အခန်း (၂၆) အချုပ်အနှောင်မှ ရုန်းထွက်ခြင်း
"မင်းက သိပ်မောက်မာနေတာ မဟုတ်လား ငါ့ရဲ့ လက်တစ်ဖက်နဲ့ ခြေတစ်ဖက်ကို ဖြတ်ခဲ့တာ မင်းမလား ကဲ... ဆက်ပြီး မောက်မာကြည့်စမ်းပါဦး" ယဲ့ဖန်သည် ခုန်ဆွခုန်ဆွဖြင့် တိုးလာပြီး သူ၏ကျန်ရှိနေသော ခြေထောက်ဖြင့် ရှောင်ချီ၏ မျက်နှာကို ကန်ကျောက်လိုက်သည်။ ခြေရာအကြီးကြီးတစ်ခုမှာ ရှောင်ချီ၏ ပါးပြင်ပေါ်တွင် အထင်အရှား ကျန်ရစ်ခဲ့တော့သည်။
အကြိမ်ကြိမ် နင်းခြေပြီးနောက် ယဲ့ဖန်သည် အထင်သေးစွာ တံတွေးထွေးကာ တဲအတွင်းမှ ထွက်သွားတော့သည်။
ကောင်မလေးက တားရန် ကြိုးစားသော်လည်း လင်းကျောင်လန်က သူမကို ဘေးသို့ ကန်ထုတ်လိုက်သည်။
"စီနီယာအစ်ကို... အဆင်ပြေရဲ့လား" ကောင်မလေးသည် ရှောင်ချီ၏ ဘေးသို့ တွားသွားကာ သူ့ကိုယ်ပေါ်ရှိ ကြိုးများကို ဖြည်ရန် ကြိုးစားရှာသည်။
သို့သော် ဤကြိုးများမှာ ဟင်းလင်းပြင်သို့ ပြန်ခြင်းအဆင့်ရှိ ကျွမ်းကျင်သူကိုယ်တိုင် ချည်နှောင်ထားခြင်း ဖြစ်သည်။ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်သာရှိသော ကောင်မလေးအဖို့ သူမ၏ အစွမ်းကုန်ထုတ်သုံးလျှင်တောင် ဤကြိုးများကို ဖြည်နိုင်ရန် လုံးဝ မဖြစ်နိုင်ပေ။
"ဟားဟားဟား... ဒီယဲ့ဖန်က ဒီလောက်အထိ ယုတ်မာပြီး အားနည်းတဲ့လူသားတစ်ယောက် ဖြစ်နေလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး"
မြေပြင်ပေါ်တွင် လဲလျောင်းနေသော ရှောင်ချီသည် ရုတ်တရက် ရူးသွပ်စွာ ရယ်မောလိုက်တော့သည်။ ယဲ့ဖန် ထွက်သွားသည့် ဘက်ကို ကြည့်ကာ သူသည် ဒေါသထွက်မနေသည့်အပြင် အားရပါးရပင် ရယ်မောနေခြင်း ဖြစ်သည်။
"စီနီယာအစ်ကို... စီနီယာအစ်ကို... ဘာဖြစ်လို့လဲဟင် ကျွန်မကို ကြောက်အောင် မလုပ်ပါနဲ့" လင်းယွီရှို့သည် ရူးသွပ်စွာ ရယ်နေသော ရှောင်ချီကို လှုပ်ခါရင်း စိုးရိမ်တကြီး မေးလိုက်သည်။
သူသည် ပြန်လည်မွေးဖွားခြင်းကို ကြုံတွေ့ခဲ့ရသော်လည်း အတိတ်ဘဝမှ ယဲ့ဖန်၏ မြင့်မြတ်လှသော ပုံရိပ်မှာ ရှောင်ချီ၏ ရင်ထဲတွင် တံဆိပ်ခတ်နှိပ်ထားသလိုရှိနေဆဲ ဖြစ်ကာ ရံဖန်ရံခါ သူ့ကိုအသက်ရှူကျပ်အောင် ဖိနှိပ်ထားလေ့ရှိသည်။
ယခုမူ သူ့ကို တစ်ကြိမ်အနိုင်ယူပြီးနောက်တွင် ယဲ့ဖန်၏ ဤကဲ့သို့ ယုတ်ညံ့သော အခြမ်းကို သူ မြင်လိုက်ရပြီဖြစ်သည်။
