အခန်း (၆၉) လင်ယွင်နဲ့ အဆက်အသွယ် အားလုံး ဖြတ်တောက်ရမယ်
ကျင့်စဉ်လောကဆိုတာ သတ္တိရှိရုံ ပြိုင်ဆိုင်နေရုံနဲ့တင် ပြီးတဲ့နေရာမဟုတ်ဘူး ကိုယ့်မှာရှိတဲ့ တန်ဖိုးကြီးပစ္စည်းတွေကို အထင်အရှား ထုတ်ပြနေတာက သူခိုးကို လာခိုးပါလို့ ဖိတ်ခေါ်နေသလိုပဲ။ ဂိုဏ်းတစ်ခုက ဘယ်လောက်ပဲ အစွမ်းထက်ပါစေ ခိုးကြောင်ခိုးဝှက် လုပ်မယ့်သူတွေကိုတော့ နေ့တိုင်း မကာကွယ်နိုင်ဘူး။
မင်းရဲ့ ဝိညာဉ်ဓားဂိုဏ်းကိုပဲကြည့်လေ။ သူတို့က ကောင်းကင်စေတီကို အားကိုးပြီး ဂုဏ်မော်နေကြတာ။ ဒါပေမဲ့ အဲ့ဒီစေတီရဲ့ ကျော်ကြားမှုကြောင့်ပဲ မကောင်းတဲ့စိတ်ရှိသူတွေရဲ့ မနာလိုမှုကို ခံရပြီး အရင်က ဂုဏ်သတင်းတွေ မှေးမှိန်ကုန်ရတာပေါ့။
ကျင့်စဉ်လောကက အင်မတန် ကျယ်ပြောပါတယ်။ ရတနာစာရင်းရဲ့ ထိပ်ဆုံးဆယ်ခုထဲမှာပါတဲ့ မှော်ရတနာတွေကပဲ အစွမ်းအထက်ဆုံးလို့ မင်း တကယ်ယုံနေတာလား။
ရှင်းယွဲ့ ဘိုးဘေးကြီးက ရှောင်ချီကို နားမလည်နိုင်သော အပြုံးဖြင့် ကြည့်ကာ ဆရာတစ်ယောက်အနေနှင့် ပထမဆုံး သင်ခန်းစာကို စတင်ပို့ချလိုက်သည်။
ဤစကားများကို ကြားလိုက်ရသောအခါ ရှောင်ချီမှာ ကြက်သီးဖြန်းဖြန်း ထသွားတော့သည်။အကယ်၍ ကျောက်စိမ်းကညာဂိုဏ်းမှာ ဖုံးကွယ်ထားသော မှော်ရတနာများ ရှိနေလျှင် အခြားဂိုဏ်းများတွင်ကော သူတို့မှာလည်း မတူညီသော ဝှက်ဖဲများ ရှိနေနိုင်သည် မဟုတ်ပါလား။
"တပည့် သင်ခန်းစာရပါပြီ။ ရှောင်ချီက ဘိုးဘေးကြီးကို ဆရာအဖြစ် လက်ခံဖို့ အသင့်ပါပဲ" ခဏမျှတုံ့ဆိုင်းသွားပြီးနောက် ရှောင်ချီသည် ချက်ချင်း ဒူးထောက်ကာ ရှင်းယွဲ့ ဘိုးဘေးကြီးကို သုံးကြိမ်တိုင်တိုင် ဦးခိုက်လိုက်တော့သည်။
ဤကဲ့သို့သော အခွင့်အရေးမျိုးမှာ အင်မတန် ရှားပါးလှသဖြင့် တုံ့ဆိုင်းနေရန် အကြောင်းမရှိပေ။
ကျိသောက် ရွှေကြာပန်းမှာ အတွင်းမှ နူးညံ့သော ရွှေရောင်အလင်းများ ဖြာထွက်နေပြီး ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်စွမ်းအင်များနှင့် နတ်သန္ဓေအဆီအနှစ်များ ကိန်းအောင်းနေသည်။ ၎င်းအနီးတွင် ရှိနေရုံနှင့်ပင် အင်မတန် သက်သောင့်သက်သာ ဖြစ်စေသည်။
