အခန်း (၂၀) နဂါးနဲ့ ကျားတို့ရဲ့ ပြင်းထန်တဲ့ တိုက်ပွဲ
"မင်းက တကယ်ကို သန်မာတာပဲ ငါ့ရဲ့ နိမိတ်ဖျက်လှံအောက်မှာ ငါ့ကို ဒဏ်ရာရအောင် လုပ်နိုင်ခဲ့တယ်ပေါ့ ဒါပေမဲ့ ဒီမှာတင် အဆုံးသတ်ပြီ နောက်လာမယ့် တိုက်ကွက်က ငါ့ရဲ့အပြင်းထန်ဆုံး တိုက်ကွက်ပဲ။ မင်းမှာ ခေါင်းသုံးလုံး လက်ခြောက်ဖက် ရှိနေရင်တောင် ဒါကို တားဆီးဖို့ဆိုတာ မဖြစ်နိုင်ဘူး"
ယဲ့ဖန်သည် သူ၏ လက်ထဲမှ လှံရှည်ကို လေထဲသို့ မြှောက်တင်လိုက်ပြီး နှုတ်ခမ်းဖျားတွင် အထင်အမြင်သေးသော အပြုံးတစ်ခုဖြင့် ရှောင်ချီကို ကြည့်လိုက်သည်။
"လှံစွမ်းအား နဂါးရိပ်အသွင်ပြောင်း သောင်းဂဏန်းနဂါးဒီရေ" ကောင်းကင်ယံရှိ လှံရှည်မှာ ချက်ချင်းပင် ကြီးမားသော နဂါးကြီးတစ်ကောင်အသွင် ပြောင်းလဲသွားပြီး ရှောင်ချီဆီသို့ ကြောက်မက်ဖွယ်ကောင်းစွာ ဟိန်းဟောက်ကာ ပြေးဝင်သွားတော့သည်။
ထို့နောက်တွင် ထိုနဂါးစစ်စစ်မှာ တစ်ကောင်မှ နှစ်ကောင် နှစ်ကောင်မှ လေးကောင်အဖြစ် အဆက်မပြတ် ကွဲပွားသွားတော့သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ကောင်းကင်ယံတစ်ခုလုံး လှံအရိပ်များနှင့် နဂါးအရိပ်များဖြင့် ပြည့်နှက်သွားခဲ့သည်။
ဟင်းလင်းပြင်ထဲတွင် ဟိန်းဟောက်နေသော နဂါးရိပ်ပေါင်း သောင်းဂဏန်းအထိ ရှိနေပြီး နဂါးလောကကြီးတစ်ခုလုံး မြေပြင်ပေါ်သို့ ဆင်းသက်လာသကဲ့သို့ပင်။
ကောင်းကင်အနှံ့ ပျံသန်းနေသော နဂါးကြီးများနှင့် အလွန်ပင် မောက်မာနေသော ယဲ့ဖန်ကို ကြည့်ကာ ရှောင်ချီ မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။
ဤကောင်မှာ တကယ်ကို သန်မာလှသည်။ သူသာ အစွမ်းကုန် မထုတ်သုံးလျှင် သူ့ကို အနိုင်ယူနိုင်ဖို့ အခွင့်အလမ်း အလွန်နည်းပါးလှသည်။
ယဲ့ဖန်မှာ ကံကြမ္မာပေးထားသည့် အစပြုမှုမျိုး ရှိနေသော်လည်း ရှောင်ချီသည် သူ၏ ပြန်လည်မွေးဖွားခြင်းကတည်းက ခြေလှမ်းတိုင်းကို သေချာတွက်ချက်ခဲ့သူဖြစ်သည်။
အကယ်၍ သူ ယခုပင် သူ့ကို အနိုင်မယူနိုင်ပါက နောင်တစ်ချိန်တွင် သူ၏ ကံကြမ္မာမှာ ယခင်အတိုင်း အနှိပ်စက်ခံရဖို့သာ ရှိတော့မည်။
လောကကြီးကို ဖောက်ထွက်ပြီး နတ်သက်ကြွေခြင်းအဆင့်အထိ တက်လှမ်းနိုင်မယ့် ပါရမီရှင်ဆိုတော့လည်း မဆန်းပါဘူးလေ။ မင်းဟာ ငါ့ရဲ့အစွမ်းကုန် ထုတ်သုံးရမယ့် အင်အားမျိုးရှိပါတယ်။
