အခန်း (၇၈) ထောင်လွှားသော ပညာရှင်ငါးဦး
တစ်ချိန်တည်းမှာပင် ဂိုဏ်း၏ နောက်ဘက်တောင်ကုန်းမှ ရွှေရောင်အလင်းတန်းအချို့ ထွက်ပေါ်လာပြီး လူသုံးဦးမှာ ယွီရှောင်ကျီ၏ ဘေးတွင် ရုတ်တရက် ပေါ်လာကြသည်။
ရှောင်ချီသည် ဤလူများကို အကြိမ်အနည်းငယ်သာ မြင်ဖူးသော်လည်း တစ်ခဏချင်းမှာပင် အားလုံးကို မှတ်မိလိုက်သည်။
သူတို့မှာ ဒုတိယ အကြီးအကဲချုပ်နတ်ရှင် ယွီရှင်း ၊ တတိယ အကြီးအကဲချုပ် ကျိန်းချီ ပညာရှိနှင့် နောက်ဘက်တောင်ကုန်းတွင် တရားအားထုတ် ပုန်းကွယ်နေသော ဂိုဏ်းချုပ်ဟောင်း နတ်ရှင် လင်ယွီတို့ပင် ဖြစ်ကြသည်။
"ဟဲဟဲ... ငါ ရှောင်ချီကတော့ တကယ့်ကို မျက်နှာပွင့်တာပဲ ဝိညာဉ်ဓားဂိုဏ်းရဲ့ ဝိညာဥ်နဲ့ခန္ဓာပေါင်းစပ်ခြင်းအဆင့် ပညာရှင် ငါးယောက်လုံး တပြိုင်နက် ပေါ်လာကြတာပဲ"
ရှောင်ချီသည် ဤပြိုင်ဘက်ကင်း ပညာရှင်ကြီးများကို ကြည့်ကာ အေးစက်စွာ ရယ်မောလိုက်ပြီး မိမိကိုယ်ကိုယ် လှောင်ပြောင်သည့် လေသံဖြင့် ပြောလိုက်သည်။
ဝိညာဉ်ဓားဂိုဏ်းတွင် မူလက ဝိညာဥ်နှင့်ခန္ဓာပေါင်းစပ်ခြင်းအဆင့် ပညာရှင် လေးဦးသာ ရှိခဲ့ခြင်းဖြစ်သည် လွန်ခဲ့သော အချိန်အတန်ကြာက ဂိုဏ်းချုပ် ဝူသောက်ကျီ အဆင့်တက်လှမ်းနိုင်ခဲ့ပြီးနောက် ဝိညာဉ်ဓားဂိုဏ်း၏ အင်အားမှာ အဆမတန် တိုးတက်လာခဲ့သည်။
သို့သော် ရှောင်ချီ မမျှော်လင့်ထားသည်မှာ ဤပညာရှင်ကြီး ငါးဦး ပထမဆုံးအကြိမ် ပူးပေါင်းပေါ်ထွက်လာခြင်းမှာ သူကဲ့သို့ သာမန် ဝိညာဉ်အသွင်ပြောင်းအဆင့် ကျင့်ကြံသူတစ်ဦးကြောင့် ဖြစ်နေခြင်းပင်။
"ရှောင်ချီ မင်းက မူလက ပြိုင်ဘက်ကင်းတဲ့ ပါရမီရှင်တစ်ယောက်ပါ ဒါပေမဲ့ လွန်ခဲ့တဲ့ ဆယ်နှစ်က မင်းရဲ့စိတ်ထဲမှာ မိစ္ဆာစွဲကပ်နေတာကို ငါမြင်ခဲ့လို့ လျှပ်စီးကန်ထဲမှာ ဆယ်နှစ်ကြာ လေ့ကျင့်ခိုင်းခဲ့တာ အဲ့ဒါက မင်းရဲ့ နှလုံးသားထဲက အမုန်းတရားတွေနဲ့ ခန္ဓာကိုယ်ထဲက မိစ္ဆာဓာတ်တွေကို ဖယ်ရှားပစ်ဖို့ပဲ။
ဒါပေမဲ့ ငါမမျှော်လင့်ထားတာက မင်းရဲ့ မိစ္ဆာဓာတ်တွေက လျော့မသွားတဲ့အပြင် လျှပ်စီးကန်ထဲက လျှပ်စီးစွမ်းအင်တွေကိုပါ စုပ်ယူသွားခဲ့တာပဲ။
