အခန်း (၃၁) မိမိကိုယ်ကိုယ်သူခိုးဟု ဝန်မခံသော ယဲ့ဖန်
ယဲ့ဖန်တစ်ယောက် ရိုက်ထုတ်ခံလိုက်ရပြီး လွင့်ထွက်သွားသည်ကို မြင်တော့မှ ဘေးတွင် ထိုင်နေသော လင်းကျောင်လန်တစ်ယောက် သတိပြန်ဝင်လာသည်။ သူမသည် အမြန်ထရပ်ကာ ယဲ့ဖန်၏ ရှေ့မှ ကာကွယ်ပြီး စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။
"အကြီးအကဲ... ချမ်းသာပေးပါဦး ကျွန်မနဲ့ ယဲ့ဖန်ဟာ ဒီဂူပေါက်ကို ရှာတွေ့ခဲ့ပြီး ရန်သူတွေကို တားဆီးဖို့ ဝင်လာခဲ့တာပါ။ ဒါပေမဲ့ ဒီဝိညာဉ်ကြောထဲက ဝိညာဉ်စွမ်းအားတွေရဲ့ ဆွဲဆောင်မှုကို ခံလိုက်ရပြီး ခဏတာ စိတ်အမှားနဲ့ ဒီနေရာမှာ ကျင့်ကြံမိသွားတာပါ။ အဲဒါကြောင့် ဝိညာဉ်စွမ်းအားတွေကို စုပ်ယူမိသွားတာပါ"
လင်းကျောင်လန်သည် လက်နှစ်ဖက်ကို ဘေးသို့ ဆန့်ထုတ်ကာ ယဲ့ဖန်ကို အတင်းအကျပ် ကာကွယ်ရင်း မျက်ရည်စက်လက်နှင့် တောင်းပန်ရှာသည်။
"ဟင်း... ဆင်ခြေတွေ ပေးနေတုန်းပဲလား မင်းတို့သာ တကယ် ရန်သူကို တားဆီးဖို့ ရည်ရွယ်ချက်ရှိခဲ့ရင် ဘာလို့ဒီဂူထဲကနေ အမြန်ထွက်ပြီး ငါ့ကို အစီရင်ခံစာ မတင်ခဲ့တာလဲ"
"မင်းတို့ ဒီမှာစည်းကမ်းမဲ့ ကျင့်ကြံနေခဲ့လို့ ငါတို့ဂိုဏ်းရဲ့ ဝိညာဉ်ကျောက်တုံးမိုင်းတွင်း တစ်ဝက်နီးပါး တခြားသူတွေရဲ့ လက်ထဲ ပါသွားပြီဆိုတာ မသိဘူးလား"
"ပြီးတော့ ဒီမင်းရဲ့ချစ်သူဆိုတဲ့ကောင်က ဂိုဏ်းချုပ်ရဲ့ တိုက်ရိုက်တပည့် မဟုတ်လား အခုတော့ သူက ကိုယ့်ဂိုဏ်းရဲ့ ဝိညာဉ်မိုင်းတွင်းကို ပြန်ခိုးနေတယ်။ သူစုပ်ယူလိုက်တဲ့ ဝိညာဉ်စွမ်းအားတွေတင် မိုင်းတွင်းတစ်ခုလုံးရဲ့ ဆယ်ပုံတစ်ပုံလောက် ရှိနေပြီ။ ငါသာ နည်းနည်းနောက်ကျပြီး ရောက်လာရင် ဒီဝိညာဉ်မိုင်းတွင်းတစ်ခုလုံး သူ့လက်ချက်နဲ့ ပျက်စီးသွားမှာပဲ"
ပြစ်ဒဏ်ပေးခြင်းဆိုင်ရာ အကြီးအကဲသည် လင်းကျောင်လန်နှင့် သူကိုယ်တိုင် ရိုက်ထုတ်လိုက်သော ယဲ့ဖန်ကိုကြည့်ကာ ရင်ထဲတွင် အလွန်ပင် နာကျင်နေမိသည်။ သူ၏ ရင်ဘတ်မှာ ဒေါသကြောင့် နိမ့်ချည်မြင့်ချည် ဖြစ်နေကာ အလွန်အမင်း စိတ်ဆိုးနေသည်မှာ ထင်ရှားလှသည်။
