အခန်း (၄၇) မိုးကြိုးစွမ်းအားများကို စုပ်ယူခြင်း
စီနီယာအစ်ကို... ဒီနေ့ ညီမ ဘယ်လို အရသာရှိတဲ့ ဟင်းတွေ ချက်လာပေးတယ်ဆိုတာ ခန့်မှန်းကြည့်ပါဦးဟု ရှောင်ချီတစ်ယောက် မိမိခန္ဓာကိုယ်အတွင်း လျှံတက်နေသော မိုးကြိုးစွမ်းအားတွေကို ခံစားနေစဉ်မှာပင် အပြင်ဘက်မှ နူးညံ့ပျော့ပျောင်းသော အသံလေးတစ်ခု ထွက်ပေါ်လာသည်။
ဆယ်နှစ်တာ ကာလပတ်လုံး လင်ယုရှုသည် မိုးကြိုးရေကန်ဆီသို့ မပြတ်မကွက် ထမင်းလာပို့ပေးခဲ့သည်။ အခုဆိုလျှင် သူမသည် ဒီလမ်းကြောင်းကို အလွန်ကျွမ်းကျင်နေပြီ ဖြစ်သည်။
အစပိုင်းတုန်းကတော့ မိုးကြိုးစွမ်းအားကြောင့် သူမ ဒဏ်ရာအနည်းငယ် ရခဲ့သော်လည်း အခုတော့ ဒီဂူထဲကို မြေပြန့်လမ်းမှာ လမ်းလျှောက်နေသလိုမျိုး အေးအေးဆေးဆေး ဝင်လာနိုင်ပြီ ဖြစ်သည်။
ပြောရလျှင် ဤမိုးကြိုးရေကန်၏ အစီအရင်မှာ အတော်လေး ထူးဆန်းလှသည်။ အပြင်ကလူ အထဲဝင်ဖို့ မခက်သော်လည်း အထဲကလူ အပြင်ထွက်ဖို့ကတော့ ဆူဝူခုန်းငါးလက်ချောင်းတောင်အောက်မှာ အပိခံထားရသလိုပင်တစ်စုံတစ်ယောက်က အစီရင်ခံစာစာတမ်းကို လာမဖြုတ်ပေးသရွေ့ အပြင်ထွက်ဖို့ အလွန်ခက်ခဲလှသည်။
"အာ..." သို့သော်လည်း မိန်းကလေးငယ်လေးသည် ဂူထဲသို့ လှမ်းဝင်လိုက်ပြီး ရှောင်ချီကို မြင်လိုက်ရသည့်အခါ ထိတ်လန့်တကြား အော်ဟစ်လိုက်မိတော့သည်။
ဤအချိန်တွင် ရှောင်ချီသည် ခမ်းခြောက်သွားသော မိုးကြိုးရေကန်ထဲတွင် မတ်တပ်ရပ်နေခြင်း ဖြစ်သည်။ မိုးကြိုးဒဏ်ကြောင့် သူ၏ အဝတ်အစားများမှာ ပြာအဖြစ် ကြွေကျသွားခဲ့သည်မှာ ကြာပြီဖြစ်ရာ ယခုအခါ သူသည် ဗလာကျင်းနေသဖြင့် မိန်းကလေးငယ်မှာ ရှက်သွေးဖြာကာ မျက်နှာတစ်ခုလုံး နီမြန်းသွားတော့သည်။
ရှောင်ချီက အနေရခက်စွာ ပြုံးလိုက်ပြီး သူ၏ သိုလှောင်အိတ်ထဲမှ အဝတ်အစားအဟောင်းတစ်စုံကို ရှာဖွေကာ ဝတ်ဆင်လိုက်သည်။
ဤအဝတ်များမှာ အရင်ကတည်းက အိတ်ထဲထည့်ထားပြီး မဝတ်ဖြစ်ခဲ့သည်မှာ ကြာပြီဖြစ်သော အဝတ်များပင်။
မိုးကြိုးရေကန်ထဲမှာ တစ်နှစ်ပတ်လုံး စိမ်နေခဲ့ရသဖြင့် အဝတ်ဝတ်ထားရန် မလိုအပ်ခဲ့ပေ။ ယခုအခါ မိုးကြိုးအရည်များအားလုံးကို သူ စုပ်ယူလိုက်ပြီဖြစ်သဖြင့် သူ၏ ဝင်းလက်တောက်ပနေသော အသားအရေမှာ ပေါ်လွင်နေတော့သည်။
