အခန်း (၅) လူသားတစ်ယောက်က ကျင့်ကြံသူကို ရန်စတယ်ပေါ့
"သူမက ကျွန်တော့်ကို အရင်တိုက်ခိုက်တာပါ။ ကျွန်တော့်ဘက်က ခုခံပိုင်ခွင့်မရှိဘူးလား" ရှောင်ချီသည် လျူချင်းအာကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏ ကျင့်ကြံရေးဂူဆီသို့ ဦးတည်ကာ တစ်ဖန်ပြန်၍ လှည့်ထွက်ခဲ့သည်။
"ရှောင်ချီ ဟုတ်လား မင်းအခုချက်ချင်း ပြန်လှည့်လာပြီး လန်အာရဲ့ရှေ့မှာ ဒူးထောက်တောင်းပန်တာ အကောင်းဆုံးဖြစ်လိမ့်မယ်။ မဟုတ်ရင်တော့ တစ်နေ့နေ့မှာ မင်းကို ငါ အသေသတ်မယ် ရှောင်ချီ၏ နောက်ကျောဘက်မှ အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာသည်။ ယဲ့ဖန်သည် ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်ပြီး ထွက်ခွာသွားသော ရှောင်ချီ၏ နောက်ကျောကို အေးစက်စွာ စိုက်ကြည့်နေသည်။
"ငါ့ကို ရန်စနေတာလား သာမန်လူသားတစ်ယောက်က ရွှေအမြုတေအဆင့်နောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ဦးကို ရန်စနေတာလား" ရှောင်ချီက ပြုံးလိုက်သည်။ သူသည် သူ့ကို အထက်စီးမှ ငုံ့ကြည့်နေသော ယဲ့ဖန်ကို ကြည့်ရင်း နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးတက်သွားသည်။
ဤရှုထောင့်၊ ဤအနေအထားအတိုင်းပင် အတိတ်ဘဝတုန်းကလည်း ယဲ့ဖန်သည် သူ့ကို ဤကဲ့သို့ပင် ငုံ့ကြည့်ခဲ့ဖူးသည်။
ကွာခြားချက်မှာ ထိုအတိတ်ဘဝတွင် ယဲ့ဖန်မှာ အနှိုင်းမဲ့ပြီး အနိုင်မခံနိုင်သော ဧကရာဇ် ယဲ့ဖန် ဖြစ်နေခြင်းပင်။
ဤဘဝတွင်မူ သူ (ယဲ့ဖန်) မှာ ကျင့်ကြံခြင်းလမ်းစဉ်ပေါ်သို့ ခြေတစ်လှမ်းပင် မချရသေးသော သာမန်လူသားတစ်ဦးသာ ဖြစ်သေးသည်။
"ဖြန်း" နောက်ထပ် ပါးရိုက်သံတစ်ခု ဟိန်းထွက်သွားသည်။ ရှောင်ချီသည် အကွာအဝေးတစ်ခုမှနေ၍ ယဲ့ဖန်၏မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်း ဖြစ်သည်။
ဤတစ်ကြိမ်တွင် သူအင်အားအများကြီး မသုံးခဲ့ပေ။ သာမန်လူသားတစ်ယောက် ခံနိုင်ရည်ရှိရုံမျှသော ဝိညာဉ်စွမ်းအားကိုသာ အသုံးပြုခဲ့သည်။
၎င်းမှာ ယဲ့ဖန်ကို သူ မသတ်ချင်၍မဟုတ်ပါ အတိတ်ဘဝက သူဖတ်ခဲ့ဖူးသော ပုံပြင်များအရ ကောင်းကင်ဘုံ၏ ရွေးချယ်ခံများကို သတ်ရန်မလွယ်ကူကြောင်း သူသိထားသည်။
အကယ်၍ သူသာ အင်အားအပြည့်ဖြင့် ရိုက်လိုက်ပါက တစ်စုံတစ်ဦးက ကြားဖြတ်ကယ်တင်ခြင်း သို့မဟုတ် ယဲ့ဖန်၏ ခန္ဓာကိုယ်ထဲမှ နတ်ဘုရားအဖိုးကြီးတစ်ဦး နိုးထလာခြင်းမျိုး ဖြစ်လာနိုင်ပေသည်။
သူ၏ အထူးစွမ်းရည်များကို သွားရောက်နှိုးဆွနေမည့်အစား ဒေါသပြေရုံမျှသာ လုပ်ဆောင်လိုက်ခြင်းက ပို၍ကောင်းပေသည်။
ပုရွက်ဆိတ်တစ်ကောင်ထက်မပိုတဲ့ ကောင်ပဲ။ ငါက မင်းကို အရေးလုပ်မနေချင်တာပါ။ သာမန်လူသားတစ်ယောက်ဆိုရင် လူသားတစ်ယောက်ရဲ့ အသိတရား ရှိသင့်တယ်။
ကျင့်ကြံသူတစ်ဦးကို ရန်စလိုက်တော့ မင်း အသေအရိုက်ခံရဖို့ ပြင်ဆင်ထားပြီးပြီလား
