အခန်း (၇၄) ဝူသောက်ကျီ၏အပြစ်မေးမြန်းခြင်း
"ခင်ဗျား ကျွန်တော့်ကို တားလို့မရဘူး" ရှောင်ချီ၏ ခေါင်းပေါ်တွင် ရွှေကြာပန်းတစ်ပွင့် ဝဲပျံနေပြီး ၎င်းထံမှ တောက်ပသော ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာကာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံထားသည်။
ထိုအလင်းတန်းများက ပြင်းထန်လှသော တိုက်ခိုက်မှုကို ခုခံကာကွယ်ပေးလိုက်သည်
လင်ယွင်နတ်သမီးထံမှ ထွက်ပေါ်လာသော ဖိအားများကို ခံစားကြည့်ပြီးနောက် ရှောင်ချီသည် အတိတ်က ကြောက်မက်ဖွယ်ကောင်းသော ဖိအားမျိုးမရှိတော့ကြောင်း သတိပြုမိလိုက်သည်။
အလွန်ဆုံးရှိလှ လင်ယွင်သည် ယခုအခါ ဟာလာဟင်းလင်း ပြန်လည်ရောက်ရှိခြင်းအဆင့်၏ နောက်ဆုံးအဆင့်မှာသာ ရှိတော့သည်။ ဤမှော်ရတနာကို မသုံးလျှင်ပင် ရှောင်ချီသည် သူမကို ယှဉ်တိုက်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။
တောက်... ဘာလို့လဲ ယဲ့ဖန်မှာလည်း ကာကွယ်ပေးမဲ့မှော်ရတနာ ရှိနေတယ် အခု နင့်မှာလည်း ရှိနေပြန်ပြီ ဘာလို့ ဒီအခွင့်အရေးတွေက နင်တို့လိုကောင်တွေဆီပဲ ရောက်နေရတာလဲ။
ငါကျင့်ကြံလာတာ အနှစ်တစ်ရာကျော်ပြီ ဒါတောင် နင်တို့လို မျိုးဆက်သစ်တွေကို မယှဉ်နိုင်ဘူးလား။
"လျှပ်စီးအသက်ရှူသံ" ရှောင်ချီသည် သူ၏ လက်ဝါးကို ဖြည်းဖြည်းချင်း မြှောက်လိုက်ရာ လျှပ်စီးတန်းတစ်ခုသည် ဟာလာဟင်းလင်းပြင်ကို ချက်ချင်း ထိုးခွဲကာ လင်ယွင်၏ မျက်ခုံးအလယ်တည့်တည့်သို့ လျှပ်တစ်ပြက်အတွင်း ပြေးဝင်သွားတော့သည်။
ဝုန်း... လင်ယွင်သည် အချိန်မီ မတုံ့ပြန်နိုင်ဘဲ သူမ၏ ဝိညာဉ်သိုလှောင်ရာကို လျှပ်စီးထိမှန်သွားတော့သည် သူမသည် နောက်သို့ လွင့်ထွက်သွားပြီး ရှောင်ချီ၏ ဂူနံရံနှင့် အရှိန်ပြင်းစွာ ရိုက်မိသွားသည်။
ဂူတစ်ခုလုံးသည် ပြင်းထန်သော ဖိအားကြောင့် ပြိုကျတော့မည့်အလား တုန်ခါသွားရသည်။
"ဒီကျိသောက် ရွှေကြာပန်းက တကယ်ကို အထင်ကြီးစရာပဲ။ ငါ့ခန္ဓာကိုယ်ကို ကာကွယ်ပေးရုံတင်မကဘူး ငါ့ရဲ့ မှော်စွမ်းအားနဲ့ လျှပ်စီးစွမ်းအင်တွေကိုပါ မြှင့်တင်ပေးနိုင်တာပဲ ငါတော့ ရတနာအစစ်ကို ရခဲ့တာပဲ" ရှောင်ချီသည် သူ၏ ခေါင်းပေါ်က ရွှေကြာပန်းကို ကြည့်ကာ စိတ်ထဲမှ ကျေနပ်စွာ ရေရွတ်လိုက်သည်။
