အခန်း (၅၃) လင်းကျောင်လန်
လင်းကျောင်လန်သည် အငယ်တန်းအကြီးအကဲ နေရာတွင် မောက်မာစွာ ထိုင်နေသည်။
သူမ၏ဖခင် ဝူသောက်ကျိဂိုဏ်းချုပ်ဖြစ်လာပြီးနောက် သမီးဖြစ်သူကို အကြီးအကဲရာထူးတစ်ခုပေးရန် စီစဉ်ခဲ့ပြီး ယခုအခါ တရားဝင် ခန့်အပ်လွှာကိုသာ စောင့်ဆိုင်းနေခြင်း ဖြစ်သည်။
ဤအချိန်တွင် လင်းကျောင်လန်၏ စိတ်အစုံမှာ မတည်ငြိမ်နိုင်သေးပေ။ ရှောင်ချီခမ်းမထဲသို့ ဝင်လာသည်ကိုလည်းကောင်း မည်သူမျှ မတားဆီးနိုင်ဘဲ ဘေးကင်းစွာ ပြန်ထွက်သွားသည်ကိုလည်းကောင်း သူမ ငေးကြည့်နေခဲ့ရသည်။ ဝိညာဉ်ဓားဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သော သူမ၏ဖခင်ပင်လျှင် သူ့ကို မတားနိုင်ခဲ့ပေ။
ထိုထက် ပို၍ စိတ်ဆိုးစရာကောင်းသည်မှာ ရှောင်ချီသည် တစ်ချိန်လုံး သူမကို တစ်ချက်ကလေးပင် လှည့်မကြည့်သွားခြင်းပင် သူမကို လုံးဝ အရေးမပါသော လူပိုတစ်ယောက်ကဲ့သို့ သဘောထားသွားခြင်း ဖြစ်သည်။
သူမကို အဆိုးဆုံးဖြစ်စေသည့်အချက်မှာ ရှောင်ချီသည် အဘယ်ကြောင့် လင်ယုရှုကိုပါ ခေါ်ပြီး တောင်အောက်ဆင်းသွားရသနည်း ဆိုသည့်အချက်ပင်။
ယဲ့ဖန်ပြောခဲ့သလိုပင် လင်ယုရှုနှင့် သူမကဲ့သို့ ကျင့်စဉ်နိမ့်ပါးသော အမျိုးသမီးဖော်များမှာ ယဲ့ဖန်နှင့် ရှောင်ချီကဲ့သို့ ပါရမီရှင်များအတွက် ဝန်ထုတ်ဝန်ပိုးသာ ဖြစ်လိမ့်မည် မဟုတ်ပါလား။
ရှောင်ချီက လင်ယုရှု၏ ဘေးကင်းမှုကို မစိုးရိမ်ဘူးလား သူတစ်ယောက်တည်းသွားပြီး တခြားဂိုဏ်းက နတ်သမီးလေးတွေနဲ့ ဆုံချင်တာမျိုး ရင်ခုန်စရာ စွန့်စားခန်းတွေ ကြုံချင်တာမျိုး မရှိဘူးလား။
လင်းကျောင်လန်အတွက် အသည်းအသန် ခံစားရဆုံးအချက်မှာ ယဲ့ဖန်၏ ဖောက်ပြန်မှုမဟုတ်ဘဲ ရှောင်ချီ၏ တည်ကြည်စွဲမြဲသော အချစ်ပင်ဖြစ်သည်။
အရင်က သူမသာ အသာအယာ လက်ကမ်းလိုက်လျှင် ရရှိနိုင်မည့်အရာကို သူမကိုယ်တိုင်က အသုံးမကျသော အမှိုက်ကဲ့သို့ သဘောထားပြီး စွန့်ပစ်ခဲ့ကာ အလားအလာရှိသည့် လူသားတစ်ဦး (ယဲ့ဖန်) ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
