အခန်း (၃) လင်းကျောင်လန် ပြန်လာပြီ
သူ့ရှေ့တွင် ပိတ်ဆို့ကာကွယ်ပေးထားသူမှာ သူ၏ ညီမငယ်ဖြစ်သူ လင်ယုရှုပင် ဖြစ်သည်။
အတိတ်က ဝိညာဉ်ဓားဂိုဏ်းကြီးမားသော ကပ်ဘေးနှင့် ရင်ဆိုင်ရစဉ်က သူမကို ယဲ့ဖန် က ဂိုဏ်းပြင်ပသို့ ခေါ်ထုတ်သွားခဲ့သည်။ သူမ ဤမျှလောက်အထိ အစွမ်းထက်လာလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။
သို့သော် သူမသည် စီနီယာအစ်ကိုဖြစ်သူကို မြင်သောအခါ ယခုရရှိထားသော စည်းစိမ်ချမ်းသာနှင့် ဂုဏ်အသရေအားလုံးကို စွန့်လွှတ်ပြီး သူ၏ကိုယ်စား ဤတိုက်ကွက်ကို ကြားဖြတ်ခုခံရန် ရွေးချယ်ခဲ့သည်။ ၎င်းမှာ သူ လုံးဝမမျှော်လင့်ထားသော အရာပင် ဖြစ်သည်။
မိန်းကလေးတစ်ယောက်ရဲ့ နောက်ကွယ်မှာ ပုန်းနေတာ စီနီယာအစ်ကိုတစ်ယောက်ရဲ့ ကျင့်ဝတ်မဟုတ်ဘူး ဒီနေ့ ငါသေရမယ်ဆိုရင်တောင် ငါ့အတွက် ငါတရားမျှတမှု ရှာသွားမယ် ရှောင်ချီသည် ရှေ့သို့ အနည်းငယ် တိုးလိုက်ပြီး သူ၏ညီမငယ်ကို ပွေ့ဖက်လိုက်ကာ ယဲ့ဖန်ကို တိုက်ရိုက်ရင်ဆိုင်ရန် မတ်တပ်ရပ်လိုက်သည်။
မင်းလို သူပုန်တပည့်.အခုထိ ပြန်မလာသေးဘူးလား နတ်မိမယ် လင်းယွင်၏ အသံမှာ ဒေါသနှင့် ဇဝေဇဝါဖြစ်မှုများ ရောပြွမ်းလျက် ဟင်းလင်းပြင်အတွင်း ပဲ့တင်ထပ်သွားသည်။
ဝိညာဉ်ဓားဂိုဏ်း ပျက်စီးသွားကတည်းက ရှောင်ချီ သေဆုံးသွားပြီဟု သူတို့အားလုံး ထင်မှတ်ခဲ့ကြပြီး သူတို့၏ ဘဝထဲမှ သူ့ကို တဖြည်းဖြည်း မေ့လျော့ခဲ့ကြသည်။
သို့သော် သူမ၏ အငယ်ဆုံးတပည့်မလေးသည် အနှစ် (၂၀) ကြာ အတူနေထိုင်ခဲ့သည့် ဆရာနှင့် စီနီယာမမများကို စွန့်လွှတ်ပြီး အနှစ် (၂၀၀) ကြာ သေဆုံးသွားပြီဟု ထင်ရသော စီနီယာအစ်ကိုကို ဘာကြောင့် ရွေးချယ်ခဲ့ရသနည်း။ ၎င်းမှာ နတ်မိမယ် လင်းယွင် မည်သို့မျှ စဉ်းစားမရသော အချက်ပင် ဖြစ်သည်။
ကြောက်မက်ဖွယ် မိစ္ဆာမီးလျှံများမှာ ရှောင်ချီ၏ ခန္ဓာကိုယ်တွင် လောင်မြိုက်နေသည်။
အဆုံးမရှိသော ဒေါသတရားများက ရှောင်ချီ၏ သတိစိတ်ကို ဝါးမြိုသွားပြီး သူ၏ အိုမင်းနေသော ခန္ဓာကိုယ်မှာလည်း လျင်မြန်စွာ ပိန်လှီသွားကာ အရိုးစုတစ်ခုကဲ့သို့ ဖြစ်သွားသည်။