မင်းက ပြုစုပျိုးထောင်ထိုက်တဲ့ ပါရမီရှင်တစ်ယောက်မို့ ဂိုဏ်းသားတွေကိုလည်း မင်းကို အခက်အခဲ မလုပ်ဖို့ ငါ အထူးမှာကြားခဲ့တယ်။ ဒီဆယ်နှစ်က မင်းရဲ့ အပြစ်တွေကို ဆေးကြောဖို့လည်း ဖြစ်တယ်။
ဒါပေမဲ့ မင်းကတော့ နောင်တရဖို့ စိတ်ကူးမရှိတဲ့အပြင် ဝိညာဉ်ဓားဂိုဏ်းရဲ့ ခရမ်းရောင်တိမ်တိုက်တောင်ပေါ်မှာတင် မင်းရဲ့ စီနီယာတွေ၊ ညီငယ် ညီမငယ်တွေ၊ အကြီးအကဲတွေနဲ့ တောင်သခင်တွေကိုပါ သတ်ဖြတ်ခဲ့တယ်။ ငါတို့ ဂိုဏ်းရဲ့ ပညာရှင် ဆယ်ယောက်နီးပါးကို မင်းက ရက်ရက်စက်စက် သတ်ခဲ့တာပဲ။
အခုတော့ နယ်နိမိတ်ဖြတ်ကျော် ကျောက်စိမ်းအဆောင်ကို အားကိုးပြီး မောက်မာနေတာပေါ့။ ဒီနေ့တော့ ငါတို့ပညာရှင် ငါးယောက်လုံး ကောင်းကင်ယံကို ပိတ်ဆို့ထားတဲ့ကြားက မင်း ဘယ်လို ထွက်ပြေးမလဲဆိုတာ ကြည့်ရသေးတာပေါ့။
ယွီရှောင်ကျီသည် ရှောင်ချီကို မျက်နှာသေဖြင့် ကြည့်ကာ ကောင်းကင်သို့ လက်ညှိုးထိုးလိုက်သည်။ ဝိညာဉ်ဓားဂိုဏ်း၏ အထက်တွင် ရွှေရောင် အကာအကွယ် အလွှာကြီးတစ်ခု ပေါ်လာပြီး ထိုနေရာတစ်ခုလုံးကို လေလုံအောင် ပိတ်ဆို့ထားလိုက်သည်။
ဒုတိယ အကြီးအကဲချုပ် နတ်ရှင် ယွီရှင်း၊ တတိယ အကြီးအကဲချုပ် ကျိန်းချီ ပညာရှိနှင့် ဂိုဏ်းချုပ်ဟောင်း နတ်ရှင် လင်ယွီတို့သည်လည်း လက်ဝါးများမှ ရွှေရောင်အလင်းတန်းများကို တပြိုင်နက် ထုတ်လွှတ်ကာ ကောင်းကင်က အကာအကွယ်ထဲသို့ စွမ်းအားများ ပေါင်းထည့်လိုက်ကြသည်။
ဂိုဏ်းချုပ် ဝူသောက်ကျီမှာလည်း လေထဲသို့ ခုန်တက်ကာ သူ၏ လက်ဝါးများတွင် ကြောက်မက်ဖွယ် စွမ်းအားများကို စုစည်းပြီး အကာအကွယ်ထဲသို့ အားကုန် တွန်းပို့လိုက်တော့သည်။
စီနီယာအစ်ကို တပည့်လေးတစ်ယောက်အပေါ်မှာ ဒီလောက်အထိ လုပ်တာက မလွန်လွန်းဘူးလား ကျွန်တော် ဒီရှောင်ချီအကြောင်း အများကြီး မသိပေမဲ့ ကြားဖူးနားဝတော့ ရှိပါတယ်။
"သူ ဒီလိုအခြေအနေအထိ ရောက်လာတာက ဂိုဏ်းက ပညာရှင်တွေရဲ့ တွန်းပို့မှုကြောင့် မဟုတ်ဘူးလား။
နတ်ရှင် လင်ယွီသည် ယွီရှောင်ကျီကို လေးနက်သော အကြည့်ဖြင့် ကြည့်ကာ မေးလိုက်သည်။
တခြား ဘာရွေးချယ်စရာရှိလို့လဲ မင်းကို ဂိုဏ်းချုပ်လုပ်ဖို့ ငါပြောတုန်းက မင်း ငြင်းခဲ့တာလေ ဆယ်နှစ်ပဲလုပ်ပြီးတာနဲ့ မင်းက ချက်ချင်း နားချင်နေတာပဲ မဟုတ်လား။
