အခန်း (၂၃) စည်းကမ်းထိန်းသိမ်းရေးဌာန အကြီးအကဲ ကျန်းချီနင်
"ဖူး..." လူအားလုံး ထွက်သွားပြီးနောက် ရှောင်ချီသည် အောင့်အည်းထားသော လတ်ဆတ်သည့် သွေးတစ်လုပ်ကို ရုတ်တရက် အန်ထုတ်လိုက်ရသည်။
သူ၏ ခန္ဓာကိုယ်မှာ မြေပြင်ပေါ်သို့ ခွေခေါက်လဲကျသွားပြီး ယိုင်နဲ့စွာဖြင့် ဖုန်မှုန့်အချို့ကိုပင် လွင့်စင်သွားစေသည်။
ဒဏ်ရာများကြောင့် ကိုယ်လက်များ ဖောင်းအစ်နေဆဲဖြစ်သော လင်းယွီရှို့သည် အမြန်ထကာ ရှောင်ချီ၏ ဘေးသို့ ပြေးသွားပြီး သူ့ကို ကူတွဲပေးလိုက်သည်။
"စီနီယာအစ်ကို... အဆင်ပြေရဲ့လား ဘယ်လိုနေသေးလဲဟင်" ကောင်မလေး၏ မျက်လုံးများမှာ ငိုထားသဖြင့် နီရဲဖောင်းအစ်နေပြီး သူမ၏ စိုးရိမ်တကြီး ကြည့်နေသော အမူအရာမှာ ကြည့်ရသူကို ရင်နာစရာ ကောင်းလှသည်။
"ဘာမှမဖြစ်ပါဘူး။ အရင်ဒဏ်ရာတွေက မပျောက်သေးဘဲ ခုနက အတင်းအကျပ် အစွမ်းထုတ်သုံးလိုက်လို့ ငါ့ရဲ့ မူလစွမ်းအင်နည်းနည်း ကုန်သွားတာပါ" ရှောင်ချီက ဖြူဖျော့နေသော မျက်နှာဖြင့် အားတင်းပြုံးကာ ပြောလိုက်သည်။
"ငါ သိသားပဲ နင် ဒီအတိုင်း အကောင်းကြီး ရှိနေမှာ မဟုတ်ဘူးဆိုတာ" လင်းကျောင်လန် က အဝေးမှနေ၍ ထလာပြီး ရှောင်ချီ၏ အနားသို့ တိုးလာကာ ရက်ရက်စက်စက် ပြောလိုက်သည်။
"ထွက်သွားစမ်း ငါ အခု စိတ်ကောင်းရှိနေတုန်းမို့ နင့်ကို မရိုက်ချင်သေးဘူး။ အကယ်၍ ဆယ်ခါလောက် အသက်ရှူချိန်အတွင်းမှာ နင် ငါ့ရှေ့က မထွက်သွားရင် ငါ့ရဲ့ ဂျူနီယာညီမလေး ခံစားခဲ့ရတဲ့ ဝေဒနာကို နင့်ဆီ အဆတစ်ရာ ပြန်ပေးမယ်" ရှောင်ချီသည် ဒဏ်ရာများဖြင့် ဗရပွဖြစ်နေသော လင်းကျောင်လန်ကို အေးစက်စွာ ကြည့်လိုက်သည်။
"နင့်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးမှာ ဒဏ်ရာဟောင်းတွေ အများကြီးရှိနေမှာပဲ နင်သာ နောက်တစ်ခါ လှုပ်ရှားဖို့ ကြိုးစားရင် နတ်မင်းကြီး ဆင်းလာရင်တောင် နင့်ကို ကယ်နိုင်မှာ မဟုတ်ဘူး" လင်းကျောင်လန်က သူမ၏ လည်ပင်းကို ဆန့်ကာ ရှောင်ချီကို မောက်မာစွာ စိုက်ကြည့်လိုက်သည်။
သူမ၏ ရင်ထဲတွင်တော့ ရှောင်ချီ အားနည်းနေချိန်ကို အခွင့်ကောင်းယူကာ သူ့ကို သတ်ပစ်ပြီး သူမ၏ ဖန်လောင်အတွက် ကလဲ့စားချေချင်စိတ်များ တဖွားဖွား ပေါ်နေတော့သည်။
"စမ်းကြည့်ချင်ရင် ကြည့်လေ နင်လို ပုရွက်ဆိတ်တစ်ကောင်ကို ရှင်းဖို့ဆိုရင် ငါ့အစွမ်းရဲ့ ဆယ်ပုံတစ်ပုံတောင် နင့်ကို ပြာဖြစ်သွားစေဖို့ လုံလောက်တယ်" ရှောင်ချီက မြေပြင်ပေါ်တွင် မတ်မတ်ထိုင်လိုက်ပြီး သူ့ရှေ့မှ လင်းကျောင်လန်ကို အထင်သေးစွာ ကြည့်လိုက်သည်။
