အခန်း (၄၈) ဝူသောက်ကျိ ဂိုဏ်းချုပ်ရာထူးကို ပြန်လည်ရယူခြင်း
"မြန်မြန်စားစမ်းပါ အရသာရှိတဲ့ အစားအစာတွေကတောင် နင့်ပါးစပ်ကို ပိတ်မထားနိုင်ဘူးလား" လင်ယုရှု၏ နှုတ်ခမ်းလွှာလေးများမှာ တုန်ယင်နေပြီး ပြုံးမိတော့မည့်အရေးကို အတင်းအကျပ် အောင့်အည်းထားရသည်။
သူမနောက်က အမြီးလေးသာ ပါလျှင် ကောင်းကင်ပေါ်ရောက်မတတ် ခါယမ်းနေမိတော့မည်။
သို့သော် သူမသည် စီနီယာအစ်ကို၏ ချီးမွမ်းစကားများကို ဂရုမစိုက်သလိုမျိုး အတည်ပေါက် ဟန်ဆောင်နေလေသည်။
ပြုတ်... ဝါး...
ဂလု...
ဟူး...
ကောင်းလိုက်တာ... တကယ်ကောင်းတာပဲ...
ရှောင်ချီသည် သူ၏ခက်ရင်း၊ ဇွန်း (တူ) တို့ကို ကိုင်ကာ မွှေးကြိုင်လှသော ဟင်းလျာများကို ပါးစပ်ထဲသို့ အဆက်မပြတ် သွင်းနေတော့သည်။
မကြာမီမှာပင် ထမင်းချိုင့်ထဲရှိ အစားအစာ အားလုံးကို အပြတ်အသတ် စားသောက်ပစ်လိုက်သည်။
အဟိ... ရှောင်ချီက ဗိုက်ကလေးကို ပုတ်ကာ ကျေနပ်အားရစွာ လေထုတ်လိုက်သည်။
"စီနီယာအစ်ကို... အပြင်ထွက်ဖို့ ဘယ်လို စီစဉ်ထားလဲ ဒီမိုးကြိုးရေကန်မှာ အစ်ကို့ကို ပစ်မှတ်ထားတဲ့ အစီရင်ခံစာစာတမ်းတွေ ရှိတယ်လို့ ကြားတယ်။ အပြင်ထွက်ဖို့က တကယ်ခက်လိမ့်မယ်"
ထမင်းစားပြီးနောက် မိန်းကလေးငယ်သည် ရှောင်ချီအနားတွင် ဒူးနှစ်ဖက်ကို ပိုက်ကာ ထိုင်လိုက်သည်။ ကျယ်ပြောပြီး ဟာလာဟင်းလင်း ဖြစ်နေသော မိုးကြိုးရေကန်ကို ကြည့်ရင်း စိုးရိမ်တကြီး ပြောလိုက်ခြင်း ဖြစ်သည်။
"ဒီလို ကိစ္စလေးက မင်းရဲ့ စီနီယာအစ်ကိုကို ဒုက္ခမပေးနိုင်ပါဘူး။ ဒီဆယ်နှစ်အတွင်းမှာ အစ်ကိုက မိုးကြိုးရေကန်ထဲမှာ အိပ်နေခဲ့တယ်လို့ ထင်နေတာလား" ရှောင်ချီ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးတက်သွားပြီး သူ၏အကြည့်များမှာ ထက်မြက်လှသော ဓားသွားများကဲ့သို့ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သည်။ သူ၏ ခန္ဓာကိုယ်မှ ရှေးဦးသားရဲကြီးတစ်ကောင်၏ အရှိန်အဝါမျိုး ချက်ချင်း ထွက်ပေါ်လာတော့သည်။
စီနီယာအစ်ကိုထံမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် အရှိန်အဝါနှင့် ဝိညာဉ်ကို ထိုးဖောက်နိုင်လောက်သော အကြည့်များကြောင့် မိန်းကလေးငယ်၏ ရင်ခုန်သံများ မြန်လာရသည်။
