အခန်း (၅၅) သစ်ငုတ်တိုမှာ ယုန်လာစောင့်ခြင်း
"ငါတို့ နတ်ဘုရားသားတော်ဟာ ကျောက်စိမ်းကညာဂိုဏ်းရဲ့ သူတော်စင်မကို သဘောကျနေတာ ကြာပြီ သူခရီးထွက်နေတုန်း သူတော်စင်မရဲ့ ဘေးကင်းရေးကို စိတ်ပူလို့ ငါ့ကို ချင်းချန်တောင်မှာ နေပြီး စောင့်ရှောက်ဖို့ အမိန့်ပေးခဲ့တာ"
ယခုအခါ လက်ဝဲအကာအကွယ်ပေးသူ၏ လက်ပြတ်မှ သွေးထွက်သည်မှာ ရပ်တန့်သွားပြီ ဖြစ်သော်လည်း သူ၏ မျက်နှာမှာမူ ဖြူဖျော့ကာ အားနည်းနေဆဲ ဖြစ်သည်။
ရှောင်ချီကို ကြည့်စဉ်က သူ၏မျက်နှာတွင် ရှိနေခဲ့သော ကြောက်ရွံ့မှုများမှာ ပျောက်ကွယ်သွားပြီး အစားထိုး၍မရသော မောက်မာမှုများ ပြန်လည် ရောက်ရှိလာတော့သည်။
ဒါဟာ သူ၏ နတ်ဘုရားသားတော်အပေါ် ထားရှိသည့် ယုံကြည်ချက်ကြောင့် ဖြစ်ပေလိမ့်မည်။
သူတို့ နတ်ဘုရားနန်းတော်က လူများသည် ယဲ့ဖန်ဟူသော အမည်ကို ကြားလိုက်ရတိုင်း ရှင်းပြ၍မရသော ဂုဏ်ယူဝင့်ကြွားမှုကို ခံစားကြရစမြဲ ဖြစ်သည်။
"ဪ... ဒါဆို အခု ယဲ့ဖန်ရဲ့ ကျင့်စဉ်အဆင့်က ဘယ်လောက်လဲ" ရှောင်ချီက ဘာမှမဖြစ်သလို ဆက်မေးလိုက်သည်။
သို့သော် ဤတစ်ကြိမ်တွင်မူ လက်ဝဲအကာအကွယ်ပေးသူသည် ရှောင်ချီ မျှော်လင့်ထားသလို မေးတိုင်း မဖြေတော့ပေ။ ထိုအစား သူက ရှောင်ချီကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။
ဤကလေးသည် သူတို့သားတော်၏ အဆင့်အတန်းနှင့် နောက်ခံအင်အားကို ကြားသိရသော်လည်း အံ့သြခြင်း သို့မဟုတ် ကြောက်ရွံ့ခြင်း လုံးဝ မရှိပေ။ ထိုအစား သားတော်၏ အခြေအနေနှင့် အစွမ်းကိုသာ ထပ်ခါတလဲလဲ မေးမြန်းနေသည်။
သူဟာ လူအတစ်ယောက် မဟုတ်သဖြင့် မေးခွန်းတိုင်းကို ထပ်ပြီး ဖြေနေတော့မည် မဟုတ်ပါ။
"မင်းက တကယ်တော့ ဘယ်သူလဲ ချင်းချန်တောင်ကို ဘာကိစ္စလာတာလဲ ငါတို့ နတ်ဘုရားသားတော် ယဲ့ဖန်ကို မင်းသိသလား" လက်ဝဲအကာအကွယ်ပေးသူက ရှောင်ချီကို ဒေါသတကြီး စိုက်ကြည့်ရင်း မေးခွန်းပြန်ထုတ်လိုက်သည်။
"ငါက မေးခွန်းမေးနေတဲ့သူလေ။ မင်းရဲ့ အမူအရာက တကယ့်ကို ရိုင်းစိုင်းတာပဲ" ရှောင်ချီက သူ၏ အင်္ကျီလက်ထဲမှ လက်ကိုင်ပဝါကို ထုတ်ကာ ပါးစပ်မှ ဆီများကို သုတ်လိုက်သည်။
ထို့နောက် သူသည် နေရာမှ ထရပ်လိုက်ပြီး မြေပြင်ပေါ်တွင် ဒူးတစ်ဖက်ထောက်နေသော လက်ဝဲအကာအကွယ်ပေးသူကို အထက်စီးမှ ငုံ့ကြည့်လိုက်သည်။