ယဲ့ဖန်၏ ချောမောသော မျက်နှာမှာ ယခုအခါ ဝက်ခေါင်းတစ်ခုကဲ့သို့ ဖူးရောင်နေပြီ ဖြစ်သည်။
ရှောင်ချီက ဝိညာဉ်စွမ်းအား အများကြီး မသုံးခဲ့သော်လည်း ယဲ့ဖန်မှာ သာမန်လူသားတစ်ဦးသာ ဖြစ်သည်။ ရှောင်ချီ၏ အနည်းငယ်သော ထိတွေ့မှုသည်ပင် ယဲ့ဖန်အတွက် ပြင်းထန်သော ဒဏ်ရာကို ရရှိစေနိုင်ပေသည်။
နင် ဘာလုပ်ချင်ချင်. ငါ့ကိုပဲ လုပ်ပါ။ အစ်ကိုယဲ့ကိုတော့ ဒုက္ခမပေးပါနဲ့။
လင်းကျောင်လန်သည် လျူချင်းအာ၏ ဖေးမမှုကို ရုန်းထွက်လိုက်ပြီး တုန်တုန်ရင်ရင်ဖြင့် ယဲ့ဖန်၏ရှေ့တွင် ကာကွယ်ရပ်တည်လိုက်သည်။ သူမ၏ လေသံမှာ ပြတ်သားလှသည်။
"တော်တော့ မောင်လေး ရပ်လိုက်စမ်း" လျူချင်းအာသည် ဆက်ကြည့်မနေနိုင်တော့ပေ။ သူမသည် ရှောင်ချီ၏ ရှေ့တွင် ပိတ်ဆို့ရပ်လိုက်ပြီး သူ့ကို ပြင်းထန်စွာ ဆူပူလိုက်သည်။
"ဖယ်စမ်း" ရှောင်ချီသည် ဤအမျိုးသမီးကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီး အရိုးထဲထိ စိမ့်သွားစေမည့် စကားတစ်ခွန်းကို ပြောလိုက်သည်။
လျူချင်းအာသည် သူမ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်သွားသကဲ့သို့ ခံစားလိုက်ရပြီး အေးစက်သော ဖိအားတစ်ခုက သူမကို တိုက်ခိုက်လာသည်။ ထိုစကားလုံးမှာ ငရဲဘုံမှ ထွက်ပေါ်လာသော မိစ္ဆာ၏ တီးတိုးသံကဲ့သို့ပင်
"နင်... နင် ဘာပြောလိုက်တာလဲ ငါက နင့်ရဲ့ စီနီယာမမကြီးနော်" လျူချင်းအာသည် ရှောင်ချီကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေသည်။ လုံးဝ ဖြစ်နိုင်ခြေမရှိသော အရာတစ်ခုကို မြင်တွေ့လိုက်ရသကဲ့သို့ပင်။
တောင်ပေါ်သို့ ရောက်လာကတည်းက သူသည် သူမနှင့် ဒုတိယညီမငယ်အပေါ် အမြဲတမ်း ရိုသေကိုင်းရှိုင်းပြီး လေးစားမှု ရှိခဲ့သူ မဟုတ်ပါလား.သူမ လက်ဖက်ရည်ကြည် ကြိုက်တတ်သည်ကိုသိသဖြင့် သူသည် နံနက်တိုင်း တောင်အောက်သို့ ဆင်းကာ နှင်းရည်များ သွားရောက်စုဆောင်းပြီး သူမ၏ ကျင့်ကြံရေးဂူသို့ စိတ်အားထက်သန်စွာ လာရောက်ပို့ဆောင်ပေးတတ်သည်။ (၅) နှစ်တိုင်တိုင် တစ်ရက်မှ မပျက်ကွက်ဘဲ လုပ်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။
သူမတို့ ညီမနှစ်ယောက်နှင့် ဆရာကို မိသားစုဝင်များကဲ့သို့ သဘောထားခဲ့သော ထိုကြိုးစားအားထုတ်ပြီး ရိုးသားလှသည့် မောင်ငယ်လေးက ဘာကြောင့် ဤကဲ့သို့ ပြောင်းလဲသွားရသနည်း။
လျူချင်းအာ မှင်သက်နေစဉ်မှာပင် ရှောင်ချီသည် သူမကို ဖြတ်ကျော်သွားပြီး လင်းကျောင်လန်၏ အနားသို့ ရောက်ရှိသွားသည်။
"ဖယ်စမ်း မဟုတ်ရင် နောက်ထပ် ပါးတစ်ချက် ထပ်အရိုက်ခံရမယ်" ရှောင်ချီသည် လင်းကျောင်လန်ကို မျက်တောင်မခတ်ဘဲ ကြည့်လိုက်ပြီး သူ၏လက်ကို အနည်းငယ် မြှောက်လိုက်သည်။
"ငါ မဖယ်ဘူး ငါ့အလောင်းကို ကျော်သွားမှရမယ်" လင်းကျောင်လန်သည် သူမ၏ လက်နှစ်ဖက်ကို ဆန့်တန်းကာ မတုန်မလှုပ် ရပ်နေသည်။
"မင်း ဆန္ဒရှိမှတော့"
"ဖြန်း..."
