အခန်း (၃၄) သူ မိစ္ဆာလမ်းစဉ်ထဲ ကျရောက်သွားပြီ
ရှောင်ချီသည် နတ်သမီး လင်ယွင်ကို ကြည့်ကာ အထင်အမြင်သေးစွာဖြင့် ပြုံးလိုက်ပြီး စိတ်ထဲမှ တွက်ချက်နေမိသည်။ အချိန်ကာလအရဆိုလျှင် ယခုအချိန်မှာ ယဲ့ဖန်ကအဆိပ်မိနေတဲ့ နတ်သမီး လင်ယွန်းကို ကယ်တင်ခဲ့ပြီးတဲ့ အချိန်ဖြစ်ရမည်။
ထိုအချိန်ကစပြီး လင်ယွင်ရဲ့ နှလုံးသားဟာ ယဲ့ဖန်ဆီ ရောက်သွားခဲ့တာဖြစ်ပြီး ကျင့်ကြံဆင့်နိမ့်ပါးသေးတဲ့ အဲ့ဒီကောင်လေးကို သူမရဲ့ ကိုယ်ရောစိတ်ပါ ပုံအပ်ချင်နေခဲ့တာ ဖြစ်သည်။
သို့သော်လည်း သူမရဲ့ အဆင့်အတန်းက အတားအဆီး ဖြစ်နေတာကြောင့် သူမရဲ့ ခံစားချက်တွေကို ထုတ်မပြောရဲခဲ့ဘူး။ နောက်ပိုင်း ယဲ့ဖန်က ပြဿနာအကြီးအကျယ်ရှာပြီး ရန်သူတွေဂိုဏ်းအထိ လိုက်လာတဲ့အခါကျမှ သူမက ယဲ့ဖန်ကိုယ်စား အသက်စွန့်ပြီး ကာကွယ်ပေးခဲ့တာ ဖြစ်သည်။
အဲ့ဒီနောက်ပိုင်း ယဲ့ဖန်ဟာ သူ့ဘဝတစ်ခုလုံးကို လင်ယွင်ကို ပြန်လည်ရှင်သန်အောင် လုပ်ဖို့အတွက်ပဲ အချိန်ကုန်ခဲ့ပြီး နောက်ဆုံးမှာတော့ သူတို့နှစ်ယောက်ဟာ တောင်ထိပ်ပေါ်မှာ အတူတူရပ်တည်နိုင်ခဲ့ကြကာ ရှောင်ချီကတော့ အောက်ကနေ မော်ကြည့်နေရတဲ့ အဆင့်ပဲ ရှိခဲ့တာပါ။
အဆုံးသတ်မှာတော့ သူနဲ့ ဝိညာဉ်ဓားဂိုဏ်းက တခြားတပည့်တွေဟာ သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းအတွက် တိုက်ကျွေးခံလိုက်ရတဲ့ ယဇ်ကောင်တွေသာ ဖြစ်ခဲ့ရသည်။
"ညီမလေး... ဒီပြစ်ဒဏ်က နည်းနည်း မပြင်းထန်လွန်းဘူးလား" ဂိုဏ်းချုပ်မှာ ခဏမျှ မှင်သက်သွားသည်။ ဘာပဲဖြစ်ဖြစ် ရှောင်ချီဟာ ဂိုဏ်းရဲ့နတ်ဘုရားသားတော်တစ်ယောက်ဖြစ်သလို သူ့ရဲ့ပါရမီနဲ့ဆိုရင် နောင်တစ်ချိန်မှာ ဂိုဏ်းရဲ့ အားအကိုးရဆုံး ကျွမ်းကျင်သူ ဖြစ်လာမှာ အသေအချာပင်။
အကယ်၍ သူ့ရဲ့ ကျင့်ကြံဆင့်ကို ဖျက်ဆီးပြီး ဂိုဏ်းက နှင်ထုတ်လိုက်မယ်ဆိုရင် ဒါဟာ ဂိုဏ်းအတွက် အကြီးအကျယ် ဆုံးရှုံးမှု ဖြစ်ပေလိမ့်မည်။
"စီနီယာအစ်ကို... ဒီကောင် ရှောင်ချီက ပြုပြင်လို့မရအောင် ဆိုးသွမ်းနေပြီ ဂိုဏ်းစည်းကမ်းတွေကိုလည်း အကြိမ်ကြိမ် ချိုးဖောက်ခဲ့တယ်။ ဒါတင်မကဘူး သူ့ရဲ့ စကားပြောပုံကလည်း ရိုင်းစိုင်းလွန်းတယ် ငါ့ကိုလည်း အမြဲတမ်း ပြန်လှန်ပြောနေတာ။ ဒီလိုတပည့်မျိုးကို ငါဆက်ပြီး မသင်ပြနိုင်တော့ဘူး သူ့အပေါ်မှာ ငါ လုံးဝစိတ်ပျက်သွားပြီ။
