အခန်း (၂) အမှန်တရား
ထိုတိုက်ပွဲအတွင်း သူ၏ မူလအခြေခံထိခိုက်ပျက်စီးသွားခဲ့ရသဖြင့် ရှောင်ချီ၏ ကျင့်ကြံဆင့်မှာ နတ်သန္ဓေအဆင့်အထွတ်အထိပ်မှာပင် ရပ်တန့်နေခဲ့သည်။ အနှစ်နှစ်ဆယ်ကျော်တိုင်အောင် အနည်းငယ်မျှပင် တိုးတက်မှုမရှိဘဲ ထိုအတိုင်းသာ ရှိနေခဲ့သည်။
သို့သော် တစ်နေ့တွင် ဝိညာဉ်ဓားဂိုဏ်းပြန်လည်တည်ထောင်လိုက်ပြီဟူသော သတင်းကို သူကြားလိုက်ရသည်။
အတိတ်က ယဲ့ဖန်သည် အစွမ်းထက်စွာ ပြန်လည်ရောက်ရှိလာပြီး ရှေးယခင်က ပြင်ပအင်အားစုများကို အမြစ်ပြတ်ချေမှုန်းခဲ့သည်။ သူသည် ဝိညာဉ်ဓားဂိုဏ်းအတွက် လက်စားချေပေးရုံသာမက ဂိုဏ်းဟောင်းတည်ရှိရာနေရာ၌ပင် ပြန်လည်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။
၎င်းအပြင် ရှောင်ချီ ကြားလိုက်ရသည်မှာ သူ၏ဆရာဖြစ်သူမှာ ထိုစဉ်က တိုက်ပွဲတွင် သေဆုံးသွားခဲ့သော်လည်း ယဲ့ဖန်သည် အလွန်သစ္စာရှိပြီး တရားမျှတသူပီပီ တစ်လောကလုံးကို လိုက်လံရှာဖွေကာ နတ်ဘုရားအဆင့် ဝိညာဉ်ခေါ်မြက်ကို ရှာဖွေတွေ့ရှိခဲ့သည် ဟူ၍ဖြစ်သည်။
သူသည် သူ့အတွက် သေဘေးမှ ကြားဖြတ်ခံယူပေးခဲ့သည့် နတ်မိမယ် လင်းယွင်ကို အသက်ပြန်သွင်းပေးခဲ့သည်။
နတ်သန္ဓေအဆင့် ကျင့်ကြံသူတစ်ဦးသည် အသက် (၈၀) ခန့် ရှည်ကြာသင့်သော်လည်း ရှောင်ချီမှာမူ ထိုတိုက်ပွဲတွင် သူ၏ မူလအခြေခံစွမ်းအင်များကို ကုန်ခမ်းအောင် အသုံးပြုခဲ့သဖြင့် သူ၏ သက်တမ်းမှာ အလွန်နည်းပါးနေပြီ ဖြစ်သည်။
သူ မသေဆုံးမီ ဝိညာဉ်ဓားဂိုဏ်း တည်ရှိရာနေရာဟောင်းသို့ ပြန်သွားပြီး သူ၏ဆရာကို နောက်ဆုံးအကြိမ် တွေ့ချင်ခဲ့သည်။ အမှန်စင်စစ် သူမသာ မရှိခဲ့လျှင် သူသည် ထိုမြို့လေး၌ ယခုထိတိုင် တောင်းရမ်းစားသောက်ရင်း မည်သူမျှမသိဘဲ သေဆုံးသွားခဲ့ပေလိမ့်မည်။
ရှောင်ချီသည် အဖိုးအိုတစ်ဦးအဖြစ် ရုပ်ဖျက်ကာ ဝိညာဉ်ဓားဂိုဏ်း၏ ခမ်းနားသော ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ဝိညာဉ်ဓားဂိုဏ်း၏ အခမ်းအနားမှာ အလွန်ပင် စည်ကားလှပြီး မြစ်သုံးသွယ်နှင့် တောင်ငါးလုံးမှ ကျင့်ကြံသူအားလုံးနီးပါး စုဝေးရောက်ရှိနေကြသည်။
