အခန်း (၄) ငါ မင်းကိုတကယ် မရိုက်ရဲဘူးလို့ ထင်နေတာလား
ဂိုဏ်း၏ ခန်းမဆောင်ကြီးဆီသို့ ဦးတည်ထားသော ကျောက်လှေကားထစ်များပေါ်တွင် ပုံရိပ်နှစ်ခုသည် လက်ချင်းတွဲလျက် ဖြည်းညှင်းစွာ တက်လာနေကြသည်။
ဂိုဏ်းခန်းမထဲမှ ထွက်လာကြသော တပည့်များစွာမှာ လှေကားပေါ်ရှိ ထိုပုံရိပ်နှစ်ခုကို မြင်လိုက်ရသောအခါ အားလုံးမှာ မှင်သက်သွားကြတော့သည်။
ထိုအထဲမှ အမျိုးသမီးမှာ သူတို့ ခုနလေးတင် ပြောဆိုနေကြသည့် စီနီယာမမလင်းပင် ဖြစ်သည်။
သို့သော် သူမသည် ယနေ့ပွဲ၏ အဓိက ဇာတ်ဆောင်ဖြစ်ပြီးနတ်ဘုရားသားတော် နှင့် စေ့စပ်ရမည့်သူ မဟုတ်ပါလား။
သူမက ဘာကြောင့် တခြားအမျိုးသားတစ်ဦး၏ လက်မောင်းကို တွဲထားရသနည်း။ ဤအခြင်းအရာမှာ အမှန်တကယ်ပင် ယုံကြည်ရခက်လှသည်။
"စီနီယာမမလင်း... ဘာလုပ်နေတာလဲ ဒီနေ့က မမရဲ့ စေ့စပ်ပွဲနေ့လေ"
အမျိုးသမီးတပည့်တစ်ဦးက အနေရခက်စွာ ရှေ့သို့တိုးလာပြီး လင်းကျောင်လန်ကို လေသံတိုးတိုးဖြင့် မေးလိုက်သည်။
ငါ့မှာ ချစ်ရမယ့်သူ ရှိနေပြီ။ ဒီနေ့ စေ့စပ်ပွဲကို ဖျက်သိမ်းလိုက်ပြီ။ ဘယ်သူမဆို ဒီအကြောင်းကို ထပ်ပြောမယ်ဆိုရင် ငါ လင်းကျောင်လန်ရဲ့ ရန်သူဖြစ်သွားမယ် လင်းကျောင်လန်၏ လေသံမှာ ပြတ်သားပြီး အသံမှာလည်း ဟိန်းထွက်နေသည်။
သူမ၏ အသံကို ခန်းမပြင်သို့ ထွက်လာကြသော တပည့်တစ်ရာနီးပါးက ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။
"ဒါကဘာဖြစ်လို့လဲ စီနီယာမမလင်း... ဒီလို နောက်ပြောင်တာမျိုး မလုပ်သင့်ဘူးလေ"
"ဟုတ်တယ်... ဒါဆိုနတ်ဘုရားသားတော်ရဲ့ မျက်နှာက ဘယ်နားသွားထားရမှာလဲ"
"ဂိုဏ်းချုပ်ကလည်း သဘောတူမှာ မဟုတ်ဘူး။ စေ့စပ်ပွဲဆိုတာ ကလေးကစားစရာမှ မဟုတ်တာ" တပည့်များစွာက သူမကို ဝိုင်းဝန်းဖျောင်းဖျကြပြီး လင်းကျောင်လန် စိတ်ပြောင်းလာရန် မျှော်လင့်နေကြသည်။
တစ်ချိန်တည်းမှာပင် ကာယကံရှင်ဖြစ်သူ ရှောင်ချီမှာမူ အေးအေးဆေးဆေးပင် ရပ်နေပြီး မာန်တက်နေသော လင်းကျောင်လန်နှင့် သူမအနားရှိ ခန့်ညားထည်ဝါသော လူငယ်လေးကို စိုက်ကြည့်နေသည်။
ယဲ့ဖန် သူ၏ အတိတ်ဘဝက အိမ်မက်ဆိုးကြီးဤဘဝတွင် သူ့ကို ဤမျှစောစော စုံတွေ့ရလိမ့်မည်ဟု ရှောင်ချီ မမျှော်လင့်ထားခဲ့ပေ။