ရှောင်ချီ၏ရင်ထဲတွင် နတ်ဘုရားတစ်ပါးလို ရှိနေခဲ့သောပုံရိပ်မှာ လုံးဝ ပြိုလဲသွားခဲ့ပြီ။ ကောင်းကင်ဘုံ၏ ရွေးချယ်ခံဖြစ်နေရင်ရော ဘာဖြစ်လဲ ၎င်းမှာ သာမန်လူတွေက တင်စားထားတဲ့အရောင်အဝါတစ်ခုပဲ မဟုတ်လား။ သေချာဆန်းစစ်ကြည့်လျှင် သူသည်လည်း သေးနုပ်နိမ့်ကျလှသော လူသားတစ်ယောက်ထက် မပိုပါဘူး။
"ငါ အဆင်ပြေပါတယ် ဂျူနီယာညီမလေး။ ငါ့စိတ်ထဲမှာ ရှိနေတဲ့ စိတ်စွဲလမ်းမှုကို အခုပဲ အမြစ်ပြတ်သုတ်သင်လိုက်နိုင်ပြီ။ အခုကစပြီး ငါ့ရဲ့ကျင့်ကြံခြင်း ခရီးလမ်းဟာတိုးတက်လာတော့မှာပါ ဘယ်အရာကမှ ငါ့ကို ထပ်ပြီး အဟန့်အတား မလုပ်နိုင်တော့ဘူး"
ဤအခိုက်အတန့်တွင် ရှောင်ချီ၏ ရင်ထဲတွင် အဆုံးမဲ့သော ရဲရင့်စိတ်များ ပေါက်ဖွားလာပြီး သူ၏လက်တစ်ချက် ဝေ့ယမ်းလိုက်ရုံနှင့်ပင် မိုးတိမ်နှင့် မိုးရေကို အမိန့်ပေးနိုင်သကဲ့သို့ ခံစားလိုက်ရသည်။
"စီနီယာအစ်ကို... ကြွားနေတာ ခဏရပ်ပါဦး။ အစ်ကို့ကိုယ်ပေါ်က ကြိုးတွေကို ဘယ်လိုလုပ်ကြမလဲ ဒါတွေသာ မဖြည်နိုင်ရင် အပြင်ကလူတွေ ဝင်လာတဲ့အခါ ငါတို့နှစ်ယောက်လုံး အန္တရာယ်ရှိလိမ့်မယ်"
လင်းယွီရှို့သည် ရှောင်ချီ၏ ကိုယ်ပေါ်ရှိ ကြိုးများကို အသည်းအသန် စမ်းသပ်နေရှာသည်။ ယခုကဲ့သို့ အခြေအနေမျိုးမှာပင် သူမသည် သူမ၏စီနီယာအစ်ကိုကို ထားခဲ့ပြီး အရင်ထွက်ပြေးရန် တစ်ခါမျှ မတွေးခဲ့ပေ။
"အရင်ဆုံး ငါ့ကိုလူမမြင်နိုင်တဲ့ နေရာတစ်ခုကို ခေါ်သွားပေး အဲဒီအဘိုးကြီး တိုက်ပွဲစပြီဆိုတာနဲ့ သူ အာရုံပျံ့လွင့်သွားလိမ့်မယ်။ အဲဒီအချိန်ကျရင် သူ ဝိညာဉ်စွမ်းအားနဲ့ ချည်ထားတဲ့ ဒီကြိုးတွေက သေချာပေါက် လျော့ရဲလာလိမ့်မယ်" ရှောင်ချီက ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ ဘေးမှ ကောင်မလေးကို ပြောလိုက်သည်။
"ဟုတ်ကဲ့... ကျွန်မကိုပဲ လွှဲထားလိုက်ပါ စီနီယာအစ်ကို" ကောင်မလေးက ခေါင်းညိတ်လိုက်သည်။ သူမသည် အားအင်များကို စုစည်းကာ ရှောင်ချီကို မလိုက်တော့သည်။
ထို့နောက် တဲအတွင်း ဝေ့ကြည့်ကာ အနည်းငယ် ကွယ်ကာနေသော နေရာတစ်ခုကို ရှာတွေ့သွားသည်။
အလွန်ရိုးရှင်းသော ကိုယ်ပျောက်အစီအရင်တစ်ခုကို တည်ဆောက်ပြီးနောက် ကောင်မလေးနှင့် ရှောင်ချီတို့သည် ထောင့်တစ်နေရာတွင် တိတ်ဆိတ်စွာ ပုန်းနေကြတော့သည်။
