အခန်း (၃၆) နတ်သမီး လင်ယွင်နှင့် ယဲ့ဖန်တို့၏ ခဏတာဇာတ်လမ်း
ထိုအသံကို ကြားလိုက်ရသည်နှင့် ခန်းမအတွင်းရှိ လူအားလုံးသည် အပြင်ဘက်ရှိ ဆံပင်ဖြူဖြူနှင့် နုပျိုသော မျက်နှာပိုင်ရှင် အဘိုးအိုထံသို့ တစ်ပြိုင်နက်တည်း ကြည့်လိုက်ကြသည်။
"တပည့်တစ်ယောက်က မိစ္ဆာလမ်းစဉ်ထဲ ကျရောက်သွားလို့ ကျွန်တော်တို့ အခု နှိမ်နင်းနေတာပါ။ ကျေးဇူးပြုပြီး ကူညီပေးပါဦး ဘိုးဘေးကြီး" ဂိုဏ်းချုပ် ဝူတောက်စီသည် ရင်ဘတ်ကို ဖိကာ ဖြည်းဖြည်းချင်း ထရပ်ပြီး လက်အုပ်ချီ ဦးညွှတ်ရင်း ခန်းမအပြင်ဘက်က ပုံရိပ်ကို လှမ်းပြောလိုက်သည်။
ဟင်း... ဂိုဏ်းချုပ် ဝူတောက်စီ ဒီဂိုဏ်းကို မင်းလက်ထဲ အပ်ကတည်းက အေးချမ်းတဲ့နေ့ တစ်ရက်လေးတောင်ရှိဖူးရဲ့လား အခုတော့ ပါရမီရှင်နတ်ဘုရားသားတော်တစ်ယောက်ကိုတောင် စိတ်မိစ္ဆာဖောက်ပြန်တဲ့အထိ မင်းတို့တွေ တွန်းပို့လိုက်ကြပြီပေါ့။
မျက်လုံးများ သွေးရောင်လွှမ်းကာ နာကျင်မှုများဖြင့် ပြည့်နှက်နေသော ရှောင်ချီကို တစ်ချက်ကြည့်ပြီးနောက် ဆံပင်ဖြူဖြူနှင့် အဘိုးအိုသည် ဂိုဏ်းချုပ် ဝူတောက်စီကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
မဟာအကြီးအကဲ... ဒါက ကျွန်တော့်အပြစ် မဟုတ်ပါဘူး ရှောင်ချီရဲ့စိတ်ဓာတ်ပျော့ညံ့မှုကြောင့်သာ သူမိစ္ဆာလမ်းစဉ်ထဲ ကျသွားရတာပါ ဂိုဏ်းချုပ်သည် လက်ကို ဘေးသို့ဆန့်ကာ အသည်းအသန် ဆင်ခြေပေးတော့သည်။
ငါအသက်ကြီးပေမဲ့ မျက်စိမကန်းသေးဘူး ငါ့နှလုံးသားလည်း မကန်းသေးဘူး မင်းတို့ လုပ်သမျှ အကုန်လုံးကို ငါသိတယ်။
အကြီးအကဲတွေ ဖြစ်ပြီးတော့ အရှက်အကြောက်မရှိ တပည့်တစ်ယောက်အပေါ် ပရိယာယ်တွေ သုံးနေကြတာလား။ မင်းတို့တွေ ငါတို့ ဝိညာဉ်ဓားဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို တကယ်ပဲ အရှက်ခွဲလိုက်ကြတာပဲ။
ဂိုဏ်းက အန္တရာယ်နဲ့ ရင်ဆိုင်နေရချိန်မှာ အပြင်ကို အားစိုက်ရမယ့်အစား တပည့်တစ်ယောက်တည်းအပေါ်မှာပဲ မင်းတို့ရဲ့ အကြံအစည်တွေ အကုန်သုံးနေကြတာလား။
ဒီလိုနဲ့ ဂိုဏ်းက ဘယ်လိုတိုးတက်မှာလဲ ကျင့်ကြံအဆင့်နဲ့ ပါရမီက နိမ့်ပါးပြီး ဒေါသကတော့ အကြီးကြီးဖြစ်နေတဲ့ မင်းတို့လို အဘိုးကြီးတွေဆီကနေ ဂိုဏ်းကြီးပွားဖို့ မျှော်လင့်နေရမှာလား။