တကယ်တော့ ဂိုဏ်းကို မင်းလက်ထဲ အပ်ခဲ့ရတာက ငါ့အတွက် အစိတ်အချရဆုံးပဲ။ ဒါပေမဲ့ အခြေအနေတွေက ဒီအထိ ရောက်လာမှတော့ ဘယ်သူ့မှာ တာဝန်ရှိလဲဆိုတာထက် ဒီကိစ္စကိုအမြန်ဆုံး ရှင်းပစ်ဖို့ပဲလိုတော့တယ်။
ဒီကလေးရဲ့ ပါရမီက အရမ်းကို ကြောက်ဖို့ကောင်းတယ်။ ဆယ်နှစ်အတွင်းမှာတင် ဟာလာဟင်းလင်း ပြန်လည်ရောက်ရှိခြင်းအဆင့် အလယ်ပိုင်းက လူတွေကို သတ်နိုင်တဲ့အစွမ်း ရှိနေပြီ အကယ်၍ သူ ကြီးထွားလာရင် ငါတို့ ဝိညာဉ်ဓားဂိုဏ်းအတွက် တကယ့် ဘေးအန္တရာယ်ကြီး ဖြစ်လာမှာပဲ။
မူလကတော့ ဆယ်သုံးနှစ်လောက် အချိန်ယူပြီး သူ့ရဲ့ စိတ်ဓာတ်ကိုနှိပ်စက်ချင်ခဲ့တာ။ ဒီဆယ်သုံးနှစ်အတွင်းမှာ သူ့ရဲ ကျင့်စဉ်က တစ်လက်မတောင် တိုးတက်လာမှာ မဟုတ်ဘူး နေ့တိုင်း လျှပ်စီးကန်ရဲ့ နှိပ်စက်မှုကို ခံနေရမှာလေ။
အကယ်၍ သူသာဒီဆယ်သုံးနှစ်ကို ကြံ့ကြံ့ခံနိုင်ရင် အနာဂတ်မှာ တစ်ခုခု ဖြစ်လာလိမ့်မယ်လို့ ငါမျှော်လင့်ခဲ့တာ။ ပြီးတော့ ဆယ်သုံးနှစ်လောက် အချိန်ဖြုန်းလိုက်ရင် သူ့ရဲ့ မောက်မာမှုတွေလည်း မရှိတော့ဘဲ လက်တွေ့ဘဝကို ကောင်းကောင်း မြင်နိုင်လိမ့်မယ်လို့ ထင်ခဲ့တာပေါ့။
ဒါပေမဲ့ သူက တခြားနည်းလမ်းကို ရှာတွေ့လိမ့်မယ်လို့ ဘယ်သူထင်မှာလဲ သူက ဝိညာဉ်အသွင်ပြောင်းအဆင့် နောက်ဆုံးအဆင့်ကို ရောက်သွားရုံတင်မကဘဲ လျှပ်စီးကန်ထဲက လျှပ်စီးစွမ်းအင်တွေကိုပါ စုပ်ယူသွားခဲ့တာ။
ဒါက သူ့ရဲ့ရည်မှန်းချက်တွေကို ချက်ချင်း ပေါက်ကွဲစေပြီး ငါတို့ထိန်းချုပ်လို့ မရတဲ့အထိဖြစ်သွားစေတာပဲ။ သူ့စိတ်ထဲမှာ ပုန်ကန်ချင်တဲ့စိတ်နဲ့ အာဃာတတွေပဲ ပြည့်နေပြီ ဒီအတိုင်းသာ ဆက်သွားရင် ငါတို့ ဝိညာဉ်ဓားဂိုဏ်းဟာ သူ့လက်ထဲမှာတင် ပျက်စီးသွားလိမ့်မယ်။
ယွီရှောင်ကျီက လေးနက်သော လေသံဖြင့် ပြောလိုက်ပြီး သူ၏မျက်လုံးထဲတွင် နောင်တရိပ်အချို့ ဖြတ်ပြေးသွားသည်။ ရှောင်ချီလို ပါရမီရှင်တစ်ယောက် ပျက်စီးတော့မည်ကို နှမြော၍လား သို့မဟုတ် ထိုပါရမီရှင်ကို သူ အသုံးမချနိုင်၍လား ဆိုသည်ကိုတော့ မည်သူမျှ မသိနိုင်ပေ။