ရှောင်ချီသည် ခေါင်းညိတ်လိုက်ပြီးနောက် သူ၏ အင်အားအားလုံးကို အသုံးပြုကာ လင်းကျောင်လန်၏ မျက်နှာကို နောက်တစ်ကြိမ် ပြင်းထန်စွာ ရိုက်ချလိုက်ပြန်သည်။
ဤရိုက်ချက်မှာ ယခင်တစ်ကြိမ်ထက် ပို၍ ပြင်းထန်ပုံရသည်။ လင်းကျောင်လန်မှာ ပေတစ်ရာခန့် လွင့်ထွက်သွားပြီး သွေးစွန်းနေသော သွားအချို့ကို ထွေးထုတ်လိုက်ရသည်။ သူမ၏ ပါးစပ်ထဲတွင် သွားအနည်းငယ်သာ ကျန်တော့ပုံရသည်။
"မင်း ခုနက ဘာပြောလိုက်တာလဲ နောက်တစ်ခါထပ်ပြောစမ်းပါဦး ငါ သေချာမကြားလိုက်လို့" ရှောင်ချီသည် ယဲ့ဖန်၏ မေးစေ့ကိုညှစ်ကာ လေထဲသို့ ဖြည်းဖြည်းချင်း မြှောက်လိုက်ရင်း အေးစက်သော အသံဖြင့် မေးလိုက်သည်။
မင်းမှာ သတ္တိရှိရင် ဒီနေ့ ငါ့ကို သတ်လိုက်ပါ။ မဟုတ်ရင်တော့ မင်းသေရလိမ့်မယ် မင်းရဲ့ နတ်ဘုရားဝိညာဉ်ကို ငါဆွဲထုတ်ပြီး နေ့ရောညပါ ညှဉ်းပန်းနှိပ်စက်မယ်။
မင်းရဲ့ခြေလက်တွေကို ငါဖြတ်ပစ်မယ် မင်းကို ဝက်လူသားတစ်ယောက်လို လုပ်ပြီး လူတွေရဲ့ မစင်စွန့်ရာ အိုးတစ်လုံးအဖြစ် ပြောင်းပစ်မယ်။
ယဲ့ဖန်၏ အသံမှာ အနည်းငယ် အက်ရှနေသည်။ သူသည် ရှောင်ချီကို စိုက်ကြည့်နေသည်။ သူ့ရှေ့မှခြိမ်းခြောက်မှုကို ကြောက်ရွံ့မည့်အစား သူသည်ဆဲဆိုကြိမ်းမောင်းမှုများကိုသာ တရစပ်ပြုလုပ်နေတော့သည်။
"ကောင်းပြီ။ မင်းရဲ့ သတ္တိကို ငါချီးကျူးပါတယ်။" ရှောင်ချီသည် သူ၏ လက်ကို ဖြည်းညှင်းစွာ လွှတ်လိုက်သည်။ လေထဲတွင် မြှောက်ထားခြင်းခံရသော ယဲ့ဖန်မှာ ကျောက်လှေကားထစ်များပေါ်သို့ ဘုန်းဘုန်းလဲကျသွားသည်။
ထို့နောက် လက်သီးချက်များမှာ ယဲ့ဖန်၏ အပေါ်သို့ မိုးသီးကြွေသကဲ့သို့ ကျရောက်လာတော့သည်။
ရှောင်ချီသည် အတိတ်ဘဝက မာန်တက်နေသော ယဲ့ဖန်ကို သတိရမိသည်။ ပြဿနာများ ဖန်တီးပြီးနောက် သူချစ်ရသူများနှင့်အတူ ဝိညာဉ်ဓားဂိုဏ်းမှ ထွက်ပြေးသွားကာ အခြားသူများကို အကျိုးဆက်များ ခံစားရန် ပစ်ထားခဲ့သည့် ယဲ့ဖန်ကို သတိရမိသည်။
ဟောက်ထျန်းစေတီကို ခိုးယူပြီး သူ့ကို ထောင်ချောက်ဆင်ကာ သူ၏ဘဝတစ်ခုလုံးကို ဖျက်ဆီးခဲ့သော ယဲ့ဖန်ကို သတိရမိသည်။