ဒီနှစ်တွေမှာ ငါ တောင်နောက်ဘက်မှာ ကျင့်ကြံအားထုတ်နေပေမဲ့ ရှောင်ချီကိုတော့ မှတ်မိသေးတယ်။ သူဟာ လွန်ခဲ့တဲ့ တစ်နှစ်ကမှ ဝိညာဉ်ဓားဂိုဏ်းရဲ့နတ်ဘုရားသားတော်အဖြစ် ရွေးချယ်ခံခဲ့ရတဲ့သူ မဟုတ်လား။
ဒီလောက် ယဉ်ကျေးပြီး အေးအေးဆေးဆေး ရှိလှတဲ့ ကလေးကို မင်းတို့တွေ ဘယ်လိုအခြေအနေအထိ တွန်းပို့လိုက်ကြတာလဲ။
မဟာအကြီးအကဲသည် ဂိုဏ်းချုပ်နှင့် အခြားအကြီးအကဲများကို စိတ်မကောင်းစွာ ကြည့်ပြောလိုက်သည်။ သူသည် ရှောင်ချီ၏ ဘေးသို့ ဖြည်းဖြည်းချင်း လျှောက်သွားပြီး ဝိညာဉ်စွမ်းအားများ ပြည့်နှက်နေသော လက်ဖဝါးကို ရှောင်ချီ၏ နဖူးပေါ် တင်လိုက်သည်။
ရှောင်ချီသည် သူ၏နဖူးကို ကြည်လင်သော ရေအေးတစ်ဖလားဖြင့် လောင်းချလိုက်သလို ချက်ချင်း ခံစားလိုက်ရသည်။ သူ၏ ရင်ထဲက ဒေါသမီးများ တဖြည်းဖြည်း ငြိမ်းအေးသွားပြီး သူ၏ဝိညာဉ်မှာလည်း ပြန်လည် တည်ငြိမ်လာခဲ့သည်။
ပြီးတော့ မင်း... လင်ယွင်လေး ဆရာတစ်ယောက်အနေနဲ့ အမှားအမှန် မခွဲခြားနိုင်တာ ထားပါဦး ဒါပေမဲ့ ချစ်သူတစ်ယောက်အတွက်နဲ့ ကိုယ့်တပည့်ကို သတ်ဖို့ ကြိုးစားတာဟာ ဆရာတစ်ယောက် လုပ်သင့်တဲ့ အလုပ်လား။
ရှောင်ချီကို တည်ငြိမ်အောင် လုပ်ပေးပြီးနောက် မဟာအကြီးအကဲသည် စုတ်ပြတ်သတ်နေသော နတ်သမီး လင်ယွင်ကို လှည့်ကြည့်လိုက်သည်။
သူက ရှေ့သို့တစ်လှမ်းတိုးကာ သူမ၏ ခန္ဓာကိုယ်ပေါ် လက်ဝေ့ယမ်းလိုက်ရာ ရွှေရောင်အလင်းတန်းတစ်ခု ပေါ်လာပြီး အရိုးပေါ်နေသော ဒဏ်ရာများမှာမျက်စိရှေ့တင် အသားများ ပြန်တက်လာတော့သည်။
ညိုမည်းနေသော သူမ၏ အသားအရေမှာလည်း တဖြည်းဖြည်း ကျန်းမာသော အရောင်သို့ ပြန်ပြောင်းလာသည်။ ထို့နောက် ပန်းရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး အရှက်တကွဲ မဖြစ်စေရန် နတ်သမီး လင်ယွင်၏ ခန္ဓာကိုယ်ကို ဖုံးအုပ်ပေးလိုက်သည်။
ဘိုးဘေးကြီး... ကျွန်မ မလုပ်ခဲ့ပါဘူး ကျွန်မဟာ တစ်သက်လုံး ဖြူဖြူစင်စင် နေထိုင်လာခဲ့တာပါ ဘာကြောင့် ဘိုးဘေးကြီးကပါ ကျွန်မကို စွပ်စွဲနေရတာလဲ။