"အဟွတ်... အဟွတ်" လင်ယွင်သည် ဂူနံရံကို အားပြုကာ ဖြည်းဖြည်းချင်း ထရပ်လိုက်ပြီး ရှောင်ချီကို အမုန်းတရားများဖြင့် စိုက်ကြည့်လိုက်သည်။
သူမကို အမြဲတမ်းရိုသေဆုံးဖြစ်တဲ့ တတိယတပည့်ကတောင် သူမကို စွန့်ခွာတော့မှာလား သူမ ဘာတွေများမှားခဲ့လို့လဲ ဘာလို့ လူတိုင်းက သူမကို ဆန့်ကျင်နေကြတာလဲ။
လင်ယွင်နတ်သမီးသည် အမှန်တကယ်တော့ ဒဏ်ရာပြင်းပြင်းထန်ထန် မရရှိခဲ့ပေ သူမ၏ ကျင့်စဉ်အဆင့်မှာ ရှိနေဆဲဖြစ်သည်။ ရှောင်ချီအနေနှင့် သူမကို အမှန်တကယ် ဒဏ်ရာရအောင် လုပ်ရန်မှာ ခက်ခဲပါသေးသည်။
သို့သော် ခုနက တိုက်ခိုက်မှုမှာ သူမအတွက် အင်မတန် အနေရခက်စေသည်။ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုထက် စိတ်ပိုင်းဆိုင်ရာ နာကျင်မှုက သူမ၏ နှလုံးသားကို ဓားနှင့် မွှန်းနေသကဲ့သို့ ခံစားရစေသည်။
ရှောင်ချီသည် လင်ယွင်နတ်သမီးကို အေးစက်စွာ တစ်ချက်ကြည့်ကာ သူ၏ညီမလေး လက်ကို ဆွဲပြီး ဂူအပြင်ဘက်သို့ ဖြည်းဖြည်းချင်း ထွက်ခွာခဲ့သည်။
သူသည် ကြောင်တောင်တောင်ဖြင့် ကျန်ရစ်ခဲ့သော လင်ယွင်နတ်သမီးကို ဂူထဲတွင် တစ်ယောက်တည်း ထားရစ်ခဲ့တော့သည်။
စီနီယာအစ်ကို ငါတို့ ထွက်သွားတာ နည်းနည်း မစောလွန်းဘူးလား သူမနဲ့ ဆရာတပည့် ဆက်ဆံရေးကို အပြတ်ဖြတ်မှာ မဟုတ်ဘူးလား အနည်းဆုံးတော့ အထောက်အထားဖြစ်အောင် စာချုပ်တစ်ခုခုမှာ လက်မှတ်ထိုးခိုင်းသင့်တာပေါ့။
ပြီးတော့ စီနီယာအစ်ကိုက ရှင်းယွဲ့ ဘိုးဘေးကြီးရဲ့ဂိုဏ်းဝင် ဖြစ်သွားပြီဆိုတော့ ညီမလေးလည်း ကျောက်စိမ်းကညာဂိုဏ်းကို လိုက်ဝင်ရမှာပေါ့။ ဒါဆို ညီမလေးလည်း ဆရာနဲ့ ပတ်သက်မှု ဖြတ်ဖို့ မလိုဘူးလား။
ဂူအပြင်သို့ ရောက်သောအခါ မိန်းကလေးငယ်သည် ရှောင်ချီကို ဆွဲကာ စိုးရိမ်တကြီး သတိပေးတော့သည်။
စောစောက သူမ၏ စီနီယာအစ်ကိုနှင့် ဆရာတို့ အပြန်အလှန် တိုက်ခိုက်နေကြသည်ကို မြင်ရသဖြင့် သူမ ယခုမှ စကားပြောရဲခြင်း ဖြစ်သည်။
"မင်းပြောတာ မှန်တယ်။ ငါ သူမရဲ့ လက်ကို အတင်းဆွဲပြီး ဆရာတပည့် ဆက်ဆံရေး ဖြတ်တောက်ကြောင်း စာချုပ်မှာ လက်မှတ်ထိုးခိုင်းသင့်တာ" ရှောင်ချီသည် စဉ်းစားကြည့်ပြီးနောက် ညီမလေး၏ စကားမှာ အဓိပ္ပာယ်ရှိသည်ဟု ခံစားလိုက်ရသည်။
