အခန်း (၆၃) ရှောင်ချီ အရှုံးပေးခြင်း
ခရမ်းရောင်လက်ဝါးကြီးမှာ လျှပ်စီးခိလင်၏ အရှိန်ကြောင့် ကွဲအက်သွားပြီးနောက် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
ရှောင်ချီအပေါ် ကျရောက်နေသော ဖိအားများမှာလည်း ၎င်းနှင့်အတူ လွင့်ပါးသွားတော့သည်။ ရှောင်ချီသည် အမောတကော အသက်ရှူရင်း ကောင်းကင်ယံက ပုံရိပ်ကို ပိုမိုသတိထားကာ စိုက်ကြည့်လိုက်မိသည်။
ယခုအချိန်တွင် ရှောင်ချီ၏ ပတ်ပတ်လည် ပေ ၁၅၀ (မီတာ ၅၀) အတွင်းရှိ အရာအားလုံးမှာ ထိုတိုက်ခိုက်မှု၏ ရိုက်ခတ်မှုကြောင့် ကြီးမားနက်ရှိုင်းလှသော ကျင်းကြီးတစ်ခု ဖြစ်သွားရသည်။
ရှောင်ချီသည် ထိုကျင်းနက်ကြီး၏ အလယ်တွင် တစ်ယောက်တည်း ဒူးတစ်ဖက်ထောက်လျက် ရှိနေပြီး ကြည့်ရသည်မှာ အထီးကျန်ဆန်လှသည်။
"တော်သားပဲ ကောင်လေး ငါ့ရဲ့ တိုက်ခိုက်မှုကို တစ်ကွက် တားနိုင်တယ်ပေါ့ ကဲ... နောက်တစ်ကွက်" ကောင်းကင်ယံက ပုံရိပ်သည် အံ့သြသွားဟန်ရှိသော်လည်း နောက်တစ်စက္ကန့်တွင် ထိုအံ့သြမှုမှာ ကျေနပ်မှုအဖြစ် ပြောင်းလဲသွားသည်။ သူမ၏ အရှိန်အဝါများ ပြန်လည်မြင့်တက်လာပြီး နောက်ထပ် တိုက်ခိုက်ရန် ပြင်လိုက်ပြန်သည်။
"စီနီယာ... ခဏလေး စောင့်ပါဦး!ကျွန်တော်က ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်ကျင့်ကြံသူလေးပါ။ စီနီယာ နောက်တစ်ကွက်သာ ထပ်တိုက်ရင် ကျွန်တော် သေသွားပါလိမ့်မယ်"
ရှောင်ချီသည် လက်တစ်ဖက်ကို မြေပြင်တွင် ထောက်ကာ ကျန်လက်တစ်ဖက်ကို ကောင်းကင်သို့ မြှောက်ပြရင်း တိုက်ရိုက်ပင် အရှုံးပေးလိုက်တော့သည်။
"ခုနကတော့ တော်တော် မောက်မာနေတာ မဟုတ်လား အခုမှ ကြောက်တတ်သွားပြီလား" ပဉ္စမမြောက် အထူးအကြီးအကဲသည် သူမ၏ တိုက်ခိုက်မှုကို ရပ်တန့်လိုက်သည်။
သူမ၏ ပုံရိပ်သည် ဟင်းလင်းပြင်ထဲမှ ဖြည်းဖြည်းချင်း ဆင်းသက်လာပြီး ရှောင်ချီ၏ ရှေ့တည့်တည့်တွင် ရပ်လိုက်သည်။
ရှောင်ချီ၏ နှုတ်ခမ်းများမှာ အနည်းငယ် မဲ့သွားရသည်။ ဤအမျိုးသမီးများ ဤမျှအထိ လူလည်ကျလိမ့်မည်ဟု သူ တကယ်မထင်ထားခဲ့ပေ။
ပထမဦးစွာ ယွီလင်လုံက သူ့ကို ကျောက်စိမ်းကညာဂိုဏ်း၏ လေ့ကျင့်ရေးကွင်းသို့ စိန်ခေါ်ခဲ့ပြီး သူမကိုယ်တိုင် တစ်ကွက်တည်းနှင့် ရှုံးသွားသည်။