တဟုန်ထိုးတက်လာသော ဒေါသတရားမှာ သူ၏အစွမ်းထက်ဆုံး လက်နက်ဖြစ်လာခဲ့သည်။ ယခုအချိန်တွင် သူသည် မတရားသော ကောင်းကင်ဘုံကိုလည်းကောင်း အကြင်နာမဲ့သော သူ၏ဆရာနှင့် စီနီယာမမများကိုလည်းကောင်း အရှက်မရှိသော ယဲ့ဖန်ကိုလည်းကောင်း အလွန်အမင်း မုန်းတီးနေသည်။
သို့သော် ဤအရာမှာ ဇာတ်ပို့တစ်ယောက်၏ ကံကြမ္မာ ဖြစ်ပေလိမ့်မည်။ သူသည် ယဲ့ဖန်အတွက် နင်းကန်ခံရမည့် ကျောက်တုံးလေးတစ်တုံးသာ ဖြစ်သည်။ ၎င်းမှာ မွေးကတည်းက သတ်မှတ်ထားသော ကံကြမ္မာလည်း ဖြစ်နိုင်ပေသည်။
"အား..." အနက်ရောင် မိစ္ဆာစွမ်းအင်နှင့် အနီရောင်သွေးစွမ်းအင်များမှာ ရှောင်ချီ၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားသည်။
ရှောင်ချီသည် ဒေါသတကြီး ဟိန်းဟောက်ကာ ကောင်းကင်ယံထက်တွင် မာန်တက်နေသော ယဲ့ဖန်ဆီသို့ ပြေးဝင်သွားသည်။
ပိုးစုန်းကြူးလေးရဲ့ အလင်းက လပြည့်ဝန်းကို ယှဉ်ချင်တာလား ရယ်စရာကောင်းလိုက်တာယဲ့ဖန်က နှာခေါင်းရှုံ့လိုက်ရင်း လက်ဝါးနှစ်ဖက်လုံးဖြင့် ရိုက်ချလိုက်သည်။
ပေပေါင်းများစွာ ကျယ်ဝန်းသော ကြီးမားသည့် လက်ဝါးကြီးနှစ်ခုမှာ ခြင်တစ်ကောင်ကို ရိုက်သတ်သကဲ့သို့ ရှောင်ချီထံသို့ ကျဆင်းလာသည်။
ငါ့ရဲ့ခန္ဓာကိုယ်နဲ့ ကျင့်ကြံအဆင့်တွေ ပျက်စီးသွားပါစေ ငါ့ရဲ့ဝိညာဉ်ပါ လွင့်စင်ပျောက်ကွယ်သွားပါစေ မင်းရဲ့ရာစုနှစ်ချီတဲ့ ကျင့်ကြံမှု အခြေခံကိုတော့ ငါဖျက်ဆီးပစ်မယ်။
ထိုလက်ဝါးကြီးနှစ်ခုမှာ ရှောင်ချီကို အလယ်တွင် ထည့်ကာ အတားအဆီးမရှိ ဖိချလိုက်သည်။ ရှောင်ချီ၏ ခန္ဓာကိုယ်မှာ ရွှံ့ညွန်ကဲ့သို့ပင် ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားပြီး ဤလောကမှ ပျောက်ကွယ်သွားခဲ့သည်။
သို့သော် သူ၏ကိုယ်ပေါ်တွင် လောင်မြိုက်နေသော မီးလျှံများနှင့် မိစ္ဆာစွမ်းအင်များမှာ ထိုလက်ဝါးကြီးနှစ်ခုကို စွဲကပ်သွားသည်။
ထိုမိစ္ဆာစွမ်းအင်များမှာ ဟင်းလင်းပြင်ကို ဖြတ်ကျော်နိုင်ပုံရပြီး လက်ဝါးကြီးများမှတစ်ဆင့် ယဲ့ဖန်၏ ခန္ဓာကိုယ်ဆီသို့ ချက်ချင်းပင် ကူးစက်သွားသည်။
ငြိမ်းစမ်း ယဲ့ဖန်က ဒေါသတကြီး အော်ဟစ်လိုက်ရာ ကြောက်မက်ဖွယ် မိစ္ဆာမီးလျှံများမှာ ခဏချင်းပင် ရပ်တန့်သွားသည်။
အရာအားလုံး ပြီးဆုံးသွားပြီဟု သူ သက်ပြင်းချလိုက်စဉ်မှာပင် မိစ္ဆာစွမ်းအင်များ စွဲကပ်နေသော အနက်ရောင်နှင့် အနီရောင် ရောယှက်နေသည့် မီးလျှံများမှာ ပြန်လည် လောင်မြိုက်လာပြန်သည်။