နတ်သမီးလင်ယွင်သည် ဒဏ်ရာများ သက်သာစေရန် ချက်ချင်းပင် တင်ပျဉ်ခွေ ထိုင်လိုက်သည်။ အတော်အတန် သက်သာသွားသောအခါမှ သူမ၏ မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ပြီး ဝမ်းနည်းကြေကွဲစွာဖြင့် ဘိုးဘေးကြီးကို ကြည့်လိုက်သည်။
မင်းရဲ့အပျိုစင်စွမ်းအားပျက်စီးသွားပြီ ကျင့်ကြံအဆင့်တောင် နည်းနည်း လျော့ကျသွားတာကို ငါက မျက်စိကန်းနေတယ်လို့ ထင်နေတာလား။
ပုံမှန်ဆိုရင်တော့ ဒါက မင်းရဲ့ ကိုယ်ရေးကိုယ်တာမို့ ငါ ထုတ်မပြောပါဘူး ဒါပေမဲ့ မင်းက အမှားအမှန်ကို လုံးဝ မခွဲခြားနိုင်တော့ဘူးဖြစ်နေတယ်။
အဲ့ဒီအချိန်မှာ မင်းအတင်းအကျပ် ခံခဲ့ရတာပဲဖြစ်ဖြစ် ကိုယ့်သဘောနဲ့ကိုယ်ပဲဖြစ်ဖြစ် ဒါမှမဟုတ်တခြား လျှို့ဝှက်ချက်တွေပဲရှိရှိ ဖြစ်ပြီးသွားတဲ့ ကိစ္စကို မင်းတည်တည်ငြိမ်ငြိမ် ရင်ဆိုင်သင့်တယ်။
လူငယ်တွေကြားက ပဋိပက္ခကြောင့် မင်းရဲ့ ချစ်သူ ခြေလက်တွေ ဆုံးရှုံးသွားရတာကတော့ မင်းရဲ့တပည့်မှာ အမှားရှိတာ မှန်ပါတယ်။
ဒါပေမဲ့ ကျင့်ကြံဆင့်ကို ဖျက်ဆီးပြီး ဂိုဏ်းက နှင်ထုတ်တဲ့အထိတော့ မလုပ်သင့်ဘူးလေ။ ဒီပြစ်ဒဏ်က အရမ်းမပြင်းထန်လွန်းဘူးလား။
မင်းကတော့... ငယ်ငယ်ကတည်းက စိတ်ကူးတွေ သိပ်နက်တာပဲ။ အဲ့ဒီကောင်လေးကို သဘောကျနေတာ သိသာနေတာကို ဘာမှ စိတ်မဝင်စားသလို ဟန်ဆောင်နေတုန်းပဲလား။
နတ်သမီး လင်ယွင်ဆင်ခြေပေးနေသည်ကို ကြည့်ပြီး မဟာအကြီးအကဲက အမှန်တရားကို ရက်ရက်စက်စက် ဖွင့်ချလိုက်တော့သည်။
ဒီလူငယ်တွေကတော့ တကယ်ကို ခေါင်းခဲစရာပဲ။ ဒီအတိုင်းသာ ဆက်လွှတ်ထားရင် ဂိုဏ်းကြီး ပျက်စီးသွားပေလိမ့်မည်။
တကယ့်ပါရမီရှင်နတ်ဘုရားသားတော်လေးကို စိတ်မိစ္ဆာဖောက်ပြန်အောင် လုပ်လိုက်ကြသည်။ အကယ်၍ သူသာ ဝင်မတားခဲ့လျှင် ဂိုဏ်းရဲ့ ခန်းမဆောင်ကြီးဟာ အပျက်အစီးပုံ ဖြစ်သွားမှာ အသေအချာပင်။
ဒီမိစ္ဆာခေါင်းဆောင်သာ ဂိုဏ်းကနေ ထွက်ပြေးသွားပြီး အငြိုးအတေး ထားခဲ့ရင် ဆယ်နှစ်အတွင်းမှာ ဂိုဏ်းဟာ ဖျက်ဆီးသွားနိုင်သည်။
သူ နတ်သမီး လင်ယွင်၏ လျှို့ဝှက်ချက်ကို ရက်ရက်စက်စက် ဖွင့်ချလိုက်ရခြင်းမှာ ရှောင်ချီ၏ ရင်ထဲက အာဃာတတွေကို ဖြေလျှော့ပေးချင်သောကြောင့် ဖြစ်သည်။
