အခန်း (၆၄) စီနီယာအစ်ကို ကျွန်မ ဒီမှာပဲ နေလို့ရမလား
ဂိုဏ်းချုပ်၏ ခွင့်ပြုချက် ရရှိပြီးနောက် ရှောင်ချီနှင့် သူ၏ ညီမလေးတို့သည် ကျောက်စိမ်းကညာဂိုဏ်း တပည့်မတစ်ဦး၏ လမ်းညွှန်မှုဖြင့် ဧည့်ဂေဟာသို့ ရောက်ရှိလာကြသည်။
ဂိုဏ်းတစ်ခုလုံးတွင် အမျိုးသမီးများသာ ရှိသဖြင့် ကျောက်စိမ်းကညာဂိုဏ်းသည် ပုံမှန်အားဖြင့် အမျိုးသားများကို ညအိပ်တည်းခိုခွင့် မပြုပေ။
သို့သော် ရံဖန်ရံခါ အထူးအခြေအနေများ ရှိတတ်သဖြင့် တောင်ဘက်ဝင်းတွင် အမျိုးသားကျင့်ကြံသူများ အနားယူရန်နှင့် ဒဏ်ရာကုသရန် သီးသန့်ဆောင်တစ်ခု ဆောက်လုပ်ထားခြင်း ဖြစ်သည်။
အမျိုးသမီးများ နေထိုင်ရာ အရပ်ဖြစ်သဖြင့် အမြဲတမ်း သပ္ပာယ်လှပနေတတ်သည်။ အမျိုးသားများအတွက် ဆောက်ထားသော ဤဝင်းလေးပင်လျှင် အလွန် သန့်ရှင်းသပ်ရပ်ပြီး ဆိတ်ငြိမ်အေးချမ်းလှသည်။
ဝင်းအတွင်း၌ ပန်းမန်များ ဝေဆာနေပြီး ရေမြောင်းလေးများထဲတွင် ရေများမှာ တသွင်သွင် စီးဆင်းနေသည်။
ရံဖန်ရံခါတွင်လည်း ကောင်းကင်ယံမှ နတ်ဘုရားကြိုးကြာငှက်များ ဆင်းသက်နားခိုတတ်ကြသည်။
"ဝါး... စီနီယာအစ်ကို ဒီနေရာလေးက တော်တော်လှတာပဲ။ ကျွန်မတို့ရဲ့ ခရမ်းရောင်တိမ်တိုက်တောင်ထက် အဆပေါင်းများစွာ ပိုသာယာတယ်" လင်ယုရှုသည် ဝင်းထဲသို့ ပြေးဝင်သွားပြီး လက်ကလေးနှစ်ဖက်ကို ဖြန့်ကာ လေညင်းကို ခံစားရင်း ပျော်ရွှင်စွာ ပတ်ချာလည် ကခုန်နေတော့သည်။
"ဟွန်း... တောသူမလေး လူကို နေရာချပေးပြီးပြီဆိုတော့ ငါသွားတော့မယ်" လမ်းပြလာသော တပည့်မက အေးစက်စွာ နှာခေါင်းရှုံ့ပြီး ထွက်ခွာသွားသည်။
ရှောင်ချီကတော့ သူမကို ဂရုမစိုက်ပေ။ ဤတပည့်မလေးများ ဘာကြောင့် ဒေါသထွက်နေသလဲဆိုသည်ကို သူ နားလည်ပါသည်။ ယခုရလဒ်မှာ ဖြစ်နိုင်သမျှထဲတွင် အကောင်းဆုံးပင် မဟုတ်ပါလား။
ရှောင်ချီသည် ပင်ပန်းနွမ်းနယ်နေသော သူ၏ ခန္ဓာကိုယ်ကို ဆွဲခေါ်ကာ ဝင်းထဲရှိ မှီထိုင်ကုလားထိုင်တစ်ခုပေါ်တွင် ထိုင်ချလိုက်သည်။ ခုနက တိုက်ပွဲ၏ အရေးကြီးဆုံးအချိန်တွင် သူက အလျှော့ပေးခဲ့ခြင်း ဖြစ်သဖြင့် တကယ်တမ်းတော့ ဒဏ်ရာအပြင်းအထန် မရခဲ့ပေ။