သို့သော် ရှောင်ချီသည် လင်ယွင်နတ်သမီးနှင့် ဆက်လက် ဆွေးနွေးရန် ဂူထဲသို့ ပြန်ဝင်ဖို့ စဉ်းစားနေစဉ်မှာပင် လူပေါင်း တစ်ရာကျော်သည် ခရမ်းရောင်တိမ်တိုက်တောင်ပေါ်သို့ ရုတ်တရက် ရောက်ရှိလာပြီး တောင်ထိပ်တစ်ခုလုံးကို ဝိုင်းရံထားလိုက်ကြသည်။
ဦးဆောင်လာသူမှာ အခြားသူမဟုတ်ဘဲ ဝတ်စုံဖြူ ဝတ်ဆင်ထားကာ နတ်ဘုရားတစ်ပါးကဲ့သို့ ခန့်ညားနေသော ဂိုဏ်းချုပ် ဝူသောက်ကျီပင် ဖြစ်သည် အခုချိန်တွင် သူသည် ရှောင်ချီကို အေးစက်သော မျက်နှာထားဖြင့် ကြည့်နေသည်။
သူ၏ နောက်တွင် သူနှင့် ရင်းနှီးသော တောင်သခင်အချို့၊ အကြီးအကဲအချို့နှင့် ဂိုဏ်းချုပ် ဝူသောက်ကျီအပေါ် အလွန်သစ္စာရှိကြသော အတွင်းဂိုဏ်းတပည့်အချို့ ပါလာကြသည်။
ရှောင်ချီ မင်းကတကယ်ကို သတ္တိကောင်းတာပဲ ဘာမှမပြောမဆိုဘဲ ဂိုဏ်းကနေ ထွက်သွားတယ် အခုလည်း တံခါးစောင့်တပည့်တွေကို ဒဏ်ရာရအောင်လုပ်ပြီး ခွင့်ပြုချက်မရှိဘဲ ခရမ်းရောင်တိမ်တိုက်တောင်ကို ပြန်လာရဲတယ်ပေါ့ ငါ့ရဲ့ဝိညာဉ်ဓားဂိုဏ်းက မင်း စိတ်ကြိုက် ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်လို့ရတဲ့ နေရာလေးတစ်ခုလို့ ထင်နေတာလား။
ဂိုဏ်းချုပ် ဝူသောက်ကျီသည် ခြေဖဝါးအောက်တွင် ဖြူလွလွ တိမ်တိုက်တစ်ခုကို စီးနင်းကာ လေထဲတွင် ရပ်နေသည်။ သူ၏ နောက်တွင် အစွမ်းထက်သော ပညာရှင် တစ်ရာကျော်မှာ ဖိအားများ အပြည့်နှင့် ရှိနေကြသည်။ သူသည် ရှောင်ချီကို အပေါ်စီးမှနေ၍ အေးစက်စက် လေသံဖြင့် ကြည့်ကာ ပြောလိုက်သည်။
"ဂိုဏ်းချုပ်ကြီး မတွေ့ရတာ ကြာပြီနော် ခင်ဗျား ဂိုဏ်းချုပ် ပြန်ဖြစ်နေပြီလို့ ကြားတယ်။ ဝိညာဉ်ဓားဂိုဏ်းမှာ လူဒီလောက်တောင် ရှားသွားတာလား။
ရှောင်ချီသည် လေထဲသို့ ခုန်တက်လိုက်ကာ ဂိုဏ်းချုပ် ဝူသောက်ကျီနှင့် အဆင့်တူ အနေအထားတွင် ရပ်လိုက်သည် သူသည် ဝူသောက်ကျီကို အေးအေးဆေးဆေး စစ်ဆေးကြည့်ပြီးနောက် ပါးစပ်ထောင့်ကို အနည်းငယ် တွန့်ကာ နောက်ပြောင်သော လေသံဖြင့် မေးလိုက်သည်။
ရှောင်ချီ၏ ရိုင်းစိုင်းသော စကားများကို ကြားသောအခါ ဝူသောက်ကျီမှာ ချက်ချင်းပင် ဒေါသထွက်သွားတော့သည် သူတို့ ရှစ်ရက် ကိုးရက်ကမှ တွေ့ခဲ့ကြတာလေ အခု ဆယ်နှစ်ကျော်လောက် မတွေ့ရသလိုမျိုး ဟန်ဆောင်နေတာက တကယ်ကို နာကျည်းစရာပင်။
ဒါပေမဲ့ အခုချိန်မှာတော့ သူသည် ဤမျိုးဆက်သစ် ရှောင်ချီ အကြောင်းကို အနည်းငယ် နားလည်သွားပြီ ဖြစ်သည် ဤကောင်လေးသည် ဆရာသမားကိုလည်း မရိုသေ တရားဓမ္မကိုလည်း ဂရုမစိုက်သလို လူကြီးသူမတွေအပေါ်မှာလည်း အလေးအနက်ထားခြင်း အစအနပင် မရှိပေ။
