိုက်သည်။
ရှောင်ချီ သေသေချာချာ ကြည့်လိုက်သောအခါ ဤအမျိုးသားမှာ အစွမ်းထက်သော ကျင့်ကြံသူတစ်ဦးဖြစ်ကြောင်း တွေ့လိုက်ရသည်။
ခန့်ညားထည်ဝါသော ပုံစံရှိရုံတင်မကဘဲ သူ၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်စွမ်းအားများမှာလည်း အင်မတန် ထူထပ်လှသည်။ ရှောင်ချီ၏ ခန့်မှန်းချက်အရ ဤလူမှာ အနည်းဆုံး ဟာလာဟင်းလင်း ပြန်လည်ရောက်ရှိခြင်းအဆင့်အစောပိုင်းလောက် ရှိမည့် ပညာရှင်တစ်ဦး ဖြစ်သည်။
ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်စီနီယာ ကျွန်တော် သိချင်တာက ဒီနေရာက ဘယ်နေရာလဲ မဟာဝေနိုင်ငံရဲ့ ကျောက်စိမ်းကညာဂိုဏ်းနဲ့ ဘယ်လောက် ဝေးသလဲ ပြီးတော့ ကျွန်တော့်ကို ကယ်တုန်းက ပန်းရောင်ဝတ်စုံနဲ့ အမျိုးသမီးကို တွေ့ခဲ့သေးလား။
ရှောင်ချီသည် ထိုအမျိုးသားကို လက်အုပ်ချီ နှုတ်ဆက်ကာ စိုးရိမ်တကြီး မေးမြန်းလိုက်သည်။
"ညီငယ် စိတ်မလောပါနဲ့ဦး အရင်ထိုင်ပါ ပြီးမှ အသေးစိတ် ပြောကြတာပေါ့" ထိုအမျိုးသားက သူ၏ ရှေ့ရှိ ခုံကို ညွှန်ပြကာ ပြုံးလျက် ဖိတ်ခေါ်လိုက်သည်။
ရှောင်ချီမှာ စိတ်ပူနေသော်လည်း ကိစ္စအချို့မှာ ချက်ချင်း ဖြေရှင်း၍ မရနိုင်သည်ကို နားလည်သဖြင့် ထိုလူ၏ ရှေ့တွင် ဝင်ထိုင်လိုက်သည်။ သူ၏ မျက်နှာမှာလည်း တဖြည်းဖြည်း တည်ငြိမ်လာသည်။
"ညီငယ် မင်း မေးခွန်းတွေ အများကြီး မေးသွားတယ်နော် ငါတစ်ခုချင်း ဖြေပေးပါ့မယ်
ဒီနေရာကို အရှေ့ပင်လယ်လို့ ခေါ်တယ်။
အချို့ကတော့ ပင်လယ်လျှို့ဝှက်နယ်မြေလို့ ခေါ်ကြသလို အချို့ကတော့ ဒါဟာ မဟာကမ္ဘာဆီကို သွားတဲ့ လမ်းကြောင်းလို့ ပြောကြတယ်။
ကျင့်ကြံသူ အများအပြားဟာ တကယ့် မဟာကမ္ဘာကို ရှာဖွေဖို့ အရှေ့ပင်လယ်ထဲကို ခြေစုံပစ် ဝင်လာတတ်ကြတယ်။
အဲ့ဒီ မဟာကမ္ဘာမှာဆိုရင် ကျင့်စဉ်နိယာမတွေကပြည့်စုံတယ်။ ကျင့်စဉ်အဆင့် တစ်ခုကို ရောက်သွားရင် အဲ့ဒီနေရာမှာတင် နတ်သက်ကြွေနိုင်တယ်လို့ ဆိုကြတယ်။
ဒါပေမဲ့ ပုံမှန်အားဖြင့်တော့ ဘေးဒုက္ခကို ကျော်ဖြတ်ပြီးမှသာ အဲ့ဒီကို သွားနိုင်တာပါ။
ဒါကြောင့် ဒီအရှေ့ပင်လယ်ဟာ အင်မတန် အန္တရာယ်များပေမဲ့ နှစ်စဉ်နှစ်တိုင်း လာရောက် စွန့်စားကြတဲ့ ကျင့်ကြံသူတွေကတော့ မရေမတွက်နိုင်အောင်ပါပဲ။
ကျောက်စိမ်းကညာဂိုဏ်းနဲ့ ဘယ်လောက်ဝေးသလဲ ဆိုတာကတော့ ပြောရခက်တယ်။
မင်းကိုကြည့်ရတာ မဟာဝေနိုင်ငံ ပြင်ပကို သိပ်ထွက်ဖူးပုံ မရဘူးနော် အားလုံးကို ရှင်းပြဖို့ကတော့ နည်းနည်း ခက်လိမ့်မယ်။ ဒါကြောင့် ငါ အရင်ဆုံး မဟာဝေနိုင်ငံဆိုတာ ဘယ်လိုနေရာမျိုးလဲ ဆိုတာကို အရင် ပြောပြမယ်။
ငါတို့ ရှိနေတဲ့ ကုန်းမြေတိုက်ကြီးဟာ အရမ်း ထူးခြားတယ်။ ဒဏ္ဍာရီအရ ဆိုရင်တော့ ဒါဟာ ထိပ်တန်းပညာရှင်တစ်ယောက် ဖန်တီးထားတဲ့ ကမ္ဘာငယ်ခုပဲ။