မှတ်ဉာဏ်များမှာ ဒီရေကျသကဲ့သို့ ဖြည်းညှင်းစွာ ပြန်လည် ဆုတ်ခွာသွားပြီး ရှောင်ချီ၏မျက်လုံးများမှာ တဖြည်းဖြည်း ကြည်လင်လာသည်။
ယဲ့ဖန်က ဒီလောကရဲ့ ကံကြမ္မာရှင်ဖြစ်နေပုံရတယ်။ ငါ ဘယ်လောက်ပဲ ကြိုးစားကြိုးစား သူ့ရဲ့တောက်ပမှုအောက်မှာ ငါ့ဘဝက အသုံးမကျတဲ့အထိ ဖိနှိပ်ခံနေရမှာပဲ။
ဒါပေမဲ့ ငါ တစ်ကျော့ပြန် ပြန်ရောက်လာပြီဆိုတော့ ငါနဲ့ထိုက်တန်တဲ့အရာတွေအတွက် ငါတိုက်ပွဲဝင်ရမယ်။
လူကောင်းတစ်ယောက်အနေနဲ့ မင်းကို မယှဉ်နိုင်ဘူးဆိုရင် ငါ မိစ္ဆာဘုရင်တစ်ယောက်အဖြစ် ပြောင်းလဲလိုက်ရင်ကော ငါလူယုတ်မာ တစ်ယောက် ဖြစ်လာရင်ကော။
ရှောင်ချီက စိတ်ထဲမှ တိတ်တဆိတ် တွေးလိုက်သည်။ သူ၏ မျက်လုံးများအတွင်း၌ သွေးပင်လယ်ကြီး ရှိနေသကဲ့သို့ ခံစားရပြီး ဤလောကရှိ လှပသောအရာအားလုံးကို ဖျက်ဆီးပစ်ချင်နေပုံရသည်။
စီနီယာအစ်ကို မြန်မြန်ထွက်လာခဲ့တော့ စီနီယာမမလင်း ဂိုဏ်းကို ပြန်ရောက်တော့မယ် အိမ်ပြင်မှ စိုးရိမ်တကြီး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
"ကျွိ..." တံခါးမှာ ဖြည်းညှင်းစွာ ပွင့်သွားပြီး အနီရောင်ဝတ်စုံနှင့် မိန်းကလေးငယ်တစ်ဦးမှာ အပြင်ဘက်တွင် ရေရေရာရာ မရှိဘဲ ရပ်နေသည်။
သူမ၏ ချစ်စရာကောင်းသော ကလေးမျက်နှာမှာ အနည်းငယ် နုနယ်နေသော်လည်း သူမ၏ ကောက်ကြောင်းအလှများမှာမူ သူမကို ကလေးတစ်ယောက်လို ဆက်ဆံနေခြင်းကို ဆန့်ကျင်နေသကဲ့သို့ ရှိသည်။
"ေအးအေးဆေးဆေး ကျင့်ကြံမနေဘဲ ဘာလို့ ဒီမှာ လာပြီး ဆူညံနေတာလဲ" အနီရောင်ဝတ်စုံနှင့် မိန်းကလေးကို ကြည့်ရင်း ရှောင်ချီ၏ မျက်နှာတွင် စစ်မှန်သော အပြုံးတစ်ခု ပေါ်လာသည်။
သူမမှာ သူ၏ညီမငယ် လင်ယုရှုပင် ဖြစ်သည်။ ဤပုံရိပ်ကို ကြည့်ရင်း ရှောင်ချီသည် သူ၏အတိတ်ဘဝက သူ့အတွက် အသက်စတေးကာ ကာကွယ်ပေးခဲ့သော မိန်းကလေးငယ်ကို ပြန်လည် အမှတ်ရမိသည်။
ပြန်စဉ်းစားကြည့်လျှင် သူ အားအငယ်ဆုံးဖြစ်နေသည့် အချိန်များတွင် ဤမိန်းကလေးငယ် တစ်ဦးတည်းသာ သူ၏အနားတွင် အမြဲရှိနေခဲ့ခြင်း ဖြစ်သည်။
ထိုစဉ်က သူမမှာ တစ်ဦးတည်းဖြစ်ပြီး အားနည်းလွန်းလှသဖြင့် သူမ ရှိနေခြင်း မရှိနေခြင်းမှာ အခြေအနေကို ထူးခြားမသွားစေခဲ့ပေ။
