အခန်း (၅၈) ကျောက်စိမ်းကညာဂိုဏ်းချုပ် ယုချန်ရှင်း
ယနေ့ခေတ် လူငယ်မျိုးဆက်များထဲတွင် ယဲ့ဖန်သည် ထိပ်တန်းခေါင်းဆောင်တစ်ဦး ဖြစ်သည်မှာ ငြင်းဖွယ်မရှိပေ ယခုအခါ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို လူသိရှင်ကြား စိန်ခေါ်ရုံတင်မကဘဲ ကျောက်စိမ်းကညာဂိုဏ်းကိုပါ ပတ်သက်လာစေသည့် လူတစ်ဦး ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
ဂိုဏ်းချုပ်တစ်ဦးအနေဖြင့် အရာအားလုံးကို ခြုံငုံစဉ်းစားရပေမည်။ ကိစ္စရပ်တစ်ခုလုံး၏ အကြောင်းစုံကို သေသေချာချာ မသိရသေးမီ ကျောက်စိမ်းကညာဂိုဏ်းချုပ်သည် ဤအရှုပ်အထွေးထဲသို့ မဝင်လိုသေးပေ။
"ဂိုဏ်းချုပ်... ကျွန်မတို့ဘက်က ဘာမှမတုံ့ပြန်ဘူးဆိုရင် တခြားဂိုဏ်းတွေက ကျောက်စိမ်းကညာဂိုဏ်းကို အထင်သေးကြမှာ မဟုတ်လား။
ဒီလို ဝရုန်းသုန်းကားနိုင်တဲ့ လောကကြီးမှာ အမျိုးသမီးတွေချည်းပဲ ဂိုဏ်းတည်ထောင်ပြီး ရပ်တည်ဖို့ဆိုတာ မလွယ်ကူပါဘူး။ ကျွန်မတို့ အခုရရှိထားတဲ့ အေးချမ်းမှုဆိုတာ ရှေးယခင်က လူတွေရဲ့ တိုက်ပွဲဝင်မှုနဲ့ ပေးဆပ်မှုတွေကြောင့် ရခဲ့တာပါ။
အခုတော့ သာမန် တစ်ကိုယ်တော်ကျင့်ကြံသူတစ်ယောက်က ငါတို့ဂိုဏ်းကို လာပြီး စော်ကားနေတာဟာ ကျောက်စိမ်းကညာဂိုဏ်းရဲ့ နှစ်ပေါင်းသောင်းချီတဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးနေတာ မဟုတ်ဘူးလား။
အားလုံး ဆွေးနွေးနေကြစဉ်မှာပင် ပန်းရောင်ဝတ်စုံဝတ်ထားပြီး ဦးခေါင်းတွင် ဖီးနစ်သရဖူ ဆောင်းထားကာ ခါးတွင် ကျောက်စိမ်းခါးပတ် ပတ်ထားသည့် မိန်းကလေးတစ်ဦး ခမ်းမအပြင်ဘက်မှ လျှောက်ဝင်လာသည်။
ထိုမိန်းကလေး၏ ဘေးတစ်ဖက်တစ်ချက်တွင် အစေခံဝတ်စုံဝတ် အမျိုးသမီးကျင့်ကြံသူ နှစ်ဦးက ဝန်းရံစောင့်ရှောက်လာကြသည်။
ထိုမိန်းကလေးကို မြင်လိုက်ရသောအခါ ဂိုဏ်းချုပ်၏ မျက်နှာမှာ ပျက်ယွင်းသွားတော့သည်။
"ယုလင်လုံမင်းကို ငါ တောင်နောက်ဘက်မှာ ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်ဖို့ အပြစ်ပေးထားတယ် မဟုတ်လား ဘာလို့ ဒီကို ရောက်နေတာလဲ"
အထက်ထိုင်ခုံတွင် ထိုင်နေသော အမျိုးသမီးက ခမ်းမထဲသို့ လျှောက်ဝင်လာသော ယုလင်လုံကို အေးစက်သော လေသံဖြင့် မေးမြန်းလိုက်သည်။