ယဲ့ဖန်သည် ခက်ခက်ခဲခဲနှင့် ပြန်ထလာသည်။ သူသည် အကြီးအကဲ၏ နောက်တွင် လိုက်ပါလာသော ရှောင်ချီကို ကြည့်ကာ ချက်ချင်းပင် ရက်စက်ကြမ်းကြုတ်သော အကြည့်မျိုး ပြလိုက်သည်။
သို့သော် သူသည် ရင်ထဲက ဒေါသကို အတင်းအကျပ် ဖိနှိပ်ထားပြီး အကြီးအကဲ၏ ရှေ့သို့ အမြန်တိုးကာ ဒူးတစ်ဖက် ထောက်လိုက်သည်။ ထို့နောက် အလွန်ပင် အလေးအနက်ထားသော ပုံစံဖြင့်ဒါတွေအားလုံးက ဒီတပည့်ရဲ့ အပြစ်တွေပါပဲ။ အကြီးအကဲ ကျွန်တော့်ကို အပြစ်ပေးနိုင်ပါတယ်။ ကျွန်တော် ဂိုဏ်းတူညီအစ်ကိုတွေ သေဆုံးနေတာကို မြင်ခဲ့ရပေမဲ့ မကူညီနိုင်ခဲ့ဘူး။ ကျွန်တော့်ရင်ထဲမှာ အရမ်းပူပန်နေလို့ ကျွန်တော့်ရဲ့ ကျင့်ကြံဆင့်ကို အမြန်မြှင့်ပြီး သူတို့ကို ကူညီချင်ခဲ့တာပါ။
"မူလကတော့ ကျွန်တော် ဒီဝိညာဉ်စွမ်းအားတွေကို မစုပ်ယူရင်တောင် လုယက်ဖို့လာတဲ့ အနက်ရောင်ဝတ်စုံဝတ်လူတွေရဲ့ လက်ထဲကိုပဲ ရောက်သွားမှာပဲလို့ တွေးခဲ့မိတယ်။ ဒါကြောင့် သူတို့လက်ထဲ အနည်းငယ်ပဲ ရောက်သွားအောင် ကျွန်တော်က အရင်စုပ်ယူလိုက်တာပါ။ ဒီဝိညာဉ်ကျောက်တုံးတွေကို ကျွန်တော့်ရဲ့ ဓားအဖြစ် ပြောင်းလဲပြီး ရန်သူကို ပြန်တိုက်ခိုက်ဖို့ပါ"
"ဒါပေမဲ့ ဒီကိစ္စက အကြီးအကဲနဲ့ ဂိုဏ်းတူ စီနီယာတွေအပေါ် အခုလိုအထင်လွဲသွားစေမယ်လို့ ကျွန်တော် မထင်ထားခဲ့ပါဘူး။ ကျွန်တော်က တကယ်ပဲ သေသင့်တဲ့သူပါ။ အကြီးအကဲ... ကျွန်တော့်ကို အပြစ်ပေးပါ"
ယဲ့ဖန်သည် မျက်ရည်များကြားမှ ပြောလိုက်ပြီး ကျန်ရှိနေသော လက်တစ်ဖက်ဖြင့် မြေပြင်ကို ထောက်ကာ အကြီးအကဲကို ဦးညွှတ်လိုက်သည်။
"ဪ... ဒီလိုကိုး။ မင်းရဲ့ ကျင့်စဉ်က တကယ်ပဲ ထူးခြားတာပဲ ဝိညာဉ်ကျောက်တုံးတွေကို စုပ်ယူတဲ့အရှိန်ကလည်း မယုံနိုင်စရာပဲ။ အခြေအနေအရ ကြည့်မယ်ဆိုရင်တော့ မင်းလုပ်ရပ်က နားလည်ပေးလို့ ရနိုင်ပါတယ်"
ခြေတစ်ဖက် လက်တစ်ဖက် ပြတ်နေပြီး သနားစရာ ကောင်းနေသော ယဲ့ဖန်ကို ကြည့်ကာ ပြစ်ဒဏ်ပေးခြင်းဆိုင်ရာ အကြီးအကဲက ခေါင်းညိတ်လိုက်သည်။ သူ၏ ရင်ထဲတွင် ပိတ်ဆို့နေသော ဒေါသများမှာ အတော်အတန် လျော့ပါးသွားပုံရသည်။
