အခန်း (၈) စီနီယာမမကို မေးခွန်းထုတ်ခြင်း
"ချီအာ... မင်း ငါ့ကို အပြစ်တင်မိလား" ခရမ်းရောင်တိမ်တိုက်တောင်ထိပ်ရှိ အဆောင်တစ်ခုအတွင်း ဆရာဖြစ်သူနှင့် တပည့်ငါးဦးတို့ စုဝေးနေကြသည်။
နတ်မိမယ် လင်းယွင်သည် အပန်းဖြေကုလားထိုင်ပေါ်တွင် ထိုင်လျက် အောက်ဘက်ရှိ ရှောင်ချီကို အကဲခတ်သလို စိုက်ကြည့်ရင်း မေးလိုက်ခြင်း ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ရှောင်ချီ၏အနားတွင် ရပ်နေသော လင်းယုရှုမှာမူ အခြေအနေကို နားမလည်နိုင်ဘဲ ကြောင်တောင်တောင် ဖြစ်နေသည်။
ခုနက ဂိုဏ်းခန်းမဆောင်ကြီးထဲတွင် သူမ၏ စီနီယာအစ်ကိုမှာ ရုတ်တရက် ဒေါသပေါက်ကွဲပြီး သူ၏စေ့စပ်ထားသူကိုသာမက သူမခေါ်လာသည့် ချောမောသောလူငယ်လေးကိုပါ ဒဏ်ရာရအောင် လုပ်ခဲ့သည် မဟုတ်ပါလား။
သူမ၏ ကျင့်ကြံဆင့်မှာ အားနည်းလွန်းပြီး စကားပြောပိုင်ခွင့်လည်း မရှိလှပေ။ ထိုအခြေအနေတွင် သူမ ဘာမှမပြောရဲခဲ့ပေ။
ယခု တောင်ပေါ်သို့ ပြန်ရောက်လာချိန်တွင် ထူးဆန်းသော လေထုကို ခံစားလိုက်ရသဖြင့် မိန်းကလေးငယ်၏ မျက်မှောင်မှာ ပို၍ပင် ကြုတ်သွားတော့သည်။
သူမ၏ဆရာ၊ စီနီယာအစ်ကိုနှင့် စီနီယာမမနှစ်ယောက်တို့ ခုနက ဘယ်ကို သွားခဲ့ကြသလဲဆိုသည်ကို သူမ မသိပေ။ သို့သော် ယခုလေထုကို ကြည့်ခြင်းအားဖြင့် ကောင်းသောအရာတော့ မဟုတ်နိုင်ကြောင်း သူမ ခန့်မှန်းမိသည်။
ရှောင်ချီသည် ကုလားထိုင်ပေါ်တွင် ထိုင်နေသော အမျိုးသမီးကို ရှုပ်ထွေးသော ခံစားချက်ဖြင့် ကြည့်လိုက်သည်။
သူ့ကိုယ်သူ မေးခွန်းထုတ်မိသည်မှာ နတ်မိမယ်လင်းယွင်သည် အရည်အချင်းရှိသော ဆရာတစ်ဦးလား အဖြေမှာ ရှင်းနေပါသည်။
"မဟုတ်ပါ"
သို့သော်ငြားလည်း အစောပိုင်းကာလများတွင် သူမသည် သူ့ကိုရော အခြားတပည့်များကိုပါ စိတ်စေတနာအပြည့်ဖြင့် သင်ကြားပြသပေးခဲ့သည်ကိုတော့ ငြင်းပယ်၍ မရပေ။
သို့သော် ယဲ့ဖန်တောင်ပေါ်သို့ ရောက်လာချိန်မှစ၍ အရာအားလုံး ပြောင်းလဲသွားခဲ့သည်။ ထို့ကြောင့် ယခုအချိန်တွင် ရှောင်ချီသည် သူ၏ဆရာအပေါ် မည်ကဲ့သို့ သဘောထားမျိုး ထားရှိရမည်ကို မသိတော့ပေ။