"သူက ငါ့တပည့်ဖြစ်တဲ့အတွက် ဂိုဏ်းချုပ်အနေနဲ့ ငါ့စကားကို နားထောင်ပေးပါ။ သူ့ကျင့်ကြံဆင့်ကို ဖျက်ဆီးပြီး ဂိုဏ်းက နှင်ထုတ်ပေးပါ။
နတ်သမီး လင်ယွင်ရဲ့ လေသံဟာ ပြတ်သားလွန်းပြီး နောက်ပြောင်နေတာ မဟုတ်ကြောင်း ထင်ရှားနေသည်။
ယခုတစ်ကြိမ်မှာတော့ ဂိုဏ်းချုပ်ကိုယ်တိုင် တွေဝေသွားခဲ့ရသည်။ သူသည် တခြားတောင်ထိပ်သခင် နှစ်ဦးနှင့် အောက်တွင် ထိုင်နေသော အကြီးအကဲများကို ကြည့်ကာ မျက်နှာအမူအရာ အမျိုးမျိုး ပြောင်းလဲနေတော့သည်။
ဒီမြေခွေးအိုကြီးတွေဟာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ အားလုံးက နှုတ်ပိတ်နေကြသည်။ သူတို့ အခြေအနေကို သေချာနားမလည်သေးဘူးလေ။ လင်ယွင်ဆိုတဲ့ ဒီမိန်းမ ရုတ်တရက် ရူးသလိုနှမ်းသလို ဖြစ်နေတာမှာ တစ်ခုခုတော့ ရှိရမည်။
ရှောင်ချီက ဂိုဏ်းရဲ့နတ်ဘုရားသားတော် ဖြစ်သလို ဒါဟာဆရာနဲ့ တပည့်ကြားက ကိစ္စဖြစ်နေတာကြောင့် သူတို့ဘာသာ ရှင်းကြပါစေဆိုပြီး ဘေးကနေ ပွဲကြည့်ဖို့ပဲ ဆုံးဖြတ်လိုက်ကြသည်။
"ရှောင်ချီ... မင်းရဲ့ ဆရာက မင်းရဲ့ ကျင့်ကြံဆင့်ကို ဖျက်ဆီးပြီး ဂိုဏ်းက နှင်ထုတ်ဖို့ ငါ့ကို တောင်းဆိုနေတယ်။ မင်း ဘယ်လိုထင်သလဲ အခုချက်ချင်း ဒူးထောက်ပြီး မင်းရဲ့ ဆရာ့ကို တောင်းပန်မယ်ဆိုရင် သူစိတ်ပြောင်းသွားနိုင်သေးတယ်နော်" အဘိုးကြီးတွေ ငြိမ်နေတာ မြင်တော့ ဂိုဏ်းချုပ်က အောက်မှာ ရပ်နေတဲ့ ရှောင်ချီဘက်ကို လှည့်မေးလိုက်သည်။
အမှန်တော့ သူကိုယ်တိုင်လည်း ဒီကောင့်ကို မကြည့်ချင်တာ ကြာပါပြီ။ ဒီအခွင့်အရေးကို သုံးပြီး သူ့ကျင့်ကြံဆင့်ကို ဖျက်ဆီးကာ ဂိုဏ်းက ကန်ထုတ်လိုက်နိုင်ရင် ကောင်းမှာပဲလို့ တွေးနေတာပါ။
ဒါပေမဲ့ ရှောင်ချီရဲ့ အဆင့်အတန်းနဲ့ ပါရမီကြောင့် ဘယ်သူကပဲ ဆုံးဖြတ်ချက်ချချ အပြစ်တင်ခံရမှာ စိုးရိမ်နေတာပါ။ ဒါကြောင့် ဒီမြေခွေးအိုဂိုဏ်းချုပ်က ကိစ္စထဲမှာ သူ မပါဝင်ချင်တာကြောင့် လင်ယွင်ရဲ့ နာမည်ကိုပဲ အထပ်ထပ်အခါခါ သုံးနေတာ ဖြစ်သည်။