"နားလည်ပေးလို့ရတဲ့ အကြောင်းပြချက် ရှိပေမဲ့ မင်းတို့နှစ်ယောက် ဂိုဏ်းရဲ့ ဝိညာဉ်မိုင်းတွင်းကို ခိုးယူခဲ့တာကတော့ အမှန်ပဲ။"
"မကြာခင်မှာ ငါ မင်းတို့ကို ဂိုဏ်းကို ပြန်ခေါ်သွားမယ်။ ဂိုဏ်းချုပ်ကပဲ မင်းတို့ရဲ့ ကံကြမ္မာကို ကိုယ်တိုင် ဆုံးဖြတ်ပါလိမ့်မယ်"
ခဏမျှ စဉ်းစားပြီးနောက် ပြစ်ဒဏ်ပေးခြင်းဆိုင်ရာ အကြီးအကဲသည် ရှေ့သို့တိုးကာ ယဲ့ဖန်ကို ထူပေးလိုက်သည်။ ထို့နောက် သူနှင့် လင်းကျောင်လန်ကို တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။
သူတို့၏ နောက်ကွယ်တွင်တော့ ရှောင်ချီသည် နှုတ်ခမ်းဖျားကို မဲ့လိုက်မိသည်။ ဒါက ဘယ်လို အဓိပ္ပာယ်မရှိတဲ့ဆင်ခြေတွေလဲ လုံးဝကို ယုတ္တိမရှိတာပဲ အကြီးအကဲက ဒီလောက်နဲ့ပဲ အလျှော့ပေးလိုက်တာလား လင်းကျောင်လန်နှင့် ယဲ့ဖန်ကို ဂိုဏ်းချုပ်လက်ထဲ အပ်လိုက်ပြီဆိုလျှင် သူတို့ကို အပြစ်ကနေ လွတ်ငြိမ်းခွင့် ပေးလိုက်သလိုပင် ဖြစ်သည်။
ထိုဂိုဏ်းချုပ် အဘိုးကြီးမှာ မိမိလူကို အကာအကွယ် အပေးဆုံးသူ မဟုတ်ပါလား။ သူက တစ်ခါတလေ ဂုဏ်သိက္ခာကို ဂရုစိုက်တတ်သော်လည်း ခိုင်လုံသော အကြောင်းပြချက် တစ်ခုခုရှိနေပြီး အပြစ်ဒဏ် အနည်းငယ်သာ ပေးလိုက်ရုံနှင့် သူတို့ကို လုံးဝ လွတ်မြောက်အောင် လုပ်ပေးနိုင်သည်။
"ဝိညာဉ်ကျောက်တုံး မိုင်းတွင်းထဲမှာ ရန်သူတွေ ကျန်နေသေးလားဆိုတာ သေသေချာချာ ရှာကြစမ်း။ နာရီဝက်ကြာရင် ဂူအပေါက်ဝမှာ ပြန်ဆုံမယ် အဲဒီနောက်မှာ ဒီလျှို့ဝှက်လမ်းကြောင်းကို ပိတ်ပစ်ပြီး အစီအရင်တွေကို အားဖြည့်မယ်။ ဘယ်သူခိုးမှ ထပ်မဝင်နိုင်အောင် လုပ်မယ်" အကြီးအကဲက မိုင်းတွင်းကို တစ်ချက်ကြည့်ကာ အမိန့်ထုတ်လိုက်သည်။
နတ်သန္ဓေအဆင့်ရှိသော တပည့်အများစုမှာ ချက်ချင်းပင် အကြံရသွားကြသည် နာရီဝက်ကြာအောင် ရှာခိုင်းတာဆိုတော့ ဒီအတောအတွင်း ဝိညာဉ်ကျောက်တုံး အနည်းငယ်လောက်ကို ခိုးယူပြီး အိတ်ထဲ ထည့်လိုက်ရင်လည်း ဘယ်သူမှ သိမှာမဟုတ်ဘူး မဟုတ်လား။
ထိုလူစု၏ သတ္တိကလည်း တကယ်ပင် ကြီးလှသည်။ ထိုနာရီဝက်အတွင်းမှာပင် အချို့သူများမှာ မိုင်းတွင်းထဲမှ ဝိညာဉ်ကျောက်တုံး တစ်သောင်းနီးပါးကို တိုက်ရိုက် လုယက်ယူငင်လိုက်ကြသည်။