ဒီလိုပုံစံနှင့် စီနီယာအစ်ကိုမှာ တကယ်ကို ခန့်ညားလွန်းလှသည် အရာအားလုံးကို သူ စိုးမိုးထားနိုင်သလို ကောင်းကင်ကြီးကပင် သူ၏ တောက်ပမှုကို မဖုံးကွယ်နိုင်သလို ခံစားရသည်။
"ညီမလေး အရင်ထွက်သွားနှင့်တော့။ ဒီမှာ ဘာတွေဖြစ်လာမလဲဆိုတာ အစ်ကိုလည်း အတိအကျ မသိဘူး။ နောင်ကျရင် ညီမလေး ထိခိုက်သွားရင် မကောင်းဘူးလေ" ရှောင်ချီက သူ၏ ဂျူနီယာညီမလေး၏ ပခုံးကို ပုတ်ကာ ဂရုတစိုက် ပြောလိုက်သည်။
မိန်းကလေးငယ်သည် စီနီယာအစ်ကိုနှင့်အတူ နေခဲ့ချင်သော်လည်း သူပြောတာ မှန်ကန်ကြောင်းသိပါသည်။ သူမ နေခဲ့လျှင် စီနီယာအစ်ကိုက အစွမ်းကုန် အသုံးမပြုရဲဘဲ ဖြစ်နေလိမ့်မည်။ ထိုအခါ လွတ်မြောက်နိုင်မလားဆိုသည်မှာ မသေချာတော့ပေ။ ထို့ကြောင့် သူမသည် ပြတ်ပြတ်သားသား ခေါင်းညိတ်ကာ မိုးကြိုးရေကန်မှ ထွက်ခွာသွားခဲ့သည်။
"ဟားဟားဟား..."
"ကျေးဇူးတင်ပါတယ်... အားလုံးကို ကျေးဇူးတင်ပါတယ်..."
ဝိညာဉ်ဓားဂိုဏ်း၏ ခမ်းမကြီးအတွင်း၌ ဂိုဏ်းချုပ် ဝူသောက်ကျိသည် လာရောက် ဂုဏ်ပြုကြသော အကြီးအကဲများနှင့် တောင်ထိပ်သခင်များကို ကြည့်ကာ ပြုံးပျော်နေတော့သည်။
ယနေ့သည် သူ ဂိုဏ်းချုပ်ရာထူးကို ပြန်လည် ရယူနိုင်သည့် မင်္ဂလာရှိသော နေ့ထူးနေ့မြတ်ပင် လင်းယွီသည် အမှန်တကယ်ပင် ကတိတည်သူ ဖြစ်သည်။ ဆယ်နှစ်တာ ကာလကုန်ဆုံးသည်နှင့် သူသည် ဂိုဏ်းချုပ်ရာထူးမှ ဆင်းပေးခဲ့သည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ဝူသောက်ကျိ၏ ပြစ်ဒဏ်ကာလမှာလည်း ကုန်ဆုံးသွားပြီ ဖြစ်သဖြင့် သူသည် ဂိုဏ်းချုပ်ရာထူးကို ပြန်လည် ဆက်ခံခြင်း ဖြစ်သည်။
အာဏာကို ပြန်လည် ရရှိလိုက်သဖြင့် ဝူသောက်ကျိသည် အတိုင်းထက်အလွန် ဝမ်းသာနေပြီး ပျောက်ဆုံးနေခဲ့သော သူ၏ ရည်မှန်းချက် အရှိန်အဝါများ ပြန်လည် နိုးထလာခဲ့သည်။
သူသည် တစ်လောကလုံးကို ပြန်လည် စိုးမိုးပြီး ကျင့်ကြံသူအားလုံးကို သူ၏ ကြောက်မက်ဖွယ်အစွမ်းကို ပြသမည်ဟု စိတ်ထဲမှ ကြုံးဝါးနေတော့သည်။
ဤဆယ်နှစ်အတွင်း သူသည်လည်း တိုးတက်မှု မရှိခဲ့သည်တော့ မဟုတ်ပေ။ လောကီစည်းစိမ်နှင့် ဂုဏ်ပကာသနတွေ ဖုံးလွှမ်းနေခဲ့သော သူ၏ စိတ်နှလုံးသည် ဤဆယ်နှစ်အတွင်းမှာ ငြိမ်သက်သွားခဲ့သည်။ ၎င်းက သူ့ကိုနယ်ပယ်သစ်တစ်ခုကို နားလည်စေပြီး အဟန့်အတားတွေကို ကျော်ဖြတ်ကာ နောက်ထပ် အဆင့်တစ်ခုသို့ ရောက်ရှိစေခဲ့သည်။
