အခန်း (၁၉) နှစ်ပေါင်း (၂၀) ကြာအောင် သွေးထားတဲ့ "လင်းရှောင်" ကိုးဓားအစီရင်
ရှောင်ချီက လက်ယပ်ခေါ်လိုက်ရာ ခရမ်းရောင်ခေါင်းလောင်းမှာ သူ၏ လက်ထဲသို့ ဖြည်းဖြည်းချင်း ပျံဝင်လာခဲ့သည်။
မှော်ရတနာတစ်ခုသည် ၎င်း၏ပိုင်ရှင်နှင့် အဆက်အသွယ် ပြတ်တောက်သွားပါက အသက်မဲ့သော အရာဝတ္ထုတစ်ခု ဖြစ်သွားတော့သည်။ အကယ်၍ သွေးကတိသစ္စာပြုလုပ်ထားပါက ထိုပိုင်ရှင်ကို သတ်ပစ်မှသာ ကတိသစ္စာကို အပြီးတိုင် ဖျက်ဆီးနိုင်မည် ဖြစ်သည်။
သို့သော် မိမိကိုယ်ကိုယ် အကြွင်းမဲ့ ယုံကြည်မှုမရှိလျှင် မည်သူမျှ ထိုသို့မလုပ်ရဲကြပေ။ မှော်ရတနာ ဆုံးရှုံးသွားခြင်းက လက်ခံနိုင်စရာ ရှိသော်လည်း အသက်ပါ ဆုံးရှုံးသွားပါက ပြန်လာနိုင်မည့် အခွင့်အရေး လုံးဝမရှိတော့ပေ။
"အဲဒါကို ငါ့ကိုပြန်ပေး အဲဒါက ငါ့အဖေ ပေးထားတဲ့ မှော်ရတနာ။ နင်က လူပုံအလယ်မှာ ငါ့ပစ္စည်းကို လုနေတာလား ငါ့အဖေ သိရင် နင့်ကို သေချာပေါက် သတ်လိမ့်မယ်"
သူမ၏ ခရမ်းရောင်ခေါင်းလောင်းကို ရှောင်ချီ လုယူသွားသည်ကို မြင်သောအခါ လင်းကျောင်လန်သည် မြေပြင်ပေါ်မှ အတင်းထကာ သူမ၏ မှော်ရတနာကို ပြန်တောင်းနေတော့သည်။
"ငါလုရင် ငါ့ဟာပဲ။ နင့်အဖေက ပြန်တောင်းရဲတယ်လို့ ထင်ရင် သူ့ကို ငါ့ဆီလာခိုင်းလိုက်" ရှောင်ချီကတော့ လုံးဝမကြောက်ပေ။ သူ လင်းကျောင်လန်ကို ကြည့်လိုက်သည့်အခါ သူမ၏ လှပမှုအပေါ် သနားညှာတာသည့် အရိပ်အယောင် အနည်းငယ်မျှပင် မရှိပေ။
"နင့်ကို ငါရွေးချယ်စရာ နှစ်ခုပေးမယ်။ ပထမတစ်ခုက ငါ စိတ်ကောင်းရှိနေတုန်း အခုချက်ချင်း ထွက်သွားစမ်း။"
"ဒုတိယတစ်ခုကတော့ နင် ဒီမှာ ဆက်နေလို့ရတယ် ဒါပေမဲ့ နောက်ထပ် ဘာတွေကြုံရမလဲဆိုတာကိုတော့ ငါအာမမခံနိုင်ဘူး။ နင့်ရဲ့ ခြေထောက်နှစ်ဖက် ဒါမှမဟုတ် လက်နှစ်ဖက် ဆုံးရှုံးသွားနိုင်သလို ဒီနေရာမှာတင် အသက်ပျောက်သွားတာမျိုးလည်း ဖြစ်နိုင်တယ်"
ရှောင်ချီက စိတ်ပျက်အားငယ်နေသည့် လူနှစ်ယောက်ကို ကြည့်ကာ အေးအေးဆေးဆေးပင် ပြောလိုက်သည်။
"စစ်သည်တော်တစ်ယောက်ကို သတ်ရင်သတ်မယ် အရှက်ခွဲတာတော့ လက်မခံနိုင်ဘူး မင်း ငါ့ကိုအကြိမ်ကြိမ် အရှက်ခွဲခဲ့ပြီ။ ဒီနေ့ ငါ့ရဲ့ ကျင့်ကြံခြင်းလမ်းစဉ်ပျက်စီးပြီး သေရမယ်ဆိုရင်တောင် မင်းကိုပါ ငါနဲ့အတူ ငရဲကို ဆွဲခေါ်သွားမယ်"
