အခန်း (၃၂) ဝိညာဉ်ဓားဂိုဏ်းသို့ ပြန်လာခြင်း။
ပြစ်ဒဏ်ပေးခြင်းဆိုင်ရာ အကြီးအကဲထွက်ခွာတော့မည်ဟု ကြားလိုက်ရသောအခါ အကြီးအကဲချန်မှာ ချက်ချင်းပင် ပျာယာခတ်သွားတော့သည်။ သူသည် မိမိကိုယ်ကိုယ် ကောင်းကောင်းသိသည် အကယ်၍ အကြီးအကဲကျန်းသာ ထွက်သွားပါက သူတစ်ယောက်တည်းနှင့် ဤနေရာကို မည်သို့မျှ ထိန်းချုပ်နိုင်မည် မဟုတ်ပေ။
"ငါက ပြစ်ဒဏ်ပေးခြင်းဆိုင်ရာ အကြီးအကဲ တစ်ယောက်ပဲလေ ဒီကို ရောက်လာတာကလည်း ကံကြမ္မာကြောင့်ပဲ မင်းတို့ကို အမြဲတမ်းကာကွယ်ပေးဖို့ ငါ ဒီမှာ တစ်သက်လုံး နေနေလို့ မရဘူး"
"ငါ ထွက်သွားပြီးရင်တော့ ဘာပြဿနာမှ မရှာကြနဲ့ဦး။ ဂိုဏ်းကို ပြန်ရောက်တာနဲ့ ဂိုဏ်းချုပ်နဲ့ တိုင်ပင်ပြီး ကူညီပေးဖို့အတွက် တောင်ထိပ်သခင်တစ်ယောက်လောက်ကို လွှတ်ပေးဖို့ တောင်းဆိုပေးမယ်"
ကျန်းချီနင်သည် လက်ကို ဝေ့ယမ်းကာ ပြတ်သားသော အမူအရာဖြင့် ပြောလိုက်သည်။
ဂိုဏ်း၏ စည်းကမ်းများကို လွယ်လွယ်နှင့် ချိုးဖောက်၍မရပေ။ သူကဲ့သို့ အကြီးအကဲတစ်ဦးအနေနှင့် ဤမျှအထိ ကူညီပေးခဲ့သည်မှာပင် လုံလောက်နေပြီ ဖြစ်သည်။
အကြီးအကဲချန်မှာလည်း အကြီးအကဲပြောသည်မှာ မှန်ကန်သဖြင့် အားကိုးရာမဲ့စွာ ခေါင်းညိတ်လိုက်ရုံသာ တတ်နိုင်တော့သည်။ အကယ်၍သာ ဟင်းလင်းပြင်သို့ ပြန်ခြင်းအဆင့်ရှိ ကျွမ်းကျင်သူတစ်ဦး ဤနေရာသို့ ကံကောင်းထောက်မစွာ ရောက်မလာခဲ့လျှင် သူတို့အားလုံး အသတ်ခံရပြီးလောက်ပြီ မဟုတ်ပါလား။
ဆွေးနွေးမှုများ ပြီးဆုံးပြီးနောက် ကျန်းချီနင်သည် ရှောင်ချီကို ပြန်သွားရှာသည်။
ထိုအချိန်တွင် ရှောင်ချီမှာ စခန်းရှိ တဲအတွင်း၌ အိပ်ရာပေါ်တွင် လူးလိမ့်ကာ အဆက်မပြတ် ညည်းတွားနေလေသည်။
"အား... နာလိုက်တာ ငါ သေတော့မှာလားမသိဘူး။ ငါ့ရဲ့ ကလီစာတွေ အားလုံး အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်နေသလိုပဲ"
ရှောင်ချီသည် ထိုကဲ့သို့ အသည်းယားစရာ အော်ဟစ်သံများနှင့်အတူ အိပ်ရာပေါ်တွင် ဟိုဘက်ဒီဘက် လူးလှိမ့်နေသည်။
"သူ ဘာဖြစ်နေတာလဲ" ကျန်းချီနင်က ဘေးတွင်ရှိနေသော လင်းယုရှုကို ကြည့်ကာ မေးလိုက်သည်။