ထိုပွဲကို ကြည့်နေသော ဂိုဏ်းသား တပည့်မလေးများက မခံမရပ်နိုင်ဖြစ်ပြီး ရာဂဏန်းရှိသော လူအုပ်ကြီးဖြင့် သူ့ကို ဝိုင်းတိုက်ကြပြန်သည်။ သူက သူတို့ကိုလည်း တစ်ကွက်တည်းနှင့် အနိုင်ယူလိုက်သည်။
နောက်ဆုံးတွင်တော့ ဂိုဏ်းမှ အဘွားကြီးများက အရှက်ကို ဘေးချိတ်ကာ အသက် ၇၀ ကျော်ရှိပြီဖြစ်သောအကြီးအကဲကြီးက တောင်နောက်ဘက်မှ ထွက်လာပြီး သူ့ကို အပြင်းအထန် နှိပ်စက်နေခြင်း ဖြစ်သည်။
"စီနီယာ... စိတ်ရင်းနဲ့ ပြောစမ်းပါ။ ကျွန်တော်က ဘယ်တုန်းက မောက်မာခဲ့လို့လဲ တောင်အောက်က ကိစ္စတွေကို ခဏထားလိုက်ပါဦး
ကျွန်တော် တောင်ပေါ်တက်လာတာက စီနီယာတို့ဂိုဏ်းရဲ့ သူတော်စင်မက စိန်ခေါ်လို့ လာခဲ့တာပါ။ လောင်းကြေးတွေလည်း သတ်မှတ်ပြီးသားပါ။
သူတော်စင်မနဲ့ ယှဉ်ပြိုင်လို့လည်း ပြီးရော ကျောက်စိမ်းကညာဂိုဏ်းက တပည့်ပေါင်း ထောင်ချီက ကျွန်တော့်ကို ဝိုင်းတိုက်ကြတာလေ။
ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့အနေနဲ့ သူတို့ကို နိုင်အောင် တိုက်ခဲ့တာပါ။ ဒါကို စီနီယာက တောင်နောက်ဘက်ကနေ သီးသန့် ထွက်လာပြီး ကျွန်တော့်ကို ဆုံးမနေစရာ မလိုပါဘူး။ ခင်ဗျားတို့အားလုံးက ကျွန်တော့်ကို ဝိုင်းပြီး နိုင်ထက်စီးနင်း လုပ်နေကြတာပဲ။
ရှောင်ချီသည် မြေပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး အမောဖြေနေသည်။ သူသည် ဟင်းလင်းပြင်တွင် တည်ငြိမ်စွာ ရပ်နေသော လှပသည့် ပုံရိပ်ကြီးကို ကြည့်ကာ မကျေမနပ် ဖြစ်နေသော မျက်နှာဖြင့် ပြောလိုက်သည်။
ရှောင်ချီ၏ ရှင်းပြချက်ကို ကြားသောအခါ ကျောက်စိမ်းကညာဂိုဏ်း၏ ပဉ္စမမြောက် အထူးအကြီးအကဲမှာ ခဏမျှ ကြောင်အသွားသည်။ ရှောင်ချီ၏ ရှုထောင့်ကကြည့်လျှင် ကိစ္စက ဤသို့ ဖြစ်နေသည် မဟုတ်ပါလား။
သူတော်စင်မက ရှောင်ချီကို တောင်ပေါ်သို့ မြှူဆွယ်ခေါ်ယူလာပြီးနောက် ကျောက်စိမ်းကညာဂိုဏ်း တစ်ခုလုံးက ဝိုင်းတိုက်ကြကာ နောက်ဆုံးတွင် အကြီးအကဲချုပ်ကပါ ထွက်ပြီး ဝိုင်းနှိမ်ကြသည်ဟူသော အဓိပ္ပာယ်ပင်။