ဒါပေမဲ့ နောက်ဆုံးမှာတော့ သူက တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ပြီ ရှောင်ချီက ဝိညာဉ်ဓားဂိုဏ်းက ပညာရှင်တွေကို သတ်လိုက်ကတည်းက ဂိုဏ်းနဲ့ လုံးဝ အပြတ်အသတ် ဖြစ်သွားပြီဖြစ်ရာ ပြန်ပြင်ဖို့ လမ်းစမရှိတော့ပေ။ ဒီလို ရန်သူမျိုးကို ကြီးထွားခွင့်ပေးတာက ပညာရှိတဲ့ လုပ်ရပ် မဟုတ်တာတော့ အမှန်ပင်။
ဝိညာဉ်ဓားဂိုဏ်း... ဝိညာဉ်ဓားဂိုဏ်း ဒီနေရာကတော့ အောက်ခြေကနေ အထက်အထိ ဆွေးမြည့်နေပြီပဲ။ ခင်ဗျားတို့လို အဖိုးကြီးတွေကို ကြည့်ရုံနဲ့တင် ဝိညာဉ်ဓားဂိုဏ်းရဲ့ နိဂုံးကို မြင်နေရပြီ။
ခင်ဗျားတို့က ဟောင်းနွမ်းဆွေးမြည့်နေပြီ။ ဂိုဏ်းရဲ့ကိစ္စတွေကို မကိုင်တွယ်နိုင်တော့ရင်လည်း နောက်ဘက်တောင်ကုန်းမှာပဲ အေးအေးဆေးဆေး တရားအားထုတ်နေကြပါလား။
အနားယူသွားပြီဆိုရင်လည်း ခဏခဏ ပြန်ပေါ်လာပြီး လူရယ်စရာ မလုပ်ကြပါနဲ့ဦး ခင်ဗျားတို့ ဘာကိုများပြောင်းလဲနိုင်မှာလဲ။
တကယ်တော့ အစကနေ အဆုံးထိ ခင်ဗျားတို့ ဘာမှ မပြောင်းလဲနိုင်ခဲ့ဘူး။ ခင်ဗျားတို့ ပေါ်လာတာက အခြေအနေတွေကို ပိုဆိုးစေတာပဲရှိတာ။
"ယအခုတော့ ခင်ဗျားတို့က အောင်နိုင်သူတွေလိုမျိုး ဟန်လုပ်နေကြတာပေါ့။ ဒီလို လေဟာနယ်ပိတ်ဆို့တဲ့ စစ်ဗျူဟာလေးနဲ့တင် ကျွန်တော့်ကို တားနိုင်မယ်လို့ တကယ်ပဲ ထင်နေတာလား။
ရှောင်ချီသည် ကမ္ဘာတုန်စေမည့် ဤပညာရှင်ကြီးများကို သနားစရာသတ္တဝါများကဲ့သို့ ကြည့်ကာ မထီမဲ့မြင် ပြုသော လေသံဖြင့် ပြောလိုက်သည်။
ကျွန်တော် ဒီနေ့ ထွက်သွားပြီးရင် ကလဲ့စားချေဖို့ ပြန်လာမလားဆိုတာ စိုးရိမ်မနေကြပါနဲ့ဦး ဘာလို့လဲဆိုတော့ အဲ့ဒါကလုံးဝ မလိုအပ်လို့ပဲ ခင်ဗျားတို့ရဲ့နတ်ဘုရား ယဲ့ဖန်ကပဲ ခင်ဗျားတို့အားလုံးကို ငရဲဆီ ပို့ပေးလိမ့်မယ်။ ဒါက ကျွန်တော့်ရဲ့ ဟောကိန်းပဲ။ မယုံရင်တော့ ရလဒ်ကိုပဲ စောင့်ကြည့်လိုက်ကြပေါ့။
ရှောင်ချီသည် ထိုအကြီးအကဲချုပ်များကို နောက်တစ်ကြိမ် ကြည့်လိုက်ပြီး သူ၏လက်ထဲက ကျောက်စိမ်းအဆောင်မှာ ဝိညာဉ်အလင်းတန်းများအဖြစ် ပြောင်းလဲကာ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
သူ၏ ညီမလေး လက်ကိုဆွဲထားသည့် လက်မှာလည်း ပို၍ တင်းကျပ်သွားတော့သည်