ယဲ့ဖန်သည် ဖြည်းဖြည်းချင်း မတ်တတ်ရပ်လိုက်သည်။ သူ၏ခန္ဓာကိုယ်မှ ဝိညာဉ်စွမ်းအားများမှာ အရှိန်အဟုန်ဖြင့် ပေါက်ကွဲထွက်လာပြီး ရှောင်ချီကို အေးစက်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
"ဆရာ ကျွန်တော့်ကို ကူညီပါဦး ဒီနေ့သာ သူ့ကို မသတ်နိုင်ရင် ကျွန်တော့်ရင်ထဲမှာ စိတ်မိစ္ဆာအမြစ်တွယ်သွားပါလိမ့်မယ်" ဟု ယဲ့ဖန်က သူ၏စိတ်ထဲမှနေ၍ သူ၏ အစွမ်းထက်သော လက်နက်ဖြစ်သူ ဆရာကို တိုးတိုးလေး အကူအညီ တောင်းလိုက်သည်။
"တပည့်... မင်းရဲ့ စိတ်ဓာတ်က အရမ်းကို ထကြွလွန်းတယ်လို့ ငါပြောဖူးတယ် မဟုတ်လား နည်းနည်းလောက် ထိန်းသိမ်းသင့်တယ်။ အခုလို အခြေအနေမျိုးမှာ မင်းက အောင့်အည်းသည်းခံရမယ်။ နောင်တစ်ချိန် မင်းရဲ့ကျင့်ကြံဆင့်က အထွတ်အထိပ် ရောက်တဲ့အခါမှ သူ့ကိုအပိုင်းပိုင်း ပိုင်းပစ်ရင်ရော ဘာဖြစ်မှာလဲ"
ဝတ်စုံဖြူဝတ်နတ်မိမယ်၏ အသံမှာ ယဲ့ဖန်၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။ သူမ၏ အသံထဲတွင် အပြစ်တင်မှုနှင့် မကျေနပ်မှုများ ပါဝင်နေသော်လည်း နောက်ဆုံးတွင်တော့ သူမ၏ စွမ်းအားများကို ယဲ့ဖန်ဆီသို့ ငှားရမ်းပေးလိုက်လေသည်။
ယဲ့ဖန်၏ ကျင့်ကြံဆင့်မှာ အရှိန်အဟုန်ဖြင့် မြင့်တက်လာသည်။ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအလယ်အလတ်အဆင့်မှနေ၍ မျက်တောင်တစ်ခတ်အတွင်း အဆင့်နှောင်းပိုင်းသို့ ရောက်သွားသည်။ ခဏအတွင်းမှာပင် အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ တက်လှမ်းသွားခဲ့သည်။
ဘုန်း... ယဲ့ဖန်၏ ကျင့်ကြံဆင့် ဤမျှအထိ မြန်မြန်ဆန်ဆန် တက်လာသည်ကို မြင်လိုက်ရသည့် ရှောင်ချီမှာလည်း ဒီအတိုင်း ရပ်ကြည့်မနေပေ။
ဤကဲ့သို့ ကံကြမ္မာရှင်များမှာ အသက်ဘေးမှ လွတ်မြောက်နိုင်သည့် နည်းလမ်းမျိုးစုံ ရှိကြသည်။ အကယ်၍ သူသာ အခွင့်အရေး ပေးလိုက်ပါက မမျှော်လင့်ဘဲ ရှုံးနိမ့်သွားနိုင်သည် မဟုတ်ပါလား။
ရှောင်ချီသည် ယဲ့ဖန်၏ မျက်နှာကို ပြင်းထန်စွာ ကန်လိုက်ရာ ယဲ့ဖန်မှာ ကျောက်နံရံအတွင်းသို့ တစ်ပေခွဲခန့် နစ်ဝင်သွားတော့သည်။
ထို့နောက်တွင် ဝိညာဉ်စွမ်းအားများ ထည့်သွင်းထားသည့် ကန်ချက်များမှာ မိုးပေါက်များအလား ယဲ့ဖန်၏ခန္ဓာကိုယ်အနှံ့သို့ မနားတမ်း ကျရောက်သွားတော့သည်။
သို့သော်လည်း ဝိညာဉ်စွမ်းအား အလွှာတစ်ခု၏ အကာအကွယ်ကြောင့် ယဲ့ဖန်မှာ သွေးတွေထွက်ပြီး ဒဏ်ရာတွေ ရနေသော်လည်း ရှောင်ချီ မည်မျှပင် တိုက်ခိုက်ပါစေ အသက်အန္တရာယ်ဖြစ်စေမည့် ဒဏ်ရာမျိုးကိုမူ မရရှိခဲ့ပေ။
