အခန်း (၆၇) ရှောင်ချီ၏အတွေး
ဒါပေါ့... အကယ်၍ ကျွန်တော်သာ ကျောက်စိမ်းကညာဂိုဏ်းကို တကယ် ဝင်ချင်တယ်ဆိုရင် အရင်ဆုံး ဝိညာဉ်ဓားဂိုဏ်းကနေ နုတ်ထွက်မှာပါ။ ဒီအခြေခံစည်းကမ်းကိုတော့ ကျွန်တော် နားလည်ပါတယ်။
"ကျွန်တော့်ကြောင့်နဲ့ ဝိညာဉ်ဓားဂိုဏ်းနဲ့ ကျောက်စိမ်းကညာဂိုဏ်းကြားမှာ စစ်ပွဲဖြစ်ပွားမယ်ဆိုရင် ကျွန်တော်ကပဲ အပြစ်ရှိသူ ဖြစ်သွားမှာ မဟုတ်လား" ရှောင်ချီက ခေါင်းညိတ်ကာ သဘာဝကျကျပင် ပြောလိုက်သည်။
ရှောင်ချီသည် ဝိညာဉ်ဓားဂိုဏ်းအပေါ် သံယောဇဉ်မရှိသော်လည်း ကျောက်စိမ်းကညာဂိုဏ်းပေါ်သို့ ဘေးဒုက္ခများ ရောက်ရှိလာအောင် လုပ်ရန်လည်း မလိုအပ်ပေ။
သူ၏ ယခင်ဘဝတုန်းက ဤဂိုဏ်းအပေါ် ထားရှိသော ရှောင်ချီ၏ အထင်အမြင်မှာ အတော်လေး ကောင်းမွန်ခဲ့သည်။
ဂိုဏ်းချုပ် ယုချန်ရှင်းမှလွဲ၍ ကျန်ရှိသော အမျိုးသမီး အစွမ်းထက် ကျွမ်းကျင်သူများမှာ အတော်လေး ဖော်ရွေကြသည်။
နောင်တွင် ယွီလင်လုံဂိုဏ်းချုပ် ဖြစ်လာပြီးနောက် ကျောက်စိမ်းကညာဂိုဏ်းသည် ကျင့်စဉ်လောကတွင် အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီး ယဲ့ဖန်တည်ထောင်ထားသော ဝိညာဉ်ဓားဂိုဏ်းအသစ်နှင့်ပင် ယှဉ်ပြိုင်နိုင်စွမ်းရှိခဲ့သည်။
ယဲ့ဖန်သည် တစ်ခါက သန်းနှင့်ချီသော တန်ဖိုးရှိသည့် တောင်းရမ်းလက်ဆောင်များ ပို့ဆောင်ကာ ကျောက်စိမ်းကညာဂိုဏ်းနှင့် မဟာမိတ်ဖွဲ့ပြီး ယွီလင်လုံကို သူ၏ ကိုးဦးမြောက် ဇနီးအဖြစ် သိမ်းပိုက်ရန် ကြိုးစားခဲ့ဖူးကြောင်း ရှောင်ချီ ဝေဝေဝါးဝါး မှတ်မိနေသည်။
သို့သော် ထိုကိစ္စမှာ ဘယ်သောအခါမှ အထမြောက်မလာခဲ့ပေ။ အသေးစိတ် အချက်အလက်များကိုမူ ရှောင်ချီ မသိရှိခဲ့ပါ။ ထိုအချိန်က သူသည် နတ်သန္ဓေအဆင့် ရှိသည့် သာမန်ကျင့်ကြံသူလေး တစ်ဦးသာ ဖြစ်ခဲ့သောကြောင့်ပင်။
"ဘိုးဘေးကြီး... မြေးမ ယွီလင်လုံ ဂါရဝပြုပါတယ်" ကျောက်စိမ်းကညာဂိုဏ်း၏ တောင်နောက်ဘက်ရှိ ဆိတ်ငြိမ်သော ကျင့်ကြံခြင်းနယ်မြေတွင် ယွီလင်လုံသည် ဒူးနှစ်ဖက် ထောက်လျက် အရိုအသေ အလေးအမြတ် ပြုနေသည်။
"လင်လုံလေး... ဘာလို့ မင်းရဲ့ နတ်ဘုရားဂူထဲမှာ ကျင့်ကြံမနေဘဲ ဒီအဘွားကြီးဆီကို လာရတာလဲ"