သူ့တွင် အင်အားလုံလောက်လာလျှင် သူမကို ချက်ချင်းသတ်ပစ်ရမည်လား သို့မဟုတ် သူမနှင့် ယဲ့ဖန်တို့ ပူးပေါင်းပြီး သူတို့၏ စိတ်ရင်းအမှန် ပေါ်ပေါက်လာချိန်မှ သတ်ပစ်ရမည်လားထိုသို့လုပ်ခြင်းက ပို၍ အားရစရာကောင်းပေလိမ့်မည်။
ဆရာကို သတ်သောအပြစ်နှင့် ပတ်သက်၍မူ သူ ဂရုမစိုက်တော့ပေ သူသည် ဤဘဝတွင် လူယုတ်မာတစ်ယောက် မိစ္ဆာခေါင်းဆောင်တစ်ယောက် ဖြစ်မည်ဟု ကြေညာထားပြီးသား ဖြစ်သည်။
မိစ္ဆာခေါင်းဆောင်တစ်ယောက်က သူ၏ဆရာကို သတ်ခြင်းမှာ သာမန်ကိစ္စတစ်ခုပဲ မဟုတ်ပါလား။
တပည့်က ဆရာ့ကို ဘယ်တုန်းကမှ အပြစ်မတင်ခဲ့ပါဘူး။ ဆရာက တပည့်ရဲ့ ကောင်းကျိုးအတွက်ပဲ အမြဲလုပ်ဆောင်ပေးခဲ့တာပါ ရှောင်ချီက အေးစက်သော မျက်နှာပေးဖြင့် ပြီးစလွယ် ပြန်ဖြေလိုက်သည်။
နတ်မိမယ် လင်းယွင်သည် ထိုစကားများထဲတွင် ပါဝင်နေသော ဟန်ဆောင်မှုများကို ခံစားမိသည်။
သို့သော် ယခုအချိန်တွင် ရှောင်ချီက ဒေါသထွက်နေသဖြင့် ဤကဲ့သို့ ပြောဆိုခြင်းမှာလည်း ဖြစ်သင့်ဖြစ်ထိုက်သည်ဟု သူမ ယူဆလိုက်သည်။
မင်း ဂိုဏ်းခန်းမဆောင်ကြီးထဲမှာ ပြဿနာအကြီးအကျယ် ရှာခဲ့တာက ငြင်းလို့မရတဲ့ အမှန်တရားပဲ ငါက မင်းရဲ့ဆရာဖြစ်နေပေမဲ့လည်း မင်းကိုအကာအကွယ်ပေးလို့ မရဘူး။
ဒီနေ့ကစပြီး မင်း တောင်နောက်ဘက်မှာ (၃) နှစ်တိုင်တိုင် တရားထိုင် ကျင့်ကြံရမယ်။ မင်းရဲ့ အမှားကို မင်းကိုယ်တိုင် နားမလည်မချင်း တောင်ပေါ်က ဆင်းခွင့်မရှိဘူး။ မင်းမှာ ဘာပြောစရာ ရှိသေးလဲ။
အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် နတ်မိမယ် လင်းယွင်က ရှောင်ချီကို အပြစ်ပေးလိုက်ခြင်းဖြစ်သည်။ သို့သော် ဤအပြစ်ပေးမှုမှာ ပြင်းထန်လွန်းခြင်းလည်း မရှိသလို ပေါ့ပါးလွန်းခြင်းလည်း မရှိလှပေ။
ရှောင်ချီ အနည်းငယ် စဉ်းစားပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်သည် ပြဿနာမရှိပါဘူး ကျွန်တော် ဒီနေ့ပဲ တောင်နောက်ဘက်ကို ပြောင်းသွားပါ့မယ်။
တောင်နောက်ဘက်သို့ ပြောင်းသွားခြင်းမှာ သူ့အတွက် အကျိုးကျေးဇူးများစွာ ရှိနိုင်ကြောင်း ရှောင်ချီ သေချာစဉ်းစားမိသည်။
ပထမအချက်မှာ (၃) နှစ်ဆိုသည့် အချိန်ကာလမှာ အကြောင်းပြချက်တစ်ခုသာ ဖြစ်သည်။ တောင်နောက်ဘက်ရှိ အဖိုးကြီးများသာ သူ၏ပါရမီကို သိသွားပါက သူ့ကို အကာအကွယ်ပေးရန် နည်းလမ်းမျိုးစုံ ရှာကြပေလိမ့်မည်။