သူ ဒီနေ့ ဒီကို လာတာက စကားကောင်းတွေ နားထောင်ဖို့ မဟုတ်ဘူး ရှောင်ချီကို တစ်ခါတည်း အသေသတ်ဖို့ လာခဲ့ခြင်း ဖြစ်သည်။
မူလက ဂိုဏ်းချုပ် ဝူသောက်ကျီသည် ရှောင်ချီကို လျှပ်စီးကန်ထဲမှာ ဆယ်နှစ်ကြာ ပိတ်လှောင်ထားခြင်းဖြင့် သူ၏ပါရမီတွေ ပျက်စီးပြီး မှေးမှိန်သွားလိမ့်မည်ဟု ထင်ခဲ့သည်။
ဒါပေမဲ့ ရှောင်ချီက ကန်ထဲမှာရှိတဲ့ လျှပ်စီးတွေကို စုပ်ယူနိုင်ရုံတင်မကဘဲ လျှပ်စီးကန်ထဲမှာတင် ကျင့်ကြံနိုင်ခဲ့လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ဒါက ဂိုဏ်းချုပ်တစ်ယောက်ဖြစ်တဲ့ သူ့ကို အင်မတန် ထိတ်လန့်သွားစေသည်။
အထူးသဖြင့် လွန်ခဲ့တဲ့ ရှစ်ရက် ကိုးရက်တုန်းက ရှောင်ချီနဲ့ လက်ဝါးချင်း ရိုက်နှက်ခဲ့စဉ်က ရှောင်ချီ၏ ကြောက်မက်ဖွယ်ကောင်းသော ပါရမီကို သူကောင်းကောင်း ခံစားခဲ့ရသည်။
အကယ်၍ ဤကောင်လေးကိုသာ ဆက်ပြီး ကြီးထွားခွင့် ပေးလိုက်မယ်ဆိုရင် ရှောင်ချီ ဘယ်လိုအဆင့်အထိ ရောက်သွားမလဲဆိုတာ ဝူသောက်ကျီ မတွေးရဲအောင်ပင်။
သူတို့လို လူကြီးသူမတွေက လောကီရေးရာတွေကို ကောင်းကောင်း နားလည်ကြသည်။ တစ်စုံတစ်ယောက်ကို ပြန်လမ်းမရှိအောင် စော်ကားမိပြီးပြီဆိုရင်တော့ စိတ်ကူးယဉ်မနေသင့်တော့ဘူး။ သူ မကြီးထွားခင်မှာ အမြစ်ပြတ် သတ်ပစ်ရမည်။ ဒါက အားရှိသူတွေရဲ့ ရှင်သန်ခြင်း လမ်းစပင်ဖြစ်သည်။
ဂိုဏ်းချုပ် ဝူသောက်ကျီ၏ နောက်တွင် သိန်းငှက်ကဲ့သို့ မျက်လုံးများရှိသည့် အဖိုးကြီးတစ်ဦးသည် သူတို့နှင့် မျက်နှာချင်းဆိုင်တွင် ရပ်နေသော ရှောင်ချီကို တိတ်တဆိတ် စစ်ဆေးနေသည်။
ဤအဖိုးကြီးမှာ အခြားသူမဟုတ်ဘဲ စည်းကမ်းထိန်းသိမ်းရေးဌာ၏ ဌာနမှူး ကျန်းချီနင်ပင် ဖြစ်သည် ဆယ်နှစ် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သဖြင့် သူ၏မျက်နှာပေါ်တွင် အိုမင်းမှု အချို့ ထင်ဟပ်နေပြီ ဖြစ်သည်။
ဤဆယ်နှစ်အတွင်း သူ၏ ကျင့်စဉ်မှာ သိသိသာသာ တိုးတက်မှု မရှိခဲ့ပေ။ကံကောင်းသည်မှာ ဂိုဏ်းအတွင်း သူ၏ ရာထူးမှာ ပိုမို ခိုင်မာလာပြီး သူ၏ ဘဝမှာ အင်မတန် သက်သောင့်သက်သာ ရှိနေခြင်းပင် ဖြစ်သည်။
သို့သော် လွန်ခဲ့သော ရက်အနည်းငယ်က ရှောင်ချီ ပြန်ထွက်လာသည်ကို မြင်ပြီးနောက်တွင်မူ သူ၏ စိတ်မှာ အတော်လေး အနေရခက်လာခဲ့သည်။