"သူက သာမန်အရှက်မရှိတဲ့ မိန်းမတစ်ယောက်ပဲ ငါကသူ့ရဲ့ ချစ်သူကို သတ်ခဲ့တာဆိုတော့ သူငါ့ကို ပစ်မှတ်ထားတာ မဆန်းပါဘူး။ ဂိုဏ်းချုပ် ကျွန်တော့်ကျင့်ကြံဆင့်ကို တိုက်ရိုက်ပဲ ဖျက်ဆီးလိုက်ပါတော့"
ဒီလိုလူစားမျိုးရဲ့ တပည့်ဖြစ်နေရတာကိုက ကျွန်တော့်အတွက် ရွံစရာကောင်းလွန်းတယ် ဒီလိုအရှက်မရှိတဲ့မိန်းမရဲ့ မျက်နှာကို နေ့တိုင်း မြင်နေရတာထက် တောင်အောက်ဆင်းပြီး လေလွင့်သူတစ်ယောက်အဖြစ် နေရတာက ပိုကောင်းပါသေးတယ်။ သူ့မျက်နှာမြင်ရတာက ထမင်းစားချင်စိတ်တောင် ပျက်စေတယ်။
ရှောင်ချီရဲ့ နှုတ်ခမ်းဖျားတွေ အနည်းငယ် တွန့်ကွေးသွားပြီး လူ့လောကနဲ့ မသက်ဆိုင်သလို လှပနေတဲ့ အဲ့ဒီမျက်နှာကို ကြည့်ကာ ဘာအထိန်းအကွပ်မှမရှိဘဲ ဆဲဆိုလိုက်တော့သည်။
"အရှက်မရှိတဲ့ မိန်းမ" နဲ့ "သူ့ချစ်သူကို သတ်တယ်" ဆိုတဲ့ စကားတွေကို ကြားလိုက်ရတဲ့အခါ နတ်သမီး လင်ယွင်ဟာ ငြိမ်မနေနိုင်တော့ဘူး။
အမြီးနင်းခံလိုက်ရတဲ့ မြေခွေးတစ်ကောင်လိုပဲ သူမရဲ့ မျက်နှာဟာ ချက်ချင်း နီမြန်းသွားသည်။ သူမ မျက်မှောင်ကြုတ်ကာ အောက်က ရှောင်ချီကို ကြည့်ပြီး အေးစက်တဲ့ လေသံနဲ့ ပြောလိုက်သည် "ငါ မင်းကို သူတောင်းစားပုံထဲကနေ ဂိုဏ်းကို ခေါ်လာခဲ့တာ မင်းကို ကျင့်ကြံတတ်အောင် ငါ ငါးနှစ်လုံးလုံး ကြိုးစားသင်ပေးခဲ့တယ်"
နောက်ဆုံးတော့ မင်းဆီကနေ ကောင်းတဲ့စကားတစ်လုံးမှ မကြားရတဲ့အပြင် ငါ့ကို စော်ကားပြီး ဂုဏ်သိက္ခာညှိုးနွမ်းအောင် လုပ်နေတာလား မင်းလို လူစားမျိုးဟာ မြက်ခင်းပြင်ပေါ်က မျက်နှာဖြူဝံပုလွေလိုပဲ ဘယ်လောက်ပဲ ကျွေးကျွေး ဘယ်တော့မှ ယဉ်ပါးလာမှာ မဟုတ်ဘူး။
ဒီနေ့ ငါ ဂိုဏ်းကို သန့်ရှင်းရေး လုပ်ရမယ်။ မင်းရဲ့ ကျင့်ကြံဆင့်ကို ဖျက်ဆီးပြီး ဒန်ထျန်း ကို ရိုက်ခွဲပစ်မယ် မင်းရဲ့ ကျင့်ကြံခြင်း လမ်းစအားလုံးကို ဖြတ်တောက်ပစ်မယ်။ အခုကစပြီး မင်းဟာ သာမန်လူတစ်ယောက်ပဲ။ မင်းကို ဟို သူတောင်းစားပုံထဲ ပြန်ပစ်ထည့်ပြီး စားကြွင်းစားကျန်တွေနဲ့ပဲ ပြန်နေခိုင်းရမယ်။
အဲ့ဒီလို ပြောပြီးနောက် နတ်သမီး လင်ယွင်ဟာ ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။ သူမရဲ့ လက်ဖဝါးကနေ ခရမ်းရောင် အငွေ့အသက်တွေ ထွက်ပေါ်လာပြီး ရှောင်ချီဆီကို တစ်လှမ်းချင်း လျှောက်လာတော့သည်။