"ထတော့။ မင်းက ဒီမှော်ရတနာကို တော်တော်လေး သဘောကျပုံရတာပဲ ဒါဆိုရင် ဒါကို မင်းကို တိုက်ရိုက် လက်ဆောင်ပေးလိုက်မယ်"
"ဒီအဘွားကြီးက အခမ်းအနား အဆောင်အယောင်တွေကို သိပ်မက်မောသူ မဟုတ်ဘူး။ ဒီနေ့ မင်း ဦးချတာကပဲ ငါ့တပည့်အဖြစ်ခံယူတဲ့ ကတိကဝတ်အတွက် လုံလောက်ပါပြီ။ ဒီနေ့ကစပြီး မင်းဟာ ငါ့ရဲ့ နောက်ဆုံးပိတ် တပည့်အရင်းပဲ"
ရှင်းယွဲ့ ဘိုးဘေးကြီးက အသာအယာ တွန်းလိုက်ရာ လေထဲတွင် ဝဲပျံနေသော ရွှေကြာပန်းလေးမှာ ရှောင်ချီ၏ လက်ထဲသို့ ရောက်ရှိလာသည်။
ရှောင်ချီသည် သူ၏လက်ထဲတွင် ရွှေရောင်အလင်းတန်းများနှင့် ဝိညာဉ်အဆီအနှစ်များ တဖိတ်ဖိတ် တောက်နေသော အနှိုင်းမဲ့ရတနာကို ငေးကြည့်နေမိသည်။
ဘေးတွင် ရပ်နေသော ယွီလင်လုံမှာတော့ လုံးဝ ဆွံ့အသွားရသည်။ အခြေအနေတွေက သူမ ထင်ထားတာထက် ပိုမြန်နေသည် မဟုတ်ပါလား။
ဘိုးဘေးကြီးက ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ ရှောင်ချီကို တပည့်အဖြစ် လက်ခံရုံတင်မက ဒီလောက် အဖိုးတန်တဲ့ မှော်ရတနာကိုပါ လက်ဆောင်ပေးလိုက်တယ်ဆိုတာကတော့။
လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာကျော်က ဒီဘိုးဘေးကြီးဆီမှာ တပည့်ခံချင်ကြတဲ့သူတွေဟာ ရေတွက်လို့တောင် မရပါဘူး။ တောင်နောက်ဘက်က တံခါးခုံတောင် ပွန်းပဲ့ကုန်မတတ်ပါပဲ။
မကြာသေးမီနှစ်တွေမှာ ဘိုးဘေးကြီးက ဆိတ်ငြိမ်စွာ နေထိုင်လာမှသာ အခြေအနေက အနည်းငယ် အေးဆေးသွားခြင်း ဖြစ်သည်။
ဒါကို တစ်ဂိုဏ်းလုံးက တပည့်တွေ ရူးမတတ် အားကျခဲ့ရတဲ့ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီးက ရှောင်ချီကို ဒီလောက် လွယ်လွယ်ကူကူကြီး တပည့်အဖြစ် လက်ခံလိုက်လိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ။ ပြီးတော့ ရှောင်ချီက အခြေအနေတွေတောင် တောင်းဆိုခဲ့သေးတာ ငါတို့ ဘိုးဘေးကြီးက ဘယ်တုန်းက ဒီလောက်... သဘောကောင်းသွားတာလဲ။
"ဒါက မင်းနဲ့ ငါ့ကြားက ဆရာတပည့် ဆက်ဆံရေးပဲ ကျောက်စိမ်းကညာဂိုဏ်းနဲ့ ဘာမှမဆိုင်ဘူး။ ဒါကြောင့် လောလောဆယ် မင်း ဝိညာဉ်ဓားဂိုဏ်းကနေ ထွက်စရာမလိုသေးဘူး ဒါပေမဲ့ မင်းရဲ့ နဂိုဆရာနဲ့တော့ အဆက်အသွယ်ဖြတ်ဖို့ ကြိုးစားရလိမ့်မယ်။ ငါက တခြားလူနဲ့ တပည့်လုပြီး မရန်ဖြစ်ချင်ဘူး"
