အခန်း (၇) နတ်သန္ဓေအဆင့်သို့ တက်လှမ်းခြင်း
လင်းကျောင်လန်မှာမူ ဒေါသအလိပ်လိုက် ထွက်နေသည်မှာ ပြောနေစရာပင် မလိုတော့ပေ။ သူမသည် ယခုအချိန်တွင် ရှောင်ချီကို အပိုင်းပိုင်း အစစဖြစ်အောင် ဆွဲဖြတ်ပစ်ချင်နေသဖြင့် သူ့အတွက် ရှေ့နေလိုက်ပေးရန် လုံးဝဆန္ဒမရှိပေ။
ဂိုဏ်းချုပ်မှာလည်း ယခုအချိန်တွင် အတော်ပင် ဒေါသထွက်နေပါသည်။ လင်းကျောင်လန် မည်သို့ပင် လုပ်ဆောင်ခဲ့ပါစေ သူမသည် သူ၏သမီး ဖြစ်သည်။
သူမကို ရိုက်နှက်ခြင်းဖြင့် ရှောင်ချီသည် သူ့ကို မလေးစားရုံသာမက ဂိုဏ်းချုပ်တစ်ဦးအနေဖြင့် သူ၏အာဏာကိုပါ ပမာမခန့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
သူ၏အမြင်တွင် ဤလူငယ်လေးမှာ အတော်ပင် မာန်တက်နေပြီဖြစ်သည်။နတ်ဘုရားသားတော် ဖြစ်လာရုံနဲ့ ဘာမဆို လုပ်ပိုင်ခွင့်ရှိတယ်လို့ ထင်နေတာလား။
ယခုအချိန်တွင် ဤအခွင့်အရေးကို အသုံးချပြီး သူ့ကို ကောင်းကောင်းဆုံးမလိုက်ခြင်းက အကောင်းဆုံးပင် ဖြစ်ပေလိမ့်မည်။
"ငါ မင်းကို နောက်ဆုံးတစ်ကြိမ် အခွင့်အရေးပေးမယ်။ အခုချက်ချင်း ဒူးထောက်စမ်း မဟုတ်ရင် မင်းရဲ့အရိုးတွေကို ငါ တစ်စစီ ချိုးပစ်မယ်" နတ်မိမယ် လင်းယွင်သည် မျက်မှောင်ကြုတ်လိုက်သည်။
သူမ၏တပည့်မှာ ဤတစ်ကြိမ်တွင် ဤမျှလောက်အထိ ခေါင်းမာလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
သူမရှေ့ရှိ ရှောင်ချီမှာ တစ်စိမ်းတစ်ယောက်ကဲ့သို့ပင် ခံစားနေရပြီး လူခြားတစ်ယောက် ဖြစ်နေသကဲ့သို့ပင်။
"ဆရာ ထမင်းမစားထားဘူးလား ဘာလို့ တစ်ကိုယ်လုံး အားမရှိသလို ဖြစ်နေတာလဲ"
ရှောင်ချီ၏ ပါးစပ်မှာ သွေးများဖြင့် ရွှဲနစ်နေသော်လည်း သူသည် နတ်မိမယ် လင်းယွင်ကို အေးစက်စွာ စိုက်ကြည့်နေဆဲပင်။
ခံစားချက်ကင်းမဲ့သော ထိုမျက်နှာကို ကြည့်ရင်း သူ၏အတိတ်ဘဝက ပြတ်သားလွန်းလှသော ဆရာကိုသူ ပြန်လည်အမှတ်ရမိသည်။
သူမသည် ကိစ္စရပ်အားလုံး၏ အမှန်တရားကို သိရှိပါလျက်နှင့် သူ့အတွက် သက်သေထွက်ဆိုပေးရန် ဝန်လေးခဲ့သူ ဖြစ်သည် နောက်ဆုံးတွင် သူမသည် သူ့ကို မျှော်လင့်ချက်မဲ့သော အခြေအနေသို့ တွန်းပို့ခဲ့ပြီး မိစ္ဆာမီးလျှံများ တောက်လောင်လာစေကာ ပြာပုံဘဝသို့ ရောက်ရှိစေခဲ့သူလည်း ဖြစ်သည်။
"ဟင်း... သေချင်နေတာပဲ" နတ်မိမယ် လင်းယွင်၏ မျက်လုံးများမှာ သားကောင်ကို ဝါးမြိုတော့မည့် သားရဲတစ်ကောင်ကဲ့သို့ ချက်ချင်းပင် အေးစက်သွားတော့သည်။