ဒါပေမဲ့ အဲ့ဒါက အထောက်အထားတော့ မရှိပါဘူး။ ဒါကြောင့် ဘယ်သူမှတော့ အလေးအနက် မထားကြဘူး။
ငါတို့ ကုန်းမြေကို ယွင်ကျူ ကုန်းမြေလို့ ခေါ်ပြီး စုစုပေါင်း လူမျိုးစု နှစ်ခု နေထိုင်ကြတယ်။ လူသားမျိုးနွယ်အပြင် တခြားမျိုးနွယ်ကိုတော့ ငါတို့က မိစ္ဆာမျိုးနွယ်လို့ ခေါ်ကြတယ်။
နယ်မြေနဲ့ ကျင့်ကြံခြင်း အရင်းအမြစ်တွေအတွက် ဒီမျိုးနွယ်နှစ်ခုဟာ ခဏခဏ ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြရတယ်။
လူသားမျိုးနွယ်ဟာ ပါရမီရှိကြပေမဲ့ အခြေခံကတော့ အင်မတန် အားနည်းတယ်။ မွေးရာပါ ဝိညာဉ်နဲ့ ခန္ဓာကိုယ် အစွမ်းထက်တဲ့ မိစ္ဆာမျိုးနွယ်တွေနဲ့ ယှဉ်ရင် ငါတို့က အများကြီး နိမ့်ကျနေခဲ့တာ။
ဒါကြောင့် လွန်ခဲ့တဲ့ နှစ်ပေါင်း သောင်းနဲ့ချီတုန်းက ငါတို့ဟာ သူတို့အတွက် စားစရာ တိရစ္ဆာန်တွေလိုပဲ ရှင်သန်ခဲ့ရတာပါ။
မဟာဝေနိုင်ငံရဲ့ပထမဆုံး ဧကရာဇ်က လူသားမျိုးနွယ်ကို စုစည်းခဲ့ပြီး မြို့တွေ တည်ဆောက်ကာ မိစ္ဆာမျိုးနွယ်တွေကို ခုခံခဲ့တယ်။ သူက လူသား-မိစ္ဆာ စစ်တလင်းဆိုတဲ့ ရှေ့တန်းစစ်မျက်နှာကို တည်ဆောက်ပြီးမှ အခြေအနေတွေက တဖြည်းဖြည်း တိုးတက်လာခဲ့တာ။
နှစ်ပေါင်း သောင်းနဲ့ချီတဲ့ ကာလအတွင်းမှာ မဟာဝေနိုင်ငံကနေ ပါရမီရှင်တွေ အများကြီး ပေါ်ထွက်ခဲ့ပြီး နောက်ပိုင်းမှာ ဂိုဏ်းကြီး ခုနစ်ဂိုဏ်းဆိုတာ ပေါ်ပေါက်လာခဲ့တယ်။
လူသားမျိုးနွယ်နဲ့ မိစ္ဆာမျိုးနွယ်တွေ အင်အားချင်း မျှတသွားတဲ့အခါမှာတော့ ဆက်ဆံရေးက တည်ငြိမ်တဲ့ ကာလကို ရောက်ရှိလာခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သောင်းကျော်အတွင်းမှာ အကြီးအကျယ် တိုက်ပွဲတွေ သိပ်မရှိတော့ဘူး။
ယွင်ကျူ ကုန်းမြေက အင်မတန် ကျယ်ပြန့်တယ် မဟာဝေနိုင်ငံ တစ်ခုတည်း ရှိတာ မဟုတ်ပါဘူး။ တခြား လူသားနိုင်ငံတွေလည်း အများကြီး ပေါ်ထွက်ခဲ့ပါသေးတယ်။
မဟာဝေနိုင်ငံနဲ့ နီးတဲ့ နိုင်ငံတွေပဲ ကာကွယ်မှု ရကြတာပါ။ ဝေးတဲ့နိုင်ငံတွေကတော့ မိစ္ဆာမျိုးနွယ်တွေရဲ့ စားစရာ ဖြစ်နေရတုန်းပဲ။
ယွင်ကျူ ကုန်းမြေရဲ့ ပတ်ပတ်လည်မှာ ကျွန်းပေါင်းများစွာရှိတယ်။ အဲ့ဒီကျွန်းတွေကို နယ်ပယ်ပြင်ပ အင်အားစုများလို့ ခေါ်ကြတယ်။ အဲ့ဒီမှာ လူမျိုးစုပေါင်းစုံနဲ့ တခြား လူသားအုပ်စုတွေ နေထိုင်ကြတယ်။
ငါတို့ အခု ရောက်နေတဲ့နေရာက အဲ့ဒီ နယ်ပယ်ပြင်ပ အင်အားစုတွေရဲ့ နယ်မြေထဲမှာပဲ။ ဒါပေမဲ့ ဒီနေရာက အဲ့ဒီနယ်ပယ်ပြင်ပထက်တောင် ပိုပြီးလျှို့ဝှက်ဆန်းကြယ်တယ်။ ငါ ခုနက ပြောသလိုပဲ ကျင့်ကြံသူတွေက ဒီနေရာကို ပင်လယ်လျှို့ဝှက်နယ်မြေလို့ ခေါ်ကြတာပေါ့"
ထိုအမျိုးသား၏ ပြောပြချက်အရ ခမ်းနားထည်ဝါလှသော ကမ္ဘာကြီးတစ်ခုမှာ ရှောင်ချီ၏မျက်စိရှေ့တွင် တဖြည်းဖြည်း ပေါ်ထွက်လာတော့သည်။