အခန်း (၇၁) ယဲ့ဖန်ရဲ့ခေါင်းပေါ်မှာ မြက်ပင်တွေ ပေါက်နေပြီထင်တယ်
ရှောင်ချီနှင့် လင်ယုရှူတို့သည် ဂိုဏ်း၏ တောင်တံခါးဝသို့ ဆင်းသက်လိုက်စဉ် တည့်တည့်ဝင်ရန် ကြံရွယ်သော်လည်း ကင်းစောင့်နေသည့် အတွင်းဂိုဏ်းတပည့် အချို့က တားဆီးခြင်း ခံလိုက်ရသည်။
"ရပ်စမ်း မင်းတို့ရဲ့ ထွက်ခွာခွင့် လက်မှတ်ကို ပြ" ရွှေအမြုတေအဆင့်ရှိ ကျင့်ကြံသူတစ်ဦးက လက်ဝါးဖြန့်ကာ ရှောင်ချီကို မောက်မာစွာ ကြည့်ရင်း အမိန့်ပေးလိုက်သည်။
"ထွက်ခွာခွင့် လက်မှတ်ဆိုတာ ဘာလဲ ဒါက မကြာသေးခင်ကမှ ပြောင်းလဲလိုက်တဲ့ စည်းကမ်းအသစ်လား" ရှောင်ချီမှာ ခဏမျှ ဇဝေဇဝါ ဖြစ်သွားသည်။ သူက မျက်မှောင်ကြုတ်ကာ နောက်က လင်ယုရှုကို လှည့်ကြည့်ပြီး မေးလိုက်သည်။
"ညီမလေးလည်း မသိဘူး လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက ဆေးဖက်ဝင်အပင်တွေ သွားရှာဖို့ တောင်ပြင်ထွက်တုန်းက ဒီလိုစည်းကမ်းမျိုး မကြားမိပါဘူး" လင်ယုရှုကလည်း နားမလည်နိုင်စွာ ခေါင်းခါပြသည်။
သူတို့နှစ်ယောက်လုံး တပြိုင်နက်တည်း တံခါးစောင့်တပည့်များကို လှည့်ကြည့်လိုက်ကြသည်။ ရှင်းပြချက်ကို စောင့်နေကြခြင်း ဖြစ်သည်။
ဒါက လွန်ခဲ့တဲ့ ရှစ်ရက်ကမှ ဂိုဏ်းချုပ်အသစ် ဝူသောက်ကျီသတ်မှတ်လိုက်တဲ့ စည်းကမ်းပဲ အပြင်ထွက်ချင်တဲ့ ဂိုဏ်းသားမှန်သမျှမှာ ထွက်ခွာခွင့် လက်မှတ်ရှိရမယ်။ အပြင်ကို ရောက်သွားခဲ့ရင်တောင် ပြန်လာတဲ့အခါ အဲ့ဒီလက်မှတ် မပါရင် ဂိုဏ်းထဲ ပေးမဝင်ဘူး။
တံခါးစောင့်က လက်ပိုက်ကာ ရှောင်ချီနှင့် လင်ယုရှုကို အေးစက်သော အကြည့်ဖြင့် ကြည့်ရင်း ပြောလိုက်သည်။
အော် ဒါဆိုရင် ကျွန်တော်က ဒီအမိန့်မထုတ်ခင်ကတည်းက ဂိုဏ်းပြင်ပကို ရောက်နေတာလေ အရင်ပေးဝင်လိုက်ပါလား ဂိုဏ်းထဲ ရောက်သွားမှ အဲ့ဒီလက်မှတ်ကို ပြန်လုပ်ပေးမယ်လေ ဟုတ်ပြီလား။
ရှောင်ချီက ခေါင်းညိတ်လိုက်သည်။ ဤလူ၏ အမူအရာက သိပ်မကောင်းသော်လည်း သူက တာဝန်အရ လုပ်ဆောင်နေခြင်း ဖြစ်သည်။