"ဘုန်း..." ကြီးမားသော ဝိညာဉ်စွမ်းအား ဖိအားကြီးက ကျရောက်လာပြီး ရှောင်ချီကို မြေကြီးထဲသို့ ၁၀ စင်တီမီတာကျော် နစ်ဝင်သွားအောင် ပြင်းထန်စွာ ရိုက်ချလိုက်သည်။
သူ၏ ခြေထောက်များမှာ လုံးဝ ကြေမွသွားပြီး ကြောက်မက်ဖွယ်ကောင်းသော ပုံစံဖြင့် တွန့်လိမ်သွားတော့သည်။
သို့သော်ငြားလည်း သူသည် ဒူးမထောက်ခဲ့ပေ။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ မြေကြီးထဲသို့ နစ်ဝင်သွားခဲ့ပြီး သတိလစ်သွားခဲ့ရသည်။
"ဟင်း ညီမငယ် လင်းယွင်... ဒါက မင်းရဲ့ ခရမ်းရောင်တိမ်တိုက်တောင်ထိပ်က အမှားဝန်ခံတဲ့ပုံစံလား မင်းရဲ့တပည့်က ကျေးဇူးကန်းလွန်းလှတာကြောင့် သူ့ကို ပြန်ခေါ်သွားတော့။ သူ့ရဲ့ ဂိုဏ်းရာထူးကိုလည်း အခုချက်ချင်း ရုပ်သိမ်းလိုက်ပြီ"
ဂိုဏ်းချုပ်သည် နှာခေါင်းရှုံ့လိုက်ပြီး လှည့်ထွက်သွားတော့သည်။ နတ်မိမယ် လင်းယွင်၏ မျက်နှာမှာ ပျက်ယွင်းသွားသော်လည်း အမိန့်ကို ဦးညွှတ်လက်ခံရုံမှတစ်ပါး အခြားမရှိခဲ့ပေ။
သို့သော် ထိုအချိန်မှာပင် မြေကြီးထဲတွင် ရွှံ့ညွန်တစ်ခုကဲ့သို့ လဲလျောင်းနေသော ရှောင်ချီမှာ ရုတ်တရက် စတင်ပြောင်းလဲလာသည်။
သူ၏ခန္ဓာကိုယ်မှ ဝိညာဉ်စွမ်းအား အလင်းဝိုင်းများ ထွက်ပေါ်လာပြီး သူ့ကို ဝန်းရံထားလိုက်သည်။ ထိုဝိညာဉ်စွမ်းအားများ၏ ပင့်တင်မှုကြောင့် သူ၏ခန္ဓာကိုယ်မှာ မြေကျင်းထဲမှ လွင့်ပျံထွက်လာခဲ့သည်။
သူ၏ ခန္ဓာကိုယ်ရှိ ပုံပျက်ပန်းပျက်ဖြစ်နေသော အစိတ်အပိုင်းများမှာလည်း ပြန်လည်ကောင်းမွန်လာသည်။ ကျိုးကြေနေသော အရိုးများမှာ ဖြည်းညှင်းစွာ ပြန်ဆက်သွားပြီး အက်ကွဲကြောင်းများမှာလည်း တဖြည်းဖြည်း ပိတ်သွားတော့သည်။
ရှောင်ချီ၏ နဖူးပေါ်တွင် ရွှေရောင်အမှတ်အသားတစ်ခု လင်းလက်လာပြီး ထိုအထဲတွင် သေးငယ်သော ပုံရိပ်လေးတစ်ခု မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်။
ရှောင်ချီ၏ ခန္ဓာကိုယ်မှာ လေထဲတွင် တင်ပျဉ်ခွေထိုင်လျက် ပတ်ဝန်းကျင်မှ ဝိညာဉ်စွမ်းအားများကို အငမ်းမရ စုပ်ယူနေတော့သည်။
"ဂျိမ်း..." ထိုအချိန်မှာပင် ကောင်းကင်ယံ၌ မည်းမှောင်သော တိမ်တိုက်များ ရုတ်တရက် စုရုံးလာပြီး အပြာရောင် လျှပ်စီးတန်းများ မှိတ်တုတ်မှိတ်တုတ် ပေါ်ပေါက်လာသည်။
"ဒါက လျှပ်စီးကပ်ဘေးလား ဒီကောင်က နတ်သန္ဓေအဆင့်ကို တက်လှမ်းနိုင်သွားတာလား မဟုတ်သေးပါဘူး နတ်သန္ဓေအဆင့်ကို တက်ရုံနဲ့ ဘယ်လိုလုပ် လျှပ်စီးကပ်ဘေး ကြုံရမှာလဲ"
"ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်ရောက်မှသာ လျှပ်စီးကပ်ဘေး ပေါ်လာရမှာ မဟုတ်ဘူးလား"
ဟင်းလင်းပြင်အတွင်း နတ်ဘုရားတစ်ပါးကဲ့သို့ တင်ပျဉ်ခွေထိုင်နေသော ရှောင်ချီကို ကြည့်ရင်း ဘေးမှကြည့်နေသူများမှာ အံ့အားသင့်ကာ အော်ဟစ်နေကြသည်။
သူတို့အားလုံးသည် ဤအဆင့်ကို ဖြတ်သန်းခဲ့ဖူးသူများ ဖြစ်သဖြင့် နတ်သန္ဓေအဆင့်သို့ တက်လှမ်းခြင်းက မည်ကဲ့သို့သော ထူးခြားသည့် ဖြစ်စဉ်များကို ဖြစ်ပေါ်စေနိုင်ကြောင်း သိကြသည်။
သို့သော် ကျင့်ကြံခြင်းသက်တမ်း တစ်လျှောက်လုံးတွင် နတ်သန္ဓေအဆင့်သို့ တက်လှမ်းခြင်းက လျှပ်စီးကပ်ဘေးကို ဆွဲဆောင်နိုင်သည်ဟု သူတို့ တစ်ခါမျှ မကြားဖူးခဲ့ပေ။
"ဂျိမ်း..." အပြာရောင် လျှပ်စီးတန်းတစ်ခုသည် ကောင်းကင်ကို ခွဲထွက်ကာ ရှောင်ချီ၏ ခန္ဓာကိုယ်အတွင်းသို့ ချက်ချင်းပင် ထိုးဖောက်ဝင်ရောက်သွားသည်။
ရှောင်ချီ၏ တစ်ကိုယ်လုံးမှာ ချက်ချင်းပင် မည်းတူးသွားပြီး သွေးချင်းချင်းနီကာ ဝတ်စုံများမှာလည်း အစအနမကျန် ဆုတ်ပြတ်သွားတော့သည်။
နတ်မိမယ် လင်းယွင်၊ လင်းကျောင်လန်၊ လျူချင်းအာ နှင့် မူဝမ်အာရှိနေသော အမျိုးသမီး (၄) ဦးလုံးမှာ မမြင်သင့်သည်ကို မြင်မိမှာစိုးသဖြင့် မျက်နှာလွှဲလိုက်ကြသည်။
ကောင်းကင်မှ မိုးကြိုးတိမ်တိုက်များမှာ ရှောင်ချီ၏ ခန္ဓာကိုယ်ပေါ်သို့ တစ်ကြိမ်ပြီးတစ်ကြိမ် ဆက်တိုက် ပစ်ချနေတော့သည်။
လျှပ်စီး၏ အစွမ်းမှာ အပြင်ဖက်မှနေ၍ ရှောင်ချီ၏ ကိုယ်တွင်းအင်္ဂါများနှင့် အသားမျှင်များထဲအထိ တဖြည်းဖြည်း ထိုးဖောက်ဝင်ရောက်သွားပြီး သူ၏ ကလီစာများနှင့် အသားအားလုံးကို အစအနဖြစ်အောင် ဆွဲဖြတ်လုနီးပါး ဖြစ်သွားခဲ့သည်။
သို့သော် စိမ်းလန်းသော ဝိညာဉ်စွမ်းအင်တစ်ခုက ရှောင်ချီ၏ ခန္ဓာကိုယ်အတွင်းရှိ ဇီဝအသက်ကို အမြဲတမ်း ထိန်းသိမ်းပေးထားသည်။ ကိုးခုမြောက် ကောင်းကင်မိုးကြိုး ပစ်ချပြီးသောအခါ ကောင်းကင်ယံမှ မိုးကြိုးတိမ်တိုက်များမှာ နောက်ဆုံးတွင် ဖြည်းညှင်းစွာ ကွယ်ပျောက်သွားတော့သည်။
ပြာလွင်သော ကောင်းကင်နှင့် ဖြူလွသော တိမ်တိုက်များမှာ ဘာမှမဖြစ်ခဲ့သလိုပင် ပြန်လည်ပေါ်ပေါက်လာသည်။
ရှောင်ချီသည် ဖြည်းညှင်းစွာ မျက်လုံးဖွင့်လိုက်သည်။ သူ၏ ခန္ဓာကိုယ်မှာ ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး သွေးချင်းချင်းနီနေကာ အချို့နေရာများတွင် အရိုးများပင် မြင်နေရသည်။
