အခန်း (၇၆) သွေးချောင်းစီး သတ်ဖြတ်ခြင်း
"အဟားဟားဟား..."
"မှန်တာပေါ့ ကလေးမှာ ဘာအပြစ်ရှိလို့လဲ သူလည်း ဒီလောကထဲကို ရောက်လာရုံပဲရှိသေးတာ သူလည်း အသက်ရှင်ချင်မှာပေါ့ သူလည်း ဒီလောကကြီးကို မြင်ချင်မှာပေါ့"
ဒါပေမဲ့ ဘာမှတတ်နိုင်ဘူးလေ ဘယ်သူက သူ့ကိုယဲ့ဖန်ရဲ့ ကလေး ဖြစ်ခိုင်းလို့လဲ ငါ့မျက်လုံးထဲမှာတော့ ယဲ့ဖန်နဲ့ ပတ်သက်တဲ့ လူဖြစ်ဖြစ် တိရစ္ဆာန်ဖြစ်ဖြစ် အကုန်သေထိုက်တယ် သူ့မျိုးဆက်ဆိုရင်တော့ ပြောနေစရာတောင် မလိုဘူး။
ရှောင်ချီသည် ရယ်မောလိုက်သည်။ သူ၏ ရယ်သံမှာ အင်မတန် ရက်စက်လှပြီး နားထောင်ရသည်မှာလည်း အလွန်ပင် စိတ်မသက်မသာ ဖြစ်စေသည်။
တပည့်များနှင့် အကြီးအကဲများစွာမှာ ထိုရယ်သံကို ကြားရသောအခါ အနက်ရှိုင်းဆုံး ချောက်နက်ထဲမှ လွတ်မြောက်လာသည့် မိစ္ဆာတစ်ကောင်နှင့် ရင်ဆိုင်နေရသကဲ့သို့ တစ်ကိုယ်လုံး ကြက်သီးမွှေးညင်းများ ထသွားကြတော့သည်။
ဤအချိန်တွင်မှ သူတို့ ရင်ဆိုင်နေရသူမှာ အရင်က သဘောကောင်းလှသည့် စီနီယာအစ်ကို ရှောင်ချီ မဟုတ်တော့ဘဲ မိစ္ဆာလမ်းစဉ်ထဲသို့ ကျရောက်ကာ သွေးလမ်းကြောင်းကို ဖောက်ထွက်လာသည့် မိစ္ဆာရှောင်ချီ ဖြစ်နေပြီဆိုသည်ကို သတိထားမိလိုက်ကြသည်။
မင်းတို့က ငါ့ကိုမိစ္ဆာလမ်းစဉ်ထဲရောက်အောင် အတင်းတွန်းပို့ခဲ့ပြီး လျှပ်စီးကန်ထဲမှာ ဆယ်နှစ်ကြာအောင် နှိပ်စက်ခဲ့ကြတာ။
ဒီနေ့တော့ မိစ္ဆာဘုရင်အစစ်ဆိုတာ ဘယ်လိုမျိုးလဲဆိုတာ မင်းတို့ကို ငါပြမယ် ရှောင်ချီက လက်ကို အသာအယာ ယမ်းလိုက်ရာ လျှပ်စီးများ တဖျတ်ဖျတ် လက်နေသည့် လှံရှည်တစ်စင်းမှာ သူ၏ လက်ထဲတွင် ပေါ်ပေါက်လာသည်။
လှံရှည်ပေါ်တွင် လျှပ်စီးတန်းများမှာ တခါတရံ ဖြည်းဖြည်းချင်း တခါတရံ လျင်မြန်စွာ ပြေးလွှားနေကြပြီး နတ်ဘုရားလက်နက်တစ်ခုအလား ထင်မှတ်ရသည်။
ရှူး... ခြေဖျားလေးဖြင့် အသာအယာ ထောက်လိုက်ရုံဖြင့် ရှောင်ချီမှာ လူအုပ်ကြားထဲသို့ ချက်ချင်း ရောက်ရှိသွားတော့သည် လှံကို ခပ်သာသာလေး ဝှေ့ယမ်းလိုက်ရုံဖြင့် တပည့်တစ်ဦး၏ ရင်ဘတ်ကို တိုက်ရိုက် ထိုးဖောက်လိုက်သည်။
"အား..." ထိုတပည့်မှာ နာကျင်စွာ အော်ဟစ်လိုက်ရသည်။ သို့သော် သူ ကြာကြာ မအော်လိုက်ရပေ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ လျှပ်စီးကြောင့် ချက်ချင်း ပေါက်ကွဲသွားပြီး သွေးမှုန်များအဖြစ် ပြောင်းလဲသွားတော့သည်။