ရှောင်ချီအနေနှင့် အောက်ခြေတပည့်လေးတစ်ဦးကို အခက်အခဲ မဖြစ်စေချင်ပေ။ ဘာပဲဖြစ်ဖြစ် ဒီကောင်တွေက အသက်ရှင်ဖို့ သိပ်မကျန်တော့တာလည်း ဖြစ်နိုင်သည် မဟုတ်ပါလား။
ဟွန့် ဂိုဏ်းချုပ်က အမိန့်ထုတ်ထားပြီးသား ထွက်ခွာခွင့် လက်မှတ်မပါရင် ဘယ်သူ့ကိုမှ ပေးမဝင်ဘူး။ မင်းရဲ့ ဆရာကို အကြောင်းကြားလိုက် သူကိုယ်တိုင် လာခေါ်ခိုင်းလိုက်။
တံခါးစောင့်တပည့်က နှာခေါင်းရှုံ့ကာ လုံးဝ အလျှော့မပေးဘဲ ပြောလိုက်သည်။
မင်း ဘယ်သူ့ကို စကားပြောနေတာလဲ ရွှေအမြုတေအဆင့်လေးက ငါ့ကို ဒီလို စကားပြောရဲတယ်ပေါ့ မင်းရဲ့ ဆရာက ဘယ်သူလဲ သူ့ကို ထွက်လာခိုင်းလိုက်။
ရှောင်ချီ၏ မျက်ခုံးများ အနည်းငယ် တွန့်သွားသည်။ ဒါက သူသိကျွမ်းခဲ့တဲ့ အစွမ်းထက်သူကသာ စကားပြောခွင့်ရှိတဲ့ ကျင့်စဉ်လောက ဟုတ်ပါသေးရဲ့လား။
ရွှေအမြုတေအဆင့်လေးက သူ့ကို လူပုံအလယ်မှာ အမိန်ပေးပြီး ဆူပူရဲတယ်ပေါ့ ရှောင်ချီ၏ ဒေါသတိုတတ်သော စိတ်က ဒါကို လုံးဝ သည်းမခံနိုင်တော့ပေ။
ရှောင်ချီ၏ လေသံမှာ အေးစက်မာကြောလာသည်ကို ခံစားမိသောအခါ တံခါးစောင့်တပည့်ကလည်း အလျှော့မပေးဘဲ သူ၏ ခါးမှ ဓားကို ဆွဲထုတ်ကာ ရှောင်ချီ၏ လည်ပင်းကို ချိန်ရွယ်လိုက်ပြီး အော်ဟစ်လိုက်သည် ဘာလဲ ငါပြောတာ ရှင်းရှင်းလင်းလင်း မကြားဘူးလား ဒါကဂိုဏ်းချုပ်ရဲ့ အမိန့်ပဲမင်းက ဂိုဏ်းချုပ်ရဲ့ အမိန့်ကို ဖီဆန်ပြီး ဂိုဏ်းကို ပုန်ကန်ချင်တာလား။
ဤလူများသည် ဝူသောက်ကျီ၏ သစ္စာရှိ နောက်လိုက်များဖြစ်ပုံရသည် ဝူသောက်ကျီကဲ့သို့သော အစွမ်းထက်သည့် နောက်ခံရှိနေသဖြင့် သူတို့ထက် သာလွန်သည့် ရန်သူနှင့် ရင်ဆိုင်ရလျှင်ပင် နောက်မဆုတ်ကြပေ။
ထို့အပြင် ဤလူသည် ရှောင်ချီ၏ ကျင့်စဉ်အဆင့်ကို အာရုံမခံနိုင်ပေ။ ရှောင်ချီ၏ ငယ်ရွယ်သော ရုပ်ရည်ကို ကြည့်ပြီး သူသည် အလွန်ဆုံးရှိလှ နတ်သန္ဓေအဆင့်သာ ရှိလိမ့်မည်ဟု ထင်မှတ်ထားခြင်း ဖြစ်သည်။