"ဟင် စီနီယာအစ်ကို... မိုးကြိုးရေကန်ထဲက ရေတွေက ခမ်းခြောက်သွားတာလား" မိန်းကလေးငယ်မှာ အိပ်မက်မှ နိုးလာသလိုမျိုး မိုးကြိုးရေကန်ကို ကြည့်ကာ လျှပ်စီးရည် တစ်စက်မှ မကျန်တော့သည်ကို တွေ့သွားသည်။
"အင်း... ဒီမိုးကြိုးရေကန်ကို ငါ အကုန်လုံး စုပ်ယူလိုက်ပြီ" ရှောင်ချီ၏ မျက်ဝန်းများမှာ ကြယ်တာရာများအလား တောက်ပနေပြီး သူ စိုက်ကြည့်လိုက်သည့် နေရာတိုင်းမှာ တစ်ဖက်လူ၏ စိတ်ကို ထိုးဖောက်မြင်နိုင်သကဲ့သို့ ရှိနေသည်။
မိန်းကလေးငယ်မှာ ရှောင်ချီ၏ အကြည့်အောက်တွင် ရင်ခုန်သံများ မြန်လာသဖြင့် ချက်ချင်း ခေါင်းလွှဲလိုက်ရသည်။
"ညီမလေး... အစ်ကို့ဆံပင်တွေကို နောက်တစ်ခါလောက် ထပ်လျှော်ပေးပါဦး ထမင်းစားပြီးရင် အစ်ကို အပြင်ထွက်တော့မယ်" ရှောင်ချီက မြေပြင်ပေါ်မှာ ထိုင်ချလိုက်ပြီး ပြုံးကာ ပြောလိုက်သည်။
ဤနှစ်များအတွင်း မိုးကြိုးရေကန်ထဲမှာ အကြာကြီး ပိတ်မိနေခဲ့သဖြင့် သူ၏ ဆံပင်များမှာ ခါးအထိရှည်လျားနေပြီ ဖြစ်သည်။
ယောကျာ်းရင့်မကြီးတစ်ယောက် ဆံပင်အရှည်ကြီးနှင့်ဆိုလျှင် မည်သို့နေမည်နည်း သူ၏ ပုံစံမှာ ရဲရင့်ခန့်ညားသလို ရှိသော်လည်း ဆွဲဆောင်မှုရှိပြီး အရှိန်အဝါကြီးမားလှသည်။
"အော်... ဟုတ်ကဲ့" မိန်းကလေးငယ်က ခေါင်းညိတ်ပြပြီး ထမင်းချိုင့်နှင့် ရေပုံးကို မကာ ရှောင်ချီအနားသို့ ခပ်သွက်သွက် လျှောက်လာခဲ့သည်။
သူမသည် ရှောင်ချီ၏ ဆံနွယ်ရှည်များကို ရေပုံးထဲ စိမ်လိုက်ပြီး အဖိုးတန် ရတနာတစ်ခုကို ကိုင်တွယ်နေသကဲ့သို့ အသာအယာ နယ်ဖတ်လျှော်ပေးနေတော့သည်။
"စီနီယာအစ်ကို... အစ်ကို ဒီအတိုင်း အပြင်ထွက်သွားရင် အဲ့ဒီအဖိုးကြီးတွေက ပြဿနာ ရှာကြမှာ မဟုတ်ဘူးလား" မိန်းကလေးငယ်က ရှောင်ချီ၏ ဦးရေပြားကို နှိပ်ပေးရင်း စိုးရိမ်တကြီး မေးလိုက်သည်။
"မိုးကြိုးရေကန်က ခမ်းခြောက်သွားပြီဆိုမှတော့ ငါဒီမှာ ဆက်နေဖို့ အကြောင်းမရှိတော့ဘူး မမေ့ပါနဲ့ အဲ့ဒီအဖိုးကြီးတွေက ငါ့ကို မိုးကြိုးရေကန်ထဲမှာ (၁၃) နှစ်ပဲ ပြစ်ဒဏ်ပေးထားတာလေ"