"ဟင်း... လုပ်ဝံ့ပြီး ဝန်မခံရဲဘူးလား အဲ့ဒီ ယဲ့ဖန်ဆိုတဲ့ မြေးအကောင်နဲ့ မင်း ဘာမှ မပတ်သက်ဘူးလို့ ပြောရဲလား"
"မင်းက ဘယ်လို မြင့်မြတ်တဲ့ နတ်သမီးတစ်ပါးလို ဟန်ဆောင်နေတာလဲ ယဲ့ဖန်နဲ့အတူ မင်းတို့ ရှိခဲ့တဲ့ ချိုမြိန်တဲ့ အချိန်တွေကို မေ့သွားပြီလား"
"ဒီလို မြင့်မြတ်ပြီး အေးစက်တဲ့ ပုံစံကို ဘယ်သူ့အတွက် ဟန်ဆောင်ပြနေတာလဲ တကယ်လို့ မင်းသာ အပြစ်ကင်းတယ်ဆိုရင်၊ ကောင်းကင်ဘုံ ကျိန်ဆိုချက်ကို ကျိန်ဆိုပြီး သက်သေပြရဲလား"
အခြေအနေက ပျက်စီးသွားပြီ ဖြစ်တာကြောင့် ရှောင်ချီကလည်း အားနာမနေတော့ဘဲ စကားနာတွေ တရစပ် ပြောလိုက်တော့သည်။ သူ ပြောလိုက်တဲ့ စကားတိုင်းကြောင့် နတ်သမီး လင်ယွင်ရဲ့ ခန္ဓာကိုယ်လေး တုန်ယင်သွားတာကို သူ သတိထားမိလိုက်သည်။
အကြီးအကဲတွေ ဂိုဏ်းချုပ်နဲ့ တခြားတောင်ထိပ်သခင်တွေဟာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့တွေ ရှောင်ချီရဲ စကားတွေကို စတင်ယုံကြည်နေကြပြီ ဖြစ်တာ ထင်ရှားလှသည်။
"ရှောင်ချီ ပြောတာတွေက အမှန်လား၊ အမှားလား"
"ငါလည်း မသိဘူး။ ဒါပေမဲ့ သူ ပြောတာတွေက တကယ့်အရှိအတိုင်းပဲ အမှန်ဖြစ်နိုင်တယ်"
"ညီမလေး လင်ယွင်က အဲ့ဒီလို လူစားမျိုး မဟုတ်ပါဘူးနော်"
"ဒီခေတ်ကြီးမှာ လူကို ကြည့်ရင် မျက်နှာပဲ မြင်ရတာ၊ နှလုံးသားကို မြင်ရတာ မဟုတ်ဘူး။ အပြင်ပန်းကိုပဲ မြင်နိုင်တာ အတွင်းထဲမှာ ဘာရှိလဲဆိုတာ ဘယ်သူသိမှာလဲ"
"ရှူး... သူတို့ ကြားသွားဦးမယ်။ ပွဲကိုပဲ ဆက်ကြည့်ရအောင်"
လူစုဟာ တိုးတိုးတိုးတိုးနဲ့ ပြောနေကြသည်။ သူတို့ အသံတွေက မကျယ်ပေမဲ့ နတ်သမီး လင်ယွန်းရဲ့ နားထဲကိုတော့ တစ်ချက်တစ်ချက် ရောက်လာသည်။
ဒီလူတွေဟာ စိတ်ချင်းဆက်ပြီး ပြောလို့ရပေမဲ့ ဘာကြောင့်လဲ မသိဘဲ အသံကိုနှိမ့်ပြီး ပြောနေကြတာပါ။ ဒါမှပဲ အတင်းအဖျင်း ပြောရတဲ့ အရသာကို အပြည့်အဝ ခံစားရမှာ မဟုတ်ပါလား။
ဝုန်း... ဒီလို စကားနာတွေကို ကြားရတဲ့အခါ လင်ယွင်ဟာ စိတ်မရှည်နိုင်တော့ဘူး။ သူမရဲ့ သွယ်လျတဲ့ လက်ချောင်းလေးတွေ မြင့်တက်လာပြီး လက်ထဲက ခရမ်းရောင် အငွေ့အသက်တွေနဲ့ ရှောင်ချီရဲ့ ရင်ဘတ်ကို ရိုက်ချလိုက်တော့သည်။
