အခန်း (၄၄) သူတို့အတွက် ငါဆိုတာ တစ်ခါမှ မလိုအပ်ခဲ့တာလား
နတ်သမီး လင်ယွန်း၏ ခြေလှမ်းများမှာ အလွန်ပေါ့ပါးလှသော်လည်း ဂူကြမ်းပြင်ပေါ်ရှိ ကျောက်ခဲကလေးများကို နင်းမိသဖြင့် တရှရှ အသံကလေးများ ထွက်ပေါ်နေသည်။
ဂူအတွင်းပိုင်းမှာ အတော်လေး စိုစွတ်နေပြီး ရံဖန်ရံခါ အပေါ်မှ ကျလာသော ရေစက်များက သူမ၏ ကိုယ်ပေါ်သို့ ကျရောက်သည့်အခါ နတ်သမီးအတွက် အနည်းငယ် အနေရခက်စေသည်။
ဂူ၏ အပြင်ဘက်ပိုင်းကို ကျော်ဖြတ်ပြီးနောက် လင်ယွန်းသည် ကျယ်ဝန်းသော နေရာတစ်ခုသို့ ရောက်ရှိလာခဲ့သည်။ ဤနေရာတွင် စိုထိုင်းမှုနှင့် လျှပ်စီးကြောင်းများမှာ ပိုမိုပြင်းထန်လှပြီး ခန္ဓာကိုယ်ကို လာရောက်ထိမှန်သည့်အခါ တဖြောက်ဖြောက် အသံများနှင့်အတူ ခုခံရခက်သော တိုက်ခိုက်မှုတစ်ခုကဲ့သို့ ခံစားရသည်။
စီနီယာအစ်ကို... ဒီနေ့ အစ်ကို့မျက်နှာကြည့်ရတာ အတော်လေး ကြည်လင်နေတယ် အရင်ကထက် အများကြီးပိုကောင်းလာတာပဲ ညီမ အစ်ကို့ဆံပင်တွေကို လျှော်ပေးပြီးရင် ထမင်းစားကြမယ်နော်။
ဂူအတွင်း၌ ဟာလာဟင်းလင်း ဖြစ်နေသဖြင့် သဲ့သဲ့မျှ ပြောလိုက်သော အသံမှာပင် လင်ယွန်း၏ နားထဲသို့ ပဲ့တင်ထပ်ကာ ရောက်ရှိလာသည်။
အစ်ကိုပြောသားပဲ... ဒီနေရာက မိုးကြိုးစွမ်းအားတွေက အရမ်းပြင်းတာ နင့်လို မိန်းကလေးငယ်လေးတစ်ယောက် ခဏခဏ လာဖို့ မသင့်တော်ဘူးလို့။ နင့်ရဲ့ ဂူဗိမာန်မှာပဲ အေးအေးဆေးဆေး ကျင့်ကြံနေပါဆိုတာကို လုံးဝ နားမထောင်ဘူး။
အက်ရှရှနှင့် ခပ်အစ်အစ် အသံတစ်ခု ထွက်ပေါ်လာသည်။ ထိုအသံမှာ ကျယ်လောင်သော်လည်း အနည်းငယ်တော့ အထီးကျန်ဆန်နေသလိုပင်။
"ဟင့်အင်း... ညီမက စီနီယာအစ်ကို့ကို တွေ့ချင်တာကိုး အခုဆို တောင်ပေါ်မှာက သင်္ချိုင်းကုန်းလိုပဲ တိတ်ဆိတ်ခြောက်ကပ်နေတာ။ ညီမ အဲ့မှာ မနေချင်ဘူး။
မိန်းကလေးငယ်၏ တက်ကြွလှသော အသံလေးမှာ ဂူအတွင်း ပဲ့တင်ထပ်သွားပြီး ချွဲနွဲ့စွာ ပြောလိုက်သည်။