"အခု မိုးကြိုးရေကန်က မရှိတော့ဘူးဆိုတော့ သူတို့မှာ အကြောင်းပြချက် မရှိတော့ဘူး။ ငါ အပြင်ထွက်သွားတာက တရားပါတယ်" ရှောင်ချီက အမှန်တရားကို ပြောသလို ဆိုလိုက်သည်။
ဟုတ်ပါပြီ စီနီယာအစ်ကိုနဲ့ သူ၏ အကျိုးအကြောင်းမမှန်တဲ့ စကားတွေကို မိန်းကလေးငယ်က မသိစိတ်ဖြင့် ခေါင်းညိတ်ကာ ပြောလိုက်သည်။
ဒေါက်... ရှောင်ချီက သူ၏ လက်ချောင်းဖြင့် မိန်းကလေးငယ်၏ နဖူးကို အသာလေး ခေါက်လိုက်သည်။
"ဘာအကျိုးအကြောင်းမမှန်တာလဲ မင်းရဲ့ စီနီယာအစ်ကို ပြောတာတွေက လေးနက်တဲ့ အမှန်တရားတွေဟဲ့" ရှောင်ချီက သူမကို မျက်စောင်းထိုးရင်း ဟန့်လိုက်သည်။
ဟုတ်ကဲ့ပါ... ဟုတ်ကဲ့ပါ... စီနီယာအစ်ကို ပြောသမျှ အမှန်တွေပေါ့ ဒါနဲ့ ဘာလို့ ခေါင်းကို အမြဲလာခေါက်နေတာလဲ နာတာပေါ့လို့။
မိန်းကလေးငယ်က သူမ၏ နဖူးကို ဖိကာ နှုတ်ခမ်းလေး စူလိုက်သည်။ အစကတော့ ခေါင်းညိတ်သော်လည်း နောက်မှ မကျေမနပ် ပြောလိုက်ခြင်း ဖြစ်သည်။
"အချိန်တွေကုန်တာ မြန်လိုက်တာ... ညီမလေးတောင် အရွယ်ရောက်လာပြီပဲ ဒါနဲ့... ဒီဆယ်နှစ်အတွင်းမှာ မင်းစိတ်ဝင်စားမိတဲ့ လူငယ်လေးတွေကော မရှိဘူးလား" သူမ၏ ချစ်စရာကောင်းသော အမူအရာကို ကြည့်ကာ ရှောင်ချီ ပြုံးလိုက်ပြီး သတိရသလို မေးလိုက်သည်။
"အစ်ကိုနဲ့ မဆိုင်ပါဘူး ကိုယ့်ဘာသာကိုယ်ပဲ စိတ်ပူစမ်းပါ... ဟွန်း" မိန်းကလေးငယ်သည် စိတ်ဆိုးသွားသော တောကြောင်လေးတစ်ကောင်လို ရှောင်ချီ၏ ဆံပင်တွေကို ရေပုံးထဲသို့ ဆောင့်အောင့်ပြီး ပစ်ထည့်လိုက်ကာ ဂူထဲက ထွက်သွားဖို့ ပြင်တော့သည်။
"ဟေ့... ဘာလုပ်တာလဲ ငါ့ဆံပင်တွေ မပြီးသေးဘူးလေ" ရှောင်ချီ၏ အကူအညီမဲ့သော အသံမှာ နောက်ကနေ ထွက်ပေါ်လာသည်။
"ကိုယ့်ဘာသာကိုယ် လျှော်တော့... စိတ်ရှုပ်စရာကြီး" မိန်းကလေးငယ်မှာ နောက်လှည့်မကြည့်ဘဲ ဆက်လျှောက်သွားသည်။
"မမေးတော့ပါဘူး ညီမလေးရယ်... နောက်တစ်ခါ ဘယ်တော့မှ မမေးတော့ဘူး။ အစ်ကို မှားသွားပါတယ် ဟုတ်ပြီလား မြန်မြန်လာပြီး ဆံပင်ဆက်လျှော်ပေးပါဦး မဟုတ်ရင် အစ်ကို အအေးမိတော့မှာပဲ"