သူမ၏အမြင်က မှန်ကန်ခဲ့သည်မှာတော့ အမှန်ပင်။ ထိုလူသားမှာ တစ်ရှိန်ထိုး တိုးတက်လာပြီး ကျင့်ကြံခြင်းလောကတွင် အတောက်ပဆုံး ဖြစ်တည်မှု ဖြစ်လာခဲ့သည်။
ဒါပေမဲ့ အခု ဘာထူးသလဲ ယဲ့ဖန်၏ဘေးနားတွင် အမျိုးသမီးပေါင်းစုံ ဝန်းရံနေပြီး သူမအတွက် နေရာမရှိတော့ပေ။
သူမ စွန့်ပစ်ခဲ့သော ရှောင်ချီမှာမူ သူ၏ ဂျူနီယာညီမလေးကိုသာ မျက်စိထဲထားပြီး နှလုံးသားထဲ ထည့်ထားသည်။
တောင်အောက်ဆင်းလျှင်တောင် ညီမလေးနှင့် မခွဲနိုင်လောက်အောင် ချစ်မြတ်နိုးနေသည်။
လင်းကျောင်လန်သည် စိတ်ကူးယဉ်ကြည့်မိသည် ငါသာ ရှောင်ချီကို အဲ့ဒီတုန်းက မစွန့်ပစ်ဘဲ စေ့စပ်ပွဲအတိုင်း လက်ထပ်ခဲ့ရင် တစ်သက်မှာတစ်ယောက်ဆိုတဲ့ လှပတဲ့ အချစ်ပုံပြင်က ငါ့အတွက် ဖြစ်နေမှာလား။
"ဟမ့် ရှောင်ချီက ယဲ့ဖန်ကို စော်ကားထားတာ။ ယဲ့ဖန် ပြန်လာရင်တော့ သူ သေရမှာပဲ အခု သူ ဘယ်လောက်ပဲ ပျော်နေပါစေ အနာဂတ်မှာတော့ အိပ်မက်တစ်ခုလို ပျောက်ကွယ်သွားမှာပါ။ သူက ယဲ့ဖန် တက်လှမ်းဖို့အတွက် လှေကားထစ်တစ်ခုပဲ" လင်းကျောင်လန်သည် သူမ၏ အတွေးများကို ဖျောက်ပစ်လိုက်ပြီး အေးစက်သော အမူအရာဖြင့် ရှောင်ချီကို စိတ်ထဲမှ သေဒဏ်ပေးလိုက်တော့သည်။
အမှန်တကယ်ပင် လင်းကျောင်လန် တစ်ယောက်တည်း ဤသို့ တွေးနေခြင်း မဟုတ်ပေ။ ဝိညာဉ်ဓားဂိုဏ်းရှိ လူအများအပြားကလည်း ဤသို့ပင် ယူဆကြသည်။
လက်ရှိတွင် ယဲ့ဖန်၏ သြဇာမှာ အလွန်ကြီးမားနေပြီး တိုးတက်မှုအရှိန်မှာလည်း ပြိုင်ဘက်ကင်းနေသည်။ ရှောင်ချီ ဂိုဏ်းက ထွက်သွားခြင်းမှာ ယဲ့ဖန် ပြန်လာလျှင် အသတ်ခံရမှာ ကြောက်၍ ထွက်ပြေးခြင်းသာ ဖြစ်လိမ့်မည်ဟု သူတို့ ထင်နေကြသည်။
"ဟမ့်... မင်းက ဘယ်လောက်ကြာကြာ ဝင့်ကြွားနိုင်ဦးမှာလဲ ငါ့ရဲ့ ဖန်လောင်ပြန်လာရင်တော့ မင်းငိုရမှာပဲ" အကြီးအကဲနေရာတွင် အပြာရောင်ဝတ်စုံနှင့် လျူချင်းအာသည် ရှောင်ချီ ထွက်သွားသော ဘက်ကို ကြည့်ကာ လှောင်ရယ်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။
ယခုဘဝတွင်လည်း လျူချင်းအာသည် ယဲ့ဖန်၏ လက်ထဲမှ မလွတ်မြောက်ခဲ့ဘဲ သူ၏ အမျိုးသမီးတစ်ဦး ဖြစ်လာခဲ့သည်။