ကျွန်မက ဂိုဏ်းရဲ့ သူတော်စင်မပဲ ရှင် ခိုင်းတာကိုလုပ်စရာ မလိုဘူး တခြားကိစ္စတွေ မရှိရင်တော့ ရှင်အပြစ်ပေးထားတဲ့အတိုင်း တောင်နောက်ဘက်မှာ သွားနေပေးလို့ ရပါတယ်။
ဒါပေမဲ့ အခု ဂိုဏ်းက ဒီလောက်အထိ အရှက်တကွဲ ဖြစ်နေတာကို ကျွန်မက တောင်နောက်ဘက်မှာပဲ အေးအေးဆေးဆေး နေနေမယ်ဆိုရင် သူတော်စင်မဆိုတဲ့ နာမည်နဲ့ ထိုက်တန်ပါဦးမလား။
ယုလင်လုံ၏ လေသံမှာ လောကီအာရုံ ကင်းစင်နေသည့် သီလရှင်တစ်ပါးကဲ့သို့ အေးစက်လှသည်။ သူမ၏ လက်ရာမြောက်သော မျက်နှာနှင့် ထူးခြားသော အရှိန်အဝါမှာ အမျိုးသမီးအုပ်စုကြားတွင် ကြက်အုပ်ထဲက ဟင်္သာကဲ့သို့ ထင်ရှားနေတော့သည်။
သူမ ခြေလှမ်းတိုင်းတွင် ခြေဖဝါးအောက်၌ ကြာပန်းတစ်ပွင့်စီ ပွင့်လာပုံရသည်။ သူမသည် စင်မြင့်ထက်သို့ ရောက်သည်အထိ လျှောက်သွားပြီး ဂိုဏ်းချုပ်၏ ဘေးရှိ ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။
"ယုလင်လုံ မင်းက ဂိုဏ်းချုပ်ကို ဒီလိုလေသံနဲ့ စကားပြောရဲတယ်ပေါ့ ဘယ်လောက်တောင် မောက်မာလိုက်သလဲ" ဂိုဏ်းချုပ်၏ ဘေးရှိ အမျိုးသမီး အကာအကွယ်ပေးသူ တစ်ဦးက ရှေ့သို့ တစ်လှမ်းတိုးကာ ယုလင်လုံကို လက်ညှိုးထိုးပြီး ကြိမ်းမောင်းလိုက်သည်။
"ရှင် အဲ့ဒီညစ်ပတ်တဲ့ လက်ညှိုးကို အခုချက်ချင်းပြန်ရုပ်လိုက်တာ အကောင်းဆုံးပဲ။ မဟုတ်ရင် ကျွန်မအဲ့ဒီလက်ညှိုးကို ချိုးပစ်မိလိမ့်မယ်" ယုလင်လုံက မျက်လုံးကို အနည်းငယ် ပင့်ကြည့်ကာ အေးစက်စွာပြောလိုက်သည်။
ထိုအမျိုးသမီးမှာ ဒေါသထွက်လွန်းသဖြင့် သွားကြိတ်နေသော်လည်း ဘာမှမလုပ်ရဲဘဲ လက်ညှိုးကိုသာ တိတ်တဆိတ် ပြန်ရုပ်လိုက်ရသည်။
ယုလင်လုံ မင်း တကယ်ပဲ ဘာလုပ်ချင်နေတာလဲ မင်းနဲ့ ယဲ့ဖန်ကြားက ကိစ္စကြောင့် ငါတို့ ကျောက်စိမ်းကညာဂိုဏ်းဟာ တခြားဂိုဏ်းတွေရဲ့ လှောင်ပြောင်တာကို ခံနေရတာ မင်းသိရဲ့လား မင်းတစ်ခါမှ ယောက်ျားမမြင်ဖူးဘူးလား ယဲ့ဖန်ဆိုတဲ့ လူတစ်ယောက်က မင်းရဲ့ ဝိညာဉ်ကို ဒီလောက်အထိ အရူးအမူးဖြစ်စေတာလား အခုဆိုရင် မင်းရဲ့အဆင့်အတန်းကိုတောင် မငဲ့ကွက်ဘဲ သူ့ရဲ့မယားငယ်လုပ်ချင်နေတာလား။