ရှောင်ချီ... ငါ မင်းအပေါ် တစ်ခါမှ စိတ်မရှိခဲ့ဘူး။ ငါတို့ မမွေးခင်ကတည်းက ငါ့အဖေက ဒီအိမ်ထောင်ရေးကို စီစဉ်ခဲ့လို့သာပေါ့ မဟုတ်ရင် မင်းကိုနင်လှည့်တောင် ကြည့်မှာမဟုတ်ဘူး။
မင်း ကိုယ့်ကိုယ်ကိုယ် သိတတ်မယ်ဆိုရင် အလိုက်တသိနဲ့ ဒီပွဲကနေ နှုတ်ထွက်ပေးလိုက်ပါ ဒါမှ ပွဲမပျက်မှာ လင်းကျောင်လန်၏ အသံမှာ အေးစက်စူးရှနေပြီး လေသံမှာလည်း အလွန်ပင် ရိုင်းစိုင်းလှသည်။
ဤသာမန်တပည့်များကို ပြောနေ၍ အပိုဖြစ်မည်ကို သိသဖြင့် သူမသည် သူမ၏ လှံဦးကို ဘာစကားမှမပြောဘဲ ရပ်နေသော ရှောင်ချီထံသို့ ချက်ချင်းလှည့်လိုက်ခြင်း ဖြစ်သည်။
လင်းကျောင်လန်၏ မာနထောင်လွှားနေသော မျက်နှာကို ကြည့်ရင်း ရှောင်ချီသည် သူ၏ အတိတ်ဘဝက အတွေ့အကြုံများကို ပြန်လည်အမှတ်ရမိသည်။ အတိတ်ဘဝတွင်လည်း ဤအချိန်၌ လင်းကျောင်လန်မှာ ဤကဲ့သို့ပင် မာန်တက်နေခဲ့ခြင်း ဖြစ်သည်။
ထိုစဉ်က သူသည် အလွန်အမင်း အရှက်ရသည်ဟု ခံစားရပြီး သူမကို မျက်နှာချင်းဆိုင် မေးခွန်းထုတ်ခဲ့သည်။ သို့သော် ပါရမီရှင်တစ်ဦးဖြစ်သော်လည်း သူမ၏ ရှုံ့ချမှုများအောက်တွင် သူသည် အသုံးမကျသူတစ်ဦးကဲ့သို့ ဖြစ်ခဲ့ရသည်။ သူမ၏ ပြောဆိုချက်အရ သူသည် ယဲ့ဖန်၏ လက်သန်းတစ်ချောင်းကိုပင် မမီနိုင်ခဲ့ပေ။
ယခု ပြန်စဉ်းစားကြည့်လျှင် ထိုစဉ်က သူသာ ဇွတ်မတိုးခဲ့ပါက အနည်းဆုံးတော့ သိက္ခာအနည်းငယ် ကျန်ရှိနေပေလိမ့်မည်။
မင်း ပြောတာတစ်ခုတော့ မှန်ပါတယ်။ ဂိုဏ်းချုပ်သာ ဒီလို မတော်တဆ စေ့စပ်မှုကို မလုပ်ခဲ့ရင် ငါတို့ကြားမှာ ဒီလိုဆိုးဝါးတဲ့ ပတ်သက်မှု ရှိလာမှာ မဟုတ်ဘူး မင်း ခုနက ပြောသလိုပဲ စေ့စပ်မထားရင် မင်းငါ့ကို လှည့်ကြည့်မှာ မဟုတ်ဘူးဆိုတာလေ
ဒါပေမဲ့ ငါ ပြောချင်တာကတော့.ငါတို့ စေ့စပ်ထားတယ်ဆိုပေမဲ့ ငါလည်း မင်းကို ကြည့်ဖို့ စိတ်မဝင်စားပါဘူး။
ဒီလက်ထပ်ပွဲကို မင်းအဖေက စီစဉ်ခဲ့တာ
အခု မင်းကပဲ စေ့စပ်ပွဲကို ဖျက်ချင်တာဆိုတော့ မင်းအဖေကို မင်းဘာသာမင်း သွားပြောလိုက်ပါ။ ငါကတော့ ကျင့်ကြံဖို့ ပြန်တော့မယ်။
ရှောင်ချီသည် သူဝတ်ထားသော အနီရောင် မင်္ဂလာဝတ်စုံကို ဆွဲခွာလိုက်သည်။ ထို့နောက် သူ၏ လက်ထဲမှ ဝိညာဉ်စွမ်းအင်များဖြင့် ထိုဝတ်စုံကို အစအနမကျန်အောင် ဆုတ်ဖြဲပစ်လိုက်သည်။