ဂိုဏ်းချုပ်... အခုလို ရာထူးကို ပြန်လည်ဆက်ခံတဲ့အတွက် ဝိညာဉ်ဓားဂိုဏ်းကို ပိုမိုမြင့်မားတဲ့ အဆင့်အတန်းတစ်ခုဆီ ဆောင်ကြဉ်းပေးနိုင်မှာ အသေအချာပါပဲ။
မှန်ပါတယ် အဲ့ဒီ ရတနာမရှိရင်တောင် ကျွန်တော်တို့ ဝိညာဉ်ဓားဂိုဏ်းဟာ ခုနစ်ဂိုဏ်းကြားမှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ပါပြီ။ ဂိုဏ်းချုပ်ရဲ့ရာထူးက တည်မြဲသွားပြီဆိုရင် ကျွန်တော်တို့ကိုဦးဆောင်ပြီး ခုနစ်ဂိုဏ်းရဲ့ ထိပ်ဆုံးနေရာကို စိန်ခေါ်နိုင်မှာပါ။
အကြီးအကဲများစွာက အဓိကနေရာတွင် ထိုင်နေသော ဝူသောက်ကျိကို မြှောက်ပင့်ဖားနားနေကြပြီး သူတို့၏ စကားများမှာလည်း ပို၍ ပို၍ပင် လွန်ကဲလာတော့သည်။
လက်ရှိ ဝိညာဉ်ဓားဂိုဏ်းမှာ ခုနစ်ဂိုဏ်း၏ အောက်ဆုံးအဆင့်မှာ ယိုင်နဲ့နဲ့ ဖြစ်နေရသည်။ ဤအကြီးအကဲတွေက ဘယ်မျက်နှာနဲ့ ထိပ်ဆုံးနေရာကို စိန်ခေါ်ဖို့ ပြောရဲကြတာလဲ တခြားဂိုဏ်းတွေသာ ကြားလျှင် လှောင်ရယ်ကြလိမ့်မည်။
လွန်ခဲ့သော ဆယ်နှစ်အတွင်း ဝိညာဉ်ဓားဂိုဏ်း၏ လျင်မြန်သော တိုးတက်မှုမှာ နတ်ဆရာ လင်းယွီကြောင့်သာဖြစ်သည်။
သူ၏ မူဝါဒ ပြုပြင်ပြောင်းလဲမှုများနှင့် ပြဿနာရှာသူများကို နှိမ်နင်းမှုသာ မရှိလျှင် ဝိညာဉ်ဓားဂိုဏ်းမှာ အခုဆိုလျှင် နာမည်သာ ကျန်တော့မည် ဖြစ်သည်။
သို့သော်လည်း ဤလူများ၏ မျက်လုံးထဲတွင်တော့ ထိုကောင်းမှု ကုသိုလ်များသည် အရေးမပါသလို ဖြစ်နေတော့သည်။
လင်းယွီ ရာထူးက ဆင်းပြီး မကြာမီမှာပင် သူတို့သည် သခင်အသစ်ထံမှာ ဒူးထောက် ခစားနေကြပြီ ဖြစ်သည်။ ဤကဲ့သို့သော အကြီးအကဲများသည် သိက္ခာအရှိဆုံး လူများပင် ဖြစ်သည်။
၎င်းနှင့် ဆန့်ကျင်ဘက်အနေဖြင့် တောင်ထိပ်သခင်များမှာမူ သူတို့၏နေရာတွင် မတ်မတ်ထိုင်ကာ တိတ်ဆိတ်နေကြသည်။
အမှန်အတိုင်း ပြောရလျှင် ဖြစ်နိုင်မည်ဆိုလျှင် သူတို့သည် လင်းယွီကိုသာ ဂိုဏ်းချုပ်အဖြစ် ဆက်ရှိစေချင်ကြသည်။ ကံမကောင်းစွာဖြင့် လင်းယွီ၏ ရည်မှန်းချက်မှာ အာဏာမဟုတ်ဘဲ ကျင့်ကြံခြင်းသာ ဖြစ်သည်။