အထူးအကြီးအကဲသည် ကျန်ရှိနေသော ဂိုဏ်းသားများကို ကြည့်လိုက်သည်။ ကျင်းနက်ကြီး၏ ဘေးပတ်လည်တွင် ဝိုင်းအုံကြည့်နေသော တပည့်မများကို မြင်သောအခါ သူမမှာ အနေရခက်စွာ ရယ်မောလိုက်မိတော့သည်။
ဟားဟားဟား... ဒါက ဒီလိုလား။ ဒါဆိုရင်တော့ မင်းလေး တော်တော်လေး မတရား ခံခဲ့ရတာပဲ ငါကလည်း ငါ့တပည့်တွေ အနိုင်ကျင့်ခံနေရတာ မြင်လိုက်လို့ စိတ်မြန်လက်မြန်နဲ့ ထွက်လာပြီး ဆုံးမမိတာပါ။
ဒါတွေက နားလည်မှုလွဲတာဆိုတော့ ဒီအဘွားကြီးက တောင်နောက်ဘက်ကိုပဲ အရင်ပြန်တော့မယ်။ ကျန်တာကိုတော့ မင်းတို့ဘာသာ ဆက်ပြီး ဖြေရှင်းလိုက်ကြတော့။
အနည်းငယ် ရယ်မောပြီးနောက် အထူးအကြီးအကဲသည် ချက်ချင်း ထွက်သွားချင်နေသည်။ တောင်းပန်ဖို့ဆိုသည်မှာတော့ မဖြစ်နိုင်ပေ။ သူမကဲ့သို့ အဆင့်အတန်းရှိသူက လူငယ်တစ်ယောက်ကို ဘယ်လိုလုပ်ပြီး တောင်းပန်မည်နည်း။
အမှန်စင်စစ် ဤကိစ္စ၏ အစမှာ ရှောင်ချီ တောင်အောက်တွင် ပြဿနာရှာခြင်းကြောင့် အဆင့်ဆင့် ဖြစ်လာခြင်း ဖြစ်သည်။
နောက်ဆုံးတော့ ရှောင်ချီကိုယ်တိုင်က ပြဿနာကို ရှာခဲ့ခြင်းသာ ဖြစ်သည်။
သို့သော်လည်း ဂိုဏ်းတစ်ခုလုံးတွင် ရှောင်ချီကို နှိမ်နင်းနိုင်သူ မရှိသဖြင့် အကြီးအကဲဖြစ်သူ သူမကိုယ်တိုင် ရှေ့ထွက်မှသာ ဂိုဏ်း၏ မျက်နှာကို ပြန်ဆယ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် အမှားကို အမှားဟု မမြင်ဘဲ ဤကောင်လေးကို သင်ခန်းစာ ပေးလိုက်နိုင်သည်ဟုသာ သတ်မှတ်လိုက်တော့သည်။
အထူးအကြီးအကဲ၏ မျက်လုံးထဲက အန္တရာယ်ရှိသော အရိပ်အယောင်ကို မြင်သဖြင့် ရှောင်ချီသည် သူမကို စိုက်မကြည့်ရဲတော့ပေ။ သူသည် ချက်ချင်းပင် တရားထိုင်သည့် ပုံစံဖြင့် ထိုင်လိုက်ပြီး သူ၏ ဒဏ်ရာများကို ကုသရန် ကြိုးစားလိုက်သည်။
"စီနီယာ ယုချွဲကိစ္စကို ကျွန်မ ဘယ်လို ကိုင်တွယ်စေချင်သလဲ" အထူးအကြီးအကဲ တောင်နောက်ဘက်သို့ ပြန်တော့မည်ကို မြင်သောအခါ ဂိုဏ်းချုပ် ယုချန်ရှင်းက မျက်နှာပျက်ပျက်ဖြင့် တားလိုက်သည်။
လောင်းကြေးအတိုင်းပဲ လုပ်လိုက်ပါ။ သဘောတူထားပြီးသား မဟုတ်လား သူနိုင်ရင် မြို့ထဲမှာ ခုနစ်ရက် နေနိုင်တယ်ဆိုတာလေ ဒီရက်ပိုင်း သူ့ကို ဂိုဏ်းထဲမှာပဲ နေခိုင်းလိုက်ပါ။