နောက်ထပ်လာမယ့် ဓားကွက်ကတော့ ငါလက်ရှိ သုံးနိုင်တဲ့ အပြင်းထန်ဆုံး ပုံစံပဲ သူများဆီက ငှားထားတဲ့ ဝိညာဉ်စွမ်းအားဆိုတာ နောက်ဆုံးတော့လှည့်စားမှုတစ်ခုပါပဲ မင်း ငါ့ဓားအောက်မှာ ကြောက်ရွံ့တုန်လှုပ်နေလိုက်စမ်း။
ရှောင်ချီသည် သူ၏ပခုံးကို ဖြည်းဖြည်းချင်း မြှင့်လိုက်ပြီး သူ၏ မျက်ဝန်းများမှာ တောက်ပလာခဲ့သည်။ သူသည် သူ၏ ရှေ့တွင် နတ်ဘုရားတစ်ပါးကဲ့သို့ ရပ်နေသော ယဲ့ဖန်ကို စိုက်ကြည့်လိုက်သည်။
၎င်းမှာ အတိတ်ဘဝတုန်းက ယဲ့ဖန်သည် သူ၏ ရှေ့တွင် ယခုကဲ့သို့ပင် မောက်မာရိုင်းစိုင်းကာ အနိုင်မရနိုင်သော ပုံစံမျိုးဖြင့် ရပ်နေခဲ့သည်ကို ပြန်လည်အမှတ်ရစေခဲ့သည်။
ယခုအခါ သူတို့နှစ်ဦးမှာ ထိုနေရာများမှာပင် ပြန်လည်ရပ်တည်နေကြသော်လည်း ရှောင်ချီ၏ ရင်ထဲတွင် ကြောက်ရွံ့မှု အလျဉ်းမရှိပေ။ သူသည် ထိုပုံရိပ်ကို ကိုးထပ်ကောင်းကင်ပေါ်မှနေ၍ လူသားတို့၏ မြေမှုန့်ထဲသို့ ရိုက်ချပစ်နိုင်လောက်သည့် ယုံကြည်ချက်မျိုး ရှိနေခဲ့ပြီ။
"လင်းရှောင်ကိုးဓား သတ္တမပုံစံ - မရေမတွက်နိုင်တဲ့ ဓားများမူလသို့ ပြန်ခြင်း " ရှောင်ချီ၏ လက်ထဲရှိ ဝိညာဉ်ဓားမှာ ဟင်းလင်းပြင်ထဲတွင် အလိုအလျောက် ပျံတက်သွားပြီး မျက်တောင်တစ်ခတ်အတွင်း ဓားပေါင်း သောင်းဂဏန်းအဖြစ် ကွဲပွားသွားတော့သည်။
ပျံသန်းရေးဓားပေါင်း သောင်းဂဏန်းမှာ လေထဲတွင် ကခုန်နေကြတော့သည်။
ဤသည်မှာ ရှေးခေတ် ပညာရှိကြီးများ၏ အထွတ်အထိပ် နည်းစနစ်များကို အတုယူကာ သူကိုယ်တိုင် ဖန်တီးထားသည့် သတ်ဖြတ်ရေး တိုက်ကွက်တစ်ခု ဖြစ်သည်။ဓားပေါင်း သောင်းဂဏန်းမှာ ဟင်းလင်းပြင်တွင် လွင့်မျောနေပြီး ဓားသွားများပေါ်တွင် ဖြူစင်သော ဝိညာဉ်စွမ်းအားများ ကပ်ငြိနေကာ ဝိညာဉ်ဓားများ၏ ပတ်ဝန်းကျင်တွင် ကျားဖြူများပင် ပေါ်ထွက်လာတော့သည်။
"ဘုန်း... ဘုန်း... ဘုန်း..." လှံအရိပ်များနှင့် ဓားအရိပ်များမှာ ဟင်းလင်းပြင်ထဲတွင် ပြင်းထန်စွာ ထိပ်တိုက်တွေ့ဆုံကုန်ကြပြီ နဂါးကြီးပေါင်း သောင်းကျော်နှင့် ကျားဖြူပေါင်း သောင်းကျော်တို့မှာ ကောင်းကင်ယံတွင် တစ်ဦးကိုတစ်ဦး ကိုက်ဖြတ်နေကြတော့သည်။