ရိုးရှင်းသော်လည်း အလွန်အေးချမ်းလှသော သက်ကယ်တဲလေး၏ တံခါးမှာ ဖြည်းဖြည်းချင်း ပွင့်လာပြီး မျက်နှာတွင် အရေးအကြောင်းများဖြင့် ပြည့်နှက်နေသော အဘွားအိုတစ်ဦး ထွက်လာသည်။ သူမသည် အပြင်တွင် ဒူးထောက်နေသော ယွီလင်လုံကို ကြင်နာစွာ ကြည့်လိုက်သည်။
သူမသည် ယွီလင်လုံ၏ ရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်လာပြီး အသာအယာ ဆွဲထူလိုက်သည်။
ဤအဘွားအိုသည် သေခါနီး လူအိုတစ်ယောက်နှင့် တူနေသည်။ သူမ၏ လှုပ်ရှားမှုတိုင်း ပြုံးပုံရယ်ပုံတိုင်းမှာ သာမန်လူတစ်ယောက်ကဲ့သို့ပင် ဖြစ်နေသည်။
သူမကဲ့သို့ အဆင့်အတန်းရှိသူများအတွက် အပြင်ပန်းရုပ်သွင်မှာ အရေးမကြီးတော့ဘဲ သူမ၏ စိတ်နှလုံးထဲတွင် တာအိုတစ်ခုတည်းသာ ကျန်ရှိတော့ခြင်းဖြစ်သည်။
ဤနေရာမှာ ကျင့်ကြံသည့်နေရာနှင့် မတူဘဲ လယ်တောထဲက အိမ်လေးတစ်လုံးနှင့် ပိုတူနေသည်။ ဤအဘွားအိုမှာလည်း လောကကြီးကို နှုတ်ဆက်တော့မည့် သက်ကြီးရွယ်အိုတစ်ဦးနှင့် တူလှသည်။
ဘိုးဘေးကြီး မြေးမ အပြင်မှာ ကမ္ဘာကျော်လောက်တဲ့ ပါရမီရှင်တစ်ယောက်နဲ့ တွေ့ခဲ့ပါတယ်။ သူ့ကို ဂိုဏ်းသားအဖြစ် ခေါ်ယူချင်ပေမဲ့ မြေးမတစ်ယောက်တည်း မဆုံးဖြတ်နိုင်လို့ ဘိုးဘေးကြီးဆီက အဆုံးအဖြတ် လာတောင်းတာပါ။
ယွီလင်လုံ၏ အကြည့်များမှာ အဘွားအိုအပေါ် ကြည်ညိုလေးစားမှုများဖြင့် ပြည့်နှက်နေသည်။ သူမသည် နောက်တစ်ကြိမ် ဒူးထောက်ကာ အရိုအသေပေးပြီးနောက် သူမ၏ တောင်းဆိုချက်ကို ပြောလိုက်သည်။
မင်းက ဂိုဏ်းရဲ့ သူတော်စင်မ ဖြစ်နေပြီပဲ မင်းရဲ့အဆင့်အတန်းက ချန်ရှင်း (ယုချန်ရှင်း) ထက် မနိမ့်ပါဘူး။ တပည့်အသစ် ခေါ်တာဖြစ်ဖြစ် တပည့်အရင်း လက်ခံတာဖြစ်ဖြစ် မင်း လုပ်ပိုင်ခွင့်ရှိပါတယ်။ ဒီအဘွားကြီးကို မေးနေစရာ မလိုပါဘူး မဟုတ်လား။
အဘွားအိုသည် ယွီလင်လုံကို နောက်တစ်ကြိမ် ဆွဲထူလိုက်ပြီး ဘေးနားရှိ လှုပ်ကုလားထိုင်ပေါ်တွင် ထိုင်လိုက်သည်။
ဤဝင်းလေးမှာ အလွန်ရိုးရှင်းပါသည်။ ဟင်းသီးဟင်းရွက် စိုက်ခင်းလေးတစ်ခုမှလွဲ၍ သက်ကယ်တဲလေးဘေးတွင် ဇရပ်လေးတစ်ခုသာ ရှိသည်။
ဇရပ်လေးထဲတွင် လှုပ်ကုလားထိုင် နှစ်လုံးရှိရာ ယခုအခါ အဘွားအိုနှင့် ယွီလင်လုံတို့ တစ်လုံးစီ ထိုင်လိုက်ကြသည်။