ဤအချိန်တွင် ယဲ့ဖန်၏ ကျင့်ကြံဆင့်မှာ မဟာယာနအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ နတ်ဘုရားအဖြစ် အဆင့်တက်လှမ်းရန်ခြေတစ်လှမ်းသာ လိုတော့သည်။ သူသည် အင်အားအကောင်းဆုံး ပုဂ္ဂိုလ်များထဲမှ တစ်ဦးဖြစ်သဖြင့် လူအများက သူ၏ ကြည်ညိုဖွယ် ပုံရိပ်ကို မြင်တွေ့ချင်ကြသည်မှာ မဆန်းပေ။
ယဲ့ဖန်တွင် စုစုပေါင်း ဇနီး (၈) ဦးရှိပြီး ၎င်းတို့အနက် (၄) ဦးမှာ ရှောင်ချီနှင့် အလွန်ရင်းနှီးသူများ ဖြစ်ကြသည် ၎င်းတို့မှာ လင်းကျောင်လန် ၊ သူ၏ဆရာ နတ်မိမယ် လင်းယွင်၊ စီနီယာ မမကြီး လျူချင်းအာ နှင့် ဒုတိယ မမကြီး မူဝမ်အာတို့ ဖြစ်ကြသည်။
ကျန်ရှိသော (၄) ဦးကိုမူ ရှောင်ချီ မမှတ်မိပေ။ ၎င်းတို့မှာ ယဲ့ဖန် လှည့်လည်သွားလာစဉ် ဆုံတွေ့ခဲ့သည့် အလှနတ်သမီးများ ဖြစ်ပုံရသည်။
လှပသော ဇနီး (၈) ဦးနှင့်အတူ ယဲ့ဖန်သည် သူ၏ မှော်လက်နက်(၅) မျိုးကို ဝိညာဉ်ဓားတောင်တစ်ခုလုံး လွှမ်းခြုံသွားအောင် ခန့်ညားထည်ဝါစွာ ထုတ်ဖော်ပြသထားသည်။
သို့သော်လည်း လူအုပ်ကြားထဲတွင် အစားအသောက်များကို မြည်းစမ်းနေသော ရှောင်ချီသည် မှော်လက်နက်တစ်ခုကို မြင်လိုက်ရသောအခါ သူ၏မျက်နှာရိပ်မှာ ရုတ်တရက် ပြောင်းလဲသွားသည်။
၎င်းမှာ သူ၏ဘဝတစ်ခုလုံးကို ဖျက်ဆီးခဲ့သည့် ဟောက်ထျန်းစေတီပင် ဖြစ်သည်။ ယခုအခါ ၎င်းမှာ ဝိညာဉ်ဓားတောင်၏ ထိပ်ဖျားတွင် အကောင်းပကတိအတိုင်း တည်ရှိနေသည်။ ရှောင်ချီကို ပို၍ အံ့အားသင့်စေသည်မှာ စေတီကို ဝန်းရံနေသည့် စူးရှတောက်ပသော သဘာဝဝိညာဉ်အနှစ်သာရပင် ဖြစ်သည်။
ဤစေတီနှင့် ထိုဝိညာဉ်အနှစ်သာရကို မြင်လိုက်ရသောအခါ ရှောင်ချီ၏ စိတ်ထဲတွင် ရှိနေခဲ့သော အတွေးများကို အတည်ပြုနိုင်ခဲ့ပြီ ဖြစ်သည်။
ထိုစဉ်က စေတီကို ခိုးယူပြီး ၎င်းအတွင်းရှိ ဝိညာဉ်အနှစ်သာရကို စုပ်ယူခဲ့သူမှာ ယဲ့ဖန်ပင် ဖြစ်သည်။ ထို့နောက်မှသာ သူ့ကို အပြစ်ဖို့ကာ ထောင်ချောက်ဆင်ခဲ့ခြင်း ဖြစ်သည်။