စီနီယာအစ်ကိုက ခုနကတင် မိစ္ဆာလမ်းစဉ်က လူယုတ်မာတွေကို အသေအလဲ တိုက်ခဲ့ရတာလေ။ နတ်သန္ဓေတည်ခြင်းအဆင့်ရှိတဲ့ အနက်ရောင်ဝတ်စုံဝတ်လူ ၅ ယောက်ကိုတောင် သတ်ခဲ့တာ။
ဒါပေမဲ့ သူကိုယ်တိုင်လည်း ဒဏ်ရာအပြင်းအထန် ရသွားတယ်။ ဒဏ်ရာဟောင်းပေါ် ဒဏ်ရာသစ် ဆင့်နေတော့ သူ့ရဲ့ ကလီစာတွေ ပျက်စီးကုန်ပြီ သိပ်တောင် အသက်မရှည်တော့ဘူး ထင်တယ်။
ကောင်မလေးသည် သူမ၏ မျက်လုံးဝိုင်းကြီးများကို ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း ရှောင်ချီ အခုလေးတင် သင်ပေးထားသည့်အတိုင်း မျက်မှောင်ကြုတ်နေသော ကျန်းချီနင်ကို ပြန်ပြောပြလိုက်သည်။
အလွန်ပင် သနားစရာကောင်းနေသော ရှောင်ချီကို ကြည့်ပြီး ကျန်းချီနင်မှာ ဘာပြောရမှန်းပင် မသိတော့ပေ။
မူလကတော့ သူသည် ရှောင်ချီကို မိုးကြိုးနှင်တံနှင့် အချက် ၃၀ ရိုက်ရမည့် ကိစ္စကို ပြောချင်နေခြင်း ဖြစ်သည်။ သူခေါ်လာသော ဘလက်ဝမ်းနှင့် ဘလက်သရီးတို့ သေဆုံးသွားသော်လည်း အပြစ်ပေးရန်အတွက် အခြားတပည့်တစ်ဦးဦးကို ခိုင်းလျှင် ရသည် မဟုတ်ပါလား။
သို့သော် ရှောင်ချီ၏ သနားစရာ အခြေအနေကို မြင်သောအခါ သူထိုသို့ပြောရန် အတော်လေး အားနာသွားမိသည်။
ဘာပဲဖြစ်ဖြစ် ဤလူမှာ ဂိုဏ်းအတွက် သွေးမြေကျခံကာ အသက်နှင့်ရင်းပြီး တိုက်ပွဲဝင်ပေးခဲ့သည် မဟုတ်ပါလား။ တစ်ချိန်တည်းမှာပင် နတ်သန္ဓေအဆင့်ရှိ ရန်သူ ၅ ဦးကို သတ်နိုင်ခဲ့ခြင်းမှာ ဤစခန်းတစ်ခုလုံးတွင် အကြီးမားဆုံးသော သူရဲကောင်းလုပ်ရပ်ပင် ဖြစ်သည်။
ဝိညာဉ်မိုင်းတွင်းကို ခိုးယူသူအား သူက သတ် ပေးနိုင်ပြီး ဂိုဏ်းအတွက် အသက်ပေးကာ အမှုထမ်းခဲ့သည့် ဒဏ်ရာရ တပည့်တစ်ဦးအပေါ် ကျတော့ ရက်စက်နေသည်ဟု သတင်းထွက်သွားလျှင် သူ၏ ပြစ်ဒဏ်ပေးခြင်းဆိုင်ရာ အကြီးအကဲဟူသော ဂုဏ်သတင်းကို ထိခိုက်ပေလိမ့်မည်။
တော်စမ်းပါ ဟန်ဆောင်မနေနဲ့တော့။ မင်း ဂိုဏ်းအတွက် အများကြီး လုပ်ပေးခဲ့တယ်ဆိုတာ ငါသိပါတယ်။ မိုးကြိုးနှင်တံ အချက် ၃၀ ကိုတော့ လောလောဆယ် စာရင်းထဲမှာပဲ မှတ်ထားလိုက်မယ်။ ဒါပေမဲ့ မင်း ငါနဲ့အတူ ဂိုဏ်းကို လိုက်ခဲ့ရမယ် ဒီလို ကိစ္စကြီး ဖြစ်ပွားခဲ့တာဆိုတော့ ငါဂိုဏ်းချုပ်ကို အစီရင်ခံရမယ်။