သို့သော် ဤတစ်ကြိမ်တွင်မူ မူဝမ်အာကြောင့် မဟုတ်ပေ။ လျူချင်းအာသည် တောင်အောက်ဆင်းစဉ် ယဲ့ဖန်နှင့် ဆုံတွေ့ခဲ့ခြင်း ဖြစ်သည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် သူမသည် မိစ္ဆာကျင့်ကြံသူများ၏ ဝိုင်းရံခြင်းကို ခံရစဉ် ယဲ့ဖန်က ကယ်တင်ခဲ့သဖြင့် သူမ၏ နှလုံးသားရော ခန္ဓာကိုယ်ပါ ယဲ့ဖန်ကို ပုံအပ်ခဲ့ခြင်း ဖြစ်သည်။
ယခုအခါ လျူချင်းအာ၏ ကျင့်စဉ်မှာ ဝိညာဉ်ပြောင်းလဲခြင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး သူမ၏ အမူအရာမှာလည်း အလွန်ပင် ခန့်ညားတည်ငြိမ်နေသည်။
အပြာရောင် ဝတ်စုံဖြင့် အကြီးအကဲ ထိုင်ခုံပေါ်တွင် ထိုင်နေပုံမှာ မြင့်မြတ်သော အမျိုးသမီးကြီး တစ်ဦးနှင့်ပင် တူနေတော့သည်။
သူမသည် ရှောင်ချီ၏ မောက်မာမှုကို ဂရုမစိုက်ပေ။ သူမ၏ နှလုံးသားထဲတွင် ယဲ့ဖန်သည်သာ အသန်မာဆုံး ဖြစ်သည် တခြားသူတွေဘယ်လောက်ပဲ အစွမ်းထက်ပါစေ ယဲ့ဖန် အောင်မြင်မှု လမ်းကြောင်းပေါ် တက်လှမ်းဖို့အတွက် ကျောက်ခဲလေးတွေသာ ဖြစ်သည်ဟု သူမ ယုံကြည်ထားသည်။
"အကြီးအကဲ လျူ... ရှောင်ချီရဲ့ အစွမ်းကို ဘယ်လိုမြင်လဲ သူနဲ့ အကြီးအကဲရဲ့ ယဲ့ဖန် ဘယ်သူက ပိုသန်မာမလဲ" ဘေးနားရှိ အနီရောင်ဝတ်စုံနှင့် အမျိုးသမီးက လျူချင်းအာကို တိုးတိုးလေး မေးလိုက်သည်။
ဤအမျိုးသမီး၏ အမည်မှာ ချီရှင်းအာဖြစ်ပြီး လျူချင်းအာနှင့် တစ်ချိန်တည်းလောက်တွင် ဂိုဏ်းထဲသို့ ဝင်ရောက်ခဲ့သူ ဖြစ်သည်။
သို့သော် သူမ၏ ပါရမီက လျူချင်းအာထက် အနည်းငယ် သာလွန်သဖြင့် လွန်ခဲ့သော ၄-၅ နှစ်ကတည်းက အကြီးအကဲ ဖြစ်လာခဲ့သူ ဖြစ်သည်။
ယခုအခါ သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာ ရင်းနှီးသယောင် ရှိသော်လည်း တစ်ယောက်နှင့်တစ်ယောက် အကျိုးစီးပွားအတွက်သာ ပေါင်းခြင်း ဖြစ်သည်။
အပြင်ပန်းတွင် ညီအစ်မကဲ့သို့ ဆက်ဆံကြသော်လည်း စိတ်ထဲတွင်မူ တစ်ယောက်ကိုတစ်ယောက် အထင်သေးနေကြသည်။
ဟမ့်... ရှောင်ချီလို လူမျိုးက ငါ့ရဲ့ဖန်လောင်နဲ့ ဘယ်လိုလုပ် နှိုင်းယှဉ်လို့ ရမှာလဲ စောင့်ကြည့်နေလိုက်ပါ နောက်တစ်နှစ်ဆိုရင် ဖန်လောင် ဂိုဏ်းကိုပြန်လာတော့မှာ။ အဲ့ဒီအချိန်မှာ ရှောင်ချီ ပြန်လာရဲရင်တော့ ဖန်လောင်က သူ့ကို အသေသတ်မှာပဲ။