ယခုအခါ ယဲ့ဖန်၏ ကျင့်ကြံအဆင့်မှာအောင်မြင်မှုသို့ ရောက်ရှိသွားမှသာ ထိုဝိညာဉ်အနှစ်သာရကို စေတီအတွင်းသို့ ပြန်လည်ထည့်သွင်းပေးခဲ့ခြင်း ဖြစ်သည်။ ဤသို့ဖြင့် ဖုန်တက်နေသော အဖိုးတန်စေတီမှာ ယခင်ကကဲ့သို့ ပြန်လည် တောက်ပလာခြင်း ဖြစ်သည်။
"ဟားဟားဟားဟား..." ကောင်းကင်တစ်ခုလုံး တုန်ဟိန်းသွားစေမည့် ရယ်သံကြီးတစ်ခုမှာ ဝိညာဉ်ဓားတောင် တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားသည်။ ထိုရယ်သံမှာ ခြောက်ကပ်ပြီး ဝမ်းနည်းကြေကွဲဖွယ် ကောင်းလှသလို မိမိကိုယ်ကိုယ် လှောင်ပြောင်နေသကဲ့သို့လည်း ခံစားရသည်။
ငါ့ရဲ့ ဝိညာဉ်ဓားတောင်ပေါ်မှာ ဘယ်သူက ဒီလောက်တောင် ရိုင်းရိုင်းစိုင်းစိုင်း လုပ်ရဲတာလဲ နှင်းကဲ့သို့ ဖြူဖွေးသော ဝတ်စုံကို ဝတ်ဆင်ထားသည့် ပုံရိပ်တစ်ခုမှာ အဖိုးအိုအဖြစ် ရုပ်ဖျက်ထားသော ရှောင်ချီ၏ ရှေ့သို့ ရောက်ရှိလာသည်။
သူမသည် ဟင်းလင်းပြင်ထဲတွင် တိတ်ဆိတ်စွာ ရပ်နေပြီး အိုမင်းမစွမ်းဖြစ်နေသော ရှောင်ချီကို ငုံ့ကြည့်နေသည်။ သူမ၏ ပြင်းထန်သော ကျင့်ကြံမှု ဖိအားကြောင့် ရှောင်ချီ၏ ကုန်းနေသော ကျောပြင်မှာ ပို၍ပင် နိမ့်ကျသွားရသည်။
ဆရာ... ဆရာ သိတယ်မလား အရာအားလုံးကို ဆရာ သိတယ်မဟုတ်လား အဲဒီ အဖိုးတန်စေတီက ဆရာ့မျက်စိရှေ့တင် ရှိနေတာတောင် ဘာမှမသိသလို ဟန်ဆောင်နေဦးမှာလား။
ရှောင်ချီသည် သူ၏အနက်ရောင် ဝတ်ရုံကို ဆွဲခွာလိုက်ပြီး သူ၏အိုမင်းနေသော မျက်နှာကို ဖော်ပြလိုက်သည်။
သူ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးစွမ်းအင်များမှာ ချက်ချင်း ပြန်လည်နိုးထလာပြီး သူ၏ ရုပ်သွင်မှာလည်း နုပျိုမှုဘက်သို့ ပြန်လည် ပြောင်းလဲသွားသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူသည် အတိတ်က ချောမောခန့်ညားပြီး အနှိုင်းမဲ့သော လူငယ်လေး ရှောင်ချီအဖြစ်သို့ ပြန်လည် ရောက်ရှိသွားသည်။
ထိုလူငယ်လေး၏ မျက်နှာကို မြင်လိုက်ရသောအခါ နတ်မိမယ် လင်းယွင်မှာ မှင်သက်သွားသည်။ အတိတ်က မှတ်ဉာဏ်များ သူမ၏ စိတ်ထဲတွင် ပြန်လည် ပေါ်ပေါက်လာသည်။