ရှောင်ချီက ရွှေကြာပန်းကို လက်ကမချနိုင်အောင် ကိုင်ထားသည်ကို ကြည့်ရင်း ရှင်းယွဲ့ ဘိုးဘေးကြီးက သတိပေးလိုက်သည်။
ဆိုလိုရင်းမှာ ရှင်းလှပါသည် လင်ယွင် နတ်သမီးနှင့် ဆရာတပည့် ဆက်ဆံရေးကို လုံးဝ အပြတ်ဖြတ်ခိုင်းခြင်းပင် ဖြစ်သည်။
"စိတ်ချပါ ဆရာ ဒီနေ့ကစပြီး ရှောင်ချီမှာ ဆရာတစ်ယောက်ပဲ ရှိပါတော့မယ်" ရှောင်ချီက သူ၏ ရင်ဘတ်ကို ပုတ်ကာ ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။
ကောင်းပြီ မင်းတို့နှစ်ယောက် တောင်အောက်ကို အရင်ဆင်းကြတော့။ ဒီအဘွားကြီး နည်းနည်း ပင်ပန်းနေပြီ နောက်တစ်လနေရင် ပြန်လာခဲ့ အဲ့ဒီအခါကျမှ ဆရာတစ်ယောက် သင်ပေးသင့်တဲ့အရာတွေကို ငါ သင်ပေးမယ်။
ရှင်းယွဲ့ ဘိုးဘေးကြီးက ပင်ပန်းနွမ်းနယ်နေသော လေသံဖြင့် လက်ယမ်းပြလိုက်သည်။
"ဟုတ်ကဲ့ပါ ဘိုးဘေးကြီး"
"ဟုတ်ကဲ့ပါ ဆရာ"
သူတို့နှစ်ဦးသည် လက်အုပ်ချီ ဦးညွှတ်နှုတ်ဆက်ကာ မထင်မရှား တောင်ထိပ်လေးမှ အတူတူ ထွက်ခွာလာခဲ့ကြသည်။
ငါ့ရဲ့ ဆရာက ဘယ်လိုလူမျိုးလဲမင်းတို့ ကျောက်စိမ်းကညာဂိုဏ်းမှာ ဒီလို အစွမ်းထက်တဲ့ ပုဂ္ဂိုလ်ကြီး ရှိနေလိမ့်မယ်လို့ မထင်ထားဘူး။
ကျောက်စိမ်းကညာဂိုဏ်းက မဟာဝေနိုင်ငံရဲ့ နံပါတ်တစ်ဝူချန်ဂိုဏ်း နဲ့တောင် ယှဉ်နိုင်တယ်လို့ ပြောကြတာ မဆန်းတော့ဘူးပဲ။
တောင်အောက်ဆင်းစဉ် လမ်းမှာ ရှောင်ချီက ရှင်းယွဲ့ ဘိုးဘေးကြီး၏ အကြောင်းကို ထပ်ခါတလဲလဲ မေးမြန်းနေတော့သည်။
သို့သော် ယွီလင်လုံက အသေးစိတ် ရှင်းပြရန် ရည်ရွယ်ချက် မရှိပေ။ နောက်ဆုံးတွင် သူမက ဝေဝေဝါးဝါးသာ ပြောလိုက်သည် သူက နင့်ဆရာပဲလေ အချိန်တန်ရင် နင်သိလာမှာပေါ့။
ယွီလင်လုံမှာ အခုချိန်တွင် စိတ်ဓာတ် သိပ်မတက်ကြွလှပေ။ သူမက ကျောက်စိမ်းကညာဂိုဏ်းအတွက် ပါရမီရှင် တပည့်တစ်ယောက် ရအောင် ခေါ်ပေးဖို့ ကြံစည်ခဲ့တာဖြစ်သည်။
ဒါပေမဲ့ အခုတော့ သူမထက် အဆင့်ပေါင်းများစွာ မြင့်တဲ့ ဘိုးဘေးစီနီယာတစ်ယောက်ကိုပဲ ရလိုက်သလို ဖြစ်နေသည်။ ဒါကို သူမက ဘယ်လိုလုပ် ပျော်နိုင်ပါ့မလဲ။
