အခန်း (၅၀) ဂိုဏ်းချုပ်ဆိုတာဘာအရေးလဲ
ခမ်းမကြီးအတွင်းတွင် အကြီးအကဲ အနည်းငယ်နှင့် အဆင့်မြင့်တပည့်အချို့သာ ရှိနေပြီး ကျန်ရှိသော တပည့်အများစုမှာ ခမ်းမအပြင်ဘက်ရှိ ကွင်းပြင်ကျယ်ကြီးတွင် စုဝေးနေကြခြင်း ဖြစ်သည်။
နတ်သမီး လင်ယွင်၏ စကားကို ကြားလိုက်ရသောအခါ ခမ်းမထဲရှိ လူတိုင်းမှာ ခေတ္တမျှ ကြောင်အသွားကြသည်။ ဤဆရာတပည့် နှစ်ယောက်မှာ တစ်ယောက်နှင့်တစ်ယောက် အသေအလဲ မုန်းနေကြသည် မဟုတ်ပါလား။
အခုမှ ဘာလို့ ဒီလောက်အထိ ရင်းနှီးသလိုမျိုး ဟန်ဆောင်နေကြတာလဲ သူတို့က လူအများရှေ့မှာ ဆရာတပည့် သံယောဇဉ်ကြီးမားသလိုမျိုး ဇာတ်လမ်းထွင်နေကြတာလား။
အတွေ့အကြုံရင့် အကြီးအကဲအချို့မှာမူ နတ်သမီး လင်ယွင်၏ မျက်ဝန်းထဲတွင် ရှောင်ချီကို မြှောက်ပင့်လိုစိတ်နှင့် ကြောက်ရွံ့ရိုကျိုးနေသည့် အရိပ်အယောင်တွေကိုပင် မြင်နေရသည်။
တစ်ချိန်က အလွန်အမင်း တောက်ပြောင်ခဲ့ပြီး မာနကြီးလွန်းလှသည့် နတ်သမီးလင်ယွင်သည် ဘယ်တုန်းကမှ ဤကဲ့သို့သော အမူအရာမျိုး မပြခဲ့ဖူးပေ။
ထို့ပြင် နတ်သမီး လင်ယွင်၏ ဂုဏ်သိက္ခာ အဖတ်မတင်အောင် ပျက်စီးသွားခဲ့ရခြင်းမှာလည်း ယခု ရှေ့တွင် ရပ်နေသည့် ရှောင်ချီကြောင့်ပင် မဟုတ်ပါလား။
ယခုအခါ မိမိ၏ ဂုဏ်သိက္ခာကို ဖျက်ဆီးခဲ့သည့် ရန်သူကြီးကို မြင်နေရသော်လည်း နတ်သမီး လင်ယွင်ထံမှ မုန်းတီးမှုများ မတွေ့ရဘဲ စိုးရိမ်ပူပန်မှုနှင့် ဂရုဏာသက်နေသည့် အမူအရာကိုသာ မြင်နေရသဖြင့် အားလုံးအတွက် နားလည်ရ ခက်ခဲလှသည်။
"ဒါက ဘာအဓိပ္ပာယ်မရှိတဲ့ အခမ်းအနားလဲ ငါ မပါဝင်နိုင်ဘူး အောက်တန်းကျတဲ့ အဖိုးကြီးတစ်ယောက်ကိုဝိုင်းပြီး မြှောက်ပင့်နေကြတဲ့ အရေခြုံတွေ နောင်ကျရင် ဒီလိုမျိုး အခမ်းအနားရှိရင် ငါ့ကိုကြိုအကြောင်းကြားပါ ငါမွေးထားတဲ့ ခွေးကိုပဲလွှတ်လိုက်မယ်
ပြီးတော့ မင်းလင်ယွင် အဲ့ဒီလိုမျိုး အရေခြုံပြီး ဟန်ဆောင်နေတာတွေကို ရပ်လိုက်စမ်းပါ။
ငါ ခရမ်းရောင်တိမ်တိုက်တောင်ကို ပြန်မလာတော့ဘူး။ ငါ့ညီမလေးကို ခေါ်ပြီး တောင်အောက်ဆင်းပြီး သုံးနှစ်လောက် ခရီးသွားမယ် ဒီနေ့ကစပြီး ငါတို့ရဲ့ ဆရာတပည့် သံယောဇဉ် ပြတ်ပြီ။