ကွင်းပြင်တစ်ခုလုံး သေမင်းတမျှ တိတ်ဆိတ်သွားရသည်။ သွေးထွက်သံယိုကို တစ်ခါမှ မမြင်ဖူးကြသည့် ဤတပည့်များမှာ ထိုမြင်ကွင်းကို ခဏမျှ လက်မခံနိုင်ဖြစ်သွားကြသည်။
"မြန်မြန်... ပြေးကြ သူက တကယ့်လူသတ်နတ်ဘုရားပဲ" ကျပ်ထုပ်နေသည့် ဝတ်စုံဝတ်ထားသော အမျိုးသမီးတပည့်တစ်ဦးမှာ တုန်တုန်ရင်ရင်ဖြင့် ရှောင်ချီကို ကြောက်လန့်တကြား ကြည့်နေမိသည်။
သူတို့က ရှောင်ချီကို အလွန်ဆုံးရှိလှ တိုက်ခိုက်နိုင်စွမ်းရှိတဲ့ သိုးတစ်ကောင်လောက်ပဲ ထင်ခဲ့ကြတာ။ အခုမှပဲ သူတို့ ရင်ဆိုင်နေရတာက သိုးမဟုတ်ဘဲ သိုးအုပ်ထဲရောက်နေတဲ့ ကြောက်မက်ဖွယ် ကျားတစ်ကောင် ဖြစ်နေမှန်း သိလိုက်ကြရသည်။
ဝုန်း... လူအုပ်ကြားထဲတွင် ကြောက်မက်ဖွယ် လျှပ်စီးများ ပေါက်ကွဲသွားသည်။ အနီးအနားရှိ တပည့် လေးငါးဦးမှာ လျှပ်စီးလုံး ပေါက်ကွဲမှုအတွင်းပါသွားပြီး သူတို့၏အသားများ ချက်ချင်း ပုပ်အက်သွားကာ တစ်ကိုယ်လုံး ပြာအဖြစ် ပြောင်းလဲသွားတော့သည်။
"တပည့်တွေအားလုံး ဆုတ်ခွာကြ ဝိညာဉ်အသွင်ပြောင်းအဆင့်နဲ့ အထက် အကြီးအကဲတွေ စစ်ဗျူဟာ ပြင်ကြ" မိမိဘက်က တိုက်ခိုက်ရေးစွမ်းအားတွေ တဟုန်ထိုး ကျဆင်းလာတာကို မြင်တော့ ဂိုဏ်းချုပ် ဝူသောက်ကျီမှာ စတင် ပျာယာခတ်လာတော့သည်.ဤအချိန်တွင် သူကိုယ်တိုင် တိုက်ပွဲထဲသို့ ဝင်မတိုက်နိုင်သေးသော်လည်း အမိန့်တွေကိုတော့ ဟိန်းဟောက် ပေးနေနိုင်သေးသည်။
"တောင်သခင်တွေအားလုံး ချက်ချင်း တိုက်ပွဲဝင်ကြ မင်းတို့ အခုထိ အရေးမလုပ်သေးရင် မင်းတို့ရဲ့တပည့်တွေ မြေးတပည့်တွေ အကုန် သေကုန်တော့မယ်" ထို့နောက် ဝူသောက်ကျီသည် ဘေးနားတွင် အခြေအနေကို စောင့်ကြည့်နေကြသော ဟာလာဟင်းလင်း ပြန်လည်ရောက်ရှိခြင်းအဆင့်ပညာရှင်များကို ကြည့်ကာ ပြင်းထန်စွာ အမိန့်ပေးလိုက်သည်။
ဤအဖိုးကြီး အုပ်စုမှာ အလွန်ပင် လည်ပတ်ကြသူများဖြစ်ကြပြီး အခြေအနေကိုသာ ထိုင်ကြည့်နေကြခြင်း ဖြစ်သည် သူတို့၏ ရည်မှန်းချက်မှာ အနည်းဆုံး ပေးဆပ်မှုဖြင့် ရှောင်ချီကို အမိဖမ်းရန် အကောင်းဆုံး အချိန်ကို စောင့်ဆိုင်းနေကြခြင်းပင်။
တောင်သခင်အသီးသီးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး တိတ်တဆိတ် ခေါင်းညိတ်လိုက်ကြသည်။ စုစုပေါင်း လူခုနစ်ဦးမှာ ရှောင်ချီကို ဝိုင်းရံရန် တဖြည်းဖြည်း တိုးကပ်လာကြသည်။
ရှောင်ချီ၏ မျက်ခုံးမှာ အနည်းငယ် တွန့်သွားသည်။ ဤလူများအားလုံးမှာ ဟာလာဟင်းလင်း ပြန်လည်ရောက်ရှိခြင်းအဆင့် အစွမ်းရှိသူများ ဖြစ်ကြသည်။