ရှောင်ချီ လူးလိမ့်နေသည်ကို ကြည့်ကာ အကြီးအကဲမှာ လည်ချောင်းတစ်ချက် ဟန့်လိုက်ပြီး စိတ်တိုတိုနှင့် ပြောလိုက်သည်။
ကောင်းပါပြီ ကျွန်တော့်ရဲ့ နောင်တရတောင်ကမ်းပါးပေါ်က ကုတင်လေးကိုလည်း လွမ်းနေတာနဲ့ အတော်ပဲ တောင်အောက်ဆင်းရတာ ဒီလောက် အန္တရာယ်များမှန်း သိရင် မလာပါဘူး။ တောင်ကမ်းပါးပေါ်မှာပဲ အေးအေးဆေးဆေး နေခဲ့တာ ပိုကောင်းမယ်။
ရှောင်ချီသည် သက်ပြင်းတစ်ချက်ချကာ ဗိုက်ကို ကိုင်ပြီး ထရပ်လိုက်သည်။ ထို့နောက် အကြီးအကဲ၏ နောက်သို့ တတွတ်တွတ် ရေရွတ်ရင်း လိုက်သွားတော့သည်။
ကောင်မလေးမှာလည်း သူမ၏ စီနီယာအစ်ကို နောက်မှ ကပ်လိုက်လာခဲ့သည်။
လျှို့ဝှက်သော နေရာတစ်ခုသို့ ရောက်သောအခါ ယဲ့ဖန်နှင့် လင်းကျောင်လန်တို့မှာ စောင့်နေကြပြီ ဖြစ်သည်။ တောအုပ်အလယ်တွင် မီတာများစွာ ရှည်လျားသော ဝိညာဉ်လေသင်္ဘောကြီးတစ်စင်းမှာ ဆိုက်ကပ်ထားလေသည်။
ယဲ့ဖန်ကို မြင်လိုက်ရသောအခါ ရှောင်ချီ၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည် ရန်သူနှစ်ဦး မျက်နှာချင်းဆိုင် တွေ့ကြသည့်အခါ ထွက်ပေါ်လာသော အမုန်းတရားများမှာ လေထုထဲတွင် သိသာလှသည်။
ယဲ့ဖန်မှာလည်း ရှောင်ချီကို အေးစက်သော အကြည့်များဖြင့် စိုက်ကြည့်နေသည်။ သူတို့၏ အငွေ့အသက်များမှာ တိုးထွက်နေပြီး အချိန်မရွေး တိုက်ခိုက်တော့မည့်ပုံမျိုး ဖြစ်နေသည်။
"မင်းတို့နှစ်ယောက်လုံး ငြိမ်ငြိမ်နေကြ ငါ့ရှေ့မှာ တိုက်ခိုက်ကြမယ်ဆိုရင်တော့ ငါ့လက်ကို မညှာဘူးလို့ မပြောနဲ့တော့" ကျန်းချီနင်က သူတို့ကို စိုက်ကြည့်ကာ လေသင်္ဘောပေါ်သို့ အရင်ဆုံး တက်လိုက်သည်။
သူတို့ကဲ့သို့ အဆင့်အတန်းရှိသူများသည် ဓားစီးခြင်း သို့မဟုတ် လေထဲတွင် ပျံသန်းခြင်းမျိုးထက် မိမိတို့ နှစ်သက်သော သားရဲ သို့မဟုတ် လေသင်္ဘောများကိုသာ အသုံးပြုကြလေ့ရှိသည်။
ပြစ်ဒဏ်ပေးခြင်းဆိုင်ရာ အကြီးအကဲ၏ သယ်ယူပို့ဆောင်ရေးမှာ တစ်ကိုယ်လုံး အနက်ရောင် ဆိုးထားသော ဤလေသင်္ဘောကြီး ဖြစ်သည်။
မည်းနက်နေသော ဝိညာဉ်သစ်သား ပေါ်တွင် ပုလဲလုံးလေးများကို စီခြယ်ထားသဖြင့် အလွန်ပင် တောက်ပခန့်ညားလှသည်