ဒါပေမဲ့ ခရမ်းရောင် အငွေ့အသက်တွေ ရှောင်ချီရဲ့ ရင်ဘတ်ထဲကို နစ်ဝင်သွားတော့မယ့် အချိန်မှာတင် ရှောင်ချီရဲ့ ပုံရိပ်ဟာ ရုတ်တရက် ပျောက်ကွယ်သွားပြီး အဲ့ဒီတိုက်ခိုက်မှုကို ကျွမ်းကျင်စွာ ရှောင်တိမ်းလိုက်နိုင်သည်။
ရှောင်ချီ ရုတ်တရက် ပျောက်ကွယ်သွားတာကို မြင်လိုက်ရတဲ့အခါ နတ်သမီး လင်ယွင်မှာ အံ့ဩလွန်းလို့ ပါးစပ်လေး အနည်းငယ် ဟသွားရသည်။
သူမဟာ ဟင်းလင်းပြင်သို့ ပြန်ခြင်း အလယ်အလတ်အဆင့် ကျွမ်းကျင်သူဖြစ်ပြီး ရှောင်ချီထက် အဆင့်ကြီး နှစ်ဆင့်တောင် မြင့်တာပါ။
ရှောင်ချီက သူမရဲ့ တိုက်ခိုက်မှုကို ဘယ်လိုလုပ် ရှောင်နိုင်သွားတာလဲ။
နောက်တစ်ခဏမှာတော့ ရှောင်ချီရဲ့ ပုံရိပ်ဟာ လင်ယွင်နဲ့ ငါးမီတာအကွာမှာ ပြန်ပေါ်လာသည်။
ယခုအချိန်မှာ ရှောင်ချီရဲ့ မျက်လုံးတွေဟာ သွေးရောင်လွှမ်းနေပြီး သူ့ရဲ့ ခန္ဓာကိုယ်ကနေ အနက်ရောင် အငွေ့အသက်တွေ ထွက်ပေါ်နေသည်။
"မင်း... မင်း မိစ္ဆာလမ်းစဉ်ထဲကို ကျရောက်သွားပြီ" နတ်သမီး လင်ယွင်ဟာ တုန်ယင်နေတဲ့ လက်ချောင်းလေးနဲ့ ရှောင်ချီကို ညွှန်ပြကာ မယုံနိုင်အောင် ပြောလိုက်မိသည်။
သူမရဲ့ ဒီတပည့်ဟာ အမြဲတမ်းကြောက်တတ်ပြီး လိမ္မာတဲ့သူ မဟုတ်လား ဘယ်လိုလုပ်ပြီး မိစ္ဆာလမ်းစဉ်ထဲကို ရုတ်တရက် ကျရောက်သွားရတာလဲ သူမ သူ့ကို ဘယ်တုန်းက ဒီလောက်အထိ နာကျင်အောင် လုပ်ခဲ့ဖူးလို့လဲ။
မိစ္ဆာလမ်းစဉ်ထဲ ကျရောက်သွားဖို့ဆိုတာ မလွယ်ကူပါဘူး။ ဘဝမှာ အနိမ့်အမြင့် အတက်အကျတွေ အများကြီး ကြုံတွေ့ရမယ်၊ စိတ်ဓာတ်တွေရာနဲ့ချီပြီး အကြိမ်ကြိမ် အနှိပ်စက်ခံရပြီးမှ နောက်ဆုံးမှာ အမှောင်ကမ္ဘာထဲကို ကျဆင်းသွားပြီး မိစ္ဆာတစ်ကောင်အဖြစ် ပြောင်းလဲသွားရတာပါ။
ဒါပေမဲ့ သူမရဲ့ ဒီတပည့်ဟာ သူမဆီမှာ ငါးနှစ်ပဲ ရှိသေးတာလေ ဘယ်လိုလုပ်ပြီး မိစ္ဆာလမ်းစဉ်ထဲကို ဒီလောက်လွယ်လွယ်နဲ့ ကျသွားရတာလဲ။
"အံ့ဩသွားလားမင်းလိုဆရာမျိုးရှိနေမှတော့မိစ္ဆာလမ်းစဉ်ထဲကျဖို့ဆိုတာအချိန်ကိစ္စပဲမဟုတ်လားငါ့ရဲ့ကျင့်ကြံဆင့်ကဒီမှာပဲရှိတယ်ဖျက်ဆီးနိုင်ရင်ဖျက်ဆီးကြည့်လိုက်လေအဆိုးဆုံးဖြစ်လာရင်လည်းအတူတူသေကြတာပေါ့" ရှောင်ချီဟာလက်နှစ်ဖက်ကိုဘေးသို့ဆန့်ထုတ်လိုက်ရာသူ့ခန္ဓာကိုယ်ထဲကမိစ္ဆာအငွေ့အသက်တွေဟာတရဟောတိုးထွက်လာတော့သည်။