သို့သော်လည်း ထိုတပည့်များ ခိုးယူသည့် ပမာဏမှာ အကြီးအကဲကိုယ်တိုင် ယူလိုက်သည့် ပမာဏနှင့် ယှဉ်လျှင် ဘာမှမဟုတ်တော့ပေ။
အကြီးအကဲက သူတို့ကို နာရီဝက် အချိန်ပေးလိုက်ခြင်းမှာ ပထမအချက်အနေနှင့် ရန်သူ ရှိမရှိ စစ်ဆေးရန် ဖြစ်သော်လည်း ဒုတိယအချက်မှာတော့ သူတို့အားလုံး၏ နှုတ်ကို ပိတ်လိုက်ခြင်းပင် ဖြစ်သည်။
ယခုတစ်ကြိမ်တွင် ဂိုဏ်း၏ ဝိညာဉ်မိုင်းတွင်း အလုခံရသဖြင့် အတိအကျ ဘယ်လောက်ပါသွားပြီး ဘယ်လောက် ကျန်ခဲ့သလဲဆိုသည်ကို မည်သူမှမသိနိုင်ပေ။ ဂိုဏ်းက လူလွှတ်ပြီး သေသေချာချာ စာရင်းလုပ်မှသာ သိနိုင်မည် ဖြစ်ရာ သူတို့ ကိုယ်တိုင် မိုင်းတွင်းထဲက ဘယ်လောက် ယူထားသလဲဆိုသည်ကို မည်သူမှ သိနိုင်တော့မည် မဟုတ်ပေ။
နာရီဝက်အကြာတွင် အားလုံးမှာ ကျေနပ်အားရစွာဖြင့် ဂူအပြင်သို့ ထွက်လာကြပြီး လမ်းကြောင်းတစ်ခုလုံးကိုပါ ပိတ်ပစ်လိုက်ကြသည်။
ထို့နောက်တွင်တော့ မိုင်းတွင်းတစ်ခုလုံး၏ အပြင်ဘက်ဆုံး ပတ်ပတ်လည်တွင် ပိုမိုကြီးမားသော အကာအကွယ် အစီအရင်တစ်ခုကို တည်ဆောက်လိုက်ကြသည်။
အရာအားလုံး ပြီးဆုံးသွားသောအခါ အကြီးအကဲနှင့် ဒဏ်ရာအပြင်းအထန် ရထားသော အကြီးအကဲချန်တို့သည် ဂိုဏ်းသားများ၏ စိတ်ခံစားချက်ကို နှစ်သိမ့်ပေးလိုက်ကြသည်။
ဒါဟာ ရုတ်တရက် တိုက်ခိုက်ခံရခြင်း ဖြစ်သည်။ ဂိုဏ်းကလည်း ဘာမှ မပြင်ဆင်ထားသဖြင့် အရှုံးက ကြီးမားလှသည်
အတိအကျ စာရင်းမရသေးသော်လည်း လက်ရှိတွင် ရပ်နေနိုင်သော သူများမှာပင် ဒဏ်ရာ ပြင်းထန်လှသည်အချို့မှာ ခြေလက်ပြတ်နေသလို အချို့မှာလည်း ဒန်ထျန်း များ ပျက်စီးနေကြရသည်။
"အကြီးအကဲ... ကျွန်တော်တို့ကို ဘယ်ဂိုဏ်းက တိုက်ခိုက်တာလဲ ဘာသဲလွန်စမှ မရှိဘူးလား"
"ဟုတ်ပါတယ် အကြီးအကဲ... ကျွန်တော်တို့ ဝိညာဉ်ဓားဂိုဏ်းက ဒီလောက်အထိ အရှက်ကွဲတာမျိုး ဘယ်တုန်းက ရှိခဲ့ဖူးလို့လဲ ကျွန်တော်တို့ လက်စားချေချင်ပါတယ်"