ဒုတိယအချက်မှာ သူ တောင်နောက်ဘက်သို့ သွားနေစဉ်အတွင်း ယဲ့ဖန်က ဟောက်ထျန်းစေတီကို ထပ်မံခိုးယူခဲ့လျှင်လည်း အပြစ်ကို သူ့အပေါ် လွှဲချရန် နည်းလမ်းရှိတော့မည် မဟုတ်ပေ။
တတိယအချက်မှာ သူ၏အတိတ်ဘဝတုန်းက ရှောင်ချီသည် လောကအနှံ့ ရှာဖွေခဲ့ပြီး မှော်ရတနာများ၏ မူလဝိညာဉ်အနှစ်သာရကို စုပ်ယူနိုင်မည့် နည်းလမ်းတစ်ခုကို ရှာတွေ့ခဲ့ဖူးသည်။
အတိတ်ဘဝတွင် သူသည် ဘာမှမလုပ်ခဲ့ဘဲ အပြစ်ရှာခံခဲ့ရသည်။ ထို့ကြောင့် သူ တွေးမိသည်မှာ အဲဒီလို အပြစ်ရှာခံနေရမည့်အစား မှော်ရတနာတစ်ခုခုကို တကယ်ပဲ ခိုးယူပြီး သူတို့၏ အနှစ်သာရကို စုပ်ယူပစ်လိုက်တာက ပိုကောင်းပေလိမ့်မည်။
သို့သော် ကံဆိုးသည်မှာ သူသည် နည်းလမ်းကို ရှာတွေ့ခဲ့သော်လည်း စုပ်ယူရန် မှော်ရတနာကိုတော့ ရှာမတွေ့ခဲ့ခြင်းပင်။
"ချင်းအာ... သူ့ကို တောင်နောက်ဘက်ကို ခေါ်သွားလိုက်" ခရမ်းရောင်တိမ်တိုက် နတ်မိမယ်က သူမ၏စီနီယာတပည့်မကြီးကို ကြည့်ကာ ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ ဆရာ" လျူချင်းအာက ခေါင်းညိတ်လိုက်ပြီး ရှောင်ချီကို တောင်နောက်ဘက်သို့ ချက်ချင်းပင် ခေါ်ဆောင်သွားတော့သည်။
"ဆရာ... ကျွန်မလည်း လိုက်ကြည့်ချင်တယ်" လင်းယုရှုက သူမ၏ မျက်လုံးဝိုင်းကြီးများကို မှိတ်တုတ်မှိတ်တုတ် လုပ်ရင်း အနည်းငယ် ကြောက်ကြောက်လန့်လန့်ဖြင့် ပြောလိုက်သည်။
"မင်းက အဲဒီကို သွားပြီးဘာလုပ်မလို့လဲ အခုချက်ချင်း အခန်းထဲပြန်ပြီး ကျင့်ကြံတော့" နတ်မိမယ် လင်းယွင်က ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။
"ဟုတ်ကဲ့ပါ... ဆရာက တကယ်ကပ်စေးနှဲတာပဲ။" လင်းယုရှုက နှုတ်ခမ်းလေးစူကာ ထိုနေရာမှ ဖြည်းဖြည်းချင်း ထွက်ခွာသွားသည်။
"မောင်လေး... ဆရာ့ကို အပြစ်မတင်ပါနဲ့။ ဒီတစ်ခါ မင်းလုပ်ခဲ့တာက တကယ်ကို လွန်လွန်းတယ် ဘာပဲဖြစ်ဖြစ် ဆရာ့ရဲ့ မျက်နှာကိုတော့ ထောက်ထားသင့်တာပေါ့" လမ်းတစ်လျှောက်တွင် လျူချင်းအာက သူမ၏ဘေးရှိ ရှောင်ချီကို ကြည့်ကာ ပြောလိုက်သည်။
"စီနီယာမမ... မမရဲ့အကြီးမားဆုံး အားနည်းချက်က ဘာလဲဆိုတာ သိလား"