ခုနက တိုက်ခိုက်မှုကြောင့် သူ အတော်လေး ဒဏ်ရာရသွားပုံရတယ်။ ဒဏ်ရာကုပေးမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သူ့ကို ငါတို့ဘက် ပါအောင် ဆွဲဆောင်လိုက်ပေါ့ဟု အထူးအကြီးအကဲ ယုချွဲသည် အဓိပ္ပာယ်ပါပါ ကြည့်လိုက်ပြီးနောက် ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။
ဂိုဏ်းချုပ် ယုချန်ရှင်းက သူမကို တားရန် လက်လှမ်းလိုက်သော်လည်း ထိုပုံရိပ်မှာ လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ယုချန်ရှင်းသည် လက်ဝါးချက်ကြောင့် ဖြစ်ပေါ်သွားသော ကြီးမားလှသည့် ကျင်းကြီးကို ကြည့်ကာ စိတ်ပျက်လက်ပျက် ဖြစ်သွားရသည်။
ဤလေ့ကျင့်ရေးကွင်းမှာတော့ ခဏတစ်ဖြုတ် အသုံးပြု၍ ရတော့မည်မဟုတ်ပေ။ ပြန်ပြင်ရန် အနည်းဆုံး နှစ်လ သုံးလခန့် ကြာပေလိမ့်မည်။
"စီနီယာအစ်ကို... အဆင်ပြေရဲ့လား ဒဏ်ရာတွေ အများကြီး ရသွားလား" တိုက်ပွဲပြီးဆုံးသွားသောအခါ လင်ယုရှုသည် လူအုပ်ကြားမှ တိုးထွက်လာပြီး ကျင်းထဲသို့ ခုန်ဆင်းကာ ရှောင်ချီ၏ ဒဏ်ရာများကို စစ်ဆေးလေတော့သည်။
"ဘာမှမဖြစ်ပါဘူး ဒီလို တိုက်ခိုက်မှုမျိုးကို သုံးကြိမ်လောက်အထိ တားနိုင်သေးတယ် ဒါပေမဲ့ အဲ့ဒီအရူးမရဲ့ အစွမ်းက တကယ်ကို ကြီးလွန်းတယ်။ ငါသာ စောစောစီးစီး အရှုံးမပေးရင် ဒီနေ့ ဒီမှာပဲ အဆုံးစီရင်ခံရမှာ" ရှောင်ချီသည် သူ၏ ညီမလေး၏ ရင်ခွင်ထဲတွင် မှီကာ အားပျော့စွာ ပြောလိုက်သည်။
ရှောင်ချီလေး မင်းရဲ့နောက်ခံကို ငါသိလိုက်ပြီ မင်းက ဝိညာဉ်ဓားဂိုဏ်းရဲ့ သူတော်စင်ဟောင်း မဟုတ်လား။
မင်း ချင်းချန်တောင်အောက်မှာ လုပ်ခဲ့တဲ့ ကိစ္စတွေက ဝိညာဉ်ဓားဂိုဏ်းရဲ့ သူတော်စင်သစ် ယဲ့ဖန်ကို ရည်ရွယ်တာပဲ ဖြစ်ရမယ်။
ဒါဟာ မင်းတို့နှစ်ယောက်ကြားက ပုဂ္ဂလိက ရန်ငြိုးဖြစ်တဲ့အတွက် ငါတို့ ကျောက်စိမ်းကညာဂိုဏ်းက ဝင်မပါပါဘူး။
မင်း တောင်အောက်မှာ ပြဿနာအရင်ရှာခဲ့ပြီး နောက်မှ ငါတို့ဂိုဏ်းရဲ့ စီနီယာ ယုချွဲရဲ့ တိုက်ခိုက်မှုကို ခံရတာဟာဝဋ်လို့ပဲ သတ်မှတ်လိုက်ပါ။
အခုတော့ နားလည်မှုလွဲတာတွေ ရှင်းသွားပြီဆိုတော့ ဘယ်ဘက်ကမှ ဒါကို စိတ်ထဲမထားတော့ပါဘူး။ မင်း ယဲ့ဖန်ကို စောင့်နေတဲ့ ဒီခုနစ်ရက်အတွင်းမှာ ငါတို့ ကျောက်စိမ်းကညာဂိုဏ်းမှာပဲ တည်းခိုပြီး ဒဏ်ရာတွေကို ကုသနိုင်ပါတယ်။