သို့သော် သူ၏နတ်သန္ဓေအဆင့်သို့ တက်လှမ်းနိုင်မှုမှ ထွက်ပေါ်လာသော ဝိညာဉ်စွမ်းအင်များက သူ၏ခန္ဓာကိုယ်ကို ချက်ချင်းပင် အာဟာရဖြည့်တင်းပေးပြီး ဒဏ်ရာအားလုံးကို ကုသပေးလိုက်သည်။
သူသည် ယခုအခါ မီးသွေးခဲတစ်ခုကဲ့သို့ မည်းတူးနေသော်လည်း သူ၏ဒဏ်ရာများမှာမူ ပြင်းထန်ခြင်း မရှိတော့ပေ။
ရှောင်ချီ နိုးလာသည်ကို မြင်လိုက်ရသောအခါ ရှိနေသူများ၏ မျက်နှာရိပ်မှာ မကောင်းလှပေ။
ရှောင်ချီသည် ယခုနှစ်တွင် အသက် (၁၇) နှစ်သာ ရှိသေးပြီး ကျင့်ကြံခြင်းသက်တမ်းမှာလည်း (၅) နှစ်မျှသာ ရှိသေးသော်လည်း နတ်သန္ဓေအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်သည်။
ထို့အပြင် သူ၏ နတ်သန္ဓေအဆင့်သို့ တက်လှမ်းခြင်းမှာ လျှပ်စီးကပ်ဘေးကိုပါ ဖြစ်ပေါ်စေခဲ့သဖြင့် ဂိုဏ်း၏ စံချိန်သစ်နှစ်ခုကို တစ်ပြိုင်နက်တည်း ချိုးဖျက်နိုင်ခဲ့ခြင်း ဖြစ်သည်။
အခြားသူများအတွက် ပြဿနာမရှိသော်လည်း ဂိုဏ်းချုပ်မှာမူ ယခုအချိန်တွင် ရှောင်ချီကို မည်သို့ရင်ဆိုင်ရမည်ကို အမှန်တကယ် မသိတော့ပေ။
ခုနလေးတင် သူသည် ရှောင်ချီ၏ နတ်ဘုရားသားတော်ရာထူးကို လူအများရှေ့တွင် ရုပ်သိမ်းခဲ့သည်။ ယခုမူ ရှောင်ချီသည် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ပါရမီကို ပြသခဲ့သည်။
သူ ဘာလုပ်သင့်သနည်း။ သူ၏စကားများကို မပြောခဲ့သလိုပင် ဟန်ဆောင်ပြီး ရှောင်ချီကို နတ်ဘုရားသားတော်အဖြစ် ဆက်ထားရမည်လား။ သို့မဟုတ် သူ၏သိက္ခာကို ထိန်းသိမ်းရန်အတွက် သူ့ကို တကယ်ပဲ ရာထူးမှ ဖယ်ရှားရမည်လား။
ဤရွေးချယ်မှုမှာ သူ့အတွက် အလွန်ခက်ခဲလှသည်ဟုဆိုရမည် မည်သည်ကို ရွေးချယ်ပါစေ ဂိုဏ်းချုပ်အနေဖြင့် သူ၏သိက္ခာမှာ ထိခိုက်ပေလိမ့်မည်။ အကယ်၍ သူသာမှားယွင်းစွာ ရွေးချယ်မိပြီး ရှောင်ချီ၏ရန်ငြိုးကို ခံလိုက်ရပါက ဝိညာဉ်ဓားဂိုဏ်းသည် အနှိုင်းမဲ့ ပါရမီရှင်တစ်ဦးကို ဆုံးရှုံးရပေလိမ့်မည်။
ရှောင်ချီ မပေါ်လာခင်အထိ ဝိညာဉ်ဓားဂိုဏ်းတွင် ကျင့်ကြံခြင်းပါရမီ အကောင်းဆုံးသူမှာ တည်ထောင်သူ ဘိုးဘေးကြီးဖြစ်သည်။ ယခုအခါ ဘိုးဘေးကြီးမှာ နတ်ဘုရားလောကသို့ တက်လှမ်းသွားခဲ့ပြီဖြစ်ပြီး ဤလူ့လောကတွင် မရှိတော့ပေ။