ယခု ကျောက်စိမ်းကညာဂိုဏ်းတွင် ခဏတာ တည်းခိုခွင့်ရခြင်းမှာ ကောင်းသောကိစ္စပင်။ သို့သော် ကျောက်စိမ်းသန့်စင်ပုလင်းကို ဘယ်လိုနည်းနဲ့ ရယူရမလဲ။
ကျောက်စိမ်းကညာဂိုဏ်းတွင် ဤပုလင်း၏ အဆင့်အတန်းမှာ ဝိညာဉ်ဓားဂိုဏ်းက စေတီ ထက်ပင် သာလွန်ပုံရသည်။
အနည်းဆုံးတော့ ဤပုလင်းမှာ ဂိုဏ်းချုပ်၏ လက်ထဲတွင် အမြဲရှိနေပြီး အချိန်မရွေး၊ နေရာမရွေး ခေါ်ယူအသုံးပြုနိုင်သည်။ ဤနည်းဖြင့် ၎င်း၏ လုံခြုံရေးမှာ ပြောနေစရာပင် မလိုတော့ပေ။
အကယ်၍ တစ်စုံတစ်ယောက်က ယဲ့ဖန်ကဲ့သို့ ခိုးယူချင်လျှင် ဂိုဏ်းချုပ်ထက် အများကြီး သာလွန်သော အစွမ်းရှိမှသာ ဖြစ်နိုင်ပေလိမ့်မည်။
ဟုတ်ပါသည် ဝိညာဉ်ဓားဂိုဏ်းက ကောင်းကင်စေတီကို အလေးထားလွန်းသဖြင့် အမြတ်တနိုး သိမ်းဆည်းထားပြီး လက်နက်တစ်ခုအနေနှင့် တစ်စုံတစ်ဦး၏ လက်ထဲတွင် အမြဲမထားခြင်းမှာလည်း အကြောင်းရင်းတစ်ခု ဖြစ်နိုင်သည်။
"စီနီယာအစ်ကို ဘာလို့ အမြဲတမ်း မျက်နှာမကောင်း ဖြစ်နေတာလဲ" လင်ယုရှုသည် ရှောင်ချီ၏ နောက်သို့ လျှောက်လာပြီး သူမ၏ နုနယ်သော လက်ချောင်းလေးများဖြင့် ရှောင်ချီ၏ ပခုံးကို အသာအယာ နှိပ်နယ်ပေးလေသည်။
သူမ၏ လက်ချောင်းများမှတစ်ဆင့် ဝိညာဉ်စွမ်းအင်အချို့မှာ ရှောင်ချီ၏ နာကျင်နေသော ကြွက်သားများထဲသို့ စီးဝင်သွားသည်။
"အင်း... ဟင်း..." နူးညံ့လှသော ဖိအားကြောင့် ရှောင်ချီမှာ ကျေနပ်စွာ ညည်းညူလိုက်မိသည်။
"စီနီယာအစ်ကို... ကျွန်မတို့ ကျောက်စိမ်းကညာဂိုဏ်းထဲ ဝင်ခွင့်ရဖို့ ဖြစ်နိုင်မလား" နှိပ်နယ်ပေးနေရင်း လင်ယုရှု၏ နူးညံ့သော အသံလေးမှာ ရှောင်ချီ၏ နားထဲသို့ တိုးဝင်လာသည်။
"ဘာလို့ မေးတာလဲ မင်းက ကျောက်စိမ်းကညာဂိုဏ်းကို ဝင်ချင်လို့လား" ရှောင်ချီက ခေါင်းကို အနည်းငယ် လှည့်ကာ သူ၏ ညီမလေး၏ ဖြူစင်သော မျက်နှာကို ကြည့်ပြီး စူးစမ်းစွာ မေးလိုက်သည်။