"မင်း... မင်း ဘာလုပ်မလို့လဲ ငါ သတိပေးထားမယ်နော် မင်းငါ့ကို ထပ်ပြီး တစ်ခုခုလုပ်ရဲရင် ငါတို့သားတော်က မင်းကို အပိုင်းပိုင်း ဆွဲဖြတ်ပစ်လိမ့်မယ်"
လက်ဝဲအကာအကွယ်ပေးသူသည် ရှောင်ချီကို ကြောက်လန့်တကြား ကြည့်နေတော့သည်။ သူ၏ မျက်ဝန်းထဲတွင် ဤလူအပေါ် ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။
ဤလူငယ်၏ မျက်ဝန်းထဲတွင် မည်သည့် ခံစားချက်မျှ မရှိသလိုဖြစ်နေသည်။ သူ တစ်ခုခု လုပ်တော့မည်ဆိုလျှင် တုံ့ဆိုင်းမှု အနည်းငယ်မျှ မရှိပေ။
သူသည် ရက်စက်ရုံတင်မကဘဲ တစ်ခုခု မလုပ်မီ သူ၏ အမူအရာမှာ ငြိမ်သက်နေသော ရေပြင်ကဲ့သို့ တည်ငြိမ်လွန်းလှသည်။ သူသည် တကယ့်ကို ပြိုင်ဘက်ကင်း ရက်စက်သူတစ်ဦးပင်။
ဝုန်း...
ဂျွတ်...
ရှောင်ချီသည် လက်ဝဲအကာအကွယ်ပေးသူကို မြေပြင်ပေါ်သို့ အရင်ဆုံး ကန်ချလိုက်ပြီးနောက် သူ၏ ဘယ်ဘက်ခြေထောက်ကို ပြင်းထန်စွာ နင်းခြေလိုက်သည်။
ရွံရှာဖွယ်ကောင်းသော အသံနှင့်အတူ လက်ဝဲအကာအကွယ်ပေးသူ၏ ဘယ်ဘက်ခြေထောက်မှာ ကျိုးသွားတော့သည်။ ပေါင်နှင့် ခြေထောက်အောက်ပိုင်း ဆက်သွယ်မှုမှာ အရိုးစများနှင့် အသားစများသာ ကျန်တော့သည်။
"အခု ပြောလို့ရပြီလား ငါ မေးခွန်းမေးရင် သေသေချာချာ ဖြေတာ အကောင်းဆုံးပဲ။ ငါ့ကို ဒေါသထွက်အောင် လုပ်ရင် မင်းရဲ့ အင်္ဂါလေးပါးလုံးကို အသေသတ်ဖို့ ငါ ဝန်မလေးဘူးနော်"
ရှောင်ချီက ဖြည်းညှင်းစွာ ထိုင်ချလိုက်ပြီး လက်ဝဲအကာအကွယ်ပေးသူ၏ ပါးကို နှစ်ချက်ခန့် ခပ်ဖွဖွ ပုတ်ကာ မျက်လုံးထဲအထိ မရောက်သော အပြုံးဖြင့် ကြည့်လိုက်သည်။
အကယ်၍ ဤလူလတ်ပိုင်းအရွယ် လက်ဝဲအကာအကွယ်ပေးသူသာ သူ၏နောက်ခံကို ထုတ်မပြောခဲ့လျှင် ရှောင်ချီအနေနှင့် အနည်းငယ် သက်ညှာပေးမိကောင်း ပေးမိပေလိမ့်မည်။
သို့သော် ဤလူက ယဲ့ဖန်၏ အမည်ကို တတွတ်တွတ် ရွတ်နေခြင်းမှာ သေတွင်းတူးနေခြင်းပင် ဖြစ်သည်ဒါဟာ သူ ငရဲပြည်သွားဖို့ လက်မှတ် ဖြစ်သွားခဲ့ပြီ။
"အား..." စူးရှသော အော်ဟစ်သံကြီးမှာ စားသောက်ဆိုင်တစ်ခုလုံးကို ဟိန်းထွက်သွားတော့သည်။
စပ်စုချင်စိတ်ဖြင့် ကျန်ရှိနေခဲ့သော လူများမှာလည်း ကျင့်စဉ်အထိုက်အလျောက် ရှိသူများ ဖြစ်ကြသည်။ သို့သော်လည်း ဤကဲ့သို့ သွေးသံရဲရဲ မြင်ကွင်းကို မြင်လိုက်ရသည့်အခါ သူတို့၏ မျက်နှာများ ဖြူဖျော့သွားကြပြီး အနောက်သို့ တစ်လှမ်းချင်း ဆုတ်သွားမိကြသည်။
ဂလု...