ထိုအသံနှစ်ခုကို ကြားလိုက်ရသောအခါ နတ်သမီး လင်ယွင်၏ ခြေလှမ်းများ ပိုမိုမြန်ဆန်သွားသည်။ မကြာမီမှာပင် စကားပြောနေကြသည့် ပုံရိပ်နှစ်ခုကို သူမ မြင်လိုက်ရတော့သည်။
ဂူအက်ကြောင်းများမှ တိုးဝင်လာသော ကြယ်ရောင်စုံကလေးများသည် ပြာလွင်နေသော မိုးကြိုးရေကန်ပေါ်သို့ ကျရောက်နေပြီး လှပသော မျက်နှာနှစ်ခုကို ထင်ဟပ်နေစေသည်။ အမျိုးသားဖြစ်သူ၏ မျက်နှာမှာ အနည်းငယ် နွမ်းလျနေသော်လည်း ဓားဖြင့် ထွင်းထုထားသကဲ့သို့ ထင်ရှားပြတ်သားလှသော မျက်နှာထားမှာ ထက်မြက်သည့် အရှိန်အဝါကို ထုတ်ဖော်နေသည်။
အမျိုးသမီးမှာမူ အသက် (၁၈) နှစ်ဝန်းကျင်ခန့် ရှိပြီး ပခုံးပေါ်သို့ ဝဲကျနေသော ဆံနွယ်နက်များ၊ ကြင်နာမှုများ ပြည့်နှက်နေသော တောက်ပသည့် မျက်ဝန်းများဖြင့် နတ်ဘုံနတ်နန်းက ဆင်းသက်လာသည့် နတ်မိမယ်လေးတစ်ပါးအလား ဖော်ပြ၍မရနိုင်အောင် လှပလွန်းလှသည်။
ထိုမိန်းကလေးမှာ လက်ထဲတွင် သစ်သားဘီးလေးကို ကိုင်ကာ အမျိုးသား၏ စိုစွတ်နေသော ဆံပင်များကို အသာအယာ ဖြီးသင်ပေးနေသည်။
"ဒီရက်ပိုင်း လင်းကျောင်လန်တို့က နင့်ကို နှိပ်စက်နေကြသေးလား" ရှောင်ချီက လှပသော မိန်းကလေးငယ်၏ မျက်နှာကို ကြည့်ကာ ရုတ်တရက် မေးလိုက်သည်။
သူက ညီမကို လာနှောင့်ယှက်ဖို့ အချိန်မရှိပါဘူး။ သူ့ရဲ့ချစ်သူ ယဲ့ဖန်က တစ်နေ့ကုန် အပြင်မှာ မိန်းမလိုက်ရှုပ်နေတော့ လင်းကျောင်လန်ကလည်း သူ့နောက်ကနေ တကောက်ကောက် လိုက်စောင့်ကြည့်နေရတာလေ။
စီနီယာအစ်ကို မယုံဘူးမလား ငါတို့ရဲ့ ဒုတိယစီနီယာအစ်မ (မူဝမ်အာ) ကလည်း ယဲ့ဖန်ရဲ့မိန်းမငယ်တွေထဲက တစ်ယောက် ဖြစ်နေပြီ။ တစ်ခါက သူတို့နှစ်ယောက် ဂူဗိမာန်တစ်ခုထဲကို အတူတူ ဝင်သွားတာတောင် ညီမ တွေ့လိုက်သေးတယ်။
မိန်းကလေးငယ်လေးက ရှောင်ချီ၏ နားနားသို့ ကပ်ကာ လျှို့ဝှက်ချက် ပြောသကဲ့သို့ တိုးတိုးလေး ပြောလိုက်သည်။
ရှောင်ချီက မိန်းကလေးငယ်ကို မျက်လုံးလေး လန်ပြလိုက်မိသည်။ ငါးနှစ်တောင် ကြာသွားတာတောင် သူမရဲ့ အတင်းပြောတတ်တဲ့ စရိုက်က မပြောင်းသေးပါလားဟု တွေးမိသည်။