ကောင်မလေး၏ အသက်ရှူသံမှာ အနည်းငယ် ပြင်းထန်နေသည်။ သိသာသည်မှာ သူမ အနည်းငယ် ကြောက်နေခြင်းပင် ဤကဲ့သို့ အခြေအနေမျိုးကို ပထမဆုံးအကြိမ် ကြုံတွေ့ဖူးခြင်း မဟုတ်ပါလား။
သူတို့နှစ်ဦးသည် တဲအပြင်ဘက်ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေကြသည်။
မကြာမီမှာပင် မျက်နှာဖုံးစွပ်ထားသော အနက်ရောင်ဝတ်စုံဝတ် ကျင့်ကြံသူတစ်ဦး တဲအတွင်းသို့ ဝင်လာပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။
ခဏမျှ ကြည့်ပြီးနောက် တဲအတွင်း မည်သူမျှ မရှိသည်ကို တွေ့ရသဖြင့် သူသည် လှည့်ထွက်သွားရန် ပြင်လိုက်သည်။ ထိုအချိန်မှာပင် နောက်ထပ် အနက်ရောင်ဝတ်စုံဝတ် လူနှစ်ဦး တဲအတွင်းသို့ တိုးဝင်လာကြပြန်သည်။
"တတိယအစ်ကိုဟူ ဘယ်လိုလဲ ဒီမှာလူရှိလား" တစ်ဦးမှာ ပုကွကွ ခန္ဓာကိုယ်နှင့် သေးသွယ်သောအသံ ပိုင်ရှင်ဖြစ်သည်။ ရှောင်ချီကတော့ ၎င်းမှာ အမျိုးသမီးတစ်ဦး ဖြစ်ကြောင်း အလွယ်တကူ သိလိုက်သည်။
"ထူးထူးခြားခြား ဘာမှမတွေ့ဘူး ငါတို့က ပစ္စည်းလာလုတာ လူသတ်ဖို့ လာတာမဟုတ်ဘူး။ သွားကြရအောင်" တတိယအစ်ကို ဟူ ဆိုသူမှာ ချက်ချင်း ထွက်သွားချင်နေသည်။
"တတိယအစ်ကို ဟူ... အစ်ကိုကတော့ အရေးကြီးတဲ့ အချိန်ရောက်ရင် အမြဲ စိတ်ပျော့သွားတာပဲ။ ဒီအကျင့်က ဒီနေ့မနေ့ကမှ ဖြစ်တာလည်း မဟုတ်ပါဘူး"
အခြား အမျိုးသားတစ်ဦးက တတိယအစ်ကို ဟူ ကို တစ်ချက်ကြည့်ကာ ရှောင်ချီနှင့် ကောင်မလေးရှိရာဘက်သို့ လှမ်းလာသည်။
တတိယအစ်ကို ဟူ ဆိုသူမှာ တားချင်သော်လည်း ခဏမျှ တွန့်ဆုတ်သွားပြီးနောက် ထိုနေရာမှာပင် မလှုပ်မယှက် ရပ်နေတော့သည်။
နောက်ဆုံး ရောက်လာသော အမျိုးသားနှင့် အမျိုးသမီး အနက်ရောင်ဝတ်စုံဝတ် နှစ်ဦးမှာ ရှောင်ချီနှင့် လင်းယွီရှို့တို့ ပုန်းနေသော နေရာသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လာကြသည်။
ဂလု
"စီနီယာအစ်ကို... ဘယ်လိုလုပ်ကြမလဲ သူတို့ ငါတို့ကို တွေ့သွားပြီ"
ကောင်မလေးမှာ တံတွေးကို အသည်းအသန် မြိုချလိုက်ရပြီး သူမ၏ ရင်ခုန်သံမှာ အပြင်သို့ ထွက်လာတော့မတတ် ပြင်းထန်နေရှာသည်။