"ဘိုးဘေးကြီး ပေးလိုက်တဲ့ မှော်ရတနာက အင်မတန် အဖိုးတန်တယ်။ အဲ့ဒါကို သေချာ သိမ်းထားတခြားလူတွေရှေ့မှာ လုံးဝ ထုတ်မပြနဲ့"
ပြီးတော့ နင်က ဘိုးဘေးကြီးကို ဆရာအဖြစ် လက်ခံလိုက်ပြီဆိုတော့ လင်ယွင် နတ်သမီးနဲ့ ဆရာတပည့် ဆက်ဆံရေးကိုလည်း ချက်ချင်း အပြတ်ဖြတ်ရမယ် ဟိုဘက်ဒီဘက် ခြေနှစ်ဖက်နင်းတဲ့ လူယုတ်မာမျိုး မလုပ်နဲ့ မဟုတ်ရင် ငါကိုယ်တိုင် နင့်ကို လွှတ်ထားမှာ မဟုတ်ဘူး။
တည်းခိုခန်းအနီး ရောက်သောအခါ ယွီလင်လုံသည် ရုတ်တရက် လှည့်ကြည့်ကာ ရှောင်ချီကို အလေးအနက် သတိပေးလိုက်သည်။
"စိတ်အေးအေးထားပါ ငါ ကောင်းကောင်း နားလည်ပါတယ် နင်က အသက်လည်း သိပ်မကြီးသေးဘဲနဲ့ တော်တော် စကားများတာပဲ။ နင် တကယ်ပဲ ဂိုဏ်းချုပ်ဖြစ်မယ့် အလားအလာ ရှိတယ်"
ရှောင်ချီသည် လက်ယမ်းပြကာ သူ၏ ညီမလေးကို ရှာရန် တည်းခိုခန်းထဲသို့ တည့်တည့် ဝင်သွားတော့သည်။
"ဒီလူယုတ်မာ ကြည့်နေလိုက်" ယွီလင်လုံသည် ခြေဆောင့်ကာ ရှောင်ချီ၏ ကျောပြင်ကို ကြည့်ရင်း ဒေါသတကြီး ပြောလိုက်သည်။
ထို့နောက် တစ်ခုခုကို သတိရသွားသကဲ့သို့ သူမ၏ မျက်နှာလေး ရဲတက်သွားသည်။ သူမက အနှိုင်းမဲ့ နတ်သမီးတစ်ပါးလေ ဒီလိုလူစားမျိုးကို ဘာလို့ ဒေါသထွက်နေရတာလဲ ပြီးတော့ ဒီလို အရိုင်းအစိုင်းဆန်တဲ့ အမူအရာမျိုးတောင် လုပ်မိသွားတယ်။
"စီနီယာအစ်ကို ပြန်လာပြီလား"
လင်ယုရှုသည် အထုပ်အပိုးများကို အဆင်သင့် ပြင်ထားပြီးပြီ ဖြစ်သည်။
ရှောင်ချီ ပြန်လာသည်ကို မြင်သောအခါ သူမ၏ မျက်နှာလေးမှာ ဝမ်းသာအားရ ဖြစ်သွားသည်။ သူမသည် ရှောင်ချီ၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ ပျော်ရွှင်စွာ ကြိုဆိုလိုက်သည်။
"ကဲ... တော်ပြီ ဖယ်ဦး ဒီလောက် အရွယ်ရောက်နေပြီကို ရှက်ရကောင်းမှန်းလည်း မသိဘူး"
ရှောင်ချီ၏ လက်ထဲတွင် ခေါက်ယပ်တောင်လေး တစ်ခုပေါ်လာသည်။ သူသည် မိန်းကလေးငယ်၏ ခေါင်းကို အသာအယာ တောက်လိုက်ပြီး မကျေနပ်ဟန်ဖြင့် ရယ်မောလိုက်သည်။
"မရဘူး စီနီယာအစ်ကို့ကို ခဏလောက် ထပ်ဖက်ထားချင်သေးတယ်" မိန်းကလေးငယ်က ချွဲနွဲ့လိုက်သည်။