နောက်ဆုံးမှာတော့ စိတ်မိစ္ဆာဆိုတာ ကြီးမားတဲ့ အမုန်းတရားတွေကနေ ဖြစ်လာတာ မဟုတ်ပါလား။ အဲ့ဒီ အမုန်းတရားတွေကို ဖယ်ရှားနိုင်ရင် စိတ်မိစ္ဆာလည်း အလိုလို ပျောက်ကွယ်သွားနိုင်ပေသည်။
ကျွန်မနဲ့ တပည့်လေး ယဲ့ဖန်ကြားက ဆက်ဆံရေးက ဖြူစင်ပါတယ် အဲ့ဒီနေ့က မိစ္ဆာခေါင်းဆောင်တွေ ကျွန်မတို့ရဲ့ တောင်ဘက် ဝိညာဉ်ကြောကို မျက်စိကျနေတယ်လို့ ကြားလို့ ကျွန်မ တစ်ယောက်တည်း သွားဖြေရှင်းခဲ့တာပါ။
ဒါပေမဲ့ ကျွန်မ သူတို့ရဲ့ ချုံခိုတိုက်ခိုက်တာကို ခံလိုက်ရတယ်။ မိစ္ဆာ အယောက် တစ်ရာနီးပါးက ကျွန်မကို ဝိုင်းထားပြီး ကျွန်မရဲ့ ကျင့်ကြံဆင့် ပျက်စီးအောင် ပန်းတစ်ရာမှုန့်တွေ သုံးခဲ့ကြတယ်။
ကျွန်မ မိစ္ဆာတစ်ရာနီးပါးကို သတ်နိုင်ခဲ့ပေမဲ့ ပန်းတစ်ရာမှုန့်ရဲ့ အာနိသင်ကြောင့် ကျွန်မရဲ့ စွမ်းအားတွေ ကျဆင်းသွားခဲ့ရတယ်။
အဲ့ဒီအချိန်မှာ တပည့်လေးယဲ့ဖန် ရုတ်တရက် ပေါ်လာပြီး ကျွန်မကို ကယ်ခဲ့တာပါ။ ကျွန်မ အသက်ကို ကယ်ဖို့အတွက် သူက... သူက ကျွန်မရဲ့အပျိုစင်ဘဝကို ယူခဲ့ရတာပါ။
အဲ့ဒီနောက်ပိုင်းမှာ ကျွန်မ အရမ်းစိတ်ဆိုးခဲ့ပေမဲ့ သူ့ကို အပြစ်မတင်ခဲ့ပါဘူး။ ဒါဟာ အသက်ဘေးကနေ ကယ်ဖို့အတွက် တခြားနည်းလမ်း မရှိလို့ လုပ်ခဲ့ရတာပဲမဟုတ်လား။
ဒါပေမဲ့ ဒီနေ့ရှောင်ချီကို အပြစ်ပေးတာက ယဲ့ဖန်နဲ့ လုံးဝ မပတ်သက်ပါဘူး အယုတ်တမာ တပည့် ရှောင်ချီက အရမ်း မောက်မာလွန်းတယ်။ သူ့ကို အခုမဆုံးမရင် နောင်ကျရင် ဘေးဒုက္ခတွေ အကြီးအကျယ် ဖြစ်လာလိမ့်မယ်။ သူ့ရဲ့ ဆရာအနေနဲ့ ကျွန်မမှာ တာဝန်ရှိလို့ နောင်မှာ ဖြစ်လာမယ့် အန္တရာယ်ကို အမြစ်ဖြတ်ဖို့ သူ့ကျင့်ကြံဆင့်ကို ဖျက်ဆီးချင်တာပါ။
နတ်သမီး လင်ယွင်သည် သူမ၏ ရင်ဘတ်ကို ဖိကာ အားယူ၍ထရပ်လိုက်သည်။ ပန်းရောင်အလင်းတန်းများက သူမကို ဖုံးအုပ်ထားဆဲ ဖြစ်သဖြင့် သူမ၏ ပုံရိပ်မှာ ဝေဝါးနေသည်။
နတ်သမီး လင်ယွင်သည် သူမနှင့် ယဲ့ဖန်၏ ပတ်သက်မှုကို လူအများရှေ့တွင် ဖွင့်ပြောလိုက်ရုံသာမက ရှောင်ချီကို အပြစ်ပေးခြင်းမှာ ယဲ့ဖန်ကြောင့် မဟုတ်ကြောင်း ပြောဆိုကာ ယဲ့ဖန်ကို အပြစ်ကင်းအောင် လုပ်ပေးနေခြင်း ဖြစ်သည်။
သူမ ထိုသို့ ပြောလိုက်သည်နှင့် အကြီးအကဲများ တောင်ထိပ်သခင်များနှင့် ဝူတောက်စီတို့မှာ အံ့ဩတုန်လှုပ်စွာဖြင့် နတ်သမီး လင်ယွင်ကို ကြည့်လိုက်ကြသည်။