ထိုစဉ်က ဘိုးဘေးကြီးသည် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရန် တစ်လ အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ ရောက်ရန် (၁၀) လ ကြာမြင့်ခဲ့သည်။ ထို့နောက် နတ်သန္ဓေအဆင့်သို့ ရောက်ရန် (၄) နှစ်ခွဲ ကြာမြင့်ခဲ့သည်။ စုစုပေါင်း (၅) နှစ်ခွဲနီးပါး ကြာမြင့်ခဲ့ခြင်းဖြစ်သည်။
သို့သော် ရှောင်ချီမှာမူ ဘိုးဘေးကြီး တင်ခဲ့သော စံချိန်ကို ချိုးဖျက်ကာ ချီသန့်စင်ခြင်းအဆင့်မှ နတ်သန္ဓေအဆင့်သို့ (၅) နှစ်အတွင်း တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။
ရှောင်ချီက ငယ်ရွယ်ပြီး မသိနားမလည်သေးတာကို ထည့်တွက်ပြီး ဒီနေ့ကိစ္စကို ဒီမှာတင် အဆုံးသတ်လိုက်ကြရအောင်ဒါနဲ့ ရှောင်ချီနဲ့ လင်းကျောင်လန်တို့ရဲ့ စေ့စပ်မှုကိုတော့ အရင်အတိုင်းပဲ ထားလိုက်မယ်။
ဒါပေမဲ့ ဒီကလေးနှစ်ယောက်က ငယ်သေးတာကြောင့် အလောတကြီး မလုပ်သင့်ဘူး။ မင်္ဂလာပွဲကိုတော့ နောက်ထပ် (၃) နှစ်အကြာမှ ကျင်းပဖို့ သတ်မှတ်လိုက်မယ်။
အတော်ကြာအောင် စဉ်းစားပြီးနောက် ဂိုဏ်းချုပ်က နောက်ဆုံးတွင် ပြောလိုက်သည်။ ဤကဲ့သို့သော ပါရမီရှင်တစ်ဦးကို သူ တကယ်မဆုံးရှုံးလိုပေ။
ထို့အပြင် သူသည် ဂိုဏ်းချုပ်ဖြစ်သော်လည်း အကြွင်းမဲ့ အာဏာရှိသူ မဟုတ်ပေ။ သူ့ကို ထိန်းကျောင်းနေသော အဖိုးကြီးအချို့ တောင်နောက်ဘက်တွင် ရှိနေသေးသည်။
အကယ်၍ ထိုအဖိုးကြီးများသာ သူက ဘိုးဘေးကြီးနှင့် ရင်ပေါင်တန်းနိုင်သော ရှောင်ချီကို ရာထူးမှ ဖယ်ရှားခဲ့သည်ကို သိသွားပါက သူတို့မှာ ဒေါသထွက်လွန်းသဖြင့် ကျင့်ကြံခြင်းမှ ချက်ချင်းထွက်လာပြီး သူ့ကို သင်ခန်းစာပေးရန် ဂိုဏ်းခန်းမဆောင်သို့ ရောက်လာကြပေလိမ့်မည်။
"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်" ရှောင်ချီ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးတက်သွားသည်။ ခုနက ဖြစ်ပျက်ခဲ့သမျှကို ဘာမှမဖြစ်ခဲ့သလိုပင် သဘောထားကာ သူသည် တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်သည်။ သူသည် ခါးကိုပင်မညွှတ်ခဲ့ပေ။
ပြင်းထန်သော လေပြင်းတစ်ချက် ဝေ့ဖြူးသွားပြီးနောက် နတ်မိမယ် လင်းယွင်သည် ရှောင်ချီနှင့် သူမ၏တပည့်နှစ်ဦးကို ခေါ်ဆောင်ကာ ခရမ်းရောင်တိမ်တိုက်တောင်ထိပ်သို့ ပြန်သွားတော့သည်။
သူမ၏ ယခု စိတ်အခြေအနေမှာ ဂိုဏ်းချုပ်ထက် မသာလှပေ သူမသည်လည်း ဤတပည့်အပေါ် မည်ကဲ့သို့ သဘောထားမျိုး ထားရှိရမည်ကို မသိတော့ပေ။