ဤသို့ ပြောပြီးနောက် သူသည် လှည့်ထွက်သွားခဲ့ရာ အံ့အားသင့်နေသော လင်းကျောင်လန်နှင့် သူမအနားရှိ ယဲ့ဖန်တို့ ကျန်ရစ်ခဲ့သည်။
ရပ်စမ်း နင်ဘာကို ဆိုလိုတာလဲ ဂိုဏ်းချုပ်ရဲ့ သမီးဖြစ်တဲ့ ငါက နင်လို တောသားနဲ့ မတန်ဘူးလို့ ပြောချင်တာလား ပါရမီ အနည်းငယ် ရှိနေရုံနဲ့ မင်းကိုယ်မင်း အထင်မကြီးနဲ့ဦး။
လူတွေက နင်ကိုနတ်ဘုရားသားတော်လို့ ခေါ်နေကြရုံနဲ့ နင်ကိုယ်နင် အရေးကြီးတဲ့သူလို့ တကယ် ထင်နေတာလား နင်နဲ့ တစ်ချိန်တည်းမှာ ငါ့ရဲ့ချစ်လှစွာသော ယဲ့ဖန်သာ ဂိုဏ်းထဲ ရောက်မလာခဲ့လို့သာပေါ့မဟုတ်ရင် သူက နင်ကို မြေမှုန့်ဖြစ်အောင် နင်းခြေပစ်မှာ။
ရှောင်ချီ ထွက်သွားတော့မည်ကို မြင်သောအခါ လင်းကျောင်လန်မှာ ချက်ချင်းပင် ဒေါသပေါက်ကွဲတော့သည်။ အကယ်၍ ရှောင်ချီသာ ထွက်သွားပြီး ဤပြဿနာပုံကြီးကို သူမအတွက် ချန်ထားခဲ့ပါက သူမ ရှင်းပြရန် ခက်ခဲသွားပေလိမ့်မည်။
ရှောင်ချီရှိနေပါက အပြစ်နှင့် အာရုံစိုက်မှုအချို့ကို သူ့ထံသို့ လွှဲပြောင်းပေးနိုင်မည် ဖြစ်သည်။ ရှောင်ချီ မရှိတော့လျှင် ဤဇာတ်လမ်းတွင် သူမတစ်ဦးတည်း ကျန်ရစ်မည်ဖြစ်ရာ လူတိုင်း၏ အပြစ်တင်မှုများမှာ သူမ၏ ပုခုံးပေါ်သို့သာ ကျရောက်လာမည် ဖြစ်သည်။
သို့သော်လည်း ရှောင်ချီက သူမကို ဂရုမစိုက်ပေ ယခုအချိန်တွင် အော်ဟစ်နေခြင်း သို့မဟုတ် ဒေါသတကြီး တုံ့ပြန်ခြင်းမှာ ထိုလူယုတ်မာစုံတွဲ၏ အကွက်ထဲသို့ ရောက်သွားရုံသာ ရှိပေလိမ့်မည်။ ဂရုမစိုက်သည့် အမူအရာဖြင့် ထွက်သွားခြင်းကသာ သူတို့ကို မီးကင်ခံရသကဲ့သို့ ခံရခက်စေမည် ဖြစ်သည်။
"ငါ နင်ကိုရပ်ဖို့ ပြောနေတယ်လေ မကြားဘူးလား" ဟု နောက်ဘက်မှ စူးရှသော အော်သံတစ်ခု ထွက်ပေါ်လာသည်။
ရှောင်ချီက ဂရုမစိုက်ဘဲ ဆက်လျှောက်နေသည်ကို မြင်သောအခါ လင်းကျောင်လန်မှာ ဒေါသအလိပ်လိုက် ထွက်လာတော့သည်။ ဝိညာဉ်စွမ်းအင်များကို သူမ၏ လက်ဝါးတွင် စုစည်းလိုက်ပြီး လျင်မြန်သော အရှိန်ဖြင့် ရှောင်ချီ၏ ရှေ့သို့ ရောက်ရှိလာသည်။ လင်းကျောင်လန်မှာ ရှောင်ချီကို မိနစ်အနည်းငယ်လောက်ဖြစ်ဖြစ် ဆွဲထားချင်နေသည်။