ဒါဟာ အဘွားအိုအတွက် နောက်ဆုံးဖျော်ဖြေမှု ဖြစ်နိုင်ပါသည်။ လှုပ်ကုလားထိုင်ပေါ်တွင် ထိုင်ရင်း ဝေးလံသော တိမ်တိုက်များကို ငေးကြည့်နေခြင်းပင်။
"ဒါပေမဲ့ ဒီတပည့်က နည်းနည်း ထူးခြားနေလို့ပါ။ သူက အမျိုးသား ဖြစ်နေပါတယ် ဂိုဏ်းမှာ အမျိုးသားတပည့် မလက်ခံရဘူးဆိုတဲ့ ရှေးဟောင်းစည်းကမ်းတော့ မရှိပေမဲ့ ဒါကြောင့်ပဲ ဘိုးဘေးကြီးကို လာမေးတာပါ"
ယွီလင်လုံမှာ အနေရခက်စွာ ခေါင်းကို ကုတ်လိုက်မိသည်။
ရှောင်ချီ ဝိညာဉ်ဓားဂိုဏ်းတွင် ခံခဲ့ရသော မတရားမှုများကို သိလိုက်ရကတည်းက သူမ၏ စိတ်ထဲတွင် ဤအတွေး ပေါ်လာခဲ့ခြင်း ဖြစ်သည်။
ဤကဲ့သို့သော အနှိုင်းမဲ့ ပါရမီရှင်မျိုးကို ကျောက်စိမ်းကညာဂိုဏ်းကသာ လက်ခံနိုင်လျှင် ဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်မှုမှာ အရှိန်အဟုန်ဖြင့် တိုးတက်လာမည်မှာ အသေအချာပင်။
ယွီလင်လုံ၏ အမြင်တွင် ရှောင်ချီ၏ ပါရမီမှာ ယဲ့ဖန်ထက် လုံးဝ မနိမ့်ကျပေ။ ထို့အပြင် ဤလူသည် လျှပ်စီးကန်ထဲတွင် ဆယ်နှစ်တိုင်တိုင် နေထိုင်ခဲ့ပြီး သူ၏ စိတ်ဓာတ်ကို ခိုင်မာအောင် တည်ဆောက်ခဲ့ကာ လျှပ်စီးစွမ်းအားများကိုပင် သူ၏ ကိုယ်ပိုင်အစွမ်းအဖြစ် အသုံးပြုနိုင်ခဲ့သည်။
ဤကဲ့သို့သော စိတ်ဓာတ်ခိုင်မာမှုနှင့် ကံထူးမှုမျိုး ရှိသောသူသည် နောင်တစ်ချိန်တွင် ကြီးကျယ်သော အစွမ်းထက် ကျွမ်းကျင်သူ ဖြစ်လာမည်မှာ သေချာသည်။
သူသည် ကျောက်စိမ်းကညာဂိုဏ်းကို ပိုမိုမြင့်မားသော အဆင့်သို့ ဦးဆောင်ပေးနိုင်လိမ့်မည်။
ယွီလင်လုံသည် ဂိုဏ်း၏ သူတော်စင်မ ဖြစ်လာခြင်းမှာ မဆန်းပေ။ သူမသည် အမြဲတမ်းဂိုဏ်း၏ အကျိုးကို ရှေးရှုတွေးတောနေတတ်သည်။ သူမတွင် တစ်ကိုယ်ကောင်းဆန်သော စိတ်ဓာတ် အနည်းငယ် ရှိနိုင်သော်လည်း သူမ၏ စိတ်နှလုံးထဲက အဓိက ဦးတည်ချက်မှာ ဘယ်တော့မှ မပြောင်းလဲပေ။ ဒါကြောင့်လည်း ဂိုဏ်းထဲက လူကြီးတွေက သူမကို ချစ်ခင်ကြခြင်း ဖြစ်သည်။
မင်းလေးကတော့ ပြဿနာရှာပြန်ပြီ။ မင်းရဲ့ ဆရာကြီး မတက်လှမ်းခင်တုန်းက ကျောက်စိမ်းကညာဂိုဏ်းမှာ အမျိုးသားတပည့် မလက်ခံရဘူးလို့ အတိအလင်း မှာခဲ့တာလေ။ ဘာလဲ... မင်းက စည်းကမ်းဟောင်းတွေကို ချိုးဖျက်ချင်တာလား။