လျူချင်းအာက ဟာသတစ်ခု ကြားလိုက်ရသလို လှောင်ပြုံးပြုံးကာ မထီမဲ့မြင် ပြောလိုက်သည်။
ဟားဟားဟား... ညီမလေး လျူကတော့ တကယ့်ကို ပွင့်ပွင့်လင်းလင်း ပြောတတ်တာပဲ ဒါပေမဲ့ ရှောင်ချီကလည်း ညီမလေးရဲ့ဂျူနီယာ မဟုတ်လား။ ချစ်သူရသွားပြီဆိုပြီး ဂျူနီယာလေးကိုတော့ အဲ့လောက်အထိ အထင်မသေးသင့်ဘူးလေ။
ချီရှင်းအာသည် အကျယ်ကြီး ရယ်မောလိုက်သော်လည်း ပတ်ဝန်းကျင်ကို ကြည့်ကာ ပါးစပ်ကို အမြန် ပြန်ပိတ်လိုက်သည်။ သူမက လျူချင်းအာကို ကြည့်ကာ ခပ်ဖွဖွလေး ရယ်မောနေတော့သည်။
ဂိုဏ်းလား ဒီလို ဂိုဏ်းမျိုးမှာ ဆက်နေဖို့တောင် မတန်ပါဘူး ဟိုမိန်းမလင်းယွင်ဆိုရင် မိစ္ဆာကျင့်ကြံသူတွေ တိုက်ခိုက်တာကို အခွင့်ကောင်းယူပြီး ငါတို့ ဖန်လောင်ကို ကပ်နေတာ။ သူမမှာ ရှက်ရကောင်းမှန်းတောင် မသိဘူး။
လျူချင်းအာက နှာခေါင်းရှုံ့ကာ မကျေမနပ် ပြောလိုက်သည်။
ချီရှင်းအာသည် စိတ်ထဲမှ တိတ်တဆိတ် အံ့သြသွားသည်။ ဤအမျိုးသမီးမှာ အလွန် ကြောက်စရာကောင်းသည်ဟု သူမ တွေးမိသည်။
မိမိချစ်သူအတွက်နှင့် မိမိ၏ဆရာဖြစ်သူကိုပင်ပြန်ပြီး ကဲ့ရဲ့ရဲသူ မဟုတ်ပါလား။ နောင်တစ်ချိန်တွင် သူမနှင့် ခပ်ကင်းကင်းနေခြင်းကသာ အကောင်းဆုံး ဖြစ်လိမ့်မည်။
ရှောင်ချီနှင့် လင်ယုရှုတို့သည် ချင်းချန်တောင်သို့ ရောက်ရှိလာပြီး လေပေါ်မှ ဖြည်းညှင်းစွာ ဆင်းသက်လိုက်ကြသည်။
ကျင့်ကြံခြင်းလောကတွင် စည်းကမ်းတစ်ခု ရှိသည် သူတစ်ပါး ပိုင်နက်ပေါ်တွင် ရမ်းကားစွာ ပျံသန်းခြင်း မပြုရ၊ ထိုသို့ပြုလုပ်ခြင်းမှာ မရိုသေရာ ရောက်သည်ဟု သတ်မှတ်ကြသည်။
ချင်းချန်တောင်မှာ အမည်နှင့်လိုက်အောင်ပင် တစ်မြို့လုံးသည် မြင့်မားသော တောင်တန်းကြီးများကြားတွင် တည်ရှိနေသည်။
မြို့၏ အလယ်ဗဟိုပိုင်းတွင်သာ လူကုံထံများနှင့် အရာရှိများ နေထိုင်ရန် မြေကွက်လပ်ကို ဖော်ထုတ်ထားခြင်း ဖြစ်သည်။
ရှောင်ချီသည် တောင်ပေါ်တက်ပြီးကတည်းက တောင်အောက်သို့ ဆင်းခဲလှသည်။ ဆင်းလာလျှင်လည်း ဂိုဏ်း၏ တာဝန်များကို ထမ်းဆောင်ရန်အတွက်သာ ဆင်းလေ့ရှိသည်။