မင်းမှာ တစ်ခုခု လိုအပ်တာဖြစ်ဖြစ် ဆေးဝါးတွေ လိုတာဖြစ်ဖြစ် ငါတို့ဂိုဏ်းကို တောင်းဆိုနိုင်ပါတယ်။ မင်းကို ဒဏ်ရာရအောင် လုပ်မိတဲ့အတွက် လျော်ကြေးအနေနဲ့ ငါတို့ဂိုဏ်းက ဒီလောက်တော့ တာဝန်ယူပေးပါ့မယ်။
ရှောင်ချီသည် သူ၏ ညီမလေးနှင့် စကားပြောနေစဉ် ဂိုဏ်းချုပ် ယုချန်ရှင်း၏ အသံ ထွက်ပေါ်လာသည်။ သူမ၏ ဟိန်းထွက်နေသော အသံမှာ ကျောက်စိမ်းကညာဂိုဏ်း တစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး ရှောင်ချီ၏ နားထဲသို့လည်း ရောက်ရှိလာသည်။
သဘာဝကျစွာပင် သူမသည် ရှောင်ချီ၏ လျှပ်စီးကြောင့် ဒဏ်ရာရသွားသော သူမ၏ တပည့်ပေါင်း တစ်ရာကျော်အကြောင်းကိုတော့ ထည့်မပြောပေ။
အဓိကမှာ ထိုသို့ဖြစ်ရခြင်းမှာ အလွန်အရှက်ရစရာ ကောင်းလှပြီး သူမ၏ တပည့်များက အရင်စတင်ခဲ့သဖြင့် ရှောင်ချီက ပြန်လည်တုံ့ပြန်ခဲ့ခြင်း ဖြစ်သောကြောင့်ပင်။
ဂိုဏ်းချုပ် ယုချန်ရှင်း၏ စကားကို ကြားသောအခါ ရှောင်ချီ၏ နှုတ်ခမ်းများမှာ အလိုလို ပြုံးသွားရသည်။ ကျောက်စိမ်းကညာဂိုဏ်းတွင် သူ တည်းခိုခွင့်ရလျှင် သူကြံစည်နိုင်မည့် အရာများစွာ ရှိလာပေလိမ့်မည်။
ခုနကတင် သူသည် ကျောက်စိမ်းကညာဂိုဏ်း၏ အဖိုးတန်ရတနာကို မြင်ခဲ့ရသည်။ ၎င်း၏ အစွမ်းမှာ တကယ်ကို ထူးခြားလှသည်။
မှော်ရတနာစာရင်းတွင် အဆင့် ၁၃ ရှိခြင်းက ဤရတနာ၏ ထူးခြားမှုကို ပြသနေသည်။
အခြားဂိုဏ်းများတွင်တော့ ကောင်းကင်ခေါင်းလောင်းနှင့် ကောင်းကင်စေတီတို့သာ ၎င်းကို ကျော်လွန်နိုင်ပေလိမ့်မည်။
ယခုဆိုလျှင် ဝိညာဉ်ဓားဂိုဏ်း၏ စေတီမှာ စာရင်းမှ ပယ်ဖျက်ခံထားရပြီဖြစ်သည်။
ထို့ကြောင့် ကျောက်စိမ်းသန့်စင်ပုလင်းမှာ အဆင့် ၁၂ သို့ တက်လှမ်းလာခဲ့ပြီး ဂိုဏ်းကြီး (၇) ဂိုဏ်းကြားတွင် ဒုတိယမြောက် အစွမ်းအထက်ဆုံး ရတနာ ဖြစ်လာခဲ့သည်။
ရှောင်ချီ စိတ်ကူးယဉ်ကြည့်လိုက်သည်မှာ အကယ်၍ သူသာ ဤမှော်ရတနာကို ရယူနိုင်ပြီး ၎င်းအတွင်းရှိ စွမ်းအင်များကို စုပ်ယူကာ ကျောက်စိမ်းသန့်စင်ပုလင်းကို ထိန်းချုပ်နိုင်ခဲ့လျှင် သူ၏အစွမ်းမှာ သိသိသာသာ ကြီးထွားလာမည်မှာ အသေအချာပင်။