သူမ၏ ခန္ဓာကိုယ်မှ နာကျင်မှုများကို ခံစားမိပြီး ရှောင်ချီ၏ ရက်စက်မှုကို ပြန်လည်သတိရသွားသောအခါ လင်းကျောင်လန်မှာ ကြောက်ရွံ့သွားခဲ့သည်။ သူမသည် ရှောင်ချီကို စူးစိုက်ကြည့်ကာ ယဲ့ဖန်ကို ပြုစုရန်အတွက် တဲအတွင်းသို့ စိတ်ပျက်လက်ပျက်ဖြင့် ပြန်ဝင်သွားတော့သည်။
"စီနီယာအစ်ကို... ဒါတွေအားလုံးက ကျွန်မအမှားတွေပါ ကျွန်မက အရမ်းအသုံးမကျလို့ အစ်ကို့ကို မကာကွယ်နိုင်ခဲ့တာပါ"
ကောင်မလေးသည် သူမ၏ လက်သီးများကို တင်းတင်းဆုပ်ထားသဖြင့် လက်သည်းများက လက်ဖဝါးထဲသို့ စိုက်ဝင်ကာ သွေးအစအနအချို့ပင် ထွက်နေရှာသည်။
ဤအခိုက်အတန့်တွင် သူမသည် အားကိုးရာမဲ့သည့် ခံစားချက်ကို ပြင်းထန်စွာ ခံစားနေရသည် သူမ၏စီနီယာအစ်ကိုမှာ ဤမျှအထိ ဒဏ်ရာပြင်းထန်နေသော်လည်း သူမက မကာကွယ်နိုင်သည့်အပြင် ဝန်ထုပ်ဝန်ပိုးပင် ဖြစ်နေခဲ့သည်။
သူမကြောင့် သူ၏သေလုမျောပါး ခန္ဓာကိုယ်ကြီးကို အားတင်းကာ သူမကို ကာကွယ်ပေးခဲ့ရသည် မဟုတ်ပါလား။
"ဒီကောင်မလေး ဘာတွေ ထပ်ပြီး အတွေးလွန်နေပြန်တာလဲ မင်းရဲ့စီနီယာအစ်ကိုကသာ မင်းရဲ့အကာအကွယ်ကို လိုအပ်နေမယ်ဆိုရင် ငါ ဘယ်လိုလုပ် ပြင်ပလောကမှာ နာမည်ကျော်နိုင်ပါ့မလဲ" ရှောင်ချီက ကောင်မလေး၏ ခေါင်းကို ပွတ်သပ်ပေးကာ နူးညံ့သော အမူအရာဖြင့် ပြောလိုက်သည်။
စီနီယာအစ်ကို... တဲထဲကို အမြန်ပြန်ပြီး ဒဏ်ရာတွေ ကုရအောင်။ အစ်ကို့ဒဏ်ရာတွေ မြန်မြန်ပျောက်မှ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မှာ ကောင်မလေးမှာ စိတ်မကောင်း ဖြစ်နေဆဲ ဖြစ်သော်လည်း လက်ရှိတွင်အရေးကြီးဆုံးအရာကို သူမ သိသည်။
သူမက သူမ၏ စီနီယာအစ်ကိုကို မကာကွယ်နိုင်သဖြင့် သူသည် မိမိကိုယ်ကိုယ်သာ အားကိုးရပေလိမ့်မည်။ ထို့ကြောင့် သူ၏ အင်အားမှာ ထိပ်တန်းဦးစားပေးဖြစ်ပြီး သူ၏ ဒဏ်ရာများကို အမြန်ဆုံး ကုသရန် လိုအပ်သည်။ မဟုတ်လျှင် မလိုလားအပ်သော ရည်ရွယ်ချက်ရှိသူများ၏ ပစ်မှတ်ထားခြင်းကို ခံရပါက လာမည့်ရက်များမှာ ခက်ခဲပေလိမ့်မည်။
ရှောင်ချီနှင့် ကောင်မလေးတို့မှာ စခန်းတဲအတွင်းသို့ ပြန်ဝင်လာပြီး ကုတင်ပေါ်တွင် ထိုင်လိုက်ကြသည်။
ဤအချိန်တွင် ရှောင်ချီ ဝင်လာသည်ကို မြင်သောအခါ လင်းကျောင်လန်၏ မျက်လုံးများမှာ ဒေါသကြောင့် ပြူးထွက်မတတ် ဖြစ်သွားခဲ့သည်။