သူမ၏တစ်ချိန်က စိတ်ပျက်စရာကောင်းခဲ့သော တပည့်သည် ထိုတိုက်ပွဲအတွင်း သေဆုံးသွားပြီဟု သူမ ထင်မှတ်ခဲ့သည်။ သူ ယခုတိုင် အသက်ရှင်နေလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။
ဘာလို့ အတိတ်တွေကို ပြန်တူးဖော်နေမှာလဲ အချိန်ဆိုတာ မြစ်တစ်စင်းလိုပဲ ရှေ့ကိုပဲ စီးဆင်းသွားတာ။ လူတွေလည်း သေဆုံးကုန်ကြပြီ အရာအားလုံးလည်း ပြောင်းလဲသွားပြီ။ ဘာလို့ အတိတ်နောက်ကို လိုက်နေဦးမှာလဲ နတ်မိမယ် လင်းယွင်၏ လေသံမှာ အေးစက်နေပြီး သူမ၏ မျက်နှာထားမှာလည်း လောကနှင့် ကင်းကွာနေသူတစ်ဦးကဲ့သို့ မာန်တက်နေသည်။
" အရာအားလုံး ပြောင်းလဲသွားပြီတဲ့လားလူတွေသေဆုံးကုန်ကြပြီတဲ့လား အဲဒီလို သက်ပြင်းတစ်ချက်ချရုံနဲ့ ညစ်ပတ်လှတဲ့ အတိတ်တွေကို ဖျက်ပစ်လို့ရမယ်လို့ ဆရာ ထင်နေတာလား" ရှောင်ချီသည် ခါးသီးစွာ ရယ်မောလိုက်သည်။ သူ၏ ချောမောသော မျက်နှာတွင် အဆုံးမရှိသော နာကျင်မှုများ ပြည့်နှက်နေသည်။
ယနေ့ဟာ ဝိညာဉ်ဓားဂိုဏ်းအတွက်ရော ငါ့ရဲ့ ချစ်လှစွာသော ယဲ့အတွက်ပါ အရေးကြီးတဲ့နေ့ပဲ။ နင် ပြဿနာမရှာတာ အကောင်းဆုံးဖြစ်လိမ့်မယ်။ မဟုတ်ရင်တော့ နင့်ဆရာက အကြင်နာတရား ကင်းမဲ့သွားတယ်လို့ အပြစ်မတင်နဲ့ အရိုးထဲထိ စိမ့်အောင် အေးစက်သော သတိပေးချက်ကို ချန်ထားခဲ့ပြီး နတ်မိမယ် လင်းယွင်သည် ဟင်းလင်းပြင်ကို ဖြတ်သန်းကာ ဖြည်းညှင်းစွာ ထွက်ခွာသွားသည်။
အဲဒီလူက ဘယ်သူလဲ သူက နတ်မိမယ် လင်းယွင်နဲ့ ဘယ်လို ပတ်သက်မှုမျိုး ရှိနေတာလဲ။
ဘယ်သူသိမှာလဲ သူက နတ်မိမယ် လင်းယွင်ကို သဘောကျနေတဲ့သူ ဖြစ်မှာပေါ့။
နတ်မိမယ် လင်းယွင်က သူမရဲ့ ခင်ပွန်းကို ကယ်ဖို့ အသက်စတေးခဲ့တဲ့ အကြောင်းက ကျင့်ကြံခြင်းလောကမှာ နာမည်ကြီးပဲလေ။ သူမကို သဘောကျတဲ့သူတွေ ရှိနေတာ မဆန်းပါဘူး။
အချို့သော ကျင့်ကြံသူများသည် နတ်မိမယ် လင်းယွင်က ရှောင်ချီထံသို့ ချဉ်းကပ်ကာ စကားအနည်းငယ် ပြောပြီး ထွက်ခွာသွားသည်ကို မြင်တွေ့ခဲ့ကြသည်။ သူတို့သည် ချက်ချင်းပင် တီးတိုး စကားဆိုကာ ဘာတွေပြောခဲ့ကြသလဲဆိုသည်ကို ခန့်မှန်းနေကြသည်။