သို့သော်လည်း ဤမိန်းကလေး၏ ပါရမီမှာ အလွန်ကောင်းမွန်ပုံရသည်။ အနှစ် (၂၀) ကြာပြီးနောက်တွင် သူမသည် မဟာယာနအဆင့်ရှိ ယဲ့ဖန်၏ လက်ဝါးချက်ကို တိုက်ရိုက်ရင်ဆိုင်နိုင်ခဲ့သည်။ ပြင်းထန်စွာ ဒဏ်ရာရခဲ့သော်လည်း ၎င်းမှာ သူမ၏ အစွမ်းထက်မှုကို ပြသနေခြင်းပင် ဖြစ်သည်။
ဒီနေ့က စီနီယာအစ်ကိုရဲ့ စေ့စပ်ပွဲနေ့ကြီးပဲ ညီမလည်းလာပြီး ပျော်ရမှာပေါ့ စီနီယာအစ်ကိုက ဘာလို့လုံးဝစိတ်မလှုပ်ရှားနေတာလဲ။
မိန်းကလေးငယ်မှာ အလွန်တက်ကြွနေပြီး ရှောင်ချီ၏လက်ကိုဆွဲကာ အပြင်သို့ ခေါ်သွားသည်။ ရှောင်ချီသည်လည်း မငြင်းဆန်ဘဲ သူမနောက်သို့ လိုက်ပါကာဂိုဏ်း၏ ခန်းမဆောင်ကြီးဆီသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းခဲ့သည်။
အချို့သော အရာများကိုတော့ နောက်ဆုံးမှာ ရင်ဆိုင်ရမှာပဲ သူ၏ အတိတ်ဘဝတွင် လင်းကျောင်လန်နှင့် ယဲ့ဖန်တို့ ရုတ်တရက် ပြန်ရောက်လာခြင်းကို ရှောင်ချီမှာ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှု မရှိခဲ့သဖြင့် အလွန်အမင်း အံ့အားသင့်ခဲ့ရသည်။
ယခုမူ အဖြစ်အပျက်များ မည်သို့ဆက်ဖြစ်မည်ကို သူသိရှိနေပြီ ဖြစ်သဖြင့် အတိတ်ကကဲ့သို့ လူအများ၏ လှောင်ပြောင်စရာ အဖြစ်မျိုးကို သူခံတော့မည် မဟုတ်ပေ။
စီနီယာအစ်ကို... ဘာလို့ အမြဲတမ်း မျက်နှာကြီး သုန်မှုန်နေတာလဲ ဒီလို ပျော်စရာကောင်းတဲ့နေ့မှာ ပျော်နေရမှာ မဟုတ်လား အကျယ်ကြီးရယ်နေရမှာလေ ကဲ... မြန်မြန်လေး ပြုံးပြစမ်းပါ။
မိန်းကလေးငယ်၏ ပါးစပ်မှာ စက်သေနတ်ကဲ့သို့ တစ်လမ်းလုံး မနားတမ်း ပြောလာသဖြင့် ရှောင်ချီမှာ ဆူညံလွန်း၍ စိတ်မရှည်သလိုပင်ဖြစ်လာသည်။
မကြာမီမှာပင် သူတို့သည် ဂိုဏ်း၏ ခန်းမဆောင်ကြီးဆီသို့ ရောက်ရှိလာကြသည်။ ရှေးဟောင်း အဆောက်အအုံကြီးကို ကြည့်ရင်း ရှောင်ချီ၏မျက်နှာရိပ်မှာ အနည်းငယ် ပျက်ယွင်းသွားသည်။ ဤနေရာတွင် သူ ပြန်မမှတ်မိချင်သော ဆိုးဝါးသည့် မှတ်ဉာဏ်များစွာ ရှိနေသည်။
စီနီယာအစ်ကိုရှောင် ရောက်လာပြီ ဘယ်လိုလဲ စီနီယာအစ်ကို... ကျွန်တော်တို့ ပြင်ဆင်ထားတာတွေကို သဘောကျရဲ့လား။
ဟိုက အနီရောင် ပန်းပွင့်ကြီးကိုကြည့်ဦး ကျွန်တော် မြို့ထဲအထိ သွားဝယ်ထားတာ။