အဘွားအိုသည် မျက်လုံးလေးများ မှေးသွားသည်အထိ ပြုံးရင်း ယွီလင်လုံ၏ လှပသော ဆံပင်များကို အသာအယာ ပွတ်သပ်ပေးနေသည်။ သူမ၏ ကြမ်းတမ်းနေသော လက်ချောင်းလေးများမှာ ယွီလင်လုံ၏ နူးညံ့သော ဆံကေသာနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။
အဘွားအို၏ အိုမင်းရင့်ရော်နေသော ပုံရိပ်မှာ ယွီလင်လုံ၏ လှပမှုနှင့် သိသိသာသာ ကွာခြားနေသည်။
"တကယ်ပဲ နည်းလမ်းမရှိတော့ဘူးလား သူက နှစ်တစ်ထောင်မှာ တစ်ယောက် ပေါ်ထွန်းခဲတဲ့ ပါရမီရှင်ပါ။ မြေးမထက် ပါရမီရော ဇွဲလုံ့လရော ဆယ်ဆလောက် ပိုသာတယ်လို့ ခံစားရတယ်" ယွီလင်လုံ၏ မျက်လုံးထဲက ရွှေရောင်အလင်းတန်းများမှာ တဖြည်းဖြည်း မှေးမှိန်သွားပြီး စိတ်ပျက်လက်ပျက်ဖြင့် မေးလိုက်သည်။
မင်းဆီကနေ ဒီလောက်အထိ ချီးကျူးစကား ကြားရတယ်ဆိုတော့ ဒီလူက တကယ်ပဲ ထူးခြားမှာပေါ့ မင်းပြောသလိုသာ မှန်မယ်ဆိုရင်တော့ နည်းလမ်းမရှိတာ မဟုတ်ပါဘူး။
ဒီအဘွားကြီးရဲ့ ဘဝမှာ တပည့် သုံးယောက်ပဲ လက်ခံခဲ့ဖူးတယ်။
သူသာ တကယ် ပါရမီရှိမယ်ဆိုရင် သူ့ကို ငါ့ရဲ့ နောက်ဆုံးတပည့်အဖြစ် လက်ခံပေးပါ့မယ်။ သူ ကျောက်စိမ်းကညာဂိုဏ်းထဲ မဝင်ရင်တောင် ငါတို့ဂိုဏ်းနဲ့ ခိုင်မာတဲ့ ပတ်သက်မှုတစ်ခု ရှိနေမှာပါ။ စဉ်းစားကြည့်ရင် ဒါက ရာထူးနဲ့ အမည်နာမ ကိစ္စပဲ မဟုတ်လား။
ခဏမျှ စဉ်းစားပြီးနောက် အဘွားအိုသည် ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်သည်။ သူမ၏ မှုန်ဝါးနေသော မျက်လုံးများမှာလည်း အနည်းငယ် တောက်ပလာပုံရသည်။
"ဘာ... သူ့ကို ဘိုးဘေးကြီးရဲ့ နောက်ဆုံးတပည့်အဖြစ် လက်ခံမယ်ဟုတ်လား အဲ့ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ ဘိုးဘေးကြီးရဲ့ အဆင့်အတန်းက အင်မတန် မြင့်မားတာလေ။ သူသာ ဘိုးဘေးကြီးရဲ့ တပည့်ဖြစ်လာရင် သူက မြေးမရဲ့ ဘိုးဘေးစီနီယာဖြစ်သွားမှာ မဟုတ်လား"
ယွီလင်လုံမှာ ချက်ချင်းပင် မတ်တပ်ထရပ်လိုက်ပြီး အဘွားအိုကို မယုံကြည်နိုင်သော မျက်နှာဖြင့် ကြည့်လိုက်တော့သည်။