မျက်စိရှိသူတိုင်း မြင်နိုင်သည်မှာ ဝူသောက်ကျိ အုပ်ချုပ်စဉ်က ဂိုဏ်းမှာ မည်မျှအထိ ပုပ်ပွနေခဲ့သည်ဆိုခြင်းပင်။ လင်းယွီ လက်ထက်မှာတော့ ဂိုဏ်းသည် အသွင်သစ်ဖြင့် ပြန်လည် ရှင်သန်လာခဲ့သည်။ တပည့်များစွာသည်လည်း ဂိုဏ်းအတွက် အသက်ပေးဖို့ပင် ဝန်မလေးကြတော့ပေ။
အကြောင်းရင်းမှာ ရိုးရှင်းပါသည် နတ်ဆရာ လင်းယွီသည် တရားမျှတမှုကို အမှန်တကယ် ဖော်ဆောင်ပေးသောကြောင့် ဖြစ်သည်။ ဝူသောက်ကျိ လက်ထက်မှာတော့ အဆက်အသွယ်ရှိသူကသာ နေရာရသည်။
အကြီးအကဲများနှင့် တောင်ထိပ်သခင်များ၏ သားသမီးများကသာ အခွင့်ထူးခံဖြစ်ကြသည်။ သာမန်တပည့်တွေ နေရာရဖို့ဆိုလျှင် ပါရမီအပြင် လူမှုရေး နည်းပရိယာယ်တွေကိုပါ နားလည်နေရမည်။
နတ်ဆရာလင်းယွီ ဂိုဏ်းချုပ် ဖြစ်လာပြီးနောက် ဤအခြေအနေမှာ သိသိသာသာ လျော့နည်းသွားခဲ့သည်။ ကြိုးစားအားထုတ်သော တပည့်များအတွက်လည်း အခွင့်အရေးများ ရှိလာခဲ့သည်။
သတင်းများအရ နတ်ဆရာ လင်းယွီ ဂိုဏ်းချုပ် မဟုတ်တော့ကြောင်း ကြားသိရသည့်အခါ တပည့်များစွာမှာ တံခါးပိတ် ကျင့်ကြံခြင်းသို့ ဝင်ရောက်သွားကြသည်။ အချို့ကလည်း တာဝန်များကိုယ်စီယူကာ ဂိုဏ်းကနေ အကြာကြီး ထွက်ခွာသွားကြသည်။ ပိုပြီး ပြင်းထန်သူများမှာမူ ဂိုဏ်းမှ လုံးဝ နုတ်ထွက်သွားကြတော့သည်။
နတ်ဆရာလင်းယွီ၏ အုပ်ချုပ်မှုသည် ဂိုဏ်းတပည့်များအပေါ် ကြီးမားသော လွှမ်းမိုးမှု ရှိခဲ့သည်မှာ ငြင်းမရပေ။ ကောင်းကင်ယံက တိမ်တိုက်တွေကို မြင်ဖူးသူအဖို့ ဘယ်သူက ရွှံ့နွံထဲမှာ ပြန်ပြီး ရုန်းကန်ချင်ပါ့မလဲ။
လင်းကျောင်လန်မှာမူ ခရမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ပါးပါးလျလျ မိတ်ကပ်လိမ်းထားသဖြင့် သူမ၏ အရှိန်အဝါမှာ တည်ငြိမ်အေးချမ်းနေသည်။ အမျိုးသား၊ အမျိုးသမီး တပည့်များစွာက သူမကို လာရောက် ဂုဏ်ပြုကြသဖြင့် လင်းကျောင်လန်သည် လူအများ၏ အာရုံစိုက်မှုကို ခံရသည့် ခံစားချက်ကို တစ်ဖန် ပြန်လည် ရရှိနေတော့သည်။
ရှောင်ချီ မိုးကြိုးရေကန်မှာ အကျဉ်းကျနေသည်မှာ ဆယ်နှစ် တင်းတင်း ပြည့်ခဲ့ပြီ။ ဤဆယ်နှစ်အတွင်း ပထမ ငါးနှစ်မှာ သူမသည် ယဲ့ဖန်၏အနားတွင်သာ ဝဲလည်နေခဲ့သည်။ သူမ၏ကျင့်ကြံဆင့်မှာ တိုးတက်ခဲ့သော်လည်း အကန့်အသတ် ရှိခဲ့သည်။
သို့သော် နောက်ပိုင်းငါးနှစ်တွင် ယဲ့ဖန် ခရီးထွက်သွားပြီးနောက် သူမသည် ကျင့်ကြံခြင်းကို အလေးအနက် ထားခဲ့သည်။ သူမ၏ ကျင့်ကြံဆင့်မှာ တိုးတက်လာခဲ့ပြီး ယခုအခါ နတ်သန္ဓေအဆင့်၏ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