ဤအခိုက်အတန့်တွင် အချိန်ကာလကြီးတစ်ခုလုံး ရပ်တန့်သွားသကဲ့သို့ပင်။ ပြင်းထန်လှသော စွမ်းအင်လှိုင်းကြီးတစ်ခုမှာ တောင်တန်းကြီး၏ ထောင့်တစ်ခုကို မြေလှန်ပစ်လိုက်တော့သည်။
ဓားနှင့် လှံအရိပ်များမှာ တစ်ဦးကိုတစ်ဦး သတ်ဖြတ်နေကြသဖြင့် ဓားသွားများ၏ ပတ်ဝန်းကျင်ရှိ တောင်တန်းများမှာ ကြောက်မက်ဖွယ်ကောင်းသော အရိပ်များကြောင့် တို့ဖူးတုံးများကဲ့သို့ပင် အပိုင်းပိုင်း ပြတ်ထွက်ကုန်ကြတော့သည်။
သို့သော်လည်း ဝိညာဉ်ကျောက်တုံးများရှိသည့် ထို ဝိညာဉ်ကျောက်တုံးကြောမှာမူ ကြီးမားသော မှော်စွမ်းအားတစ်ခုဖြင့် ကာကွယ်ထားသကဲ့သို့ပင် လုံးဝမတုန်လှုပ်ခဲ့ပေ။
"ဘာတွေ ဖြစ်ကုန်တာလဲ ရန်သူတွေ တိုက်ခိုက်နေတာလား" စခန်း၏ အဓိကတဲအတွင်းတွင် ထိုင်နေသော အကြီးအကဲမှာ မျက်လုံးများ ပွင့်လာခဲ့သည်။ တောင်တန်းများကြားမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်ကို ကြည့်ကာ သူ၏ မျက်မှောင်မှာ တင်းတင်းကြုတ်သွားခဲ့သည်။ ထို့နောက်တွင် သူ၏ ပုံရိပ်မှာ ဝေဝါးသွားပြီး တောင်နောက်ဘက်သို့ ချက်ချင်းပင် ရောက်ရှိသွားတော့သည်။
"အကြီးအကဲ ချန်ရှေ့မှာ တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်နေကြပုံရတယ် ဒါပေမဲ့ အငွေ့အသက်က အရမ်းပြင်းလွန်းတော့ ကျွန်တော်တို့ အနားမကပ်ရဲဘူး" အမြုတေဖွဲ့စည်းခြင်းအဆင့်ရှိသည့် တပည့်အချို့မှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် အကြီးအကဲ ချန်ကို ပြောလိုက်ကြသည်။
"ဒီလိုကြောက်စရာကောင်းတဲ့ အငွေ့အသက်မျိုးက သာမန် ဝိညာဉ်ပြောင်းလဲခြင်းကျွမ်းကျင်သူတစ်ယောက်တောင် ဒါကို မလုပ်နိုင်ဘူး ဝိညာဉ်ပြောင်းလဲခြင်း အဆင့်နှောင်းပိုင်း ကျွမ်းကျင်သူ နှစ်ယောက် တိုက်ခိုက်နေတာများလား" အကြီးအကဲမှာ သူကိုယ်တိုင်လည်း အနားမကပ်ရဲဘဲ တွေးတောနေမိသည်။
သူ၏ ကျင့်ကြံဆင့်မှာ ဝိညာဉ်ပြောင်းလဲခြင်း အဆင့်၏ အလယ်အလတ်အဆင့်မှာသာ ရှိသေးသည်။ အကယ်၍ သူသာ မဆင်မခြင် အနားကပ်သွားပြီး ထိုနှစ်ယောက်က သူ့ကို ရန်သူအဖြစ် သတ်မှတ်လိုက်ပါက မလိုလားအပ်သော ဘေးဒုက္ခနှင့် ကြုံရပေလိမ့်မည်။
ဒါပေမဲ့ ပြဿနာက သူတို့ တိုက်ခိုက်နေသည့် နေရာမှာ သူတို့၏ကိုယ်ပိုင် ဝိညာဉ်ကျောက်တုံးကြော တည်ရှိရာနေရာ ဖြစ်နေခြင်းပင်
သူတို့၏ ရည်ရွယ်ချက်မှာ ရှင်းနေပါသည်။