ပြောသင့်တာတွေ အကုန်ပြောပြီးပြီ။ အခုတော့ ထွက်ခွာရမည့် အချိန်ပင်။
"ကောင်လေး စကားတွေများမနေနဲ့ ဒီနေ့ မင်း ဘယ်လို ထွက်ပြေးမလဲ ကြည့်ရသေးတာပေါ့" ဒီနေရာမှာ အဒေါသထွက်ဆုံးကတော့ ဂိုဏ်းချုပ် ဝူသောက်ကျီပင် ဖြစ်သည်။
သူက တစ်ဖက်က အကာအကွယ်ကို ထိန်းချုပ်ထားပြီး ကျန်တစ်ဖက်ကတော့ မီးလျှံရောင် ဝိညာဉ်စွမ်းအား လက်ဝါးကြီးအဖြစ် ပြောင်းလဲကာ ရှောင်ချီကို ဖမ်းဆုပ်ပြီး ခြေမွပစ်ရန် ကြိုးစားလိုက်သည်။
သို့သော် ထိုအချိန်မှာပင် ရှောင်ချီနှင့် လျူယွီရှူးတို့၏ ပုံရိပ်မှာ ဝိညာဉ်အဆောင်နှင့်အတူ အလင်းတန်းများအဖြစ် ပြောင်းလဲသွားသည်။ သူတို့သည် ဟာလာဟင်းလင်းပြင်ထဲသို့ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီးနောက် အလင်းတန်းတစ်ခုမှာ ဝိညာဉ်ဓားဂိုဏ်းကို ဖုံးအုပ်ထားသော ရွှေရောင် အကာအကွယ်ကြီးကို တိုက်ရိုက် ထိုးဖောက်ထွက်ခွာသွားတော့သည်။
"ဟင် ဒါဘယ်လိုဖြစ်နိုင်မှာလဲ ငါတို့ ငါးယောက်လုံး ပူးပေါင်းထားတာတောင် မျိုးဆက်သစ်တစ်ယောက်ကို မတားနိုင်ဘူးလား။ ဒါက ဘယ်လိုအဆင့်ရှိတဲ့ နယ်နိမိတ်ဖြတ်ကျော် အဆောင်မျိုးလဲ" အကြီးအကဲချုပ် ယွီရှောင်ကျီသည် ထွက်ပြေးသွားသော ရှောင်ချီနှင့် လျူယွီရှူးတို့ကို မယုံကြည်နိုင်သော မျက်နှာဖြင့် ငေးကြည့်နေမိသည်။
"မဖြစ်နိုင်ဘူး ဒါလုံးဝ မဖြစ်နိုင်ဘူး ဒီလို အာကာသဖြတ်ကျော်နိုင်တဲ့ အဆောင်မျိုးကို လုပ်နိုင်ဖို့ဆိုတာ မဟာဝေအင်ပါယာရဲ့ ဘိုးဘေးတွေ ဝူချန်းဂိုဏ်းက မိစ္ဆာအိုကြီးတွေနဲ့ ကျောက်စိမ်းကညာဂိုဏ်းက အဘွားကြီးတွေပဲ လုပ်နိုင်မှာလေ" ဒုတိယ အကြီးအကဲချုပ် နတ်ရှင် ယွီရှင်းကလည်း မယုံကြည်နိုင်စွာ ပြောလိုက်သည်။
"ဒါဆို လွန်ခဲ့တဲ့ဆယ်နှစ်က လေလံပွဲမှာ အဲ့ဒီအဆောင်ကို ဝယ်သွားတဲ့သူက တကယ်ပဲ ဒီကောင်လေး ဖြစ်နေတာလား" တတိယ အကြီးအကဲချုပ် ကျိန်းချီ ပညာရှိက တစ်ခုခုကို သတိရသွားဟန်ဖြင့် တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
"ဘာဖြစ်လို့လဲ မင်းက အဲ့ဒီအဆောင်ရဲ့ အကြောင်းကို သိနေတာလား" ယွီရှောင်ကျီက အကြီးအကဲ ကျိန်းချီကို ထူးဆန်းသော မျက်နှာထားဖြင့် လှည့်မေးလိုက်သည်။