ရှောင်ချီ၏ ဒေါသတရားများကို ထိန်းချုပ်၍ မရတော့ပေ။ သူ၏ မျက်လုံးများအတွင်း အနက်ရောင် စွမ်းအင်အချို့မှိတ်တုတ်မှိတ်တုတ် ပေါ်လာသည် ၎င်းမှာ သူသည် မိစ္ဆာသွေးကြွသည့် အခြေအနေသို့ တစ်ဖန်ပြန်၍ ရောက်ရှိလုနီးပါး ဖြစ်နေခြင်း၏ လက္ခဏာပင်။
"လက်သီး (၁၀) ချက်၊ (၂၀) ချက်၊ (၃၀) ချက်၊ အချက်ပေါင်း (၁၀၀)" မရေမတွက်နိုင်သော လက်သီးချက်များမှာ ယဲ့ဖန်၏ ခန္ဓာကိုယ် အနှံ့အပြားသို့ ကျရောက်သွားပြီး အရိုးကျိုးသံများလည်း တဆက်တည်း ထွက်ပေါ်နေသည်။
"နင် ရူးသွားပြီလား" စူးရှသော အော်ဟစ်သံတစ်ခုနှင့်အတူ ဝိညာဉ်စွမ်းအား တစ်ခုက ရှောင်ချီကို ယဲ့ဖန်ထံမှ တွန်းထုတ်လိုက်သည်။
ခရမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော မူဝမ်အာသည် ရှောင်ချီ၏ အနားတွင် ပေါ်လာခြင်း ဖြစ်သည်။ သူမသည် ဒေါသထွက်နေသော ရှောင်ချီကို တွန်းဖယ်လိုက်သည်။
ထို့နောက်တွင်တော့ ကောင်းကင်ယံ၌ ရောင်စုံအလင်းတန်းများစွာ ပြည့်နှက်သွားသည်။ အကြီးအကဲဆယ်ယောက်ကျော်နှင့် ဂိုဏ်းချုပ်တို့သည် အချို့မှာ ပျံသန်းနေသော ဓားများကို စီးနင်းလျက် အချို့မှာ သားရဲများ သို့မဟုတ် ရွှေကြာပွင့်များပေါ်တွင် စီးနင်းလျက် အဝေးမှ ပျံသန်းလာကြသည်။
ဤလူကြီးပိုင်းများမှာ အချိန်စောသေးသည်ဟု ယူဆကာ ဂိုဏ်းခန်းမသို့ အလောတကြီး မလာခဲ့ကြခြင်း ဖြစ်သော်လည်း ဤနေရာတွင် ဤမျှလောက်အထိ ဖြစ်ပျက်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။
"ရှောင်ချီ... မင်း ဘာလုပ်နေတာလဲ" ဖြူဖွေးသော ဝတ်စုံကို ဝတ်ဆင်ထားပြီး လောကပြင်ပမှ နတ်မိမယ်တစ်ဦးကဲ့သို့ အေးစက်တည်ငြိမ်သော အမျိုးသမီးတစ်ဦးသည် ရွှေကြာပွင့်ကို စီးနင်းလျက် ရှောင်ချီ၏ အထက်မှ ဆင်းသက်လာသည်။
သူမသည် သူမ၏တစ်ချိန်က နာခံမှုရှိပြီး အသိတရားရှိသော တပည့်ကို ကြည့်ရင်း နှုတ်ခမ်းများ အနည်းငယ် ဟသွားသည်။
ယခုအခါ သူ၏မျက်လုံးများမှာ သွေးတက်နေပြီး ဝတ်ရုံများမှာလည်း ဖရိုဖရဲဖြစ်ကာ လမ်းဘေးမှ လူရူးတစ်ယောက်နှင့်ပင် တူနေတော့သည်။