"စီနီယာအစ်မ... ဒီလူက ဘယ်သူလဲ သူက အရမ်း ရက်စက်တာပဲ"
"ဒါကို ဂိုဏ်းကို ချက်ချင်း သတင်းပို့သင့်တယ် မဟုတ်လား ကျင့်ကြံသူတွေ တောင်အောက်မှာ ဒီလောက်အထိ ပြင်းပြင်းထန်ထန် ရန်ဖြစ်နေတာက ငါတို့ ကျောက်စိမ်းကညာဂိုဏ်းရဲ့ မျက်နှာကိုရိုက်လိုက်သလိုပဲ"
စားသောက်ဆိုင် တံခါးဝတွင် ရပ်နေသော မိန်းကလေးနှစ်ဦးအနက် အရပ်ပုသော မိန်းကလေးက သူမ၏ စီနီယာအစ်မကို တိုးတိုးလေး မေးလိုက်သည်။
သူမသည် အလွန်ပင် တုန်လှုပ်နေပြီး တံတွေးကို ခက်ခဲစွာ မျိုချနေရသည်။ သူမဘဝတွင် ဤမျှ ကြောက်စရာကောင်းသော အရာမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။
"မ-မလိုဘူး ဒီမှာ ဖြစ်နေတာတွေကို ဂိုဏ်းက မကြာခင် သိသွားလိမ့်မယ်။ သူတို့ စုံစမ်းဖို့အတွက် အစွမ်းထက်တဲ့ ကျွမ်းကျင်သူတစ်ယောက် လွှတ်လိမ့်မယ်" ကျန်မိန်းကလေးတစ်ဦးကလည်း တုန်လှုပ်နေသော အသံဖြင့်ပင် သူမ၏ ဂျူနီယာကို ပြန်ဖြေလိုက်သည်။
သူတို့နှစ်ဦးမှာ ကျောက်စိမ်းကညာဂိုဏ်း၏ အတွင်းစည်းတပည့်များ ဖြစ်ကြပြီး တစ်ဦးမှာ ချိုးရင်းနှင့် နောက်တစ်ဦးမှာ ချိုးရှင်းဖြစ်သည်။
ကျင့်ကြံခြင်းက ငြီးငွေ့စရာ ကောင်းလှသဖြင့် ဂိုဏ်းထံမှ ခွင့်တစ်ဝက် တောင်းကာ ချင်းချန်တောင်သို့ လည်ပတ်ရန် ဆင်းလာခဲ့ကြခြင်း ဖြစ်သည်။
တောင်အောက်ရောက်ရောက်ချင်း ဤကဲ့သို့သော အဖြစ်အပျက်နှင့် ကြုံရလိမ့်မည်ဟု သူတို့ လုံးဝ မထင်ထားခဲ့ပေ။
သူတို့နှစ်ဦးမှာ ချင်းချန်တောင်ထက် ပိုဝေးသော နေရာသို့ တစ်ခါမျှ မရောက်ဖူးကြသဖြင့် ဤမြင်ကွင်းမှာ သူတို့၏ အတွေးကမ္ဘာကို ရိုက်ချိုးလိုက်သလို ဖြစ်သွားခဲ့သည်။ အခုတော့ သူတို့မှာ အသက်ရှူဖို့ပင် ကြောက်နေကြတော့သည်။
မင်း အဲ့ဒီစိတ်ကူးကို လက်လျှော့လိုက်စမ်းပါ မင်းက ငါတို့သားတော်ရဲ့ ရန်သူပဲဖြစ်ဖြစ် သူ့ပါရမီကို မနာလိုလို့ပဲဖြစ်ဖြစ် ဒီနေ့ မင်းလုပ်ခဲ့တဲ့ လုပ်ရပ်ကြောင့် မင်းဟာ ငါတို့နတ်ဘုရားနန်းတော်ရဲ့ အသတ်ခံရမယ့် စာရင်းထဲကို သေချာပေါက် ရောက်သွားပြီ။