ငါ့ရဲ့အရင်ဘဝတုန်းကတော့ လင်ယွင်က တောင်နောက်ဘက်ကို ပြစ်ဒဏ်ပေးမခံရဘူး ခရမ်းရောင်တိမ်တိုက်တောင်ထိပ်မှာပဲ ရှိနေခဲ့တာ။ ဒါကြောင့် ဒုတိယစီနီယာအစ်မနဲ့ ယဲ့ဖန်က ဒီလောက်အထိ ဗြောင်မကျရဲဘဲ ခိုးစားရုံပဲ လုပ်ရဲခဲ့တာ။
အခုတော့ လင်ယွင်က တောင်ပေါ်မှာ မရှိတော့ဘူးဆိုတော့ သူတို့တွေ တကယ်ကို လက်ရဲဇက်ရဲ ဖြစ်နေကြတာပဲ။ ခြင်္သေ့မရှိတဲ့ တောမှာ မျောက်မင်းလုပ်နေကြတာပဲ ရှောင်ချီ စိတ်ထဲမှ ရေရွတ်လိုက်သည်။
စီနီယာအစ်ကို... အစ်ကို ဒီတောင်ပေါ်ကနေ အမြန်ဆုံး ထွက်နိုင်အောင် ကြိုးစားပြီး ယဲ့ဖန်ကို ပညာပေးလိုက်ပါဦး သူက အခုဆို တစ်လောကလုံးမှာ သူကပဲ အကြီးဆုံးကျနေတာပဲ တအား မောက်မာနေတာ မိန်းကလေးငယ်က ဆံပင်ဖြီးပေးရင်း တတွတ်တွတ် ပြောနေသည်။
"သူ့ကို ခဏလောက် မောက်မာခွင့် ပေးထားလိုက်ပါဦး သူ့ရဲ့ကောင်းစားတဲ့နေ့တွေ ကုန်ဆုံးတော့မှာပါ"
ရှောင်ချီ၏ နှုတ်ခမ်းထောင့်တွင် အနည်းငယ် ပြုံးရိပ်သန်းသွားသည်။ အချိန်တွက်ချက်ကြည့်ရသလောက် နောက်ထပ် ခုနစ်နှစ်၊ ရှစ်နှစ်ဆိုလျှင် ယဲ့ဖန်သည်ပြင်ပ အင်အားစုတစ်ခုကို သွားရောက် စော်ကားမိလိမ့်မည်။
ထိုအခါ ရန်သူတွေက ဝိညာဉ်ဓားဂိုဏ်းအထိ လိုက်လာပြီး တစ်ဂိုဏ်းလုံးကို အမြစ်ပြတ် သတ်ဖြတ်ပစ်ကြလိမ့်မည်။
"ကဲ ဆံပင်လျှော်တာ ပြီးပြီ စီနီယာအစ်ကို။ ထမင်းစားရအောင် ဒီနေ့ ညီမ လူ့လောကထဲကို တမင်သွားပြီး ဝက်ခြေထောက် ဝယ်လာတာ ပြီးတော့ အစ်ကို့အတွက် ဝက်ခြေထောက်ပေါင်းလုပ်ပေးထားတယ်" မိန်းကလေးငယ်က သူမနောက်က ထမင်းချိုင့်ထဲမှ မွှေးကြိုင်နေသော ဝက်ခြေထောက်ပေါင်းကို ထုတ်ပြီး ရှောင်ချီကို ပေးလိုက်သည်။
"ဝါး... တအားမွှေးတာပဲ ဂျူနီယာညီမလေး (လင်ယုရှု) ရေ... နင့်လက်ရာက တစ်နေ့ထက်တစ်နေ့ ပိုကောင်းလာတာပဲ နောင်ကျရင် နင်က နတ်ဘုရားမဖြစ်ရင်တောင် လူ့လောကမှာ စားဖိုမှူးလုပ်လို့ရတယ်" ရှောင်ချီက မွှေးကြိုင်လှသော အနံ့ကို ရှူရှိုက်ရင်း ချီးကျူးလိုက်သည်!