အမွှေးတိုင်တစ်တိုင် မကုန်ခင်မှာပင် ယဲ့ဖန်၏ ကျင့်ကြံဆင့်မှာ နတ်သန္ဓေအဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
"ရိုက်လို့ ဝပြီလား မင်း ခုနကပဲ မင်းရဲ့ နတ်သန္ဓေအဆင့်နဲ့ ငါ့အပေါ်မှာ မောက်မာပြနေတာ မဟုတ်လား ဒီနေ့မှာတော့ ငါ့ရဲ့ နတ်သန္ဓေ အဆင့်ဦးပိုင်းကျင့်ကြံအဆင့်နဲ့ မင်းလိုနတ်သန္ဓေအလယ်အလတ်အဆင့်ရှိတဲ့ ခွေးအိုကြီးကို သတ်ပြမယ်"
ယဲ့ဖန်၏ ခန္ဓာကိုယ်မှ ဝိညာဉ်စွမ်းအားများမှာ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ရှောင်ချီကို လွင့်ထွက်သွားစေသည်။
ယခုအခါ ယဲ့ဖန်၏ ခန္ဓာကိုယ်မှာ ကျောက်နံရံအတွင်းသို့ နှစ်မီတာကျော်ခန့် နစ်ဝင်နေပြီဖြစ်သည်။ သူသည် ကျောက်နံရံအတွင်းမှ မနည်းရုန်းထွက်လာရသည်။
ယဲ့ဖန်၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေပြီး သွေးတွေလည်း ရွှဲနေတော့သည်။
ငရဲမှ တက်လာသည့် မိစ္ဆာတစ်ကောင်ကဲ့သို့ သူ၏ အကြည့်များမှာ အေးစက်လှသည်။ သူ၏ လက်သီးများကို တင်းတင်းဆုပ်ထားပြီး သွားများကိုလည်း တဂြိတ်ဂြိတ် ကြိတ်နေတော့သည်။
ဤအခိုက်အတန့်တွင် သူ၏ မုန်းတီးမှုနှင့် ဒေါသများမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည် ရှောင်ချီကို အပိုင်းပိုင်း ပိုင်းဖြတ်ပြီး သူ၏အရိုးတွေကို အမှုန့်ကြိတ်ပစ်ရန်ဟူသော အတွေးတစ်ခုသာ ယဲ့ဖန်၏ စိတ်ထဲတွင် ရှိတော့သည်။
ရှောင်ချီ ငါ မင်းကိုကျင်ခွက် (နံစော်တဲ့ အိုး) တစ်လုံးအဖြစ် ပြောင်းပစ်မယ်လို့ ပြောခဲ့တာ မှတ်မိလား အဲဒီအတွက် နှစ်ပေါင်းများစွာ စောင့်နေဖို့မလိုပါဘူး ဒီနေ့ပဲ ငါအဲဒီကတိကို တည်ပေးမယ်။ မင်းရဲ့ ခေါင်းကိုပဲ ချန်ထားပြီး ကျန်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကိုတော့ ငါ အကုန်ဖျက်ဆီးပစ်မယ်။
"မင်းရဲ့ အသားတွေကို ခွေးကျွေးမယ် မင်းရဲ့ အရိုးတွေကို အမှုန့်ကြိတ်ပြီး ငါးစာကျွေးမယ် မင်းရဲ့ဝိညာဉ်ကိုလည်း ဆွဲထုတ်ပြီး ဝိညာဉ်လောင်မြိုက်မီးအိမ်အဖြစ် ပြောင်းပစ်မယ် အဲဒီကျရင် မင်းရဲ့ဝိညာဉ်ဟာ နေ့ရောညပါ အလှော်ခံရတဲ့ ဝေဒနာကို ခံစားရစေရမယ်"
ယဲ့ဖန်သည် ကျောက်နံရံထဲမှ တစ်လှမ်းချင်း လှမ်းထွက်လာခဲ့သည်။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် နီရဲနေသော ဝိညာဉ်စွမ်းအားများ လောင်မြိုက်နေသည် သူ၏ခန္ဓာကိုယ်မှ သွေးနံ့များနှင့် ဝိညာဉ်စွမ်းအားများ ပေါင်းစပ်သွားသည့်အခါ သူသည် အလွန်ပင် ကြောက်မက်ဖွယ်ကောင်းသော ပုံစံမျိုးဖြစ်နေတော့သည်။