"ဘာလဲ မင်းက သူ့ကို စိတ်ဝင်စားနေလို့လား မင်းရဲ့ချစ်သူက မင်းရဲ့ဘိုးဘေးစီနီယာ ဖြစ်သွားမှာကို မလိုလားတာလား"
ယွီလင်လုံ၏ တုံ့ပြန်မှုကို မြင်သောအခါ အဘွားအိုမှာ ချက်ချင်းပင် ရယ်မောလိုက်တော့သည်။ သူမ၏ မျက်နှာပေါ်က အရေးအကြောင်းများမှာ ပိုမို နက်ရှိုင်းသွားသည်။ ကြည့်ရသည်မှာ သိပ်မလှသော်လည်း အလွန်ပင် ရိုးသားဖြောင့်မတ်သော ပုံစံမျိုး ဖြစ်သည်။
"မဟုတ်ရပါဘူး သူ့ဘေးမှာ မိန်းကလေးငယ်လေး တစ်ယောက်ရှိနှင့်နေပြီပဲ။ သူ့ကို ကော်နဲ့ ကပ်ထားသလို ခွာလို့မရအောင် ကပ်နေတာလေ။ သူက ဘယ်သူ့ကိုမှ လှည့်ကြည့်မှာ မဟုတ်ပါဘူး" ယွီလင်လုံက မနာလိုစိတ် အနည်းငယ်ဖြင့် ပြောလိုက်သည်။
"မြေးမက ရုတ်တရက်ကြီး ဘိုးဘေးစီနီယာ တစ်ယောက်ပေါ်လာမှာ မတရားဘူးလို့ ထင်လို့ပါ။ ပြီးတော့ မြေးမကိုယ်တိုင်က ဒီကိစ္စကို စီစဉ်ပေးတာဆိုတော့ တကယ်သာ ဖြစ်လာရင် မြေးမက လူအဖြစ်သွားမှာပေါ့" ယွီလင်လုံသည် သူမ၏ ပန်းရောင်နှုတ်ခမ်းလေးကို ကိုက်ကာ မကျေမနပ် ပြောလိုက်သည်။
ဒါပေမဲ့ ဒါက ပြဿနာကို ဖြေရှင်းနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းပဲလေ။ သူ့ကို ငါ့ရဲ့ တပည့်အဖြစ် လက်ခံလိုက်မှသာ ဂိုဏ်းရဲ့ စည်းကမ်းတွေကို ဖြည်းဖြည်းချင်း လျှော့ပေါ့ပေးလို့ ရမှာ။
အချိန်ကြာလာရင် ငါ့ရဲ့ဆရာကြီး သတ်မှတ်ထားတဲ့ စည်းကမ်းတွေ ရှိနေပေမဲ့လည်း ဂိုဏ်းသားတွေက သူ့ကို လက်ခံလာကြမှာဖြစ်ပြီး ကျောက်စိမ်းကညာဂိုဏ်းရဲ့ အဖွဲ့ဝင်တစ်ယောက်အနေနဲ့ သတ်မှတ်လာကြမှာပါ။
ဒါပေမဲ့ ဒါတွေအားလုံး မတိုင်ခင်မှာ ငါ သူ့ကို အရင်တွေ့ကြည့်ရမယ်။ ငါ တကယ် ကျေနပ်မှသာ ဒီအဘွားကြီးက ကြိုးစားကြည့်ပေးမှာပါ။ သူရဲ့ ပါရမီနဲ့ စရိုက်က မင်းပြောသလို မဟုတ်ဘူးဆိုရင်တော့ ဒီအဘွားကြီးလည်း အလုပ်ရှုပ်မခံချင်ဘူး။
အဘွားအိုက ခေါင်းကို အသာအယာ ခါလိုက်ပြီး အလုပ်သဘောအတိုင်း ပြောလိုက်သည်။
"ဒါပေမဲ့... ဒါပေမဲ့ သူက အခုထိ ဝိညာဉ်ဓားဂိုဏ်းရဲ့တပည့် ဖြစ်နေတုန်းပဲ။ သူ့ကို ငါတို့ဘက် ပါအောင် ဆွဲဆောင်ဖို့က နည်းနည်းတော့ အားစိုက်ရလိမ့်မယ်" ယွီလင်လုံ၏ ပါးပြင်ပေါ်တွင် ရှက်သွေးများ ဖြာသွားပြီး စကားကို ထစ်ထစ်ငေါ့ငေါ့ ပြောလိုက်သည်။