ဆရာ စိုးရိမ်စရာ မလိုပါဘူး။ ဒီလို သေးငယ်တဲ့ ကိစ္စမျိုးကို ဒီတပည့်က ကိုင်တွယ်နိုင်ပါတယ် ရှောင်ချီသည် လက်အုပ်ချီကာ အနည်းငယ် ဦးညွှတ်လိုက်သည်။ သူ၏ လေသံမှာ အေးစက်ပြီး ခံစားချက် ကင်းမဲ့နေသည်။
ဤအချိန်တွင် ဂိုဏ်းချုပ်နှင့် အကြီးအကဲ ဆယ်ယောက်ကျော်သည်လည်း ခန်းမဆောင်ကြီး၏ အမြင့်ဆုံး ပလ္လင်ပေါ်သို့ ဖြည်းညှင်းစွာ ဆင်းသက်လာကြသည်။
တကယ်တော့ ဘာတွေ ဖြစ်နေတာလဲ ဒီလို ပျော်စရာကောင်းတဲ့နေ့မှာ ဘာလို့ ဒီလောက်တောင် ဆူညံနေရတာလဲ။
လန်အာ... ဘာဖြစ်သွားတာလဲ ဘယ်သူက မင်းကို ဒဏ်ရာရအောင် လုပ်တာလဲ။
ဂိုဏ်းချုပ်သည် အောက်ဘက်ရှိ ပရမ်းပတာ အခြေအနေကို ငုံ့ကြည့်လိုက်သည်။ သူ၏ အဖိုးတန် သမီးဖြစ်သူမှာ မျက်နှာတစ်ခုလုံး ဖူးရောင်နေပြီး အားအင်ကုန်ခမ်းနေသည်ကို မြင်လိုက်ရသောအခါ သူသည် ဒေါသတကြီး ဟိန်းဟောက်လိုက်တော့သည်။
ဂိုဏ်းချုပ်ကို တင်ပြခွင့်ပြုပါ။ စီနီယာမမ လင်းဟာ တောင်အောက်ကနေ သာမန်လူသားတစ်ယောက်နဲ့ ပြန်လာပြီး စီနီယာအစ်ကို ရှောင်ချီနဲ့ စေ့စပ်ထားတာကို ဖျက်သိမ်းမယ်လို့ ကြေညာခဲ့ပါတယ်။ စီနီယာအစ်ကို ရှောင်ချီဟာ ဒေါသကို မထိန်းနိုင်ဘဲ ဒီနေရာတင် စိတ်လွတ်သွားခဲ့တာပါ။
"အဲဒီနောက်မှာတော့..."
တပည့်တစ်ဦးက ဖြစ်ပျက်ခဲ့သမျှ အစီအစဉ်များကို ဂိုဏ်းချုပ်ထံ အကျဉ်းချုပ် တင်ပြလိုက်သည်။
"လွန်လွန်းတယ် ဒါတကယ်ကို လွန်လွန်းတယ်" ဂိုဏ်းချုပ်သည် သူ၏ မုတ်ဆိတ်မွေးများ တုန်ခါနေအောင် ဒေါသထွက်လျက် သူ၏သမီးကို တစ်ချက်ကြည့်လိုက် သူမကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သော ရှောင်ချီကို တစ်ချက်ကြည့်လိုက်နှင့် မျက်မှောင်ကြုတ်နေတော့သည်။
အဖေ... မြင်တယ်မလား သမီးတို့ လက်တောင် မထပ်ရသေးဘူး သူက သမီးကို ဒီလောက်အထိ ရက်ရက်စက်စက် ရိုက်နေပြီ။
အကယ်၍ လက်ထပ်လိုက်ရင် သမီးကို အသေသတ်မှာ အသေအချာပဲ သမီး တောင်းပန်ပါတယ် အဖေ... ဒီအမိန့်ကို ပြန်ရုပ်သိမ်းပေးပြီး ဒီလက်ထပ်ပွဲကို ဖျက်သိမ်းပေးပါဟု လင်းကျောင်လန်သည် အခွင့်အရေးကို ဆုပ်ကိုင်ကာ သူမ၏အဖေရှေ့တွင် ချက်ချင်း ဒူးထောက်လိုက်ပြီး တုန်ရင်နေသော အသံဖြင့် အသနားခံလိုက်တော့သည်။