ဒီနေရာက ပတ်ဝန်းကျင်လေးက ကောင်းလို့ပါ။ ကျွန်မတို့ ဝိညာဉ်ဓားဂိုဏ်းထက် အများကြီး ပိုသာယာသလိုပဲ သူတို့ စီနီယာအစ်ကိုကို ဝိုင်းတိုက်ခဲ့တာက မှားပေမဲ့ သူတို့ရဲ့ ညီအစ်မတွေအတွက် အသက်စွန့်ရဲတာကို ကြည့်ရင် တော်တော်လေး အားကျဖို့ ကောင်းတယ်။
မိန်းကလေးငယ်လေးမှာ သူမ၏ လက်ချောင်းလေးများကို အားထည့်ကာ ရှက်ကိုးရှက်ကန်း ပြောလိုက်သည်။
ရှောင်ချီက အသာအယာ ပြုံးလိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ။ သူသည် ညီမလေး၏ စိတ်ထဲက အတွေးကို နားလည်ပါသည်။
ခရမ်းရောင်တိမ်တိုက်တောင်က တကယ်ကို အေးစက်လွန်းလှသည်။ ကြောက်စရာကောင်းလောက်အောင် အေးစက်သည်။ ထိုနေရာတွင် ကြာကြာနေသူတိုင်း နွေးထွေးမှုကို တောင့်တလာကြမည်မှာ မဆန်းပေ။
ညီမလေးမှာ ရေခဲတိုက်ထဲမှ မီးဖိုဘေးသို့ ရောက်လာသကဲ့သို့ ခံစားချက်ချင်း ကွာခြားသွားခြင်း ဖြစ်သည်။
"စီနီယာအစ်ကို... ဘာလို့ ဘာမှမပြောတော့တာလဲ ကျွန်မ စကားတွေကြောင့် စိတ်ဆိုးသွားတာလား"
ကျွန်မက ဒီအတိုင်း ပြောကြည့်တာပါ။ ကျောက်စိမ်းကညာဂိုဏ်းကို တကယ် ဝင်ချင်နေတာ မဟုတ်ပါဘူး တကယ်တော့ ကျွန်မ ဘယ်ဂိုဏ်းမှာပဲဖြစ်ဖြစ် စီနီယာအစ်ကိုရဲ့ ဘေးမှာ နေခွင့်ရရင်ပဲကျေနပ်ပါပြီ။
ရှောင်ချီ ဘာမှမပြောသဖြင့် မိန်းကလေးငယ်လေးမှာ သူမ၏စကားကြောင့် စီနီယာအစ်ကို စိတ်ဆိုးသွားမည်ကို စိုးရိမ်ကာ ချက်ချင်းပင် ပျာပျာသလဲ ရှင်းပြတော့သည်။
စိတ်မဆိုးပါဘူး ငါဂိုဏ်းမှာ မရှိတဲ့ ဒီတစ်ဆယ်နှစ်အတွင်းမှာ မင်း တော်တော်လေး ဒုက္ခရောက်ခဲ့မှာပဲ။
လျိုချင်းအာ နဲ့ မုဝမ်အာ တို့လို လူယုတ်မာနှစ်ယောက်ကို နေ့တိုင်းရင်ဆိုင်နေရတာဟာ တွေးကြည့်ရင်တောင် နာကျင်စရာပဲ။
ဒါ့အပြင် မင်းရဲ့ ကျင့်စဉ်က သူတို့လောက် မမြင့်ဘူးဆိုတော့ သူတို့ အနိုင်ကျင့်ရင်တောင် မင်း ပြန်မခုခံနိုင်ခဲ့ဘူး မဟုတ်လား ရှောင်ချီသည် လှည့်ကြည့်ကာ လင့ယုရှု၏ ဆံပင်လေးများကို အသာအယာ ပွတ်သပ်ရင်း ပြုံးကာ ပြောလိုက်သည်။
မိန်းကလေးငယ်လေးမှာ နှုတ်ခမ်းလေးကို စေ့ထားပြီး ဘာမှ ထပ်မပြောတော့ဘဲ သနားစရာကောင်းပြီး ဝမ်းနည်းနေသော မျက်နှာလေး ဖြစ်သွားသည်။