ရေပုံးထဲ နစ်နေသည့် ဆံပင်တွေကို ကြည့်ကာ ရှောင်ချီက အရှုံးပေးသည့် အပြုံးဖြင့် ချော့မော့လိုက်ရသည်။
သူ၏ ကျင့်ကြံဆင့်နှင့်ဆိုလျှင် အအေးမိဖို့ ဆိုသည်မှာ မဖြစ်နိုင်ပေ။ သို့သော်လည်း ဤမိန်းကလေးမှာ အမြဲတမ်း စိတ်ကောက်တတ်သူဖြစ်သည်။ အကယ်၍ အခု သူမ စိတ်ဆိုးနေတုန်း မချော့လိုက်လျှင် နောက်တစ်ခါ လာတွေ့ဖို့ အတော်ကြာလိမ့်မည်။
"ဟွန်း... အခုလို လိမ္မာစမ်းပါ နောက်ဆို မေးသင့်တာကိုမေး မမေးသင့်တာကို လုံးဝမမေးနဲ့" မိန်းကလေးငယ်က သူ့ကို မျက်စောင်းထိုးကာ ဆံပင်တွေကို ဆက်ပြီး နယ်ဖတ်ပေးနေတော့သည်။
မကြာမီမှာပင် ဆံပင်လျှော်ပြီးသွားသောအခါ သူမသည် သိုလှောင်အိတ်ထဲမှ ပန်းရောင်ပဝါလေးတစ်ထည်ကို ထုတ်လိုက်သည်။ သူမသည် စိုစွတ်နေသော ဆံနွယ်တွေကို တစ်စချင်းစီ သေသေချာချာ သုတ်ပေးနေပြီး သူမ၏လှုပ်ရှားမှုများမှာ အလွန်ပင် သိမ်မွေ့လှသည်။
"စီနီယာအစ်ကို... ဒီနေ့ ညီမ ဘာဟင်းတွေ ချက်လာတယ်ဆိုတာ ခန့်မှန်းကြည့်ပါဦး" ဆံပင်သုတ်ပေးပြီးနောက် သူမသည် ထမင်းချိုင့်ကို ရှေ့မှာ လျှို့ဝှက်ချက်တစ်ခုလို ချထားလိုက်ပြီး မျှော်လင့်တကြီး မေးလိုက်သည်။
"ဘာဖြစ်မလဲ ဝိညာဉ်သမင်သားကို နတ်ဆေးပင်နဲ့ ဆီပြန်ချက်ထားတာ မဟုတ်လား" ရှောင်ချီက အံ့သြသလို မေးလိုက်သည်။
"စီနီယာအစ်ကို... အစ်ကို စိတ်အာရုံကို သုံးပြီး ခိုးကြည့်ပြန်ပြီ မဟုတ်လား နောက်ဆို အစ်ကို့အတွက် ဘာမှ မချက်ပေးတော့ဘူး"
မိန်းကလေးငယ်မှာ နှုတ်ခမ်းလေးစူကာ မျက်နှာလွှဲလိုက်သည် ဒီတစ်ခါတော့ တကယ် စိတ်ဆိုးသွားပုံရသည်။
သူမသည် ရှောင်ချီကို အံ့သြသွားအောင် လုပ်ချင်သော်လည်း သူက စိတ်အာရုံသုံးပြီး ခိုးကြည့်ကာ ချက်ချင်း မှန်အောင် ပြောလိုက်သောကြောင့် ဖြစ်သည်။
ဒီဟင်းတစ်ခွက်အတွက် သူမ သုံးရက်တောင် အချိန်ပေးခဲ့ရသည် ပါဝင်ပစ္စည်းတွေ ရှာဖွေပြီး ကိုယ်တိုင်ချက်ပြုတ်ခဲ့ရခြင်း ဖြစ်သည်။ ဒီစိတ်ပျက်စရာကောင်းတဲ့ စီနီယာအစ်ကိုက ဒီလောက်မြန်မြန် မှန်အောင် ပြောလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