၎င်းမှာ ဝိညာဉ်ကျောက်တုံးကြောကို ပစ်မှတ်ထားနေခြင်း ဖြစ်နိုင်ခြေ အလွန်များသည်။ အကယ်၍ ထိုသို့သာဆိုလျှင် သူသည် သူတို့၏ ပြိုင်ဘက်မဟုတ်သည့်တိုင်အောင် စိတ်ကိုတင်းပြီး ရင်ဆိုင်ရုံသာ ရှိတော့သည်။
အခုချက်ချင်း ကျောက်စိမ်းစာချပ်ကို သုံးပြီး ဂိုဏ်းကိုအကြောင်းကြားလိုက် ယွီချွမ်းမြို့ အနီးက ဝိညာဉ်ကျောက်တုံးကြောကို အစွမ်းထက်တဲ့ ကျွမ်းကျင်သူတွေက လာပြီး လုဖို့ ကြံစည်နေတယ် အမြန်ဆုံး အကြီးအကဲတွေကို စစ်ကူလွှတ်ပေးပါလို့ ပြောလိုက်။
အကြီးအကဲ ချန်သည် တပည့်ဖြစ်သူကို ညွှန်ကြားချက် ပေးပြီးနောက် သူကိုယ်တိုင် ဟင်းလင်းပြင်ထဲသို့ ခြေလှမ်းလိုက်ပြီး တောင်နောက်ဘက်ဆီသို့ ဦးတည်သွားတော့သည်။
"ဖူး..." ဤအချိန်တွင် တောင်နောက်ဘက်မှ တိုက်ပွဲမှာ အဖြေထွက်သွားခဲ့ပြီ ဖြစ်ပြီး ကောင်းကင်ယံတစ်ခုလုံး ပြည့်နှက်နေသော နဂါးနှင့် ကျားရိပ်များမှာလည်း ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။
ရှောင်ချီသည် လှံဒဏ်ရာများဖြင့် ပြည့်နှက်နေသော သူ၏ခန္ဓာကိုယ်ကို ဖက်ထားကာ ပင်ပန်းနွမ်းနယ်နေသော မျက်နှာဖြင့် မြေပြင်ပေါ်တွင်ထိုင်နေသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ သွေးများဖြင့် ရွှဲနစ်နေပြီး အစပိုင်းက ယဲ့ဖန်၏အခြေအနေထက်ပင် ပိုဆိုးနေသည်။
သူ၏ ခန္ဓာကိုယ်မှာ လှံဒဏ်ရာပေါင်း တစ်ရာနီးပါးဖြင့် အဖောက်ခံထားရပြီး သူ၏ အတွင်းကလီစာများနှင့် နှလုံးသားမှာလည်း ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုများကို ခံထားရသည်။
သူသည် ဝိညာဉ်စွမ်းအားများကို အသုံးပြုကာ သူ၏ ဒဏ်ရာများကို အတင်းအကျပ် တည်ငြိမ်အောင် လုပ်ထားပြီး အသက်အန္တရာယ် မစိုးရိမ်ရအောင် ကြိုးစားနေရသည် နတ်သန္ဓေအဆင့်ရှိသည့် ကျွမ်းကျင်သူတစ်ယောက်တောင်မှ ဤကဲ့သို့ ပြင်းထန်သော ဒဏ်ရာမျိုးနှင့်ဆိုလျှင် သေဆုံးနိုင်ခြေ အလွန်များလှသည်။
အခြားတစ်ဖက်တွင်မူ ယဲ့ဖန်မှာ ပို၍ပင် သနားစရာကောင်းသော အခြေအနေသို့ ရောက်ရှိနေသည်။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ဓားဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး နက်ရှိုင်းလှသောဒဏ်ရာများကြောင့် သူ၏အသားများမှာ အပြင်သို့ပင် လန်ထွက်နေတော့သည်။