ရှောင်ချီသည် ရှေ့သို့သာ စိုက်ကြည့်နေပြီး လျူချင်းအာကို လှည့်ပင်မကြည့်ဘဲ သူ့ဘာသာ ရေရွတ်နေသကဲ့သို့ မေးလိုက်သည်။
"မင်း ဘာကို ဆိုလိုတာလဲ ငါကလည်း မင်းကို တစ်ခုခု မှားခဲ့လို့လား" ရှောင်ချီသည် ယနေ့ အလွန်ထူးဆန်းနေသည်ဟု လျူချင်းအာ ခံစားရသဖြင့် သူမက တုံ့ပြန်မေးမြန်းလိုက်သည်။
"မမမှာ ကိုယ်ပိုင် ဆုံးဖြတ်ချက်မရှိဘူး။ တခြားသူတွေ ဘာပြောပြော အဲဒါကို အမှန်တရားလို့ ချက်ချင်း ယူဆလိုက်တာပဲ
ပြီးတော့ မမက အပြင်ပန်းမှာ ကြင်နာတတ်ပြီး တရားမျှတပုံ ပေါက်ပေမဲ့ တကယ်တော့ မမက စိတ်ပြောင်းလွယ်ဆုံးသူပဲ။ ပိုပြီး အရေးကြီးတာက မမက ကျေးဇူးကန်းတတ်တယ်။ မမနဲ့ နီးစပ်သူတွေက မမအပေါ် ဘယ်လောက်ပဲ ကောင်းကောင်း၊ မမက အဲဒါကို သာမန်ပဲလို့ သဘောထားတတ်တယ်"
ရှောင်ချီသည် သာမန်ကိစ္စတစ်ခုကို ပြောနေသကဲ့သို့ အေးအေးဆေးဆေး ပြောလိုက်သည်။
"မင်းစီနီယာမမအပေါ် ဘယ်လိုလုပ် ဒီလို ပြောနိုင်ရတာလဲ ငါက မင်းအပေါ်မကောင်းခဲ့လို့လား ငါက အရာရာတိုင်းမှာ မင်းအတွက် စဉ်းစားပေးခဲ့တာ မင်းကို ငါ့မောင်အရင်းလိုတောင် သဘောထားခဲ့တာ။ အခုတော့ ငါ့အပေါ် ဒီလို ဝေဖန်ချက်မျိုး ရလိုက်တာက ငါ့ရဲ့ နှလုံးသားကို တကယ်ပဲ နာကျင်စေတယ်"
လျူချင်းအာ၏ မျက်လုံးများတွင် မျက်ရည်များ ဝဲလာသည်။ ရှောင်ချီ၏ စကားများက သူမကို အမှန်တကယ်ပင် နာကျင်စေခဲ့ပုံရသည်။
သူမကဲ့သို့ မာနကြီးသူတစ်ဦးအနေဖြင့် သာမန်တပည့်တစ်ဦးက ဤသို့ ဝေဖန်ခံရပါက ထိုနေရာတွင်တင် ဒေါသပေါက်ကွဲသွားပေလိမ့်မည်။
ဘာလဲ ကျွန်တော်ပြောတာ မှားနေတယ်လို့ မမ ထင်နေတာလား ဒါဆိုရင် ကျွန်တော် သတိပေးပါရစေ လင်းကျောင်လန်က သူမရဲ့ ရည်းစားကို တောင်ပေါ်ခေါ်လာပြီး ကျွန်တော့်ရဲ့သိက္ခာကို မြေမှုန့်ဖြစ်အောင် နင်းခြေခဲ့တယ်။
ကျွန်တော် သူတို့ကို သင်ခန်းစာပေးဖို့ လုပ်ဆောင်တဲ့အခါမှာ မမကကျွန်တော့်ဘက်က ကူညီပေးဖို့ ဒါမှမဟုတ် ကျွန်တော့်ဘက်က ရပ်တည်ပေးဖို့ ကျွန်တော် မမျှော်လင့်ခဲ့ပါဘူး ဒါပေမဲ့ အနည်းဆုံးတော့ ကျွန်တော့်အတွက် တရားမျှတတဲ့ စကားတစ်ခွန်းလောက်တော့ ပြောပေးနိုင်သင့်တာပေါ့ ဒါပေမဲ့ မမရဲ့ ပင်ကိုယ်စိတ်က သူတို့ဘက်မှာ ရပ်တည်ဖို့ပဲ သူတို့နဲ့ ပူးပေါင်းပြီး ကျွန်တော့်ကို အပြစ်တင်တာက စီနီယာမမတစ်ယောက် လုပ်သင့်တဲ့ အလုပ်လား ဒါကိုပဲ မမက ကျွန်တော့်ကိုမောင် အရင်းလို သဘောထားတာလို့ ခေါ်တာလား။