ရှောင်ချီ၏ စကားများမှာ အမြဲတမ်းလိုလို တုန်လှုပ်စရာ ကောင်းလှသည်။ သူ ပါးစပ်ဟလိုက်သည်နှင့် ခမ်းမတစ်ခုလုံးတွင် အရှိန်အဝါ အကြီးဆုံး ပုဂ္ဂိုလ်နှစ်ဦးကို အကြီးအကျယ် အရှက်ခွဲလိုက်ခြင်း ဖြစ်သည်။
မင်း ရဲလှချည်လား ပြစ်ဒဏ်ကျခံနေရတဲ့ ရာဇဝတ်သားက ငါ့ကိုဒီလိုမျိုး စကားပြောရဲတယ်ပေါ့ မင်းရဲ့ တခြားအပြစ်တွေကို ဒီနေ့အတွက် ခဏထားဦး၊ ဂိုဏ်းချုပ်ကို မရိုမသေ စော်ကားတဲ့ အပြစ်တစ်ခုတည်းနဲ့တင် မင်းကို နောက်ထပ် သုံးနှစ် ပြစ်ဒဏ်ထပ်ပေးဖို့ လုံလောက်တယ်။
၎င်းကို ကြားလိုက်ရသောအခါ ဂိုဏ်းချုပ် ဝူသောက်ကျိသည် ဒေါသအိုး ပေါက်ကွဲသွားတော့သည်။ သူသည် နေရာမှ ဝုန်းခနဲ ထရပ်လိုက်ပြီး ပြင်းထန်လှသော အရှိန်အဝါများကို ထုတ်လွှတ်ကာ ရှောင်ချီကို ဖိနှိပ်လိုက်သည်။
ယခုအခါ သူသည် အရင်က လူမဟုတ်တော့ပေ။ သူ၏ကျင့်ကြံဆင့်မှာ အသိသာကြီး တိုးတက်လာခဲ့ပြီးဖြစ်သည်။
ကြောက်မက်ဖွယ်ကောင်းသော ကျင့်ကြံအဆင့်ဖိအားများကြောင့် ခမ်းမကြီး၏ နံရံများမှာ ချက်ချင်းပင် အက်ကွဲလာပြီး နောက်တစ်ခဏမှာပင် ပြိုကျတော့မည့်အလား ရှိနေတော့သည်။
သို့သော်လည်း ခမ်းမကြီး ပြိုကျခါနီးမှာပင် ကျောက်နံရံများပေါ်တွင် ရွှေရောင်လိုင်းများ ပေါ်ထွက်လာသည်။ အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေသော နံရံများမှာ မူလအတိုင်း ပြန်လည် ကောင်းမွန်သွားပြီး ဘာမှ မဖြစ်ခဲ့သလိုမျိုး ရှိနေတော့သည်။
"ဒီလောက် နှစ်တွေကြာသွားတာတောင် မင်းက ဘာမှမတိုးတက်သေးပါလား။ မင်းဟာ တကယ်ကို အသုံးမကျတဲ့ ဂိုဏ်းချုပ်ပဲ" ရှောင်ချီက လက်ကို အသာအယာ ဝေ့ယမ်းလိုက်ရာ မိုးကြိုးစွမ်းအားများ ခမ်းမတစ်ခုလုံး ပြည့်နှက်သွားပြီး ဝူသောက်ကျိ၏ ဖိအားပေးနေသော အရှိန်အဝါများကို လုံးဝ ချေဖျက်ပစ်လိုက်သည်။