လင်ယုရှုသည် သူမ၏ ခံစားချက်ကို ဖော်ပြရာတွင် မကျွမ်းကျင်သော်လည်း သူမ စိတ်မကောင်းဖြစ်တိုင်း ဤကဲ့သို့ ရင်နာစရာကောင်းသော မျက်နှာလေး ဖြစ်သွားတတ်သည်။
မင်း ဒီဂိုဏ်းမှာ နေချင်ရင်လည်း နေပါ။ ဒီမှာက အမျိုးသမီးတွေပဲ ရှိတာဆိုတော့ မင်းရဲ့ ကျင့်စဉ်အတွက်လည်း သင့်တော်ပါတယ်။ စီနီယာအစ်ကိုကတော့ စဉ်းစားရဦးမှာပေါ့။
ဒါပေမဲ့ မှတ်ထားပါ... မင်း ဘယ်ကိုပဲ ရောက်ရောက် မင်းဟာငါ့ရဲ့ ညီမလေး အမြဲတမ်း ဖြစ်နေမှာပါ။ ဒါက ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူး။
ရှောင်ချီ၏ နွေးထွေးသော စကားများကြောင့် မိန်းကလေးငယ်လေးမှာ အတိုင်းမသိ စိတ်သက်သာရာ ရသွားတော့သည်။
"မလိုက်ပါဘူး စီနီယာအစ်ကိုသာ ဒီဂိုဏ်းကို မဝင်ရင် ကျွန်မလည်း ဘယ်မှ မသွားဘူး။ စီနီယာအစ်ကိုရဲ့ ဘေးမှာပဲ အမြဲ နေမှာ" လင်ယုရှာက ခေါင်းခါလိုက်ပြီး ရှောင်ချီ၏လည်ပင်းကို မူလနေရာသို့ ပြန်တွန်းကာ ဆက်လက် နှိပ်နယ်ပေးနေတော့သည်။
အချိန်တွေ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားရာ ဤဆိတ်ငြိမ်သော ဝင်းလေးထဲတွင် ခုနစ်ရက်ဆိုသည့် အချိန်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။
ရှောင်ချီသည် ယဲ့ဖန်ကို စောင့်နေခဲ့သော်လည်း ရောက်မလာခဲ့ပေ။ လက်ဝဲအကာအကွယ်ပေးသူမှာမူ ထိုစားသောက်ဆိုင်တွင် ချိတ်ဆွဲခံထားရသည်မှာ ခုနစ်ရက် တင်းတင်း ပြည့်သွားပြီ ဖြစ်သည်။
ချင်းချန်တောင်ခြေရှိ စားသောက်ဆိုင်လေး၏ အဝင်ဝတွင် ရှောင်ချီသည် ချိတ်ဆွဲခံထားရသော ပုံရိပ်ကို ကြည့်ကာ နှုတ်ခမ်းများ မဲ့သွားရသည်။
ယဲ့ဖန်က ဤမျှအထိ သည်းခံနိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ ဤမျှအထိ အရှက်ရစရာ ကောင်းသည်ကိုပင် လိပ်တစ်ကောင်လို ပုန်းနေနိုင်သည်ပေါ့။
ညှိုးနွမ်းခြောက်ကပ်နေသော လက်ဝဲအကာအကွယ်ပေးသူကို ကြည့်ရင်း ရှောင်ချီမှာ ဘာလုပ်ရမှန်း မသိ ဖြစ်နေသည်။