ယခုအခါ လူစည်ကားလှသော ဈေးတန်းကြီးထဲတွင် လျှောက်သွားရသည်မှာ သူ တောင်းစားဘဝက နေ့ရက်များကို ပြန်လည် အမှတ်ရစေသည်။
သို့သော် သူ၏အဆင့်အတန်းမှာ ပြောင်းလဲသွားပြီဖြစ်ရာ ကမ္ဘာကြီးကို ကြည့်သည့် သူ၏ အမြင်မှာလည်း ကွာခြားသွားခဲ့ပြီ။
တောင်းစားဘဝတုန်းက ကမ္ဘာကြီးကို ကြည့်ရသည်မှာ ပိုးဖလံလေးက ကောင်းကင်ကြီးကို မော့ကြည့်ရသလိုပင်အလွန် မြင့်မားပြီး မလှမ်းနိုင်သော နေရာတစ်ခု ဖြစ်ခဲ့သည်။
အခုတော့ ကျင့်ကြံခြင်းမှာ အောင်မြင်မှု အထိုက်အလျောက် ရရှိထားပြီဖြစ်ရာ လူ့လောကကို ပြန်ကြည့်သည့်အခါ အရင်ကလို ကြောက်ရွံ့ခြင်း မရှိတော့ဘဲ စိတ်နှလုံးမှာ အေးချမ်းတည်ငြိမ်နေတော့သည်။
သူသည် လင်ယုရှုကို အဆင့်မြင့် စားသောက်ဆိုင် အချို့သို့ ခေါ်သွားပြီး လူ့လောက၏ ဟင်းလျာများကို မြည်းစမ်းစေခဲ့သည်။
သို့သော် သူ၏ ညီမလေး ချက်ပြုတ်သော ဟင်းလျာများကို စားနေကျဖြစ်သဖြင့် ဤသာမန် ဟင်းလျာများမှာ သူတို့အတွက် စားရအဆင်မပြေလှပေ။
"ဒီဟင်းတွေရဲ့ အရသာက တကယ့်ကို သာမန်ပါပဲ။ ညီမလေး ချက်တာနဲ့ဆိုရင် ကောင်းကင်နဲ့ မြေကြီးလို ကွာခြားနေတာပဲ" ရှောင်ချီက ဟင်းကို နှစ်လုတ်ခန့် စားပြီးနောက် ဇွန်းနှင့် ထမင်းလုံးကို ချကာ မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။
"စီနီယာအစ်ကို... ကျွန်မချက်တာ စားချင်တာလား ဒါဆို ခဏလေး စောင့်နော်" ရှောင်ချီ၏ စိတ်ပျက်နေသော မျက်နှာကို မြင်လိုက်ရသည့်အခါ မိန်းကလေးငယ်လေးမှာ စိတ်လှုပ်ရှားစွာ ထရပ်လိုက်ပြီး မီးဖိုချောင်ဘက်သို့ ဦးတည်သွားတော့သည်။
စကားပြောဆိုပြီးနောက် မီးဖိုချောင်က သူမကို ဒယ်အိုးတစ်လုံး ငှားပေးလိုက်သည်။
မိန်းကလေးငယ်မှာ လက်စွမ်းပြတော့သည်။ သူမ၏ သိုလှောင်အိတ်ထဲမှ ဝိညာဉ်အပင် များနှင့် ဝိညာဉ်သားရဲအသားများကို ထုတ်ယူကာ စားသောက်ဆိုင်ထဲမှာတင် ချက်ပြုတ်လေတော့သည်။
မွှေးပျံ့လှသောရနံ့နှင့်ဝိညာဉ်စွမ်းအားများမှာစားသောက်ဆိုင်တစ်ခုလုံးကိုလွှမ်းမိုးသွားပြီးစားသုံးသူအားလုံး၏ဗိုက်ကိုဆာလောင်လာစေတော့သည်။