"တစ်ခါတလေမှာ အသက်နဲ့ သေခြင်းတရားဆိုတာ အတွေးတစ်ချက်အပေါ်မှာပဲ မူတည်နေတာ သူတို့အားလုံး အသက်ရှင်ခွင့်ရှိခဲ့ကြပါတယ်" ရှောင်ချီသည် ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်မှာ ချည်နှောင်ခံထားရဆဲ ဖြစ်သဖြင့် ပုံမှန်အတိုင်း လမ်းမလျှောက်နိုင်ဘဲ ပုန်းနေရာမှ ခုန်ဆွခုန်ဆွဖြင့် ထွက်လာခဲ့သည်။
ရှောင်ချီ ဤမျှအထိ တင်းကျပ်စွာ ချည်နှောင်ခံထားရသည်ကို မြင်သောအခါ အနက်ရောင်ဝတ်စုံဝတ် အမျိုးသားနှင့် အမျိုးသမီးတို့မှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ ယုတ်မာသော အပြုံးများ ပြုံးလိုက်ကြသည်။
"တကယ့်ကို မပင်ပန်းဘဲရလိုက်တာ ပဲ။ နတ်သန္ဓေအဆင့်ကျွမ်းကျင်သူတစ်ယောက်က သူ့လက်ကို သူပြန်ချည်ပြီး ငါတို့ အသတ်ခံဖို့ စောင့်နေတာကိုး ကြည့်ရတာ ဒီကုသိုလ်ကတော့ ငါတို့လက်ထဲ ရောက်လာပြီထင်တယ် ဂျူနီယာညီမလေး"
"သူ့အသက်ကိုလည်း ကြည့်ဦး ၂၀ တောင် ပြည့်ပုံမရဘူး။ အသက် ၂၀ အောက် နတ်သန္ဓေအဆင့်ကျွမ်းကျင်သူတစ်ယောက် ငါတို့လက်ထဲ ရောက်လာတာပဲ။ ဂိုဏ်းက ငါတို့ကို ဘာတွေများ ဆုချမလဲဆိုတာ စဉ်းစားလို့တောင် မရတော့ဘူး"
ထိုနှစ်ဦးမှာ ရှောင်ချီကို သတ်ဖြတ်ရန် ပြင်ထားသော သိုးငယ်တစ်ကောင်ကဲ့သို့ သို့မဟုတ် အရသာရှိသော စားဖွယ်တစ်ခုကဲ့သို့ အလွန်ပင် စိတ်လှုပ်ရှားစွာ ကြည့်နေကြသည်။
ရွှမ်း ရွှမ်း ရွှမ်း သို့သော် ထိုအချိန်မှာပင် ရှောင်ချီ၏ ကိုယ်ပေါ်မှ ကြိုးများမှာ ထက်ရှလှသော ဓားဝိညာဉ်များကြောင့် ဒိန်ခဲကို လှီးဖြတ်သကဲ့သို့ တိခနဲ ပြတ်တောက်သွားပြီး မြေပြင်ပေါ်သို့ ပြန့်ကျဲကျသွားတော့သည်။
စီနီယာနှင့် ဂျူနီယာ အနက်ရောင်ဝတ်စုံဝတ် နှစ်ဦး၏ မျက်နှာများမှာ ပြောင်းလဲသွားသော်လည်း သူတို့၏ စိတ်ကို အတင်းအကျပ် ပြန်လည်တည်ငြိမ်အောင် ထားလိုက်ကြသည်။
"စီနီယာအစ်ကို... သူ အချုပ်အနှောင်ကနေ ရုန်းထွက်သွားပြီ" အနက်ရောင်ဝတ်စုံဝတ် အမျိုးသမီးက ဘေးမှ မျက်နှာဖုံးစွပ်ထားသူကို ကြည့်ကာ သတိကြီးစွာဖြင့် ပြောလိုက်သည်။
"ဘာကြောက်စရာရှိလဲ ငါတို့က နတ်သန္ဓေ အဆင့်သုံးယောက်ရှိတာလေ။ အတွေ့အကြုံမရှိတဲ့ ကလေးတစ်ယောက်ကို မနိုင်စရာ ရှိမလား အတူတူ တိုက်ခိုက်ပြီး စစ်အောင်မြင်မှုတွေကို ခွဲယူကြမယ်"
ရှပ်... အနက်ရောင်ဝတ်စုံဝတ် အမျိုးသားက အရင်စတင် တိုက်ခိုက်လိုက်သည်။ သူသည် ခါးကြားမှ ဓားရှည်ကို ချက်ချင်း ဆွဲထုတ်ကာ ရှောင်ချီဆီသို့ ပြင်းထန်စွာ ခုတ်ချလိုက်တော့သည်။