အကြောက်စရာအကောင်းဆုံးမှာ သူ၏ ဝမ်းဗိုက်မှာ ဓားဖြင့် အလှီးခံထားရပြီး နီရဲနေသော အတွင်းကလီစာများကို မြင်တွေ့နေရခြင်းပင်။
သူ၏ ဘယ်ဘက်လက်မောင်း အစိတ်အပိုင်း အနည်းငယ်မှာ ပြတ်တောက်သွားခဲ့ပြီး အနီးအနားရှိ လက်မှာလည်း မူလနေရာသို့ ပြန်သွားရန် ကြိုးစားနေသည့်အလား မြေပြင်ပေါ်တွင် လိမ့်နေတော့သည်။
သူ၏ညာဘက်ခြေထောက် အောက်ပိုင်းနှင့် ခြေဖဝါးမှာလည်း အဖြတ်ခံထားရပြီး ထိုပြတ်နေသော လက်မောင်းနှင့်အတူ ဘေးနားတွင်ပင် ရှိနေတော့သည်။
"ဖန်လောင်... အဆင်ပြေရဲ့လား" လင်းကျောင်လန်သည် သေလုမျောပါးဖြစ်နေသော ယဲ့ဖန်ကို ပွေ့ဖက်ထားပြီး မျက်ရည်များ မိုးပေါက်ပမာ ကျဆင်းလျက်ငိုယိုကာ မေးနေရှာသည်။
ထိုအခိုက်အတန့်မှာပင် အကြီးအကဲ ချန်လည်း ရောက်ရှိလာခဲ့သည်။ အောက်ဘက်ရှိ ပျက်စီးယိုယွင်းနေသော တောင်တန်းကြီးနှင့် အလွန်ပင် သနားစရာကောင်းသော အခြေအနေသို့ ရောက်နေသည့် လူနှစ်ယောက်ကို ကြည့်ကာ အကြီးအကဲချန်၏ပါးစပ်မှာ ကြက်ဥတစ်လုံး ဝင်နိုင်လောက်သည့်အထိ အံ့အားသင့်ကာ ဟသွားတော့သည်။
"မင်းတို့ ဘာတွေဖြစ်ကုန်ကြတာလဲ ခုနက အသံဗလံတွေက မင်းတို့ လုပ်လိုက်တာလား" အကြီးအကဲ ချန်သည် ဖြည်းဖြည်းချင်း ဆင်းသက်လာပြီး သူတို့နှစ်ဦးကြားတွင် ရပ်ကာ မေးမြန်းလိုက်သည်။
သူသည် ဤနှစ်ယောက်လုံးကိုသိသည် ရှောင်ချီမှာ ဂိုဏ်း၏နတ်ဘုရားသားတော်ဖြစ်ပြီး သူ၏ကျင့်ကြံခြင်း ပါရမီမှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသဖြင့် ဝိညာဉ်ပြောင်းလဲခြင်းအဆင့်ရှိသည့် အကြီးအကဲဖြစ်သူ သူကိုယ်တိုင်ပင် သူ့ကို သတိထားမိနေသည်မှာကြာလှပြီ ဖြစ်သည်။ သူ၏ နာမည်မှာ ကျော်ကြားရုံတင်မကဘဲ အနည်းဆုံး အကြိမ်တစ်ရာလောက် ကြားဖူးနေခြင်း ဖြစ်သည်။
ယဲ့ဖန်နှင့် ပတ်သက်၍မူ သူ ဂိုဏ်းထဲသို့ စတင်ဝင်ရောက်လာချိန်ကပင် အတော်လေး ဟိုးလေးတကျော်ဖြစ်ခဲ့ပြီး လွန်ခဲ့သော ရက်အနည်းငယ်က ဂိုဏ်းချုပ်ကိုယ်တိုင်ကပင် သူ့ကို ကိုင်ပိုင်တပည့်အဖြစ် လက်ခံခဲ့သည် မဟုတ်ပါလား။
ထို့အပြင် သူ၏ကျင့်ကြံခြင်း ပါရမီမှာ ရှောင်ချီထက်ပင် ပို၍ကြောက်စရာကောင်းပြီး တစ်လမပြည့်ခင်မှာပင် အခြေခံအုတ်မြစ်တည်ဆောက်ခြင်း အဆင့်သို့ ရောက်ရှိသွားသည်ဟူသော ကောလာဟလများကိုလည်း ကြားထားရသည်။