ဆယ်နှစ်ဆိုတာ တိုလည်းမတို ရှည်လည်းမရှည်တဲ့ အချိန်တစ်ခုမို့ သူ ရှောင်ချီလို လူမျိုးကို မေ့သလောက်ဖြစ်နေပြီ။
အဲ့ဒီတုန်းက သူ ထင်ခဲ့သလိုပဲ ပျက်စီးသွားတဲ့ ပါရမီရှင်ဆိုတာ ပါရမီရှင် မဟုတ်တော့ဘူး။ လျှပ်စီးကန်လိုမျိုး ကျင့်ကြံလို့မရဘဲ တစ်နေကုန် လျှပ်စီးအပူဒဏ်ကို ခံနေရတဲ့ နေရာမှာ ရှောင်ချီကတော့ ပျက်စီးသွားပြီလို့ပဲ သူ ယူဆခဲ့သည်။
ဒါက ရှောင်ချီအပေါ် လူတိုင်း မြင်နေတဲ့ အမြင်ဖြစ်ပြီး ကျန်းချီနင် တစ်ယောက်တည်း မဟုတ်ပေ။ ဒါပေမဲ့ သူ ဤလူကို မေ့တော့မည့်အချိန်မှာပဲ ရှောင်ချီက ရုတ်တရက် ပေါ်လာပြီး ဝိညာဉ်ဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ်သစ် ဝူသောက်ကျီကို ပါးရိုက်လိုက်သလို ဖြစ်သွားသည်။
ဂိုဏ်းချုပ် ဝူသောက်ကျီသည် ထိုအချိန်က သူ့ကို ကိုင်တွယ်ရန် အချိန်မပေးနိုင်ခဲ့သော်လည်း ရှောင်ချီသည် ဝိညာဥ်နှင်ခန္ဓာ ပေါင်းစပ်ခြင်းအဆင့်ရှိ ပညာရှင်တစ်ဦး၏ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိခြင်းကပင် သူ၏ အစွမ်းကို သက်သေပြနေခြင်း ဖြစ်သည်။
ထို့ကြောင့် ထိုအချိန်မှစ၍ ကျန်းချီနင်သည် ရှောင်ချီကို သတ်ရန် နည်းလမ်းရှာရမည်ဟု ဆုံးဖြတ်ချက် ချလိုက်သည်။ မဟုတ်လျှင် သူ ကောင်းကောင်း အိပ်ပျော်နိုင်မည် မဟုတ်ပေ။
ထိုနေ့မှ ယနေ့အထိ သူအိပ်မပျော်ခဲ့သည်မှာ ရှစ်ရက်ရှိပြီ ဖြစ်သည်။ ရှောင်ချီသည် သူ၏ စိတ်ထဲက မိစ္ဆာဖြစ်လာတော့မည့် အခြေအနေပင်။
ရှောင်ချီ မင်းက လူကြီးသူမတွေကို အကြိမ်ကြိမ် စော်ကားခဲ့တယ် မင်းရဲ့ ပြစ်မှုတွေနဲ့ ပေါင်းလိုက်ရင် ငါ ဒီနေ့ မင်းကို ဖမ်းဆီးရလိမ့်မယ်။
ငါ မင်းကို ဝိညာဉ်ဓားဂိုဏ်းရဲ့ ကမ်းပါးအောက်မှာ နှစ်ပေါင်း တစ်ရာကြာ ပိတ်လှောင်ထားမယ်။
ဒီတစ်ခါတော့ ဘယ်သူမှ မင်းကို မကယ်နိုင်တော့ဘူး၊ အကြီးအကဲချုပ်ကိုယ်တိုင် ထွက်လာပြီး တောင်းပန်ပေးရင်တောင် ငါ မင်းကို အပြည့်အဝ နှိမ်နင်းပြမယ်။
အကယ်၍ နှစ်တစ်ရာ မလုံလောက်ရင် နှစ်တစ်ထောင် နှစ်တစ်ထောင် မလုံလောက်ရင် နှစ်တစ်သောင်းပေါ့ မင်းရဲ့ အကျင့်စရိုက်တွေကို ငါမချိုးနှိမ်နိုင်ဘူးလို့ မယုံဘူး။ မင်းက လူကြီးသူမတွေကို ဖီဆန်ပြီး မောက်မာနေဦးမလားဆိုတာ ကြည့်ကြသေးတာပေါ့။