ဖြောင်း ရှောင်ချီက လက်ကို အသာအယာ ဝှေ့ယမ်းလိုက်သည်။ ဝိညာဉ်စွမ်းအင်များဖြင့် ဖွဲ့စည်းထားသော လက်ဝါးရိုက်ချက်တစ်ခု ချက်ချင်း ထွက်ပေါ်လာသည်။ စောစောက မောက်မာနေသော တပည့်မှာ လွင့်ထွက်သွားတော့သည်။
"ဒါက မင်းအတွက် သင်ခန်းစာပဲ။ နောက်တစ်ခါငါ့လမ်းကို ပိတ်ရဲရင်တော့ သတိထား၊ ငါ မင်းကို ပိုင်းဖြတ်ပစ်မယ်" ရှောင်ချီသည် သွားများ ကျိုးပဲ့သွားသော တံခါးစောင့်ကို အေးစက်စွာ ကြည့်ကာ ဂိုဏ်းထဲသို့ လှမ်းဝင်လိုက်သည်။
အခြားတပည့်တစ်ဦးမှာ တစ်ခုခု ပြောရန် ကြံရွယ်သော်လည်း ရှောင်ချီ၏ မိစ္ဆာကဲ့သို့သော အကြည့်ကို မြင်လိုက်ရသောအခါ ကြောက်ရွံ့တုန်လှုပ်သွားပြီး ရှေ့သို့ မတိုးရဲတော့ပေ။
သူသည် ရိုက်ထုတ်ခံလိုက်ရသော တပည့်ကိုသာ သွားထူပေးနိုင်တော့သည်။ သူတို့နှစ်ယောက်လုံး ရှောင်ချီ၏ ကျောပြင်ကို ကြည့်ကာ အာဃာတမျက်လုံးများဖြင့် ကြည့်နေကြသည်။
"လူဆန်း မင်း အဆင်ပြေရဲ့လား ဒီကောင်က သတင်းကြီးသလို တကယ်ကို မောက်မာတာပဲ" အခြားတပည့်က ဒဏ်ရာပြင်းထန်သွားသော တံခါးစောင့်ကို ထူပေးရင်း ဒေါသတကြီး ပြောလိုက်သည်။
"ဂိုဏ်းချုပ်က သူ့ကို သင်ခန်းစာပေးဖို့ ပြောထားတာ အခုတော့ ငါတို့ကပဲ ပြန်ပြီး သင်ခန်းစာ ပေးခံလိုက်ရပြီ" လူဆန်းဟု အမည်ရသော တံခါးစောင့်က ပါးစပ်ထောင့်မှ သွေးများကို သုတ်ကာ ရှောင်ချီ ထွက်သွားရာလမ်းကို မှောင်မှောင်မှိုင်မှိုင် ကြည့်နေသည်။
"ဒီနိမိတ်မကောင်းတဲ့ကောင် ပြန်ရောက်လာပြီဆိုတော့ ဂိုဏ်းထဲမှာ ပြဿနာတွေ ပြန်တက်ဦးမှာပဲ ငါတို့ကတော့ ကိုယ့်တာဝန်ကိုယ် ကျေအောင်ထမ်းဆောင်ပြီး ဟိုလူကြီးတွေကြားက ကိစ္စတွေမှာ ဝင်မပါတာ အကောင်းဆုံးပဲ" လူဆန်းကို ထူပေးပြီးနောက် အခြားတံခါးစောင့်က သူ၏ တာဝန်ကို ပြန်လည် ထမ်းဆောင်သည်။
ဒဏ်ရာ ပြင်းထန်သော်လည်း ဂိုဏ်း၏ တာဝန်ဖြစ်၍ ခဏလေးတောင် လစ်ဟင်း၍ မရပေ သို့သော် လူဆန်း၏ မျက်နှာမှာမူ အုံ့မှိုင်းနေပြီး ရှောင်ချီ ထွက်သွားရာ လမ်းကြောင်းကို ကြည့်ကာ ဤအငြိုးကို စိတ်ထဲတွင် တေးထားလိုက်တော့သည်။