"ကျွန်တော့်ရဲ့စီနီယာအစ်ကိုဟာ ကျွန်တော့်ကို ကာကွယ်ရင်း ဓားနဲ့ အထိုးခံခဲ့ရတယ်။ သူ့ရဲ့ ဦးနှောက်တွေနဲ့ သွေးတွေက ကျွန်တော့်မျက်နှာပေါ်ကို လာစင်ခဲ့တာ။ အဲဒီခံစားချက်က ဘယ်လောက်တောင် ပူလောင်သလဲဆိုတာ အကြီးအကဲတို့ သိရဲ့လား"
တပည့်များမှာ တရားသောဒေါသများဖြင့် ပြည့်နှက်နေကြပြီး မျက်နှာတိုင်းတွင် သွေးကြွေးဆပ်လိုသော အရိပ်အယောင်များ ပေါ်လွင်နေသည်။
အားလုံးပဲ စိတ်အေးအေးထားကြပါ။ ဂိုဏ်းကို ဘယ်သူ တိုက်ခိုက်တာလဲဆိုတာကို ငါတို့ သေသေချာချာ စုံစမ်းမှာပါ။ မင်းတို့အားလုံးအတွက် ငါတို့ လက်စားချေပေးမယ်။
"လက်ရှိမှာ အရေးအကြီးဆုံးကတော့ နားနားနေနေနဲ့ ခွန်အားပြန်ဖြည့်ဖို့ပဲ။ မင်းတို့အားလုံး ဒဏ်ရာတွေကို အမြန်ဆုံး ကုသကြပါ။ ဂိုဏ်းက အရာအားလုံးကို အမြစ်ပြတ် စုံစမ်းပြီးတဲ့အခါမှ မင်းတို့ရဲ့ ဓားတွေကို ဆွဲထုတ်ပြီး လက်စားချေနိုင်မှာပါ။
ပြစ်ဒဏ်ပေးခြင်းဆိုင်ရာ အကြီးအကဲနှင့် ယှဉ်လျှင် အကြီးအကဲချန်က လူတို့၏စိတ်ကို ပိုပြီး နားလည်သူ ဖြစ်သည်။ သူသည် တပည့်များ၏ စိတ်ခံစားချက်ကို လျော့ပါးသွားအောင် အဆက်မပြတ် နှစ်သိမ့်ပေးနေသည်။
နာရီဝက်နီးပါး စကားပြောပြီးမှသာ တပည့်များမှာ တဖြည်းဖြည်းချင်း လူစုကွဲသွားတော့သည်။
စီနီယာအစ်ကိုကျန်း... ကျီယီလည်း ပြန်ရောက်လာပြီ။ အခု ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ မိုင်းတွင်း ပတ်ဝန်းကျင်မှာ ဒဏ်ရာပြင်းထန်တဲ့ တပည့်တွေချည်းပဲ။ ဆေးကုသမှု မရရင် အများကြီးဟာ တစ်သက်လုံး ပြန်ပြီး ကျင့်ကြံနိုင်တော့မှာ မဟုတ်ဘူး။
အကြီးအကဲချန်သည် ကျန်းချီနင်ကို ကြည့်ကာ ခါးသီးသော အပြုံးဖြင့် မေးလိုက်သည်။
"ငါ ခဏနေရင် ဂိုဏ်းကို ပြန်တော့မယ်။ ယဲ့ဖန်နဲ့ ရှောင်ချီရဲ့ ကိစ္စတွေကလည်း မပြီးသေးဘူး အခုဂိုဏ်းကလည်း ဒီလို အန္တရာယ်ကြီးနဲ့ ရင်ဆိုင်လိုက်ရပြန်ပြီ။ အရာအားလုံးအတွက် ဂိုဏ်းချုပ်ကိုယ်တိုင် ဆုံးဖြတ်ဖို့ လိုအပ်တယ်"
"ငါမရှိတဲ့အချိန်မှာ မိုင်းတွင်းကို သေသေချာချာ စောင့်ကြပ်ထားပါ။ ဒီမိုင်းတွင်းက နောက်ထပ် အရှုံးမခံနိုင်တော့ဘူး" ပြစ်ဒဏ်ပေးခြင်းဆိုင်ရာ အကြီးအကဲသည် အကြီးအကဲချန်ကို အလေးအနက် ကြည့်ကာ ပြောလိုက်သည်။