"ရတာပေါ့ အဲ့ဒီအချိန်ကျရင် စီနီယာအစ်ကိုက ညီမရဲ့ဆိုင်မှာ စားပွဲထိုး လုပ်ပေးရမယ်နော် ညီမက ချက်မယ် အစ်ကိုက ပွဲပြင်မယ် နှစ်ယောက်သား အတူတူ ပိုက်ဆံရှာကြတာပေါ့" လင်ယုရှုက ပွင့်အာနေသော ပန်းကလေးတစ်ပွင့်အလား တောက်ပစွာ ပြုံးလိုက်သည်။
ရှေ့က လူငယ်နှစ်ဦး၏ ချိုမြိန်လှသော စကားများကို နားထောင်ရင်း လင်ယွင်၏ ရင်ထဲမှာ ဘာကြောင့်မှန်းမသိ နာကျင်လာရသည်။
မိမိစွန့်ပစ်ထားခဲ့သော တပည့်နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး မှီခိုပြီး အားပေးကူညီနေကြသည်ကို မြင်ရသောအခါ နတ်သမီး လင်ယွင်ရင်ထဲတွင် ဖော်ပြရခက်သော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။ သူတို့နှစ်ယောက်မှာ သူမ မရှိဘဲနှင့်လည်း ပျော်ရွှင်စွာ နေထိုင်နိုင်ကြပါလား ဒီလို ငရဲခန်းလို မိုးကြိုးရေကန်ထဲမှာတောင် သူတို့က ပျော်ရွှင်မှုကို ရှာဖွေနိုင်ကြပါလား။
ကလောက်... ကလောက်... ခြေသံအချို့ ထွက်ပေါ်လာပြီး နတ်သမီး လင်ယွင်သည် မိုးကြိုးရေကန် အနားသို့ ဖြည်းညင်းစွာ လျှောက်လာခဲ့သည်။
မိန်းကလေးငယ်မှာ ရှောင်ချီကို ဝက်သားကျွေးရန် ဓားနှင့်ခက်ရင်းဖြင့် အသားများကို လှီးဖြတ်ပေးနေစဉ် မမျှော်လင့်ဘဲ ကြားလိုက်ရသော ခြေသံကြောင့် ထိတ်လန့်တကြား လှည့်ကြည့်လိုက်သည်။
နတ်သမီး လင်ယွင်၏ ဖြူဖျော့နေသော မျက်နှာကို မြင်လိုက်ရသောအခါ မိန်းကလေးငယ်၏ လက်များ တုန်ယင်သွားပြီး အသားတုံးလေးမှာ မြေပေါ်သို့ ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။ ကံကောင်းထောက်မစွာ သူမ အမြန်ထိန်းလိုက်သဖြင့် ထိုအသားတုံးလေးမှာ မလေလွင့်သွားခဲ့ပေ။
"ဆရာမ... ဆရာမ ဘာလို့ ဒီကို ရောက်လာတာလဲ" လင်ယုရှုသည် အနည်းငယ် ထိတ်လန့်တကြားဖြင့် မတ်တပ်ရပ်လိုက်သည်။
အသက် (၁၈) နှစ်အရွယ် လင်ယုရှုမှာ အလွန်လှပသော မိန်းကလေးတစ်ဦး ဖြစ်နေပြီ ဖြစ်သည်။ သူမ၏ မျက်နှာလေးမှာ လှပရုံတင်မကဘဲ အရပ်မှာလည်း နတ်သမီး လင်ယွန်းထက်ပင် အနည်းငယ် ပိုရှည်နေပြီ ဖြစ်သည်။
နတ်သမီး လင်ယွင်သည် ထိုမျက်နှာလေးကို ကြည့်ကာ မှင်တက်နေမိသည်။ အတိတ်က ကိစ္စတွေက သူမ မျက်စိထဲမှာ မြင်ယောင်နေသော်လည်း ငါးနှစ်တာအတွင်းမှာပဲ ဒီမိန်းကလေးငယ်လေးက အရွယ်ရောက်သွားခဲ့ပြီ။ သူမနှင့် ဒီတပည့်မလေးမှာ စုစုပေါင်း ငါးကြိမ်တောင် မတွေ့ဖူးခဲ့ပေ။ အခု ပြန်တွေ့ရတော့ "နေရာတွေက အရင်အတိုင်း ရှိနေပေမဲ့ လူတွေကတော့ ပြောင်းလဲသွားပြီ" ဆိုတဲ့ ခံစားချက်မျိုး ဖြစ်ပေါ်လာရသည်။