ဤကောင်မှာ ဤမျှအထိ အရှက်မရှိလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ အခြေအနေတွေ ဤမျှအထိ ဖြစ်သွားတာတောင် သူတို့နှင့်တဲတစ်လုံးတည်းမှာ ဆက်နေချင်သေးသည်ပေါ့။
"ဂျူနီယာညီမလေးလင်း... နောက်ရက်တွေမှာ ငါ့ကိုကူညီစောင့်ရှောက်ပေးပါဦးနော်"
ရှောင်ချီသည် စောင်ကိုခြုံလိုက်ပြီး ခေါင်းအုံးပေါ်တွင် ခေါင်းတင်ကာ လင်းကျောင်လန်ကို အေးအေးဆေးဆေး ကြည့်လိုက်သည်။
"ဟွန်း... နင့်ကို စောင့်ရှောက်ရမယ် ဟုတ်လား လမ်းဘေးက ခွေးတစ်ကောင်ကို စောင့်ရှောက်ရင် စောင့်ရှောက်မယ် နင်လို အရှက်မရှိတဲ့ လူယုတ်မာကိုတော့ ဘယ်တော့မှ စောင့်ရှောက်မှာ မဟုတ်ဘူး" လင်းကျောင်လန်က နှာခေါင်းရှုံ့လိုက်ပြီး ရှောင်ချီကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။
"ဪ... ဒါဆို နင့်မျက်လုံးထဲမှာ ဂျူနီယာမောင်လေးယဲ့ဖန်က လမ်းဘေးက ခွေးတစ်ကောင်ပဲပေါ့" ရှောင်ချီက အေးအေးလူလူ ခေါင်းညိတ်လိုက်ပြီး သူမ ပြုစုနေသော ယဲ့ဖန်ကို ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။
"နင်... နင် လူယုတ်မာ နင်သာ ဖန်လောင်အကြောင်း နောက်ထပ် မကောင်းတဲ့စကား တစ်လုံးပြောရဲကြည့် ဒီနေ့ ငါတို့နှစ်ယောက်လုံး သေရမယ်ဆိုရင်တောင် နင့်ကို ငါသတ်မယ်"
လင်းကျောင်လန်သည် ကုတင်ဘေးရှိ ဓားရှည်ကို ဆွဲထုတ်လိုက်ပြီး ရှောင်ချီဆီသို့ ဖြည်းဖြည်းချင်း လှမ်းလာသည်။
ရှောင်ချီက ရယ်ကျဲကျဲ လုပ်လိုက်ပြီး ခေါင်းကို ချက်ချင်း လွှဲလိုက်သည်။ သွားပြီ... ငါ နည်းနည်း လွန်သွားပြီ ထင်တယ်။ ဒီမိန်းကလေးက တကယ်ကြီး ငါ့ကို ခုတ်တော့မှာလား မသိဘူး။
ရှောင်ချီက ခေါင်းလွှဲပြီး စကားမပြောတော့သည်ကို မြင်သောအခါ လင်းကျောင်လန်သည် အခြေအနေကို စဉ်းစားပြီး ကုတင်ဆီသို့ ပြန်သွားခဲ့သည်။ သူမသည် ဓားကို အိမ်ထဲသို့ ပြန်ထည့်ကာ ကုတင်ဘေးတွင် ထားလိုက်ပြီး ယဲ့ဖန်ကို ဆက်လက်ပြုစုနေတော့သည်။
နောက်ရက်အနည်းငယ်အတွင်း သူတို့မှာ ငြိမ်းချမ်းစွာ ရှိနေကြပြီး တစ်ဦးစီမှာ မိမိတို့၏ ဒဏ်ရာများကို အသည်းအသန် ကုသနေကြသည်။
တတိယမြောက်နေ့တွင် ယဲ့ဖန် နိုးလာခဲ့ပြီး သူ၏ ကိုယ်ပိုင်ကျင့်စဉ်ကို အသုံးပြုကာ ဒဏ်ရာများကို ကုသနိုင်ခဲ့ပြီ ဖြစ်သည်။