ဒါပေမဲ့ ဘာလို့ ဒီလူနှစ်ယောက်ရဲ့ တိုက်ပွဲက ဒီလောက်အထိ ကြောက်စရာကောင်းတဲ့ စွမ်းအားတွေထွက်ပေါ်လာရတာလဲ။
ခုနကတိုက်ပွဲကို အဝေးကနေ ကြည့်နေစဉ်မှာတောင် သူအနားမကပ်ရဲခဲ့ပေ။ အကယ်၍ သူသာ ထိုနေရာတွင်ဝင်ပြီး တိုက်ခိုက်ရမည်ဆိုပါက သေဆုံးမည့်သူမှာ ဝိညာဉ်ပြောင်းလဲခြင်း အဆင့်ရှိသည့် အကြီးအကဲဖြစ်သူ သူကိုယ်တိုင်သာ ဖြစ်လိမ့်မည်ဟု သူ အသေအချာယုံကြည်ထားသည်။
သို့သော်လည်း သူ၏ မေးခွန်းကို ထိုနေရာရှိ မည်သူမျှ ပြန်မဖြေခဲ့ကြပေ။
ဤလူများက ဝိညာဉ်ပြောင်းလဲခြင်း အဆင့်ရှိသည့် အကြီးအကဲဖြစ်သူ သူ့ကို မလေးမစား လုပ်ကြခြင်းမဟုတ်ဘဲ သူ့ကို ပြန်ဖြေဖို့အတွက် အချိန်မအားကြခြင်းသာဖြစ်သည်။
ရှောင်ချီမှာ အချိန်မရွေး သေဆုံးသွားနိုင်သည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသဖြင့် သူ၏ ကျင့်ကြံခြင်း နည်းစနစ်ကို အသည်းအသန် အသုံးပြုကာ သူ၏ဒဏ်ရာများကို ပြုပြင်နေရသည်။
ယဲ့ဖန်ဘက်တွင်မူ သူသည် သေလုမျောပါး ဖြစ်နေပြီး မြေပြင်ပေါ်တွင် လှဲနေရရှာသည်။ သို့သော် သူ၏ ဝိညာဉ်မှာမူ သူ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ရန်နှင့် ဒဏ်ရာများကို ပြုပြင်ရန် အသည်းအသန် ကြိုးစားနေဆဲဖြစ်သည်။
သူ၏ခန္ဓာကိုယ်အတွင်းရှိ ဝတ်စုံဖြူဝတ် အမျိုးသမီး မှာလည်း ယဲ့ဖန်၏ နှလုံးသားကို ကာကွယ်ရန်နှင့် ဒဏ်ရာများကို ကုသရန် ဝိညာဉ်စွမ်းအားများကို အပြင်းအထန် အသုံးပြုနေရသည်။
လင်းကျောင်လန်နှင့် ပတ်သက်၍မူ သူမ၏ စိတ်နှလုံးနှင့် မျက်ဝန်းများတွင် သေလုမျောပါး ဖြစ်နေသော သူမ၏ ချစ်သူသာ ရှိနေသဖြင့် သူမနောက်ကွယ်ရှိ အဖိုးကြီးကို ဂရုစိုက်ရန် အချိန်မရှိပေ။
"ဒီမှာ ထိုင်ပြီးငိုမနေနဲ့တော့ သူတို့ကို အရင်ဆုံး စခန်းကို ခေါ်သွားရအောင်" အချိန်မှာ အလွန်ပင် အရေးကြီးလှသည်။ အကယ်၍ သူတို့သာ ထပ်ပြီး နှောင့်နှေးနေမည်ဆိုပါက ထိုနှစ်ယောက်လုံးမှာ အမှန်တကယ်ပင် အသက်ဆုံးရှုံးသွားနိုင်သည်။
လင်းကျောင်လန်မှာရှိုက်ကြီးတငင်ငိုနေဆဲဖြစ်သည်ကိုမြင်သောအခါအကြီးအကဲချန်ကအော်ဟစ်လိုက်ပြီးနောက်ရှောင်ချီ၏ဘေးသို့သွားလိုက်သည်။သူသည်ရှောင်ချီကိုပွေ့ချီလိုက်ပြီးဂိုဏ်း၏စခန်းဆီသို့ပျံသန်းထွက်ခွာသွားတော့သည်။