ဂိုဏ်းချုပ်က သူမ၏ လက်ကို ဝှေ့ယမ်းကာ ထိုအမျိုးသမီး အကာအကွယ်ပေးသူကို အနောက်သို့ ဆုတ်ခိုင်းလိုက်သည်။
"ဂိုဏ်းချုပ် ရှင်ကရော ဒီမှာ ဘာလို့ ဟန်ဆောင်နေရတာလဲ ရှင် သူတော်စင်မဖြစ်တုန်းကလည်း ဝူချိန်ဂိုဏ်းက သူတော်စင်နဲ့ ပတ်သက်ပြီး နာမည်ပျက် သတင်းတွေ ထွက်ခဲ့တာပဲ မဟုတ်လား။
အခု ဂိုဏ်းချုပ် ဖြစ်လာတော့မှ ရှင်က ကျွန်မကို ထိန်းချုပ်နိုင်တဲ့ အဆင့်အတန်း ရှိနေပြီလို့ ထင်နေတာလား။
ယုလင်လုံသည် ဂိုဏ်းချုပ်၏ မျက်လုံးကို တည့်တည့်စိုက်ကြည့်ကာ သူမ၏ အတိတ်က နာမည်ပျက်များကို ဂိုဏ်းသားအားလုံး ရှေ့တွင် ထုတ်ဖော် ပြောဆိုလိုက်တော့သည်။
ဖြန်း... ပြင်းထန်သော ပါးရိုက်သံတစ်ခု ထွက်ပေါ်လာသည် ယုလင်လုံ၏ ခန္ဓာကိုယ်မှာ လွင့်ထွက်သွားပြီး ခမ်းမ၏ ကော်ဇောနီပေါ်သို့ ပြုတ်ကျသွားတော့သည်။
အဟွတ်... အဟွတ်... ဘာလဲ... အရှက်ရလို့ ဒေါသထွက်သွားတာလား။
ကျွန်မက အကွက်ကို ကွက်တိ ထိသွားလို့လား ရှင်ကိုယ်တိုင်လည်း ဒီလိုမျိုး အရှက်မရှိတဲ့ အလုပ်တွေ လုပ်ခဲ့တာပဲ အခုမှ ဘာလို့ ကျွန်မကို လာပြီး အပြစ်တင်နေရတာလဲ။
ယုလင်လုံက နှစ်ချက်ခန့် ချောင်းဆိုးလိုက်ပြီး ရင်ဘတ်ထဲမှ လက်ကိုင်ပဝါကို ထုတ်ကာ နှုတ်ခမ်းထောင့်က သွေးများကို သုတ်လိုက်သည်။ ထို့နောက် ဒေါသထွက်နေသော ဂိုဏ်းချုပ်ကို ကြည့်ကာ လှောင်ပြောင်လိုက်သည်။
ဖြန်း... သို့သော် ယုလင်လုံ စကားပြောပြီးသည်နှင့် နောက်ထပ် ပါးရိုက်သံတစ်ခု ထပ်မံ ထွက်ပေါ်လာပြန်သည်။
မင်းလိုဆိုးသွမ်းတဲ့တပည့်... ဂိုဏ်းချုပ်ကို ဒီလို စကားပြောရဲတယ်ပေါ့ ဒီနှစ်တွေမှာ ငါ မင်းကို ဆုံးမတာပေါ့လျော့သွားလို့ပဲ မင်းကို ဒီလောက်အထိ အရှက်မရှိတဲ့ စရိုက်မျိုး ဖြစ်လာအောင် ခွင့်ပြုမိခဲ့တယ်။
တောင်ဝှေးကို အမှီပြုထားသော အဘွားအိုတစ်ဦးသည် ယုလင်လုံကို ပြင်းထန်စွာ ပါးရိုက်လိုက်ခြင်းဖြစ်သည်။
သူမသည် သူမ၏ တပည့်ကို စိတ်ပျက်လက်ပျက် ကြည့်နေပြီး ထိုနေရာတွင်တင် အသေသတ်ချင်စိတ် ပေါက်နေတော့သည်။
ယုလင်လုံသည် မျက်မှောင်ကြုတ်ကာ ထိုအဘွားအိုကို ရွံရှာစွာကြည့်လိုက်သည်။
သို့သော် သူမ ဘာမှ ထပ်မပြောတော့ပေ။