အကယ်၍ တစ်ဦးချင်း တိုက်ရမည်ဆိုပါက ရှောင်ချီအနေဖြင့် လုံးဝ ကြောက်ရွံ့နေမည် မဟုတ်သော်လည်း တစ်ယောက် ခုနစ်ယောက် တိုက်ရမည်မှာတော့ အနည်းငယ် ပင်ပန်းနိုင်ပေသည်။
"မိုးကြိုးဘုရင်ဓား" ရှောင်ချီ၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သူ၏ ပုံရိပ်မှာ လျင်မြန်စွာ မှိန်ဖျော့သွားကာ နောက်တစ်စက္ကန့်တွင် လူတိုင်း၏ မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။ သူ ပြန်ပေါ်လာသည့် အချိန်တွင်မူ တောင်သခင် ခုနစ်ဦး၏ အလယ်တည့်တည့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
လျှပ်စီးများ လက်နေသည့် အပြာရောင် ဓားရှည်တစ်စင်းမှာ ဟာလာဟင်းလင်း ပြန်လည်ရောက်ရှိခြင်းအဆင့် အစောပိုင်းရှိ တောင်သခင်တစ်ဦး၏ ရင်ဘတ်ကို ချက်ချင်း ထိုးဖောက်သွားတော့သည်။
ထိုတောင်သခင်၏ ဝိညာဉ်မှာ လျှပ်စီး၏ လောင်မြိုက်မှုကို ခံလိုက်ရပြီး ခဏချင်းမှာပင် ပြာအဖြစ် ပြောင်းလဲသွားတော့သည်။
ရှောင်ချီ၏ နည်းလမ်းများမှာ တကယ့်ကို ရက်စက်လှသဖြင့်ရှိနေသော တောင်သခင် အများအပြားမှာ ထိတ်လန့်သွားကြပြီး ရှေ့သို့ မတိုးရဲကြတော့ပေ။
ထိုလူများ ကြောင်တောင်တောင် ဖြစ်နေသည့် အချိန်ကို အခွင့်ကောင်းယူကာ ရှောင်ချီသည် သူ၏ညီမလေး လက်ကို ဆွဲပြီး ဓားကို စီးနင်းကာ အမြန် ထွက်ခွာခဲ့တော့သည်။
ကဲ... ဒါက တကယ့်ကို အခြေအနေကောင်း မဟုတ်လား ဝိညာဉ်ဓားဂိုဏ်းက ပညာရှင် အမြောက်အမြားကို သတ်ဖြတ်ခဲ့ပြီးမှတော့ ဂိုဏ်းကနေ ထွက်ခွင့် တောင်းနေဖို့ ဘာလိုတော့မှာလဲ ဒါက တကယ့်ကို အတိအလင်း သစ္စာဖောက်လိုက်တာပဲ။
ဒါပေမဲ့ ဒီသတင်းကို ကြားပြီးရင် သူ့ရဲ့ဆရာအသစ်က သူ့ကိုဆက်ပြီး လက်ခံပါ့မလားဆိုတာတော့ သူ မသိသေးပေ။
ဟွန့်... ထွက်ပြေးချင်တာလား ရှောင်ချီ မင်းက ကြီးလေးတဲ့ ပြစ်မှုကို ကျူးလွန်ခဲ့တာ။ အသာတကြည် အဖမ်းခံတာက မင်းအတွက် ပိုကောင်းလိမ့်မယ်။
မင်းက ဂိုဏ်းသားအချင်းချင်း သတ်ဖြတ်ခဲ့ရုံတင်မကဘူး ဟာလာဟင်းလင်း ပြန်လည်ရောက်ရှိခြင်းအဆင့် တောင်သခင်တစ်ဦးကိုတောင် သတ်ရဲတယ်ပေါ့။
ဒီပြစ်မှု တစ်ခုတည်းနဲ့တင် မင်းကို စည်းကမ်းထိန်းသိမ်းရေး ဌာနမှာ ဝိညာဉ်ခုနစ်ခု အငြှိုးထုတ်ခြင်းဒဏ်ခတ်မှုကို ခံရစေဖို့ လုံလောက်နေပြီ။
စူးရှသော အော်ဟောက်သံမှာ တိမ်တိုက်များကြား ပဲ့တင်ထပ်သွားသည်။ ဂိုဏ်းချုပ် ဝူသောက်ကျီမှာ နောက်ဆုံးတွင် သည်းမခံနိုင်တော့ဘဲ ဒဏ်ရာပြင်းထန်နေသည့် ကျန်းချီနင်ကို ဘေးဖယ်ထားလိုက်သည်။