ပြဿနာရှာရမယ် ငါ့ရဲ့ဒီလို အသုံးမကျတဲ့ ဘဝမျိုးနဲ့ ဘာပြဿနာ သွားရှာလို့ရမှာလဲ ရှောင်ချီသည် အချိန်အတော်ကြာ တောင့်တောင့်ကြီး ရပ်နေပြီးမှ မိမိကိုယ်ကိုယ် လှောင်ပြောင်သော ရယ်သံကို လွှတ်လိုက်သည်။
နောက်ဆုံးတွင် သူ၏ မျက်လုံးများအတွင်း ပြတ်သားသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ သူသည် သူ၏ လက်ချောင်းထိပ်ကို ဓားဖြင့် အသာအယာ လှီးလိုက်ရာ တဟုန်ထိုး စီးထွက်လာသော သွေးစွမ်းအင်များ ပေါ်ထွက်လာသည်။
ငါ့မှာ စကားတစ်ခွန်း ရှိတယ် သေချာ နားထောင်ကြစမ်း
ကောင်းကင်အရှင်ယဲ့ဖန် ဆိုတာ ကမ္ဘာပျက်ကပ်တိုင်အောင် ညစ်ပတ်မယ့် လူယုတ်မာပဲ။
ကောင်းကင်ယံတစ်ခုလုံးတွင် သွေးဖြင့် ရေးသားထားသော သွေးကတိစာတမ်းတစ်ခု ပြန့်နှံ့သွားသည်။ ရှောင်ချီသည် ကောင်းကင်ယံတွင် ဟောက်ထျန်းစေတီနှင့် ပတ်သက်သော အဖြစ်အပျက်များကို ဖော်ပြရန် တရားဓမ္မ အငွေ့အသက်ကို အသုံးပြုခဲ့သည်။
သူ့အတွက် လုပ်စရာ ဘာမှမကျန်တော့ပေ။ သူ၏ နာမည်ကိုသာ သန့်ရှင်းအောင် လုပ်ချင်ခဲ့ခြင်း ဖြစ်သည်။ သူ၏ ဘဝမှာ အဆုံးသတ်သို့ ရောက်နေပြီ ဖြစ်သလို ဤအရာအားလုံးကို ပြောင်းလဲရန် အင်အားလည်း မရှိတော့ပေ။
နတ်မိမယ် လင်းယွင် ပြောသကဲ့သို့ပင် လူတွေ သေဆုံးပြီး အရာအားလုံး ပြောင်းလဲသွားခဲ့ပြီ သို့သော် သူရှောင်ချီကတော့ ၎င်းကို လက်မခံနိုင်ပေ။ သူသည် လူမှန်ဖြစ်ကြောင်းနှင့် ဂိုဏ်း၏ ဝိညာဉ်ရတနာကို တစ်ခါမျှ မခိုးယူခဲ့ကြောင်း သက်သေပြချင်ခဲ့သည်။
ဟင်း... ပုရွက်ဆိတ်တစ်ကောင်က ငါ့ကို အပုပ်ချရဲတယ်ပေါ့ အဆုံးမရှိသော ဖိအားတစ်ခုမှာ ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
ပေတစ်ရာခန့် မြင့်မားသော ကောင်းကင်နှင့် မြေကမ္ဘာ၏ ကိုယ်ပွားပုံရိပ်တစ်ခု ပေါ်ထွက်လာပြီး ၎င်း၏ဝိညာဉ်ကို ဖမ်းစားနိုင်သော မျက်လုံးကြီးနှစ်လုံးက ရှောင်ချီကို အနက်ရောင် တွင်းနက်ကြီးများကဲ့သို့ စိုက်ကြည့်နေသည်။