သူ့ကို သတ်ရမလား ဒါမှမဟုတ် ဒီအတိုင်း ထားရမလား ဒီကောင်ကတော့ သိမ်းထားလည်း အလကားပဲ ခုခံနိုင်စွမ်းမရှိတဲ့ လူတစ်ယောက်ကို သတ်ရမှာကလည်း လက်ညစ်ပတ်သလို ခံစားရတယ်။
ဒါက ငါကိုယ်တိုင် လုပ်ထားတဲ့ လက်ရာဖြစ်ပေမဲ့လည်းပေါ့ ရှောင်ချီသည် လက်ဝဲအကာအကွယ်ပေးသူကို ဘယ်လို ကိုင်တွယ်ရမလဲဆိုသည်ကို တစ်ယောက်တည်း ရေရွတ်ရင်း ဝေခွဲမရ ဖြစ်နေသည်။
နင်က သတ်ဖြတ်တဲ့နေရာမှာ တော်တော် ပြတ်သားတယ် မဟုတ်လား ငါနဲ့ တိုက်တုန်းကတော့ အင်မတန် အစွမ်းထက်နေပြီး အခုတော့ အစေခံတစ်ယောက်ကို သတ်ဖို့ကျမှ တွန့်ဆုတ်နေတာလား။
ရှောင်ချီ ဝေခွဲမရ ဖြစ်နေစဉ်မှာပင် ဘေးနားမှ အမျိုးသမီး အသံတစ်ခု ထွက်ပေါ်လာသည်။
ရှောင်ချီ လှည့်ကြည့်လိုက်ရာ ကျောက်စိမ်းကညာဂိုဏ်း၏ သူတော်စင်မ ယွီလင်လုံ ဖြစ်နေသည်။
ရှောင်ချီ နှုတ်ပင်မဆက်ရသေးမီမှာပင် ယွီလင်လုံသည် သူမ၏ ဓားကို ဆွဲထုတ်ကာ လက်ဝဲအကာအကွယ်ပေးသူ၏ နဖူးဆီသို့ တိုက်ရိုက် ထိုးစိုက်လိုက်တော့သည်။
ရှောင်ချီမှာ ခဏမျှ ကြောင်သွားသည်။ ဤအမျိုးသမီး ဤမျှအထိ ရက်စက်လိမ့်မည်ဟု မထင်ထားခဲ့သော်လည်း သူ တားရန် ရည်ရွယ်ချက် မရှိပေ ဤကဲ့သို့သော အစေခံကို သတ်ပစ်လိုက်ခြင်းမှာ သူ့အတွက် အလုပ်ရှုပ် သက်သာသွားခြင်းပင် ဖြစ်သည်။
သို့သော် ဓားဦးမှာ လက်ဝဲအကာအကွယ်ပေးသူ၏ နဖူးသို့ ရောက်ခါနီးမှာပင် ရုတ်တရက် စွမ်းအင်လှိုင်းတစ်ခု ပေါ်ထွက်လာပြီး ယွီလင်လုံကို နောက်သို့ လွင့်စဉ်သွားစေခဲ့သည်။
"သူ ရောက်လာပြီ" ရှောင်ချီသည် ချက်ချင်း ခေါင်းလှည့်လိုက်သည်။ ယဲ့ဖန်က သူ၏ လက်ဝဲအကာအကွယ်ပေးသူကို ကယ်တင်ရန် ကိုယ်တိုင် ရောက်လာသလားဆိုသည်ကို သိချင်နေသည်။
သို့သော် ရှောင်ချီက သူ၏ ဝိညာဉ်အာရုံဖြင့် ပတ်ဝန်းကျင်ကို စူးစမ်းကြည့်သော်လည်း ဘယ်သူ့အရိပ်အယောင်မှ မတွေ့ရပေ။
"အော်... စိတ်ဝင်စားဖို့ ကောင်းသားပဲ။ ယဲ့ဖန်က ထူးဆန်းတဲ့ အတတ်ပညာအသစ်တစ်ခုကို ကျင့်ကြံထားတာလား" ရှောင်ချီသည် ဟင်းလင်းပြင်ကို ကြည့်ကာ နှုတ်ခမ်းထောင့်လေး ကွေးညွှတ်ရုံ ပြုံးလိုက်ပြီး စိတ်ဝင်စားသွားတော့သည်။