သူမသည် ဂိုဏ်းအတွင်းမှာ အဆင့်အတန်းတစ်ခုကို ရရှိထားပြီ ဖြစ်သည်။ ဝူသောက်ကျိ အာဏာရလာပြီးနောက် သူမကို အကြီးအကဲတစ်ဦးအဖြစ်ခန့်အပ်ရန် စီစဉ်နေသည်။
သူမ၏ ကျင့်ကြံဆင့်မှာ အနည်းငယ် လိုအပ်နေသေးသော်လည်း ဖခင်ဖြစ်သူ၏ ထောက်ပံ့မှုနှင့်ဆိုလျှင် ပြဿနာ ရှိမည်မဟုတ်ပေ။
သို့သော် လင်းကျောင်လန်၏ မျက်နှာတွင် ပျော်ရွှင်မှု မရှိပေ။ ယဲ့ဖန်မှာ ထွက်သွားသည်မှာ ငါးနှစ် ရှိခဲ့ပြီ။ ငါးနှစ်တာ ကာလပတ်လုံး သူမသည် သူပြန်လာမှာကို နေ့ရောညပါ မျှော်လင့်ခဲ့သည်။ ထိုနှလုံးသားမရှိသော လူမှာ ငါးနှစ်တောင် ပျောက်ချက်သားကောင်းနေပြီး စာတစ်စောင်တောင် မပို့ခဲ့လိမ့်မည်ဟု ဘယ်သူ ထင်ထားပါ့မလဲ။
ခမ်းမကြီး၏ ထောင့်တစ်နေရာတွင် ပန်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် လူအများ၏ အာရုံစိုက်မှုကို ခံနေရသော လင်းကျောင်လန်ကို ထိတ်လန့်တကြား ကြည့်နေသည်။
သူမ၏ မျက်ဝန်းအိမ် နက်နက်ထဲတွင်တော့ နာကျည်းမှု အရိပ်အယောင်များ ပုန်းကွယ်နေသည်။
သူမမှာ ရှောင်ချီနှင့် လင်းယုရှုတို့၏ ဒုတိယ စီနီယာအစ်မ (မူဝမ်အာ) ပင် ဖြစ်သည်။ လွန်ခဲ့သော ငါးနှစ်အတွင်း သူမသည် လူမဆန်သော နှိပ်စက်မှုများနှင့် ကြောက်မက်ဖွယ် ပြစ်ဒဏ်များကို မရေမတွက်နိုင်အောင် ခံခဲ့ရသည်။
ယဲ့ဖန်၏ အမျိုးမျိုးသော မိန်းမဖော်များမှာ သူမကို အနိုင်ကျင့်ရလွယ်သော လူတစ်ယောက်လို သတ်မှတ်ပြီး ဝိုင်းဝန်း နှိပ်စက်ခဲ့ကြသည်။ သို့သော် လူတိုင်းမှာ စည်းတစ်ခု ရှိနေကြသည် မူဝမ်အာကို ပြည့်တန်ဆာရုံသို့တော့ မပို့ရဲကြပေ။
၎င်းမှာ သူတို့ စိတ်ကောင်းရှိ၍ မဟုတ်ဘဲ ယဲ့ဖန် သူတို့ကို လုံးဝ အမုန်းပွားသွားမှာကို ကြောက်သောကြောင့်ဖြစ်သည်။
ယဲ့ဖန်သည် သူတို့အား တစ်ခါက ပြောခဲ့ဖူးသည် သူတို့ ကြိုက်သလောက် ပြဿနာရှာနိုင်သော်လည်း သူနှင့် ပတ်သက်ဖူးသော အမျိုးသမီးကို တခြားအမျိုးသားနှင့် ပတ်သက်အောင် လုပ်လျှင်တော့ သူ လုံးဝ ခွင့်လွှတ်မှာ မဟုတ်ကြောင်း၊ အဲ့ဒီအခါ သူ ဘာလုပ်မိမလဲဆိုတာကို သူကိုယ်တိုင်လည်း အာမမခံနိုင်ကြောင်း ပြောခဲ့ဖူးသောကြောင့် ဖြစ်သည်။