ယဲ့ဖန်... မင်းလို လူယုတ်မာ လုပ်ရဲရင် ဝန်ခံရဲတဲ့ သတ္တိရောရှိရဲ့လား ဂိုဏ်းရဲ့အဖိုးတန်ရတနာကို ခိုးပြီး တခြားသူကို အပြစ်ဖို့ခဲ့တဲ့ မင်းလို ကောက်ကျစ်တဲ့ လူယုတ်မာက ဒီလောက် မြင့်မားတဲ့ ကျင့်ကြံဆင့်နဲ့ မထိုက်တန်ဘူး။
ယခုအချိန်တွင် ရှောင်ချီ၏ နုပျိုသော မျက်နှာမှာ မူလကကဲ့သို့ အိုမင်းမစွမ်းသော ရုပ်သွင်သို့ တဖြည်းဖြည်း ပြန်လည် ပြောင်းလဲသွားသည်။ ချောမောခန့်ညားပြီး ထူးခြားလှသော ယဲ့ဖန်နှင့် နှိုင်းယှဉ်လျှင် သူသည် ဟင်းလင်းပြင်ထဲရှိ ဖုန်မှုန့်တစ်စက်ကဲ့သို့ သေးငယ်ပြီး အရေးမပါလှပေ။
ဟင်း... ဆူညံလိုက်တာ ပုရွက်ဆိတ်တစ်ကောင်က ငါ့ကို စော်ကားရဲတယ်ပေါ့ တောင်တစ်လုံးကဲ့သို့ ကြီးမားသော လက်ဝါးကြီးတစ်ခုသည် ကောင်းကင်ယံမှ ဖြည်းညှင်းစွာ ဆင်းသက်လာပြီး ရှောင်ချီဆီသို့ ဦးတည်လာသည်။
ရှောင်ချီတွင် အင်အား မကျန်တော့ပေ။ ကောင်းကင်ဘုံ၏ အမိန့်တော်ကဲ့သို့ ပြင်းထန်သော ဤတိုက်ကွက်ကို ရင်ဆိုင်ရင်း သူသည် သေခြင်းတရား ရောက်ရှိလာခြင်းကို ငြိမ်သက်စွာ စောင့်ဆိုင်းနေရုံသာ ရှိသည်။
"ငါ့ရဲ့ စီနီယာ အစ်ကိုကို ဘယ်သူက ထိခိုက်အောင် လုပ်ရဲတာလဲ" အနီရောင် ပုံရိပ်တစ်ခုမှာ ထိုကြီးမားသော လက်ဝါးကြီး၏ လမ်းကြောင်းကို ကြားဖြတ် ပိတ်ဆို့လိုက်သည်။
"ဝုန်း..." သို့သော် ယဲ့ဖန်၏ အင်အားမှာ ပြင်းထန်လွန်းလှသည်။ ထိုအနီရောင် ပုံရိပ်က ကြားဖြတ် တားဆီးနိုင်ခဲ့သော်လည်း ၎င်းမှာ ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့သည်။
"လင်ယုရှုဒါ မင်းလား" မီးကဲ့သို့ နီရဲနေသော ပုံရိပ်ကို ကြည့်ရင်း ရှောင်ချီက မယုံကြည်နိုင်စွာ မေးလိုက်သည်။
"စီနီယာ အစ်ကို... မြန်မြန် ထွက်ပြေးတော့ ညီမ သူ့ကိုတားထားပေးမယ်" အနီရောင် ဝတ်ဆင်ထားသော မိန်းကလေးမှာ သူမ၏ ခေါင်းကို ဖြည်းညှင်းစွာ လှည့်လိုက်သည်။ သူမ၏ အသံမှာ အားနည်းနေသည်။
"မင်းရဲ့စီနီယာ အစ်ကိုက သေတော့မှာပါ။ ထွက်ပြေးလည်း အပိုပါပဲ မင်း ဘာလို့ ကြားထဲက ထွက်လာရတာလဲ" သူ့ရှေ့တွင် ပိတ်ဆို့ထားသော အနီရောင် ဝတ်စုံနှင့် ပုံရိပ်ကို ကြည့်ရင်း ရှောင်ချီသည် အကူအညီမဲ့စွာဖြင့် ခါးသီးစွာ ပြုံးလိုက်မိသည်။