စီနီယာအစ်ကို ရှောင်ကတော့ တကယ်ကို ကံကောင်းတာပဲ ကျွန်တော်တို့ ဂိုဏ်းချုပ်ရဲ့ သမီးနဲ့ လက်ထပ်ရမှာလေ စီနီယာမမလင်းက ကျွန်တော်တို့ ဂိုဏ်းရဲ့ နံပါတ် (၁) အလှပဂေးပဲ။ စီနီယာအစ်ကိုတော့ အိပ်မက်ထဲမှာတောင် ပြုံးနေတော့မှာပဲ။
တပည့်များစွာမှာ ရှောင်ချီကို ဝန်းရံကာ မနားတမ်း ပြောဆိုနေကြသည်။
နုနယ်သော်လည်း ရင်းနှီးနေသောဤမျက်နှာများကို ကြည့်ရင်း ရှောင်ချီ၏ စိတ်ထဲတွင် လွမ်းဆွတ်မှုနှင့်အတူ ရွံရှာမှုအချို့လည်း ရောပြွမ်းပေါ်ပေါက်လာသည်။
ဤလူများထဲတွင် သူနှင့်အတူ အဆုံးထိ တိုက်ပွဲဝင်ခဲ့သော ညီအစ်ကိုများ ပါဝင်သကဲ့သို့ ယဲ့ဖန်နှင့် ရင်းနှီးပြီး ဂိုဏ်းဒုက္ခရောက်ချိန်တွင် ယဲ့ဖန်နှင့်အတူ ထွက်ပြေးသွားမည့် တပည့်များလည်း ပါဝင်နေသည်။
ရယ်စရာကောင်းသည်မှာ ၎င်းမှာ ယဲ့ဖန်ကြောင့် ဖြစ်ပေါ်လာသော ကပ်ဘေးဖြစ်သော်လည်း ယဲ့ဖန်နှင့်နီးစပ်သူများကိုသာ သူ ခေါ်သွားခဲ့ခြင်း ဖြစ်သည်။
ယဲ့ဖန်နှင့် မရင်းနှီးသူများနှင့် သူ့ထံတွင် ခိုကပ်ခြင်း မပြုလိုသူများမှာမူ နောက်ချန်ထားခြင်းခံခဲ့ရသည်။
အားလုံးကို ကျေးဇူးတင်ပါတယ် အားလုံးပဲ အတူတူ ထိုင်ကြပါဦး ရှောင်ချီက အတင်းအဓမ္မပြုံးရင်း ပြောလိုက်သည်။
အပြုံးနှင့် ကြိုဆိုသူကို ဘယ်သူမှ လက်သီးနှင့် မထိုးရက်ပါ ရှောင်ချီသည် ဤလူများထဲမှ မည်သူက သူငယ်ချင်းဖြစ်ထိုက်ပြီး မည်သူက အပေါင်းအသင်း မလုပ်ထိုက်ကြောင်း မှတ်မိနေပြီ ဖြစ်သည်။
သူ့အပေါ် ရန်ငြိုးရှိခဲ့သူ အနည်းငယ်ကိုလည်း သူ မှတ်ထားလိုက်ပြီး နောင်တွင် အပြတ်အသတ် ရှင်းပစ်မည်ဟု တေးထားလိုက်သည်။
"စီနီယာမမလင်း ပြန်လာပြီ စီနီယာမမလင်း ပြန်လာပြီ" အားလုံး ထိုင်လိုက်ကြစဉ်မှာပင် အပြင်ဘက်မှ တပည့်တစ်ဦး၏ အော်ဟစ်သံ ထွက်ပေါ်လာသည်။
စီနီယာမမလင်းကတော့ တကယ်ပဲ မင်္ဂလာပွဲနေ့မှာတောင် လျှောက်သွားနေသေးတယ်။ တော်သေးတာပေါ့ အချိန်မီ ပြန်ရောက်လာလို့မဟုတ်ရင် မင်္ဂလာအချိန်နဲ့ လွဲတော့မှာ
လင်းကျောင်လန် ပြန်ရောက်လာပြီဟု ကြားလိုက်ရသဖြင့် တပည့်အားလုံးမှာ မတ်တပ်ရပ်လိုက်ကြပြီး စေ့စပ်ပွဲ၏ အဓိက ဇာတ်ဆောင်ဖြစ်သူကို ကြိုဆိုရန် ခန်းမအပြင်ဘက်သို့ ထွက်သွားကြသည်။