အခုကစပြီး မင်းဟာ ကြောက်ရွံ့မှုနဲ့ နောင်တတွေကြားမှာပဲ နေထိုင်သွားရလိမ့်မယ်။
လက်ဝဲအကာအကွယ်ပေးသူက သွေးစများ ထွေးထုတ်ရင်း ရှောင်ချီကို အငြိုးတကြီး စိုက်ကြည့်ကာ အရှင်လတ်လတ် ကိုက်သတ်ချင်နေတော့သည်။
"ထားလိုက်ပါတော့ ငါလည်း အဲ့ဒီအဖြေကို သိပ်ပြီး စိတ်မဝင်စားတော့ပါဘူး" ရှောင်ချီက ဖြည်းညှင်းစွာ ထရပ်လိုက်ပြီး ခေါင်းခါကာ အေးစက်စွာ ပြောလိုက်သည်။
လက်ဝဲအကာအကွယ်ပေးသူနှင့် ဘေးက ကြည့်နေသော ကျင့်ကြံသူများ သက်ပြင်းချလိုက်မိစဉ်မှာပင် ရှောင်ချီသည် သူ၏ လက်ချောင်းကို ဓားကဲ့သို့ အသုံးပြုကာ လေထဲတွင် ဓားစွမ်းအား နှစ်ခုကို ထုတ်လွှတ်လိုက်ပြီး လက်ဝဲအကာအကွယ်ပေးသူ၏ ကျန်ရှိသော လက်တစ်ဖက်နှင့် ခြေထောက်တစ်ဖက်ကိုပါ ဖြတ်တောက်လိုက်တော့သည်။
"အား..." စူးရှသော အော်သံတစ်ခု ထွက်ပေါ်လာသည်။ ဤတစ်ကြိမ်တွင်မူ ထိုအော်သံမှာ လက်ဝဲအကာအကွယ်ပေးသူထံမှ မဟုတ်ဘဲ တံခါးဝတွင် ကြည့်နေသော မိန်းကလေးနှစ်ဦးထံမှ ဖြစ်သည်။
ချိုးရင်းနှင့် ချိုးရှင်းတို့သည် အဆက်မပြတ် အော်ဟစ်နေကြတော့သည်။ ရှောင်ချီ၏ လုပ်ရပ်များမှာ သူတို့၏ စိတ်ဓာတ်ကို လုံးဝ ရိုက်ချိုးလိုက်ပြီ ဖြစ်သည်။
ဒါဟာ ဤမိန်းကလေးငယ်နှစ်ဦး၏ နှလုံးသားထဲမှာ တစ်သက်လုံး ဖျောက်မရသော အမာရွတ်တစ်ခု ဖြစ်သွားပေလိမ့်မည်။
လက်ဝဲအကာအကွယ်ပေးသူမှာမူ အင်္ဂါလေးပါးလုံး ပြတ်တောက်သွားပြီး သတိလစ်သွားခဲ့ပြီ ဖြစ်သည်။ သူသည် ဟင်းလင်းပြင် ပြန်လည်ရောက်ရှိခြင်းအဆင့် ကျွမ်းကျင်သူ ဖြစ်သော်လည်း သွေးထွက်လွန်နေသဖြင့် မျက်နှာမှာ သေလူကဲ့သို့ ဖြူဖျော့နေတော့သည်။
ရှောင်ချီသည် သူ၏ သိုလှောင်အိတ်ထဲမှ လျှော်ကြိုးတစ်ချောင်းကို ထုတ်ယူကာ လူသားသစ်တုံး ဖြစ်သွားသော လက်ဝဲအကာအကွယ်ပေးသူကို ချည်နှောင်လိုက်သည်။
ထို့နောက် စားသောက်ဆိုင် တံခါးဝသို့ လျှောက်သွားကာ ခေါင်မိုးစွန်းပေါ်သို့ သာသာယာယာ ခုန်တက်ပြီး လက်ဝဲအကာအကွယ်ပေးသူကို လေထဲတွင် တွဲလောင်း ဆွဲထားလိုက်တော့သည်။
ဒီမှာရှိနေတဲ့ ကျင့်ကြံသူ အပေါင်းတို့ ခင်ဗျားတို့က ဒီဒေသခံတွေဆိုတော့ ကျေးဇူးပြုပြီး သတင်းတစ်ခုလောက် ဖြန့်ပေးကြပါ။