"စီနီယာအစ်ကို ငါတို့ နည်းနည်း သတိထားတာ အကောင်းဆုံးပဲ။ ခုနက တပည့်နှစ်ယောက်က ဝူသောက်ကျီ လွှတ်ထားတာ ထင်တယ်" ခရမ်းရောင်တိမ်တိုက်တောင်သို့ ပြန်လာရာလမ်းတွင် လင်ယုရှုက ရှောင်ချီ၏ နောက်မှနေ၍ အမြဲသတိပေးနေသည်။
"ငါ သိပါတယ် သူ့ရဲ့ အကွက်သေးသေးလေးတွေကို ငါအစောကြီးကတည်းက မြင်နေရတာ ဒီလူကြီးက အသက်ကြီးပေမဲ့ ကလေးတွေနဲ့ ဉာဏ်ကစားချင်နေတုန်းပဲ သူကတော့ အသက်ကြီးရုံပဲ ရှိတာ ဘာမှ အသုံးမကျဘူး" ရှောင်ချီက ဓားပျံစီးရင်း ပြောလိုက်သည်။
မကြာခင်မှာပင် ရှောင်ချီသည် ခရမ်းရောင်တိမ်တိုက်တောင်သို့ ရောက်ရှိလာသည်။
ဆယ်နှစ်အကြာတွင် ရှောင်ချီသည် သူ၏ နေအိမ်သို့ တစ်ခါ ပြန်ရောက်လာခဲ့ပြန်သည်။
သူ၏စိတ်ထဲတွင် ဘဝတစ်ခုလုံး ကုန်ဆုံးသွားသကဲ့သို့ ခံစားလိုက်ရသည်။
ဤနေရာက အပင်လေးတွေ သစ်ပင်လေးတွေကို ကြည့်ရင်း ရှောင်ချီသည် သူ၏ လူငယ်ဘဝသို့ ပြန်ရောက်သွားသလို ခံစားရသည်။
ကမ္ဘာကူးပြောင်းလာခဲ့တာ အနှစ်နှစ်ဆယ် ရှိပြီဖြစ်သော်လည်း ခရမ်းရောင်တိမ်တိုက်တောင်မှာ လအနည်းငယ်သာ နေခဲ့ရပြီး လျှပ်စီးကန်ထဲမှာ ဆယ်နှစ်တိတိ အကျဉ်းကျခံခဲ့ရသည် မဟုတ်ပါလား။
ခရမ်းရောင်တိမ်တိုက်တောင်အပေါ် သံယောဇဉ် မရှိဘူးဆိုရင်တော့ အလိမ်အညာပဲ ဖြစ်ပါလိမ့်မည်။
လူတိုင်း၏ ဝိုင်းပယ်ခြင်းကို ခံရစဉ်က သူသည် သူ၏နေအိမ်ကို မှီပြီး တိတ်တဆိတ် ငိုကြွေးခဲ့ဖူးသည်။ နံရံပေါ်က မျက်ရည်တွေကတော့ အခုဆို ခြောက်သွေ့ကုန်လောက်ပြီ ထင်သည်။
ခရမ်းရောင်တိမ်တိုက်တောင်ခြေက ဝိညာဉ်ကန်ထဲမှာ သူ မွေးထားခဲ့တဲ့ ဝိညာဉ်ငါးလေးတွေကို ရှောင်ချီ သတိရနေဆဲပင်။ သူတို့လည်း အခုဆို ကြီးကုန်ကြပြီပေါ့။
"စီနီယာအစ်ကို... ဘာလို့ ရပ်လိုက်တာလဲ" ရှောင်ချီ ရုတ်တရက် ရပ်သွားသည်ကို မြင်သောအခါ လင်ယာရှုက ဘေးကို ပြန်လှည့်လာပြီး သိချင်စိတ်ဖြင့် မေးလိုက်သည်။