"အစွမ်းမရှိရင် ဟန်မဆောင်နဲ့ ငါ့ရဲ့ ပြစ်ဒဏ်ကာလက ပြီးသွားပြီ ငါ ဘယ်သွားသွား ငါ့ရဲ့ လွတ်လပ်ခွင့်ပဲ" ရှောင်ချီသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ပလ္လင်ပေါ်က လူကို တိုက်ရိုက် ရင်ဆိုင်လိုက်သည်။ သူ၏ လေသံမှာ ကြောက်ရွံ့ခြင်းလည်း မရှိ၊ ရိုကျိုးခြင်းလည်း မရှိပေ။
"ဟို... ဟိုဒါ ဘာလဲ မိုးကြိုးစွမ်းအားလား"
ဘယ်လို ဖြစ်နိုင်မှာလဲ မိုးကြိုးဆိုတာ ကောင်းကင်ဘုံရဲ့ ပြစ်ဒဏ်စွမ်းအားလေ။ သာမန်ကျင့်ကြံသူတစ်ယောက်က ဒါကို ဘယ်လို ထိန်းချုပ်နိုင်မှာလဲ။
ဒီကောင်လေးက တောင်နောက်ဘက် မိုးကြိုးရေကန်ထဲက လျှပ်စီးတွေ အကုန်လုံးကို သူ့ခန္ဓာကိုယ်ထဲ စုပ်ယူလိုက်တာလား။
အဲ့ဒါသာ အမှန်ဆိုရင်တော့ သူဟာ ဘေးဒုက္ခကနေ ကံကောင်းခြင်းကို ရရှိသွားတာပဲ ကြီးမားတဲ့ အခွင့်အလမ်းတစ်ခုကို ရသွားတာပဲ။
ဂိုဏ်း၏ အကြီးအကဲများမှာ တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြပြီး ရှောင်ချီကို ကြည့်သည့် သူတို့၏ အကြည့်များမှာ ချက်ချင်းပင် အံ့သြတုန်လှုပ်မှုများ ဖြစ်သွားကြသည်။
တစ်ချိန်က ပါရမီရှင်နတ်ဘုရားသားတော် သည် အရှိန်အဝါ အသစ်နှင့် ပြန်လည် ရောက်ရှိလာခဲ့ပြီ။
မူလက သူတို့သည် ဤနတ်ဘုရားသားတော်ဟောင်း ရှောင်ချီမှာ လူအများကြားတွင် မှေးမှိန်ပျောက်ကွယ်သွားပြီး သာမန်တပည့်တစ်ယောက်ထက် မပိုတော့ဘူးဟု ထင်ခဲ့ကြသည်။
အခုတော့ သူ၏ တောက်ပမှုမှာ အရင်ကထက်ပင် ပိုမို လင်းလက်နေပြီး အရင်ထက်ပင် သာလွန်နေနိုင်သည်ဟု ထင်ရသည်။
အခု ကျင့်ကြံခြင်းလောကမှာ ပြိုင်ဘက်ကင်းနေတဲ့ ယဲ့ဖန်တောင်မှ ဒီလို အစွမ်းမျိုး ရှိမှာ မဟုတ်ဘူး ပြီးတော့ သူက မိုးကြိုးကို ထိန်းချုပ်နိုင်တယ်ဒါဟာ အရင်က တစ်ခါမှ မကြားဖူးတဲ့ ကိစ္စပဲ။
လက်ရှိ ကျင့်ကြံခြင်းလောကမှာ ယဲ့ဖန်ကတော့ တကယ်ကို နာမည်ကြီးနေတာပါ။ လူငယ်မျိုးဆက်တွေထဲမှာ သူ့ကို မသိတဲ့သူ မရှိသလောက်ပါပဲ ဒါဟာ ဝိညာဉ်ဓားဂိုဏ်းက ခုနစ်ဂိုဏ်းထဲမှာ ပါဝင်နေရတဲ့ အကြောင်းရင်းတစ်ခုလည်း ဖြစ်ပါတယ်။