ဟို အစုတ်အပဲ့ နတ်ဘုရားနန်းတော်က လက်ဝဲအကာအကွယ်ပေးသူဆိုတဲ့လူကို လူသားသစ်တုံးလုပ်ပြီး ဒီမှာ ချိတ်ထားတယ်လို့ ပြောလိုက်ကြပါ။
ဟို အစုတ်အပဲ့ နတ်ဘုရားသားတော် ယဲ့ဖန်ကိုလည်း သူ့လူအတွက် ကလဲ့စားလာချေဖို့ ပြောလိုက်ကြပါ။
ငါ ယဲ့ဖန်ကို ဒီမှာ ခုနစ်ရက် စောင့်နေမယ်။ အကယ်၍ သူလာမရဲဘူးဆိုရင် သူဟာ ကမ္ဘာပေါ်မှာ အညံ့ဖျင်းဆုံးလူပဲ။
နောင်ကျရင် သူကိုယ်သူ ပါရမီရှင်တို့ နတ်ဘုရားသားတော်တို့လို့ မခေါ်နဲ့တော့ အဲ့ဒါက တကယ့်ကို ရယ်စရာကြီးဖြစ်နေလိမ့်မယ်။
ရှောင်ချီက စားသောက်ဆိုင် အပြင်ဘက်ရှိ ကျင့်ကြံသူများကို လက်သီးဆုပ်ပြကာ ကျယ်လောင်စွာ ကြေညာလိုက်တော့သည်။
သူ ဤကိစ္စကို ပြောပုံမှာ အလွန်ပင် သာမန်ဆန်လွန်းလှသဖြင့် အိမ်နီးနားချင်းကို အိမ်က တိရစ္ဆာန်လေးတွေ ကြည့်ပေးဖို့ အကူအညီတောင်းနေသလိုပင် ခံစားရစေသည်။
"ဟုတ်ကဲ့ပါ... ဟုတ်ကဲ့ပါ... ကျွန်တော်တို့ သေချာပေါက် သတင်းဖြန့်ပေးပါ့မယ်"
"ဟုတ်ပါတယ်... ဟုတ်ပါတယ် ဒီသူရဲကောင်းလေးက တကယ့်ကို ပြိုင်ဘက်ကင်းတဲ့သူပဲ။ ကျွန်တော်တို့ သိချင်တာက ဒီသူရဲကောင်းလေးက ဘယ်ဂိုဏ်း ဘယ်ကျောင်းကလဲ ဆိုတာပါပဲ"
အစပိုင်းတွင် တုန်လှုပ်ခြောက်ခြားနေကြသော်လည်း ကျင့်ကြံသူအများအပြားမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ရှောင်ချီ၏ အနီးသို့ တိုးကပ်လာပြီး အားတက်သရော နှုတ်ဆက်ကြတော့သည်။
သူသည် ကြောက်စရာကောင်းသော လူတစ်ဦး ဖြစ်သော်လည်း တကယ့်ကို အစွမ်းထက်သည့် ကျွမ်းကျင်သူလည်း ဖြစ်သည်။
ဤအသက်အရွယ်နှင့် ဤကဲ့သို့သော ကျင့်စဉ် အစွမ်းနှင့် နည်းလမ်းများကို ပိုင်ဆိုင်ထားခြင်းမှာ သူ၏ အနာဂတ်သည် ယဲ့ဖန်ထက်ပင် သာလွန်နိုင်ပေသည်။
သို့သော် မကြာသေးမီ နှစ်များအတွင်းက ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုး ပေါ်ထွက်လာသည့် သတင်းများ မရှိခဲ့ပေ။ ယနေ့တွင်မှ ရှောင်ချီသည် တောက်ပသော ကြယ်တစ်ပွင့်ကဲ့သို့ ရုတ်တရက် ပေါ်ထွက်လာခြင်းဖြစ်သည်။