မန္တန်တစ်ခုကို ရွတ်လိုက်ရုံဖြင့် လေသင်္ဘောသည် ဝိညာဉ်ကျောက်တုံးများကို အလိုအလျောက် သုံးစွဲကာ အသံထက်မြန်သော အရှိန်ဖြင့် ကောင်းကင်ယံကို ဖြတ်သန်းသွားမည် ဖြစ်သည်။
အမှန်တကယ်တော့ ဤလေသင်္ဘောမှာ သက်တောင့်သက်သာ ရှိစေရန်အတွက်သာ အဓိက ဖန်တီးထားခြင်း ဖြစ်သည်။ အကယ်၍ အရှိန်အတွက်သာ သီးသန့်ပြုလုပ်ထားသော လေသင်္ဘောဖြစ်လျှင် တစ်ရက်တည်းနှင့် တောင်တန်းပေါင်း ထောင်ချီ၊ မိုင်ပေါင်း သောင်းချီကို ဖြတ်ကျော်နိုင်စွမ်းရှိသည်။
ရှောင်ချီနှင့် ယဲ့ဖန်တို့သည် အကြည့်ချင်း ဆုံလိုက်သော်လည်း ချက်ချင်းတော့ ဘာမှမလုပ်ကြပေ။
ဒီကောင့်ကို နှိပ်စက်ဖို့ အခွင့်အရေးတွေက အများကြီး ရှိသေးသည်။ အခု လုပ်လိုက်ရင်တော့ အပေါ်က အဘိုးကြီးက အလွတ်ပေးမှာ မဟုတ်ဘူး မဟုတ်လား။
ကောင်လေးနှစ်ယောက်လုံး ငြိမ်ငြိမ်သက်သက်နှင့် လေသင်္ဘောပေါ် တက်လာသည်ကို မြင်ရသောအခါ ကျန်းချီနင်မှာ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
လင်းကျောင်လန်သည် လင်းယုရှုကို အကြည့်စူးစူးဖြင့် တစ်ချက်ကြည့်ကာ လေသင်္ဘောပေါ်သို့ လိုက်တက်သွားသည်။
လင်းကျောင်လန်၏ မျက်နှာကို ကြည့်ပြီး ကောင်မလေးမှာလည်း ကိုက်တော့မည့် ယုန်လေးတစ်ကောင်အလား သူမ၏ သွားလေးများကို ကြိတ်ထားမိသည်။
"ဟင်း... ငါ ကျင့်ကြံလို့ အောင်မြင်သွားတဲ့နေ့ကျရင်တော့ ဒီအရှက်မရှိတဲ့ မိန်းမဆိုးကို သေသေချာချာ သင်ခန်းစာ ပေးပစ်မယ်" ကောင်မလေးသည် တစ်ကိုယ်တည်း ရေရွတ်ရင်း ဝိညာဉ်သင်္ဘောပေါ်သို့ ခုန်တက်လိုက်သည်။
"ဥပဒေရဲ့အစွမ်းနဲ့... မြင့်တက်စမ်း" အကြီးအကဲသည် လက်ဟန်မန္တန်များကို လျင်မြန်စွာ ဖော်ဆောင်လိုက်ရာ လေသင်္ဘောကြီး တစ်စင်းလုံးမှာ မြေပြင်မှ ကြွတက်သွားပြီး ကောင်းကင်ယံသို့ ပျံတက်သွားတော့သည်။
"သွားစမ်း" အကြီးအကဲ၏ လက်ချောင်းထိပ်မှ ဝိညာဉ်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ရှေ့သို့ ညွှန်ပြလိုက်ရာ လေသင်္ဘောမှာ အရှိန်ပြင်းစွာဖြင့် လေထုကို ဖြတ်သန်းသွားကာ အသံလှိုင်း ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် လေသင်္ဘောမှာ မီတာထောင်ပေါင်းများစွာ အဝေးသို့ ရောက်ရှိသွားပြီး ပြာလွင်သော ကောင်းကင်ယံတွင် လှပသော မျဉ်းကွေးကြီးတစ်ခု ကျန်ရစ်ခဲ့တော့သည်။