ဘာပဲဖြစ်ဖြစ် သူမသည် သူမ၏ ဆရာဖြစ်သည် အကယ်၍ သူမက တစ်ခုခု ပြန်ပြောလိုက်လျှင် မကောင်းသော ရည်ရွယ်ချက်ရှိသူများက သူမ၏ ဂုဏ်သိက္ခာကို လုံးဝ ဖျက်ဆီးပစ်ကြပေလိမ့်မည်။
ဂိုဏ်းချုပ်ကို ပြန်လည်ရင်ဆိုင်ခြင်းမှာ ကျောက်စိမ်းကညာဂိုဏ်း၏ မျိုးဆက်တိုင်းက သူတော်စင်မများ လုပ်လေ့ရှိသော အလုပ်တစ်ခုဖြစ်သည်။
ဤသည်မှာ ကျောက်စိမ်းကညာဂိုဏ်း၏ အခွင့်ထူးတစ်ခုပင် တခြားဂိုဏ်းများတွင် သူတော်စင်နှင့် ဂိုဏ်းချုပ် ဆက်ဆံရေးမှာ အထက်နှင့် အောက် ဆက်ဆံရေးသာ ဖြစ်သော်လည်း ကျောက်စိမ်းကညာဂိုဏ်းတွင်မူ သူတော်စင်မ၏ အဆင့်အတန်းမှာ အလွန်မြင့်မားသည်။
သူမသည် ဂိုဏ်းချုပ်ကိုပင် စိန်ခေါ်နိုင်သည့် အရည်အချင်း ရှိသည်။
ယဲ့ဖန်နဲ့ ကျွန်မကြားမှာ ရှင်တို့ ထင်သလို ဘာမှမရှိဘူးလို့ ကျွန်မ ရှင်တို့ကို အကြိမ်ကြိမ် ရှင်းပြပြီးပြီ။
ယဲ့ဖန်ကပဲ ကျွန်မက သူ့ကို ကြိုက်နေပါတယ်ဆိုပြီး သတင်းတွေ လွှင့်နေတာ။ တကယ်တော့ ကျွန်မ သူ့ကို မြင်ဖူးတာ ငါးကြိမ်တောင် မပြည့်သေးဘူး။
ရှင်တို့ထဲက တစ်ယောက်က ကျောက်စိမ်းကညာဂိုဏ်းရဲ့ဂိုဏ်းချုပ် နောက်တစ်ယောက်က ကျွန်မရဲ့ဆရာ။ ကျွန်မကို ကူညီမယ့်အစား အပြင်က သတင်းတွေကို ယုံပြီး ကျွန်မကိုပဲ လက်ညှိုးထိုးနေကြတယ်။
ယုလင်လုံသည် ပြန်လည် ထရပ်လိုက်သည်။ သူမ၏ အကြည့်များမှာ အေးစက်နေပြီး စင်မြင့်ထက်က ဂိုဏ်းချုပ်နှင့် ခုနက သူမကို ပါးရိုက်ခဲ့သော ဆရာကို စိုက်ကြည့်လိုက်သည်။
ငါတို့က မင်းကို ဘယ်လို ယုံရမှာလဲ အပြင်မှာ သတင်းတွေက တောမီးလို ပျံ့နေတာ မင်းက ယဲ့ဖန်ကိုမင်းရဲ့ နှလုံးသား ပေးထားပြီးပြီလို့ သူ့ရဲ့ ကလေးတွေကိုတောင် မွေးပေးချင်တယ်လို့ ပြောနေကြတာ။
အခြေအမြစ် မရှိဘဲနဲ့ ဒီလောက်အထိ သတင်းတွေ ပြင်းပြင်းထန်ထန် ထွက်လာပါ့မလား။
ဂိုဏ်းချုပ်သည် ယုလင်လုံကို လက်ညှိုးထိုးကာ မှန်ကန်နေသလိုမျိုး ပြောဆိုလိုက်သည်။
ဂိုဏ်းချုပ်... ရှင့်စိတ်ထဲမှာ ဘာတွေ တွေးနေလဲဆိုတာ ကျွန်မ မသိဘူးလို့ မထင်နဲ့။ ရှင့်ရဲ့ သမီးကို သူတော်စင်မနေရာ ပေးချင်လို့ ကျွန်မရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးချင်နေတာ မဟုတ်လား။