လူ့လောကထက် မြင့်မြတ်လှပါသည်ဆိုသော နတ်သမီးလင်ယွင်က သူမထက် အဆင့်နိမ့်သော တပည့်တစ်ဦးနှင့် ပတ်သက်ခဲ့သည်ဆိုသော သတင်းမှာ ဂိုဏ်းတစ်ခုလုံးကို တုန်လှုပ်စေမည့် အရှုပ်တော်ပုံကြီးပင်ဖြစ်သည်။
လူတိုင်း၏ တိုးတိုးတိုးတိုးနှင့် လက်ညှိုးထိုးခြင်းကို ခံလိုက်ရသောအခါ နတ်သမီး လင်ယွင်၏ မျက်နှာမှာ နီမြန်းသွားသော်လည်း အလင်းတန်းများအောက်တွင် မည်သူမှ ရှင်းရှင်းလင်းလင်း မမြင်ရပေ။
သို့သော် ဤစကားလုံးများသည် ရှောင်ချီ၏ နားထဲတွင်တော့ အဓိပ္ပာယ်တစ်မျိုး ဖြစ်နေသည်။
ကိစ္စတွေက ဒီလောက်အထိ တိုက်ဆိုင်နိုင်ပါ့မလား နတ်သမီး လင်ယွင်တောင်အောက်ဆင်းသွားတဲ့အချိန် မိစ္ဆာအုပ်စုနဲ့ တိုးတယ် အဲ့ဒီအချိန်မှာပဲ တောင်အောက်ဆင်းလာတဲ့ ယဲ့ဖန်နဲ့ တိုက်တိုက်ဆိုင်ဆိုင် တွေ့တယ် ယဲ့ဖန်ကလည်း မိစ္ဆာတွေကို သတ်ပြီး သူမကိုကယ်နိုင်တဲ့ အစွမ်းရှိနေပြန်ရော။
ပြီးတော့ တိုက်တိုက်ဆိုင်ဆိုင် နတ်သမီး လင်ယွင် ပန်းတစ်ရာမှုန့် အဆိပ်မိတယ် အဲ့ဒီအဆိပ်က အပျိုစင်ဘဝပေးမှ ပျောက်မယ့် အဆိပ်ဖြစ်နေပြန်ရော အဲ့ဒီမှာပဲ ယဲ့ဖန်က အဆိပ်ဖြေဆေးအဖြစ် ရှေ့မှာ အဆင်သင့် ရှိနေပြန်ရော။
ရှောင်ချီသည် ဘဝနှစ်ခု ကျင်လည်ခဲ့သူ ဖြစ်သဖြင့် ယဲ့ဖန်၏နည်းလမ်းများကို ကောင်းကောင်း သိပြီးသား ဖြစ်သည်။ ယဲ့ဖန်ဆိုသည်မှာ သာမန်လူတွေထက် အများကြီး ပိုပြီး တွက်ချက်တတ်သူ မဟုတ်ပါလား။
ယခု ပြန်စဉ်းစားကြည့်လျှင် ဤဖြစ်ရပ်တစ်ခုလုံးမှာ ယဲ့ဖန်ကိုယ်တိုင် ကြိုတင် စီစဉ်ထားသော ဇာတ်လမ်းတစ်ခုဖြစ်မနေဘူးလား။
ရှောင်ချီ၏ သံသယမှာ အခြေအမြစ် မရှိသည်တော့ မဟုတ်ပေ။ ယဲ့ဖန်သည် အပြင်ပန်းတွင်လူကြီးလူကောင်း ပုံစံရှိသော်လည်း ကွယ်ရာတွင် မည်သည့်အရာကိုမဆို လုပ်ဝံ့သူ ဖြစ်သည်ကို ရှောင်ချီသိသည်။
ဘာပဲဖြစ်ဖြစ်... သူသည် ဂိုဏ်း၏ ရတနာကို ခိုးယူပြီး ဘာရန်ငြိုးမှမရှိသော ဘေးလူ ရှောင်ချီကို အပြစ်ဖို့ခဲ့သူမဟုတ်ပါလား။ သူ ရှောင်ချီကို အငြိုးထားရခြင်း၏ တစ်ခုတည်းသော အကြောင်းပြချက်မှာ ရှောင်ချီသည် သူသဘောကျသော မိန်းကလေးနှင့် စေ့စပ်ထားသူ ဖြစ်နေသောကြောင့်သာ ဖြစ်သည်။