"နားကြဦး ဝိညာဉ်ဓားဂိုဏ်းကို ရောက်ဖို့ နာရီဝက်ပဲ ကြာလိမ့်မယ်" အကြီးအကဲက ကောင်လေးနှစ်ယောက်နှင့် ကောင်မလေးနှစ်ယောက်ကို ကြည့်ကာ အခန်းအတွင်းဘက်သို့ ညွှန်ပြလိုက်သည်။
ရှောင်ချီမှာလည်း ခေါင်းညိတ်ကာ အားနာမနေဘဲ ကောင်မလေးကို ခေါ်ပြီး အခန်းထဲသို့ တိုက်ရိုက်ဝင်သွားတော့သည်။
ရှောင်ချီသည် လေသင်္ဘော၏ အရှိန်ကို ကြည့်ပြီး အလွန်ပင် အံ့အားသင့်နေမိသည်။ သူကိုယ်တိုင် အစွမ်းကုန် ပျံသန်းလျှင်တောင် ဤခရီးကို ၈ နာရီကြာ သွားရမည် ဖြစ်သော်လည်း ဤသင်္ဘောမှာမူ နာရီဝက်နှင့် ရောက်နိုင်သည်ဆိုတော့ သူ့ထက် ၅ ဆ၊ ၆ ဆ ပိုမြန်နေသည် မဟုတ်ပါလား။
လင်းကျောင်လန်မှာမူ ရှောင်ချီနှင့် ဝေးရာသို့ ယဲ့ဖန်ကို ဆွဲခေါ်သွားပြီး အခန်း၏ အခြားတစ်ဖက်တွင် နေရာယူလိုက်သည်။
သူမသည် ရှောင်ချီ၏ စိတ်နေစိတ်ထားကို တကယ်ပင် ကြောက်နေမိပြီ ဖြစ်သည်။ ဤလူမှာ အကြောင်းရင်းမရှိဘဲ ရူးသွပ်တတ်ပြီး ဘယ်သူ့မျက်နှာမှ မကြည့်ဘဲ တိုက်ခိုက်တတ်သူ ဖြစ်သည်။
အကယ်၍သာ အကြီးအကဲက တစ်စက္ကန့်လောက် အကြည့်လွဲသွားလျှင် ရှောင်ချီက သူတို့အပေါ် ခုန်အုပ်ပြီး ကိုက်လေမလားဆိုသည်ကို သူမ စိုးရိမ်နေမိသည်။
ကံကောင်းထောက်မစွာဖြင့် ခရီးလမ်းမှာ ငြိမ်းချမ်းလှသည် နာရီဝက်ဆိုသော အချိန်မှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။
လမ်းတွင် အကြီးအကဲသည် ကျောက်စိမ်းပြားကို အသုံးပြု၍ ဂိုဏ်းသို့ ဖြစ်ပျက်သမျှကို အစီရင်ခံထားနှင့်ပြီး ဖြစ်သည်။
သူတို့ ဂိုဏ်းသို့ ရောက်ရှိချိန်တွင်တော့ ဂိုဏ်းချုပ်၏ မျက်နှာမှာ အိုးဖင်က ကျပ်ခိုးများထက်ပင် ပိုမို မည်းမှောင်နေသည်ကို တွေ့လိုက်ရသည်။
ဤအချိန်တွင်ဂိုဏ်းချုပ်မှာဘယ်သူ့ကိုမှမျက်နှာသာပေးနိုင်သည့်အခြေအနေတွင်မရှိပေ။သူသည်ယဲ့ဖန်နှင့်သူ၏သမီးအရင်းကိုကြည့်သည့်အခါမှာပင်သူ၏မျက်နှာတွင်ဒေါသနှင့်စိတ်ပျက်မှုများပြည့်နှက်နေလေသည်။