ဤရက်များအတွင်း ရှောင်ချီသည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ မွေးရာပါ ဝိညာဉ်အဆီအနှစ်က သူ၏ဒဏ်ရာများကို လျင်မြန်စွာ ကုသပေးနိုင်သည်ကို သတိထားမိလိုက်သည်။ တတိယမြောက်နေ့တွင် သူ၏ စွမ်းအား ၃၀ ရာခိုင်နှုန်းခန့် ပြန်ရလာပြီး ခန္ဓာကိုယ်အတွင်းရှိ ဒဏ်ရာဟောင်းများမှာ ၆၀ မှ ၇၀ ရာခိုင်နှုန်းခန့် သက်သာသွားခဲ့ပြီ ဖြစ်သည်။
ပဉ္စမမြောက်နေ့တွင်မူ သူ၏ စွမ်းအား ၆၀ ရာခိုင်နှုန်းခန့် ပြန်ရလာခဲ့သည်။ သူ၏ ခန္ဓာကိုယ်မှာလည်း ၈၀ မှ ၉၀ ရာခိုင်နှုန်းခန့် ပိုကောင်းလာပြီး၊ နောက်ထပ် နှစ်ရက်၊ သုံးရက်ဆိုလျှင် အပြည့်အဝ ပြန်ကောင်းလာတော့မည် ဖြစ်သည်။
သို့သော် ထိုနေ့မှာပင် ဂိုဏ်းက သူ့ကိုတာဝန်ယူခိုင်းရန်အတွက် လူလွှတ်လိုက်တော့သည်
ရောက်လာသူမှာ အနည်းငယ် ထူးခြားသည်။
သူသည် ဂိုဏ်း၏ နာမည်ကျော် စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲကျန်းချီနင်ပင် ဖြစ်သည်။
ဂိုဏ်းအတွင်းရှိ ဘွဲ့ထူးရ အကြီးအကဲ သုံးဦးအနက် တစ်ဦးဖြစ်သော ကျန်းချီနင်၏ ကျင့်ကြံဆင့်မှာ ဝိညာဉ်သန့်စင်ခြင့်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူသည် ဂိုဏ်းအတွင်းရှိ ထိပ်တန်းကျွမ်းကျင်သူ အနည်းငယ်ထဲမှ တစ်ဦး ဖြစ်သည်။
ထို့အပြင် သူသည် ဂိုဏ်း၏ပြစ်ဒဏ်ပေးမှုများကို တာဝန်ယူထားသူ ဖြစ်သဖြင့် တပည့်အများအပြားမှာ သူ၏နာမည်ကို ကြားရရုံနှင့်ပင် မျက်နှာများ ဖြူဖျော့သွားကြလေ့ရှိသည်
ယခုတစ်ကြိမ်တွင် ဂိုဏ်းချုပ်က သူ့ကို စေလွှတ်လိုက်ခြင်းမှာ ရှောင်ချီကို အရေးယူရန် အမှန်တကယ် ပြင်ဆင်ထားကြောင်း ပြသနေခြင်းပင်။
"နတ်ဘုရားသားတော် နဲ့ ဂျူနီယာတပည့်ယဲ့ဖန်၊ ကျွန်တော်တို့နဲ့အတူ လိုက်ခဲ့ပေးပါ" အနက်ရောင်ဝတ်စုံဝတ်ထားသော အေးစက်သည့် မျက်နှာထားနှင့် လူငယ်တစ်ဦးသည် ရှောင်ချီ၏တဲအတွင်းသို့ ဝင်လာပြီး ရှောင်ချီနှင့် ယဲ့ဖန်ကို အေးစက်စွာ ကြည့်ရင်း ပြောလိုက်သည်။
ယဲ့ဖန်သည် ရှောင်ချီကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီး သူ၏မျက်နှာပေါ်တွင် မသိမသာ လှောင်ပြုံးတစ်ခု ပေါ်လာခဲ့သည်။
ထို့နောက်တွင် သူသည် အနက်ရောင်ဝတ်စုံဝတ်လူနောက်သို့ လိုက်၍ တဲအတွင်းမှ ထွက်သွားတော့သည်။ ရှောင်ချီသည်လည်း သူ၏ ဖိနပ်နှင့် ခြေအိတ်များကို ဝတ်ဆင်ပြီးနောက် သူတို့နှစ်ဦးနောက်သို့ လိုက်ပါကာ စခန်း၏ အဓိကတဲဆီသို့ ဦးတည်သွားတော့သည်။