ကံဆိုးတာက ရှင့်တို့ သားအမိနှစ်ယောက်လုံးရဲ့ ယုတ်မာမှုတွေက ရှင့်တို့ရဲ့ သွေးထဲမှာ ပါနေတာပဲ ရှင့်ရဲ့ အရှက်မရှိတဲ့ သမီးဟာ အသက် ၁၃-၁၄ နှစ်ကတည်းက တခြားဂိုဏ်းက ယောက်ျားတွေနဲ့ ဖောက်ပြန်ခဲ့ပြီး အဲ့ဒီယောက်ျားအတွက် သားတစ်ယောက် သမီးတစ်ယောက်တောင် မွေးပေးခဲ့တာလေ။
ရှင် အဲ့ဒါကို သိသွားတော့မှ ရှင့်သမီးကို ဖြားယောင်းခဲ့တဲ့ ယောက်ျားကို သတ်ပစ်ခဲ့တာ မဟုတ်လား ပြီးတော့ အဲ့ဒီကလေး နှစ်ယောက်ထဲက တစ်ယောက်ကို လယ်သမားအိမ်မှာ ပို့ထားပြီး နောက်တစ်ယောက်ကိုတော့ ဂိုဏ်းထဲမှာ ကျင့်ကြံဖို့ ထားထားတာလေ။ ဒီကိစ္စတွေက ဂိုဏ်းထဲမှာ ပျံ့နေပြီ ရှင်က ဖုံးကွယ်ထားလို့ ရဦးမယ် ထင်နေတာလား။
ယုလင်လုံ၏ မျက်နှာမှာ အေးစက်နေပြီး အထက်ထိုင်ခုံက ပုဂ္ဂိုလ်ကို စိုက်ကြည့်လိုက်သည်။ သူမတို့ကြားတွင် ကျင့်စဉ်အဆင့် ကွာခြားချက် ကြီးမားသော်လည်း သူမ၏ အရှိန်အဝါမှာမူ နည်းနည်းလေးမျှ အားမနည်းပေ။
ကောင်းပြီ... ကောင်းပြီ မင်း... သူတော်စင်မ ယုလင်လုံက ဂိုဏ်းချုပ်ကို ထပ်ခါတလဲလဲ စော်ကားခဲ့တယ်။ အခု မင်းကို တောင်နောက်ဘက်မှာ ဆယ်နှစ်တိတိ အကျဉ်းချပြီး ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ဖို့ အပြစ်ပေးလိုက်တယ်။ မင်းမှာ ဘာကန့်ကွက်စရာ ရှိသေးလဲ။
ဂိုဏ်းချုပ်၏ လက်ချောင်းများမှာ ဒေါသကြောင့် တုန်ရီနေတော့သည်။ သူမသည် ဤလျှာစောင်းထက်လှသော သူတော်စင်မကို ထိုနေရာတွင်တင် သတ်ပစ်ချင်နေတော့သည်။
"ကျွန်မ ပြောပြီးပြီလေ ရှင့်မှာ ကျွန်မကို အပြစ်ပေးပိုင်ခွင့်မရှိဘူး ရှင်ကျွန်မကို အပြစ်ပေးချင်ရင် ဂိုဏ်းရဲ့ဘိုးဘေးကိုသာ ပင့်ဖိတ်လိုက်ပါ" ယုလင်လုံသည် ဂိုဏ်းချုပ်ကို နည်းနည်းလေးမျှ မကြောက်ဘဲ ပြန်လည် ချေပလိုက်သည်။
ပုန်ကန်တာပဲ ဒါ တကယ့်ကို ပုန်ကန်တာပဲ ယုချင် ဒါကို ဘယ်လို ကိုင်တွယ်သင့်တယ်လို့ ထင်သလဲဟုဆိုကာ ဂိုဏ်းချုပ်၏ အရှိန်အဝါများမှာ ခမ်းမတစ်ခုလုံးကို လွှမ်းခြုံသွားပြီး ကြောက်မက်ဖွယ်ကောင်းသော လှိုင်းလုံးကြီးတစ်ခုကဲ့သို့ ဖြစ်ပေါ်လာသည်။
ဂိုဏ်းချုပ်သည် အဘွားအိုဘက်သို့ လှည့်ကာ တစ်လုံးချင်း မေးမြန်းလိုက်တော့သည်။