"မင်းက အရင် တိုက်ခိုက်တာနော်။ ငါ မင်းကို တကယ် မရိုက်ရဲဘူးလို့ ထင်နေတာလား" ရှောင်ချီ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးတက်သွားသည်။
လင်းကျောင်လန်တကယ် တိုက်ခိုက်လိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။ သူမသည် ဂိုဏ်းချုပ်၏ အလိုလိုက်ခြင်းကို ခံရလွန်းသဖြင့် ကျင့်ကြံခြင်းလောက၏ ရက်စက်မှုကို မသိနားမလည် ဖြစ်နေပုံရသည်။
ရှောင်ချီ ပြန်မတိုက်ရဲဘူးဟုလည်း သူမ ထင်နေပေလိမ့်မည်။ သူမအဖေက ဂိုဏ်းချုပ်ဖြစ်နေသဖြင့် ရှောင်ချီသည် နတ်ဘုရားသားတော် ဖြစ်နေသော်လည်း ငြိမ်ခံနေရမည်ဟု သူမ ယူဆထားပုံရသည်။
"ဖြန်း..." တိတ်ဆိတ်နေသော လှေကားထစ်များပေါ်တွင် ပါးရိုက်သံတစ်ခု ဟိန်းထွက်သွားသည်။
ရှောင်ချီသည် သူ၏ စွမ်းအားအားလုံးကို အသုံးပြုပြီး မညှာမတာဘဲ လင်းကျောင်လန်၏ မျက်နှာကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။
"ပလူး..." လင်းကျောင်လန်မှာ သွေးတစ်လုပ် ထွေးထုတ်လိုက်ရသည်။ သူမသည် ရိုက်ချက်ကြောင့် ပေပေါင်းများစွာ လွင့်ထွက်သွားပြီး လှေကားထစ်များပေါ်သို့ ဘုန်းဘုန်းလဲကျသွားသည်။
"လန်အာ... အဆင်ပြေရဲ့လား" ယဲ့ဖန်သည် သူ၏ဝတ်ရုံကိုမကာ လှေကားပေါ်သို့ အမြန်ပြေးတက်လာပြီး လင်းကျောင်လန်၏ အနားသို့ ရောက်သောအခါ စိုးရိမ်တကြီး မေးလိုက်သည်။
"ရှောင်... ရှောင်ချီ နင်... နင် ငါ့ကို တကယ်ကြီး ရိုက်ရဲတယ်ပေါ့"
လင်းကျောင်လန်မှာ ပြင်းထန်စွာ ဒဏ်ရာရသွားသည်။ သူမ၏ခေါင်းမှာ မူးဝေနေပြီး ဝိညာဉ်မှာလည်း ထိုရိုက်ချက်ကြောင့် ပျက်စီးလုနီးပါး ဖြစ်သွားသည်။ သူမသည် ရှောင်ချီကို မယုံကြည်နိုင်စွာ ကြည့်ရင်း အားနည်းသော အသံဖြင့်ပြောလိုက်သည်။
သူမ၏ မှတ်ဉာဏ်ထဲတွင် ရှောင်ချီမှာ အမြဲတမ်း နူးညံ့ပျော့ပျောင်းပြီး ယဉ်ကျေးသိမ်မွေ့သော လူငယ်တစ်ဦးသာဖြစ်ခဲ့သည်။ သူက ဘာကြောင့် ရုတ်တရက် ဤမျှအထိ ရက်စက်သွားရသနည်း။
လင်းကျောင်လန်၏အသံမှာ အလွန်အားနည်းနေပြီး သူမ၏ ခန္ဓာကိုယ်မှာလည်း ရွှံ့ညွန်တစ်ခုကဲ့သို့ လှေကားထစ်များပေါ်တွင် ပုံကျနေသည်။
"မောင်လေး... မင်း ဘယ်လိုဖြစ်လို့ လူကို ဒီလောက်အထိ ရိုက်ရတာလဲ" ဟု တင်းမာသော အသံတစ်ခု ထွက်ပေါ်လာသည်။