"အာ... တကယ်ပဲ အဲ့ဒီဟင်းလား အစ်ကိုစိတ်အာရုံ မသုံးပါဘူး မှန်းကြည့်တာပါ။ ငါတို့မောင်နှမနှစ်ယောက်က စိတ်ချင်း ဆက်နေလို့ ဖြစ်မှာပါ" ရှောင်ချီက စိတ်ထဲမှာတော့ သွားပြီ ငါ ဘာလို့အလိုအလျောက် စိတ်အာရုံ သုံးမိသွားပါလိမ့် ကိုယ့်ပါးစပ်ကိုယ် ပြန်ရိုက်ချင်တာပဲ ဟု တွေးနေမိသည်။
ဒါကြောင့် သူက ဒီအတိုင်းပဲ လိုက်လျောညီထွေ ပြောလိုက်ရသည်။ ဒီညီမလေးက လှည့်စားရ လွယ်ကူသည် မဟုတ်ပါလား။
"တကယ်လား အစ်ကို တကယ်ပဲ မှန်းကြည့်တာလား" မိန်းကလေးငယ်က သူမ ရှာဖွေနေသည့် အဖြေတစ်ခုခုကို ရှာနေသကဲ့သို့ ရှောင်ချီ၏ မျက်လုံးတွေကို စိုက်ကြည့်ရင်း ဖြည်းဖြည်းချင်း ပြန်လှည့်လာသည်။
"တကယ်ပေါ့ ညီမလေး ဒီလောက် သေသေချာချာ ပြင်ဆင်ထားတာကို အစ်ကိုက ဘာလို့ စိတ်အာရုံ သုံးပြီး ခိုးကြည့်ရမှာလဲ" ရှောင်ချီက တည်ငြိမ်သော မျက်နှာထားဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"ဟွန်း... အဲ့လိုမှပေါ့။ အကယ်၍ ခိုးကြည့်တာသာဆိုရင် နောက်ဘယ်တော့မှ ဘာမှယူမလာပေးတော့ဘူး" မိန်းကလေးငယ်က သူမ၏ လှပသော လည်တိုင်လေးကို မော့ကာ မာနတကြီး ပြောလိုက်ပြီး ထမင်းချိုင့်ကို ဖွင့်လိုက်တော့သည်။
အတွင်းမှ ကြည်လင်သော အဖြူရောင် အလင်းတန်းလေး ထွက်ပေါ်လာသည်။ ထမင်းချိုင့်ထဲမှ ဝိညာဉ်စွမ်းအားအငွေ့အသက်လေးတွေ လွင့်ပျံလာပြီး မွှေးကြိုင်လှသော အနံ့မှာ ရှောင်ချီ၏ နှာခေါင်းထဲသို့ တိုးဝင်လာတော့သည်။
"ဝါး..."
"ညီမလေးရဲ့ လက်ရာက တစ်နေ့ထက်တစ်နေ့ ပိုကောင်းလာတာပဲ။ နောင်ကျရင် ကျင့်ကြံခြင်းလမ်းမှာ မအောင်မြင်ခဲ့ရင်တောင် လူ့လောကမှာ စားဖိုမှူး လုပ်လို့ရတယ်။
မွှေးကြိုင်ပြီး အရသာရှိလှသော အစားအစာများကို ကြည့်ရင်း ရှောင်ချီ၏ ပါးစပ်ထောင့်မှ တံတွေးအချို့မသိစိတ်ဖြင့် ထွက်ကျလာတော့သည်။
ဒါဟာဟန်ဆောင်နေတာ မဟုတ်ပါဘူး ဤနှစ်များအတွင်း သူ၏ဂျူနီယာညီမလေး၏ လက်ရာမှာ သိသိသာသာ တိုးတက်လာခဲ့သည်။ အခုဆိုလျှင် ရှောင်ချီသည် ညီမလေးချက်တဲ့ ထမင်းကို တစ်နေ့ နှစ်နပ်လောက် မစားရလျှင် အိပ်လို့တောင် မပျော်တော့ပေ။