ဝူး... သို့သော် နောက်တစ်ခဏမှာပင် ပုံရိပ်တစ်ခုက ထိုသူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို တိုက်ရိုက် ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။
သူ သတိပြန်ဝင်လာချိန်မှာတော့ သူ၏ ဝမ်းဗိုက်တွင် သွေးချင်းချင်းနီနေသော အပေါက်ကြီးတစ်ခုကို တွေ့လိုက်ရသည်။
သူ၏ အသိစိတ်များမှာ တဖြည်းဖြည်း ဝေဝါးလာသည်။ သူသည် နှစ်ပေါင်းများစွာ ချစ်မြတ်နိုးခဲ့ရသော ဂျူနီယာညီမလေးကို ကြည့်ရင်း ဖြည်းဖြည်းချင်း မျက်လုံးမှိတ်သွားတော့သည်။
"စီနီယာအစ်ကို... စီနီယာအစ်ကို... အဆင်ပြေရဲ့လား" အနက်ရောင်ဝတ်စုံဝတ် အမျိုးသမီးသည် ထိုသူ၏ ဘေးသို့ အပြေးအလွှား သွားရောက်ကာ သူ့ကို ထူမရင်း ရှိုက်ကြီးတငင် ငိုကြွေးတော့သည်။
တကယ်တော့ ငါ မင်းတို့ကို တော်တော် ကျေးဇူးတင်တာပါ။ ဘာလို့လဲဆိုတော့ မင်းတို့သာ ရောက်မလာရင် ဟိုမိုးကြိုးကြိမ်ဒဏ် အချက် ၃၀ က ငါ့ကိုယ်ပေါ် တကယ် ကျရောက်လာတော့မှာလေ။
ဒါပေမဲ့ မင်းတို့က ဘာလို့ခုနက မင်းတို့ရဲ့ အစ်ကိုကြီးစကားကို နားမထောင်ဘဲ အစောကြီး မထွက်သွားကြတာလဲ။
ရှောင်ချီသည် ထိုအမျိုးသားကို ဖက်ကာ ငိုနေသော မျက်နှာဖုံးစွပ် အမျိုးသမီးကို ကြည့်ရင်း သက်ပြင်းတစ်ချက် ချကာ ပြောလိုက်သည်။
"နင် ငါ့ရဲ့စီနီယာအစ်ကိုကို သတ်တယ်၊ နင့်အသက်နဲ့ ပြန်ပေးဆပ်ရမယ်" အမျိုးသမီးမှာ ရှောင်ချီ စိတ်မကောင်း ဖြစ်နေချိန်ကို အခွင့်ကောင်းယူကာ ဓားတစ်ချက်ဖြင့် ရှောင်ချီ၏ အသက်ကို နှုတ်ယူရန် ရုတ်တရက် ခုန်အုပ်လိုက်တော့သည်။
ရှပ်... ထက်ရှလှသော နောက်ထပ် ဓားဝိညာဉ် တစ်ချက် လက်သွားပြီးနောက် အနက်ရောင်ဝတ်စုံဝတ် အမျိုးသမီး၏ နူးညံ့လှသော လည်ပင်းမှ သွေးများ ပန်းထွက်လာခဲ့သည်။ နက်ရှိုင်းလှသော ဒဏ်ရာမှာ သူမ၏ လည်ပင်းတစ်ခုလုံးကို ပြတ်လုနီးပါး ဖြစ်သွားစေခဲ့သည်။
"ဘာလို့ ဒီလိုတွေလုပ်နေကြတာလဲ ငါ မင်းတို့ကို သတ်ဖို့ ရည်ရွယ်ချက်မရှိပါဘူး ဒါပေမဲ့ မင်းတို့က ငါ့ဓားသွားရှေ့ကို အတင်းတိုးဝင်လာကြတာပဲ" ထိုအမျိုးသားနှင့် အမျိုးသမီးကို ကြည့်ကာ ရှောင်ချီသည် ခေါင်းကို အားမလိုအားမရ ခါယမ်းလိုက်ပြီး ထိုနေရာမှာပင် မှင်သက်ကာ ရပ်နေဆဲဖြစ်သော အစွန်းဆုံးမှ အမျိုးသားကို လှည့်ကြည့်လိုက်တော့သည်။