အခုတော့ နောက်ထပ် ပါရမီရှင်တစ်ယောက် ပေါ်ထွက်လာပြန်ပြီ။ ဒါပေမဲ့ ဒီရှောင်ချီကတော့ မတရားမှုတွေ အများကြီး ခံခဲ့ရပုံရတယ်။ သူက ဝိညာဉ်ဓားဂိုဏ်းအပေါ် သံယောဇဉ် မရှိသလို သူ့လမ်းကို ပိတ်တဲ့သူမှန်သမျှကို ထိပ်တိုက်ရင်ဆိုင်နေပြီး မဟာအကြီးအကဲကိုတောင် ဂရုမစိုက်ဘူး ဒါဟာ ဂိုဏ်းအတွက် ကံကောင်းခြင်းလား ကံဆိုးခြင်းလားဆိုတာ ဘယ်သူမှမသိနိုင်ပါဘူး။
"မင်း... အဲ့မှာ ရပ်စမ်း မင်းရဲ့ မျက်လုံးထဲမှာ ဆရာသမားနဲ့ တရားဓမ္မဆိုတာရှိသေးရဲ့လား စည်းစနစ်နဲ့ ဥပဒေဆိုတာ မင်းအတွက် ဘာမှ မဟုတ်တော့ဘူးလား" ဝူသောက်ကျိမှာ ဒေါသအလွန်ထွက်နေသည်။
ဒီနေ့က သူ ဂုဏ်ယူရမည့်နေ့ ဖြစ်သည်။ ဂိုဏ်းချုပ်ပလ္လင်ပေါ်မှာ ရပ်နေရင်း သူသည် ခဏတာတော့ အနှိုင်းမဲ့ ဂုဏ်သရေ ရှိနေခဲ့သည်။
နောင်ကျရင် သူ၏ရည်မှန်းချက်ကြီးတွေကို ဘယ်လို အကောင်အထည်ဖော်မလဲလို့ စဉ်းစားနေတုန်းမှာပဲ ဒီကောင်လေးက သူ့မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်း ဖြစ်သည်။
အခုဆိုလျှင် သူ၏ဂိုဏ်းချုပ် သိက္ခာမှာ ကြမ်းပြင်ပေါ်မှာ အဖတ်မတင်အောင် ကွဲကြေသွားပြီ ဖြစ်သည်။ သူ တစ်ခုခု မလုပ်လျှင် နောင်ကျရင် သူ ဘယ်လိုအုပ်ချုပ်ပါ့မလဲ။
"မင်းက အော်လွန်းတယ် ပြောစရာရှိတာ ရှိရင်လည်း တစ်ခါတည်း အကုန်ပြောလိုက်" ရှောင်ချီက ဝူသောက်ကျိကို ကြည့်ကာ မကျေမနပ် ပြောလိုက်သည်။
ရှောင်ချီ၏ အထင်အမြင်သေးသည့် အကြည့်ကို မြင်လိုက်ရသောအခါ ဝူသောက်ကျိမှာ ဒေါသကို ထိန်းမရပြန်တော့ပေ။
"ရှောင်ချီ... ဒီနေ့က ဂိုဏ်းချုပ်ရာထူး ဆက်ခံပွဲ အခမ်းအနားပဲ။ အပြင်မှာ တာဝန်ထမ်းဆောင်နေတဲ့ တပည့်တွေကိုတောင် ပြန်ခေါ်ထားတာ ဒါကို မင်းက ဂိုဏ်းထဲမှာ ရှိနေရက်နဲ့ အခုလို အချိန်မှာ ထွက်သွားချင်တယ်ပေါ့။
မင်း ငါ့ကို ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ ဘယ်နေရာမှာ ထားတာလဲ တစ်ဂိုဏ်းလုံးကိုကော ဘယ်လို သဘောထားတာလဲ
အကယ်၍ မင်း ဒီနေ့ ဂိုဏ်းထဲကနေ ထွက်သွားရဲရင် မင်းကို ဝိညာဉ်ဓားဂိုဏ်းကနေ ထုတ်ပစ်ဖို့ ငါ့ကိုအပြစ်မတင်နဲ့။
ရှောင်ချီကို ချက်ချင်း မနှိမ်နင်းနိုင်မှန်း သိလိုက်ရသည့်အခါ ဝူသောက်ကျိသည် နှုတ်ဖြင့် ခြိမ်းခြောက်မှုကို ချက်ချင်း အသုံးပြုလိုက်သည်!