ရှောင်ချီသည် သူ၏ခေါင်းကို ဖြည်းဖြည်းချင်း လှည့်လိုက်ပြီး သူ့ဘေးရှိ အမျိုးသမီးကို ပထမဆုံးအကြိမ် တိုက်ရိုက် စိုက်ကြည့်လိုက်သည်။ သူ၏လေသံမှာ ပြတ်သားပြီး အေးစက်လှသည်။
ငါ... ငါက အခြေအနေအရပ်ရပ်ကို ထည့်တွက်လို့ပါ မင်းက လူအများရှေ့မှာ လူကို ရိုက်ခဲ့တော့ ဆရာ့ကို အရှက်ရစေခဲ့တယ်။
စီနီယာမမတစ်ယောက်အနေနဲ့ မင်းကို ဆုံးမရမှာက ငါ့တာဝန်ပဲဒါမှ မင်းနောက်နောင် မရိုင်းစိုင်းမှာ။ မဟုတ်ရင် တခြားသူတွေက ငါတို့ ဆရာနဲ့ ငါတို့ကို တပည့်ကို ဆုံးမရကောင်းမှန်း မသိဘူးလို့ ကဲ့ရဲ့ကြလိမ့်မယ်။
လျူချင်းအာက သွားကိုတင်းတင်းစေ့ကာ အမှန်တရားဘက်က ရပ်တည်နေသကဲ့သို့ ပြောလိုက်သည်။
ကျွန်တော်က မတရားခံရတာကိုတောင် မမက မမရဲ့သိက္ခာနဲ့ တခြားသူတွေ ဘာပြောမလဲဆိုတာကိုပဲ အရင်စဉ်းစားတယ်ပေါ့။
ဒါဆိုရင် မမတို့လို ဆရာနဲ့ စီနီယာမမမျိုးက ကျွန်တော့်အတွက် ဘာအသုံးကျမှာလဲ ကျွန်တော့်ကို ထပ်ပြီး ချုပ်နှောင်ဖို့အတွက်ပဲလား
မမက ကျွန်တော့်ကောင်းကျိုးအတွက်လို့ ခဏခဏ ပြောနေပေမဲ့ အဲဒီအချိန်မှာ မမရဲ့ ဆူပူမှုကို ကြောက်ပြီး ကျွန်တော်သာ နောက်ဆုတ်ခဲ့ရင် အခြေအနေက ဘာဖြစ်သွားမလဲ။
ကျွန်တော်ကတော့ ထောင့်တစ်နေရာမှာ ငုံ့ခံနေရပြီး ကျွန်တော့်ရဲ့ စေ့စပ်ထားသူနဲ့ သူမရဲ့ ရည်းစားကတော့ ကျွန်တော့်ရှေ့မှာ ဟိတ်ဟန်ထုတ်နေကြလိမ့်မယ် တခြားတပည့်တွေကလည်း ကျွန်တော့်ကို လှောင်ပြောင်နေကြလိမ့်မယ်။
ဟုတ်တယ် မမရဲ့သိက္ခာကိုတော့ ထိန်းသိမ်းနိုင်ခဲ့လိမ့်မယ် ဒါပေမဲ့ ကျွန်တော့်ရဲ့သိက္ခာကျတော့ကော မမကအစကတည်းက ကျွန်တော့်ရဲ့ သိက္ခာနဲ့ ကျွန်တော့်ရဲ့ ရပ်တည်ချက်ကို တစ်ခါမှ ထည့်မစဉ်းစားခဲ့ဘူး မဟုတ်လား။
ရှောင်ချီသည် လမ်းလျှောက်နေသည်ကို ရပ်လိုက်ပြီး လျူချင်းအာ၏ အနားသို့ ဖြည်းဖြည်းချင်း တိုးသွားကာ သူမ၏ မျက်လုံးများကို စိုက်ကြည့်လိုက်သည်။ သူ၏ မျက်လုံးများထဲတွင် ဒေါသမီးလျှံများ တောက်လောင်နေသကဲ့သို့ပင်။