"ဘာမှမဟုတ်ပါဘူး အတိတ်က အကြောင်းအရာလေးတွေ သတိရသွားလို့ပါ" ရှောင်ချီသည် အတွေးများကို ပြန်ရုပ်သိမ်းလိုက်ပြီး သူ၏ နတ်ဘုရားဂူရှိရာသို့ ဖြည်းဖြည်းချင်း ဆက်လျှောက်သွားသည်။
သို့သော် တောင်လယ်သို့ ရောက်သောအခါ တောင်ပေါ်မှ ဆင်းလာသည့် လူနှစ်ဦးကို တွေ့လိုက်ရသည်။
အချိန်အတော်ကြာသွားပြီ ဖြစ်သော်လည်း ရှောင်ချီသည် သူတို့ထဲက တစ်ဦးကို ချက်ချင်း မှတ်မိလိုက်သည်။ သူမက သူ၏ ဒုတိယစီနီယာအစ်မ မူဝမ်အာပင် ဖြစ်သည်။
အခြားတစ်ယောက်ကိုမူ ရှောင်ချီ မမှတ်မိသော်လည်း တစ်နေရာရာမှာ မြင်ဖူးသလိုလို ရှိနေသည်။
"ရှောင်... ရှောင်ချီ မောင်လေး" မူဝမ်အာသည် ရှောင်ချီကို မြင်သောအခါ အံ့သြသွားပြီး သူမဘေးက အမျိုးသား၏ လက်ကို အမြန် ပြန်လွှတ်လိုက်သည်။
မူဝမ်အာသည် ထိုအမျိုးသားနှင့် ရင်းနှီးကျွမ်းဝင်နေသည့် အမူအရာကို မြင်သောအခါ ရှောင်ချီ၏ ပါးစပ်မှာ အလိုလို တွန့်သွားတော့သည်။
မူဝမ်အာက ယဲ့ဖန်ကို ဖောက်ပြန်နေတာလား ဒါကတော့ တကယ့်ကို တုန်လှုပ်စရာ သတင်းပဲ။
"ဒါက ဘယ်သူလဲ ဒုတိယစီနီယာအစ်မက ငါတို့ကို မိတ်မဆက်ပေးဘူးလား" ရှောင်ချီက မူဝမ်အာကို မဲ့ပြုံးလေးဖြင့် ကြည့်ကာ မေးလိုက်သည်။
"ဒါ... ဒါက ငါတို့ ဝိညာဉ်ဓားဂိုဏ်းရဲ့ တပည့်အရင်းစီနီယာအစ်ကို ကျန်းယွမ်လေ သူက လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ ဝိညာဉ်အသွင်ပြောင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့တာ" မူဝမ်အာက ထစ်ထစ်ငေါ့ငေါ့ဖြင့် ရှင်းပြနေသည်။
သူမ တုန်လှုပ်နေသည်မှာ သိသာလှသည်။
"အော် ဒါဆိုရင် စီနီယာအစ်ကိုကျန်းယွမ်က ငါ့ရဲ့ခရမ်းရောင်တိမ်တိုက်တောင်ကို ဘာကိစ္စနဲ့ လာတာလဲ ဂိုဏ်းရဲ့တရားဝင် ကိစ္စတစ်ခုခု ရှိလို့ ဖြစ်မှာပေါ့" ရှောင်ချီက ရုတ်တရက် နားလည်သွားသလိုမျိုး ပြောလိုက်သည်။
မူဝမ်အာ၏ မျက်နှာမှာ ချက်ချင်းပင် နီရဲသွားပြီး မျက်လုံးများက ဟိုကြည့်သည်ကြည့်ဖြင့် ရှောင်ချီ၏ အကြည့်ကို မရင်ဆိုင်ရဲဘဲ ဖြစ်နေတော့သည်။