တင့်တယ်သော ကိုယ်လုံးကိုယ်ပေါက်နှင့် အပြာရောင်ဝတ်စုံဝတ် အမျိုးသမီးတစ်ဦးမှာ ယဲ့ဖန်နှင့် လင်းကျောင်လန်တို့၏ အနားတွင် ပေါ်လာသည်။
သူမသည် လင်းကျောင်လန်ကို ထူပေးပြီးနောက် ရှောင်ချီကို ဒေါသတကြီး ကြည့်ကာ မေးခွန်းထုတ်လိုက်သည်။ ရှောင်ချီက ထိုအပြာရောင်ဝတ်စုံနှင့် အမျိုးသမီးကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။
ဤအမျိုးသမီးမှာ ရှောင်ချီ၏ စီနီယာ မမကြီး လျူချင်းအာပင် ဖြစ်သည်။ လျူချင်းအာမှာ အလွန်လှပပြီး ကိုယ်လုံးကိုယ်ပေါက်မှာလည်း ထူးခြားလှသည်။
ပို၍အရေးကြီးသည်မှာ သူမတွင် အလွန်ကောင်းမွန်သော စိတ်နေစိတ်ထားရှိခြင်းပင်။ သူတို့၏ဆရာက လျူချင်းအာကို ရေကဲ့သို့ နူးညံ့သိမ်မွေ့သူဟု တင်စားခဲ့ဖူးသည်။
သို့သော် အတိတ်ဘဝတွင် ရှောင်ချီမှာ ဂိုဏ်း၏စေတီကို ခိုးသည်ဟု ထောင်ချောက်ဆင်ခံရစဉ်က သူ့ကို အရင်ဆုံး တိုက်ခိုက်ပြီး စွန့်ပစ်ခဲ့သူများမှာ သူနှင့်အနီးကပ်ဆုံးဖြစ်သော စီနီယာမမနှစ်ယောက်ပင် ဖြစ်သည်။
သူ မည်မျှပင်ရှင်းပြပါစေ ထိုအမျိုးသမီးနှစ်ဦးမှာ သူလိမ်ညာနေသည်ဟုသာ ထင်မြင်ခဲ့ကြပြီး သူ၏စကားကို တစ်ခွန်းမှ မယုံကြည်ခဲ့ကြပေ။
ထိုစဉ်က ရှောင်ချီသည် သူတို့ကို မမုန်းတီးခဲ့ပေ။ ထိုကဲ့သို့သော ခိုင်မာသည့် သက်သေများရှိနေလျှင် မည်သူမဆို ယုံကြည်သွားမည်ဟု သူ ယူဆခဲ့သည်။ သူသည် ထိုစီနီယာမမနှစ်ယောက်၏ နှလုံးသားထဲတွင် သူ၏တန်ဖိုးကို အထင်ကြီးခဲ့မိခြင်းသာ ဖြစ်သည်။
သို့သော် ဝိညာဉ်ဓားဂိုဏ်းအသစ်၏ အထက်တွင် ပျံဝဲနေသော ဟောက်ထျန်းစေတီကို မြင်လိုက်ရချိန်မှာမူ သူ၏နှလုံးသားမှာ လုံးဝ သေဆုံးသွားခဲ့ရသည်။
ထိုစေတီကို ယဲ့ဖန် ခိုးယူခဲ့ခြင်းဖြစ်ကြောင်း သူတို့ အသေအချာ သိကြသည်သူတို့၏ မောင်ငယ်မှာယဲ့ဖန်၏ ထောင်ချောက်ဆင်ခြင်းကို ခံခဲ့ရကြောင်း သိကြသော်လည်း သူတို့သည် ယဲ့ဖန်၏ အမျိုးသမီးများအဖြစ်ကိုသာ ရွေးချယ်ခဲ့ကြသည်။
ထိုအချိန်မှစ၍ သူ၏ အဆုံးမရှိသော မုန်းတီးမှုများမှာ ထိုအမျိုးသမီးနှစ်ဦးထံသို့ ကူးစက်သွားခဲ့ခြင်းဖြစ်သည်။ သူ သေဆုံးချိန်တွင်လည်း ထိုအမျိုးသမီးနှစ်ဦးကို သူမြင်တွေ့ခဲ့ရသည်။ သူတို့၏ မျက်လုံးများမှာ အေးစက်လွန်းလှပြီး သူ့ကို တည်ငြိမ်စွာပင်စောင့်ကြည့်နေခဲ့ကြသည်။