သူသည် အလင်းတန်းတစ်ခုအလား ရှောင်ချီ၏ ရှေ့မှ ပိတ်ဆို့လိုက်သည်။ သူသည် ရှောင်ချီ ထွက်သွားသည်ကို ဒီအတိုင်း ကြည့်မနေနိုင်တော့ပေ။
အဖိုးကြီး... နောက်ဆုံးတော့ ခင်ဗျားကိုယ်တိုင် ဝင်ပါလာပြီပေါ့ ခင်ဗျားရဲ့ စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲ အသက်ကိုရော ဂရုမစိုက်တော့ဘူးလား။
ကျွန်တော့်အမြင်ပြောရရင် ခင်ဗျားနောက်ကို လိုက်တာကတော့ အနာဂတ် မရှိပါဘူး။ အရေးကြီးတဲ့ အချိန်ရောက်ရင် ကိုယ့်အသက်ကိုတောင် မကယ်နိုင်ဘဲ ခင်ဗျားရဲ့ အစွန့်ပစ်ခံ ဖြစ်ရတာပဲ။
ရှောင်ချီသည် ရှေ့တွင် ပိတ်ဆို့ထားသော ခန့်ညားသည့် ပုံရိပ်ကို ကြည့်ကာ ပါးစပ်ထောင့်ကို အနည်းငယ် တွန့်၍ မထီမဲ့မြင် ပြုသော မျက်နှာဖြင့်ပြောလိုက်သည်။
တစ်ချိန်တည်းမှာပင် သူသည် လေထဲတွင် အသက်ငင်နေပြီး နောက်ဆုံးထွက်သက်ကို ရှူနေရသည့် စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲကို လှမ်းကြည့်လိုက်သည်။
သို့သော် ထိုအကြီးအကဲ၏ အသက်ရှူသံမှာ မှိန်ဖျော့လာစဉ်မှာပင် ခရမ်းရောင် ဝတ်စုံဝတ်ထားသည့် ပုံရိပ်တစ်ခုမှာ သူ၏ ဘေးသို့ ရောက်ရှိလာခဲ့သည်။
သူမ၏ လက်များမှ ခရမ်းရောင် ပိုးချည်မျှင်များ ထွက်ပေါ်လာပြီး အကြီးအကဲ ကျန်းချီနင်၏ ကိုယ်ပေါ်ရှိ အပ်စိုက်မှတ်အမျိုးမျိုးကို ထိုးဖောက်သွားသည်။ ဝိညာဉ်စွမ်းအား လှိုင်းများမှာ ထိုချည်မျှင်များမှတစ်ဆင့် သူ၏ ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် စီးဝင်သွားတော့သည်။
ဤနည်းလမ်းအောက်တွင် ကျန်းချီနင်၏ ပျောက်ကွယ်လုနီးပါး ဖြစ်နေသော အသက်ဓာတ်မှာ တဖြည်းဖြည်း ပြန်လည် တည်ငြိမ်လာတော့သည်။
ရှောင်ချီသည် ထိုခရမ်းရောင် ဝတ်စုံနှင့် ပုံရိပ်ကို လက်ဝါးတစ်ချက်ဖြင့် ရိုက်သတ်ပြီး အကြီးအကဲ၏ နောက်ဆုံး ရှင်သန်ခွင့် လမ်းစကို ဖြတ်တောက်ပစ်ချင်နေမိသည်။
ဒါပေမဲ့ ထိုခရမ်းရောင် ပုံရိပ်မှာ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်တုန်းက သူ့အသက်ကို ကယ်ခဲ့ဖူးတဲ့ အကြီးအကဲ ဇီယီဖြစ်နေသည်။ ထိုအချိန်တုန်းက သူမသည် ဂိုဏ်း၏ အမိန့်အရ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သော်လည်း နောက်ဆုံးတွင် သူမက သူ့အသက်ကို ကယ်ခဲ့သည်မှာ အမှန်ပင်။ ရှောင်ချီအနေဖြင့် ကျေးဇူးကို ရန်တုံ့ပြန်ဖို့ စိတ်မပါပေ။