ရှောင်ချီက အစွမ်းထက်သော်လည်း ဝူသောက်ကျိသည် သူ့ကို အကွက်နှစ်ဆယ်အတွင်း နှိမ်နင်းနိုင်မည်ဟု ယုံကြည်ချက် ရှိသည်။
ဒါပေမဲ့ ဒါက ဂိုဏ်းချုပ် နန်းတက်ပွဲလေ။ သူက တပည့်တစ်ယောက်နဲ့ အကြီးအကျယ် တိုက်ခိုက်နေလျှင် သူ၏ ဂိုဏ်းချုပ် သိက္ခာ ညှိုးနွမ်းသွားမှာ မဟုတ်ပါလား။
အကယ်၍ ချက်ချင်း နှိမ်နင်းနိုင်လျှင် ကိစ္စမရှိသော်လည်း ခဏအတွင်း အနိုင်မရခဲ့လျှင် သူ ပိုပြီး အရှက်ကွဲမှာ မဟုတ်ပါလား။
ဘာ ငါ့ကို ဂိုဏ်းကနေထုတ်ပစ်မယ် အဲ့ဒါ တကယ် ကောင်းတာပဲ မင်းရဲ့မိသားစု တစ်စုလုံးကို ကျေးဇူးတင်ပါတယ် ကျေးဇူးပြုပြီး မြန်မြန်လုပ်ပေးပါ။ ဒီလိုမျိုး ပုပ်ပွနေတဲ့ ဂိုဏ်းမှာ နောက်ထပ် တစ်ရက်တောင် ဆက်နေဖို့ ငါ စိတ်ပျက်လှပြီ။
ရှောင်ချီက လှောင်ပြုံးပြုံးကာ ဝူသောက်ကျိကို လူပြက်တစ်ယောက်လို ကြည့်လိုက်ပြီး သူ၏ ဂျူနီယာညီမလေး၏ လက်ကို ဆွဲကာ လှည့်ထွက်သွားတော့သည်။
"နတ်သမီး လင်ယွင်... ဒါ မင်းရဲ့ တပည့်ပဲ မင်း သူ့နောက်ကို လိုက်ပြီး ချက်ချင်း ပြန်ခေါ်မလာဘူးလား" ဝူသောက်ကျိ၏ ရင်ဘတ်မှာ ဒေါသကြောင့် နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။
တော်သေးတာက ဒီစကားပြောဆိုမှုတွေက ခမ်းမထဲမှာပဲ ဖြစ်နေလို့ပါ။ အပြင်က တပည့်တွေသာ ကြားသွားရင် သူ ဂိုဏ်းချုပ်အဖြစ် မျက်နှာပြရဲမှာ မဟုတ်တော့ပေ။
"ဟုတ်ကဲ့ပါ" နတ်သမီး လင်ယွင်က ခေါင်းညိတ်ပြပြီး သူတို့နောက်သို့ အမြန် လိုက်သွားတော့သည်။
အစကတည်းက သူမသည် ရှောင်ချီနောက်ကို လိုက်ပြီး သေသေချာချာ စကားပြောချင်နေတာပါ။ သူမနှင့် ယဲ့ဖန်တို့၏ကိစ္စကို ရှောင်ချီက ဘယ်လိုလုပ် သိနေတာလဲဆိုတာကို သူမ မေးမြန်းချင်နေသည်။ ဘယ်လို လျှို့ဝှက်ချက်တွေရှိနေတာလဲ။
လွန်ခဲ့သော ငါးနှစ်အတွင်း သူမသည် မိုးကြိုးရေကန်ဆီသို့ ရှောင်ချီကို သွားတွေ့လေ့ရှိသည်။ သို့သော် ရှောင်ချီက သူမကို အမြဲတမ်း လျစ်လျူရှုခဲ့သည်။
နောက်ပိုင်းမှာတော့ သူမလည်း မသွားဖြစ်တော့ပေ။ အခု ရှောင်ချီ မိုးကြိုးရေကန်ကနေ ထွက်လာပြီဆိုတော့ သူမ အသည်းအသန် စိုးရိမ်နေပြီး အမှန်တရားကို သိချင်နေတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ရှောင်ချီသည် သူ၏ ဂျူနီယာညီမလေးကို ခေါ်ကာ ဂိုဏ်းတံခါးဝသို့ ရောက်ရှိသွားပြီ ဖြစ်သည်။ သူ ဓားပျံစီးရမလား ဒီအတိုင်း ပျံသွားရမလား စဉ်းစားနေစဉ်မှာပင် နတ်သမီး လင်ယွင်က နောက်ကနေ အမီလိုက်လာတော့သည်။
"ချီအာ... နေပါဦး ဆရာမ မင်းကို ပြောစရာ ရှိတယ်" နတ်သမီး လင်ယွင်၏ စိုးရိမ်တကြီး အော်ဟစ်သံမှာ နောက်ကနေ ထွက်ပေါ်လာတော့သည်။