"ခင်ဗျား ဒီကို ဘာလာလုပ်တာလဲ" ရှောင်ချီကတော့ နတ်သမီး လင်ယွင်ကို မြင်သည်နှင့် ဒေါသများ ချက်ချင်း ပေါက်ကွဲထွက်လာသည်။ သူ၏ မျက်ဝန်းများမှာ လူကို ထိုးဖောက်နိုင်လောက်အောင် ထက်မြက်နေသည်။
နတ်သမီး လင်ယွင်သည် သူမ၏ တစ်ဦးတည်းသော အမျိုးသားတပည့်ကို ကြည့်လိုက်သည်။ သူမ၏ မျက်ဝန်းထဲတွင် ရှုပ်ထွေးလှသော ခံစားချက်များ ပြည့်နှက်နေသည်။
ငါးနှစ်တာအတွင်း ဤညစ်ပတ်စုတ်ပြတ်သော ဂူနှင့် ကျယ်ပြောလှသော မိုးကြိုးရေကန်ထဲမှာ သူမ၏ တပည့်မှာ အားငယ်စိတ်ပျက်ခြင်း အလျဉ်းမရှိဘဲ ပိုမို ကြံ့ခိုင်လာကာ ကောင်းကင်ကိုပင် ထိုးဖောက်တော့မည့် အကြည့်မျိုး ရှိနေသည်။
"ငါ့ရဲ့ တပည့်က မိုးကြိုးရေကန်ထဲမှာ ဒုက္ခရောက်နေတာကို ဆရာတစ်ယောက်အနေနဲ့ လာကြည့်တာ ဘာမှားလို့လဲ"
နတ်သမီး လင်ယွင်သည် အနည်းငယ် ခြောက်သွေ့သော ကျောက်ဆောင်တစ်ခုပေါ်မှာ ထိုင်လိုက်သည်။ သူမသည် ရေကန်ထဲမှာ တစ်ဝက်နစ်မြုပ်နေသော ရှောင်ချီကို ကြည့်ကာ ခါးသီးစွာ ပြုံးရင်း ပြောလိုက်သည်။
"ဟန်ဆောင်နေတဲ့ ဒီလို စကားမျိုးတွေကို ရပ်လိုက်ပါတော့ ကျွန်တော်က ကလေးမဟုတ်တော့ဘူး။ မမေ့ပါနဲ့... ကျွန်တော့်ကို ဒီမိုးကြိုးရေကန်ထဲကို ပို့ခဲ့တာ ခင်ဗျားကိုယ်တိုင်ပဲဆိုတာ"
မဟုတ်ဘူး... ခင်ဗျား ကျွန်တော့်ကို ဒီကို ပို့ခဲ့တာလို့ ပြောလို့မရဘူး။ ခင်ဗျားရဲ့ မူလရည်ရွယ်ချက်က ကျွန်တော့်ရဲ့ ကျင့်ကြံအဆင့်ကို ဖျက်ဆီးပြီး ဂိုဏ်းကနေ နှင်ထုတ်ဖို့ပဲ မဟုတ်လား။
အခု ပြန်စဉ်းစားကြည့်တော့ ဒီမိုးကြိုးရေကန်ထဲမှာ နေရတာက ဆုလာဘ်တစ်ခုလို ဖြစ်နေပြီ။ ဘာလို့လဲဆိုတော့ ကျွန်တော့်ရဲ့ ကျင့်ကြံအဆင့်ကို ဆက်ပြီး ထိန်းသိမ်းထားနိုင်ခဲ့လို့ပဲ။
ရှောင်ချီသည် နတ်သမီး လင်ယွင်ကို လှောင်ပြုံးဖြင့် ကြည့်လိုက်ပြီး သူ၏ မျက်ဝန်းထဲတွင် သတ်ဖြတ်လိုသော အရှိန်အဝါများ လက်ခနဲ ပေါ်လာသည်။ အကယ်၍ သူသာ မိုးကြိုးရေကန်ထဲမှာ မရှိနေလျှင် သူမကို တိုက်ခိုက်မိလောက်ပြီ ဖြစ်သည်။
သူ၏ အစွမ်းမှာ ဝိညာဉ်အသွင်ပြောင်းခြင်း အစောပိုင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ ဟင်းလင်းပြင်သို့ ပြန်ခြင်းအဆင့်ရှိသူနှင့်တောင် ယှဉ်ပြိုင်နိုင်စွမ်း ရှိနေသည်။
သို့သော် သူ သတိထားမိသလောက် နတ်သမီး လင်ယွန်း၏ ကျင့်ကြံဆင့်မှာ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေသဖြင့် သူမနှင့် တိုက်ခိုက်ရန်မှာ အနည်းငယ် ခက်ခဲဦးမည် ဖြစ်သည်။ သူ၏ ကျင့်ကြံဆင့်ကို ပိုမိုမြန်ဆန်စွာ တိုးမြှင့်ရန် လိုအပ်နေသေးကြောင်း သူ နားလည်လိုက်သည်။