"အခုဆင်းတော့ မဟုတ်ရင် စီနီယာအစ်ကို စိတ်ဆိုးတော့မယ်" ရှောင်ချီက အသံကို နှိမ့်ကာ မကျေမနပ်ဖြစ်ဟန် ဆောင်လိုက်သည်။
ထိုအခါမှ မိန်းကလေးငယ်က ရယ်ပြကာ လက်ကို အမြန်ပြန်ရုတ်ပြီး ရှောင်ချီ၏ အနားမှ ဖယ်ပေးလိုက်သည်။ အပြစ်လုပ်ထားသော ကြောင်ပေါက်လေး တစ်ကောင်ကဲ့သို့ ရှောင်ချီ၏ မျက်လုံးကို မကြည့်ရဲဘဲ ဖြစ်နေသည်။
"စီနီယာအစ်ကို အလုပ်တွေ အကုန်ပြီးပြီလား" လင်ယုရှုက စဉ်းစားပြီးနောက် စကားလမ်းကြောင်း လွှဲလိုက်သည်။
သူမက ကျောက်စိမ်းသန့်စင်ပုလင်း ကိစ္စကို ဆိုလိုခြင်း ဖြစ်သည် ရှောင်ချီ ဤနေရာကို လာရခြင်းမှာ ကျောက်စိမ်းကညာဂိုဏ်း၏ ကျောက်စိမ်းသန့်စင်ပုလင်းကို ရယူရန်ဖြစ်ကြောင်း သူမကို အစောကြီးကတည်းက ပြောပြထားခဲ့သည် မဟုတ်ပါလား။
"မရခဲ့ဘူး ကျောက်စိမ်းသန့်စင်ပုလင်းက ကျောက်စိမ်းကညာဂိုဏ်းချုပ်ရဲ့ အဆောင်အယောင်ပဲ။ ငါက ကျောက်စိမ်းကညာဂိုဏ်းချုပ် မဖြစ်မချင်းတော့ အဲ့ဒါကို ပေးမှာမဟုတ်ဘူး" ရှောင်ချီက နောင်တရသလိုမျိုး ခေါင်းခါပြလိုက်သည်။
အော်... သိပါပြီ။ နှမြောဖို့ ကောင်းလိုက်တာ ဒါပေမဲ့ စီနီယာအစ်ကို စိတ်မပျက်ပါနဲ့။ ဒီလောကမှာ နတ်သန္ဓေ ဝိညာဉ်စွမ်းအင်တွေ ရှိတဲ့ မှော်ရတနာတွေ အများကြီး ရှိပါတယ်။
ကျောက်စိမ်းသန့်စင်ပုလင်းကို မရရင်တောင် တခြားမှော်ရတနာတွေကို သွားလုလို့ ရတာပဲ မိန်းကလေးငယ်က လက်သီးလက်မောင်း တန်းကာ အတည်ပေါက် ပြောလိုက်သည်။
မိန်းကလေးငယ်၏ အတည်ပေါက် ပြောဆိုပုံကို ကြည့်ပြီး ရှောင်ချီ မရယ်ဘဲ မနေနိုင်တော့ပေ။
"ဟင် စီနီယာအစ်ကိုက ဘာကို ရယ်နေတာလဲ ညီမလေးက အတည်ပြောနေတာကို" ရှောင်ချီ၏ ရယ်မောနေသော မျက်နှာကို မြင်သောအခါ လင်ယုရှုမှာ စိတ်လှုပ်ရှားသွားပြီး စီနီယာအစ်ကိုက သူမကို လှောင်နေသည်ဟု ထင်သွားသည်။
"ဒီခရီးစဉ်မှာ ကျောက်စိမ်းသန့်စင်ပုလင်းကို မရခဲ့ပေမဲ့ အဲ့ဒီထက် ပိုတန်ဖိုးရှိတဲ့ မှော်ရတနာ တစ်ခုတော့ ရခဲ့တယ်" ရှောင်ချီက လက်ယမ်းလိုက်ရာ သူ၏ သိုလှောင်အိတ်ထဲမှ ရွှေရောင်အလင်းတန်းများ ဖြာထွက်နေသော ရွှေကြာပန်းတစ်ပွင့် ထွက်ပေါ်လာတော့သည်။