ထို့အပြင် လက်ရှိ အခြေအနေမှာ သူ့အတွက် အင်မတန် အားနည်းနေသည်။ ဂိုဏ်းချုပ် ဝူသောက်ကျီမှာ လက်အားသွားပြီဖြစ်ရာ ရှေ့မှ ပိတ်ဆို့ထားသည်။ သူ ဝိညာဉ်ဓားဂိုဏ်းကနေ လွတ်အောင် ပြေးနိုင်ပါ့မလား ဆိုတာက ခက်ခဲတဲ့ ပြဿနာတစ်ခု ဖြစ်နေဆဲပင်။
"ရှောင်ချီ... ရှောင်ချီ ဒီတစ်ခါတော့ မင်း ဘယ်လို ပြေးမလဲဆိုတာ ကြည့်ရသေးတာပေါ့" ဝူသောက်ကျီသည် ရက်စက်သော အပြုံးကို ပြသလိုက်ပြီး ရှောင်ချီကို ကြည့်သည့် အကြည့်မှာ ပို၍ ယုတ်မာလာတော့သည်။
အတိအကျ ပြောရမည်ဆိုလျှင် သူနှင့် ရှောင်ချီကြားတွင် ကြီးမားသော ရန်ငြိုးရန်စ မရှိခဲ့ပေ။ နောက်ကြောင်းကို ပြန်လိုက်ကြည့်လျှင် သူသည် ရှောင်ချီ၏ ယောက္ခမဟောင်းပင် ဖြစ်ခဲ့ဖူးသည်။
အကယ်၍ သူ၏သမီးဖြစ်သူက အသိတရားမဲ့ပြီး တောင်ခြေက လမ်းဘေးကောင်လေးတစ်ယောက်ကို ကောက်မလာခဲ့ရင် ရှောင်ချီနဲ့ သူ၏ သမီးတို့ရဲ့ လက်ထပ်ပွဲက အခုလောက်ဆို အတည်ဖြစ်နေလောက်ပြီ။
ဒါပေမဲ့ ယဲ့ဖန်နဲ့ ရှောင်ချီကတော့ သဘာဝအတိုင်း ရန်သူတွေလို ဖြစ်နေကြသည်။ ဒါမှမဟုတ် သူ့သမီး လင်ကျောက်လန်ကြောင့်ပဲ သူတို့ ဆက်ဆံရေးက ဒီလောက်အထိ ဆိုးရွားသွားတာလည်း ဖြစ်နိုင်သည်။ ထိုနှစ်ယောက် တွေ့တိုင်း တိုက်ခိုက်ကြပြီး သေရင်သေ ဒါမှမဟုတ် ဒဏ်ရာပြင်းပြင်းထန်ထန် ရမှ ရပ်ကြသည့် တိုက်ပွဲမျိုးပင်။
သူ့သမီးက ရွေးချယ်မှု ပြုလုပ်ပြီးပြီဆိုတော့ ဖခင်တစ်ယောက်အနေနဲ့ သူက သမီးကို မဆန့်ကျင်နိုင်ပေ။ ထို့ကြောင့် သူကလည်း ယဲ့ဖန်ဘက်ကို ပါခဲ့ရခြင်း ဖြစ်သည်။
ယဲ့ဖန်ဘက်ကနေ အကြိမ်ကြိမ် ဘက်လိုက်ပေးခဲ့ပြီးနောက် ရှောင်ချီကို သူ ပြန်လမ်းမရှိအောင် စော်ကားမိခဲ့ပြီ အခုချိန်မှာ ရှောင်ချီ အားနည်းနေတုန်း သူ့ကို အမြန်ဆုံး ရှင်းပစ်ရမည်။ မဟုတ်ရင် ရှောင်ချီရဲ့ ပါရမီနဲ့ဆိုရင် သူ တကယ်ကြီးထွားလာရင် သူ၏ သမက် ယဲ့ဖန်တောင် သူ့ကို ကိုင်တွယ်နိုင်မှာ မဟုတ်တော့ဘူး။
ထို့အပြင် ရှောင်ချီသည် အသေးအမွှား ရန်ငြိုးကိုတောင် ကလဲ့စားချေတတ်သူ ဖြစ်ကြောင်း ထင်ရှားလှသည်။
ခုနက သူလုပ်ခဲ့တာတွေကို ကြည့်ပါဦး ယဲ့ဖန်နဲ့ လျူချန်းအာတို့ရဲ့ ကလေးကို ရိုက်ထုတ်ခဲ့ရုံတင်မကဘဲ စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲ ကျန်းချီနင်ရဲ့ ရင်ဘတ်ကိုပါ ဓားနဲ့ ထိုးဖောက်ခဲ့တာလေ။ ဒါက ကလဲ့စားချေခြင်းရဲ့ ပြဌာန်းချက်စာအုပ်ထဲက အတိုင်းပဲ မဟုတ်လား။