လင်းယွီရှို့နှင့် လင်းကျောင်လန်တို့မှာလည်း အမျိုးသားနှစ်ဦးကို တစ်ဖက်တစ်ချက်စီမှ တွဲပေးရင်း အဓိကတဲဆီသို့ လိုက်လာကြသည်။
လမ်းတစ်လျှောက်တွင် ထိုငါးဦးမှာ စကားတစ်လုံးမျှ မပြောကြဘဲ အငွေ့အသက်မှာ အလွန်ပင် လေးလံနေတော့သည်။
"ရှောင်ချီ... နင့်ရဲ့ အဆုံးသတ်က နီးနေပြီ။ ဦးလေးချီနင် ကိုယ်တိုင် ဒီဝိညာဉ်ကျောက်တုံး မိုင်းတွင်းကို လာတယ်ဆိုတာ နင် သေချာပေါက် ပြင်းပြင်းထန်ထန် အပြစ်ပေးခံရတော့မယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ"
နောက်ဆုံးတွင် လင်းကျောင်လန်မှာ မအောင့်နိုင်တော့ဘဲ ပထမဆုံး စကားစလိုက်သည်။
သူမ၏ လေသံမှာ လှောင်ပြောင်မှုနှင့် မောက်မာမှုများဖြင့် ပြည့်နှက်နေသည်။ သူမ၏ မျက်လုံးထဲတွင် ရှောင်ချီမှာ ပြစ်ဒဏ်ပေးမည့် နေရာတွင် လူတိုင်း၏ ကဲ့ရဲ့ရှုံ့ချမှုကို ခံနေရပြီး လူပုံအလယ်တွင် ကြိမ်ဒဏ်အချက်ပေါင်းများစွာ အရိုက်ခံနေရသည့် မြင်ကွင်းကို မြင်ယောင်နေပုံရသည်။
"ဘာလဲ နင့်ရဲ့ခန္ဓာကိုယ်က ထပ်ပြီး အရိုက်ခံချင်နေပြန်ပြီလား ငါ နင့်ရဲ့အရိုးတွေကို နည်းနည်းလောက် ပြန်ချိုးပေးစေချင်လို့လား" ရှောင်ချီက ခေါင်းကို အေးစက်စွာ လှည့်လိုက်ပြီး လင်းကျောင်လန်ကို မကြည်လင်သော လေသံဖြင့် ပြောလိုက်သည်။
"ဂလု..." လင်းကျောင်လန်မှာ တံတွေးကို ခက်ခက်ခဲခဲ မြိုချလိုက်ပြီး ရှောင်ချီ၏ အကြည့်ကို မရင်ဆိုင်ရဲဘဲ မျက်လုံးကို လွှဲလိုက်တော့သည်။
"ရှောင်ချီ... မင်းက အခုထိ မောက်မာနေတုန်းပဲလား လန်အာပြောတာ မှန်တယ်။ ဒီတစ်ခါတော့ မင်းဘေးဒုက္ခကနေ လွတ်မှာ မဟုတ်ဘူး မင်းအခု ငါတို့ရှေ့မှာ ဒူးထောက်ပြီး အမှားဝန်ခံရင်တောင် နောက်ကျသွားပြီ။ မင်းရဲ့ မောက်မာမှုအတွက် မင်းပေးဆပ်ရလိမ့်မယ်"
ယဲ့ဖန်သည် ရှောင်ချီနှင့် လင်းကျောင်လန်တို့၏အကြည့်ချင်း ဆုံမှုကို သူ၏ခန္ဓာကိုယ်ဖြင့် ကြားဖြတ်ကာ ကာကွယ်လိုက်သည်။ သူသည် ရှောင်ချီကို အေးစက်စွာ တစ်ချက်ကြည့်ပြီး ခက်ထန်သော လေသံဖြင့် ပြောလိုက်သည်။
ယခုအချိန်တွင် ယဲ့ဖန်မှာလည်း အတော်လေး သနားစရာ ကောင်းလှသည် ခြေထောက်တစ်ဖက်တည်းနှင့် ခုန်ဆွခုန်ဆွ သွားနေရသည်မှာ အနည်းငယ် ရယ်စရာပင် ကောင်းနေသည်။ သို့သော် သူ၏ ဒဏ်ရာများမှာ အတော်လေး သက်သာနေပုံရသည်။ ရှောင်ချီလောက် မကောင်းသေးသော်လည်း သူ၏ အင်အားမှာ ၄၀ သို့မဟုတ် ၅၀ ရာခိုင်နှုန်းခန့် ပြန်ရနေပြီ ဖြစ်ပုံရသည်။