နတ်သန္ဓေအဆင့်ဦးပိုင်းလောက်နဲ့ နတ်သန္ဓေ အလယ်အလတ်အဆင့်ရှိတဲ့ ငါ့ကို သတ်နိုင်မယ်လို့ ယုံကြည်ချက်ရှိနေတာလားဒါဟာ ကံကြမ္မာရှင်ရဲ့ယုံကြည်ချက်ပေါ့လေ။
"ကောင်းပြီလေ မင်းမှာ ဘာအတတ်ပညာတွေ ရှိနေမလဲဆိုတာ ငါကြည့်ချင်သေးတယ်" ရှောင်ချီသည် ဖြည်းဖြည်းချင်း မတ်တတ်ရပ်လိုက်ပြီး ကိုယ်လက်အကြောဆန့်လိုက်သည်။ သူ၏ ပတ်ဝန်းကျင်တွင် ဝိညာဉ်စွမ်းအားများ ဝဲလှည့်လာပြီး ယဲ့ဖန်နှင့် ထိပ်တိုက်ရင်ဆိုင်ရန် ပြင်ဆင်လိုက်သည်။
"ဓား... လာစမ်း" ရှောင်ချီ၏ နှုတ်ခမ်းမှ တိုးတိုးလေး အမိန့်ပေးလိုက်ရာ ဟင်းလင်းပြင်ကို ဖောက်ထွက်ပြီး ဓားရှည်တစ်လက် သူ၏လက်ထဲသို့ ရောက်ရှိလာခဲ့သည်!
"ဒီနေ့မှာတော့ ငါ နှစ်ပေါင်း (၂၀) ကြာအောင် အသည်းအသန် လေ့ကျင့်ခဲ့တဲ့ ဓားပညာကို မင်းကိုပြမယ်" ရှောင်ချီက မော့ကြည့်လိုက်ရာ သူ၏အငွေ့အသက်နှင့် လက်ထဲရှိ ဝိညာဉ်ဓားတို့မှာ တစ်သားတည်း ဖြစ်သွားတော့သည်။
နောက်တစ်ခဏတွင် သူသည် မိမိကိုယ်ကိုပင် မေ့လျော့သွားသည့် အထွတ်အထိပ် အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။
အတိတ်ဘဝတုန်းက ယဲ့ဖန်ကြောင့် သူ၏ ကျင့်ကြံဆင့်မှာ နှစ်ပေါင်း (၂၀) ကြာအောင် ဘာမှမတိုးတက်ခဲ့ပေ သို့သော် ပါရမီရှင်တစ်ဦးအနေဖြင့် သူသည် ဤအတိုင်း ငြိမ်နေရန် ဆန္ဒမရှိပေ။ သူ၏ အသက်မှာ တိုတောင်းနေဦးတော့ သူ၏ကိုယ်ပိုင်အစွမ်းဖြင့် တောက်ပချင်နေခဲ့သည်။
ထို့ကြောင့် သူသည် ဓားပညာကို နေ့ရောညပါ အသည်းအသန် လေ့ကျင့်ခဲ့သည်။ ထိုသို့ လေ့ကျင့်ရင်းမှ သူ၏ ကိုယ်ပိုင်ဓားပညာတစ်ခုကို ဖန်တီးနိုင်ခဲ့ခြင်းဖြစ်သည်။
"လင်းရှောင်ကိုးဓား ပထမပုံစံ - ဝိညာဉ်ဖြတ်တောက်ခြင်း" ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်ယံကို ဖြတ်သန်းကာ ယဲ့ဖန်ဆီသို့ တည့်တည့်မတ်မတ် ဦးတည်သွားတော့သည်။
"ပုရွက်ဆိတ်တစ်ကောင်ရဲ့ အစွမ်းပဲ။ ဒီနေ့မှာတော့ တကယ့် ပါရမီရှင်ဆိုတာ ဘာလဲဆိုတာ ငါ ပြမယ်" ယဲ့ဖန်၏ နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခု ပေါ်လာသည်။ သူက ဟင်းလင်းပြင်ထဲသို့ လက်လှမ်းလိုက်ရာ လှံရှည်တစ်လက် သူ၏ လက်ထဲသို့ ရောက်လာခဲ့သည်။
ငါ့မှာ ဖော်ဝမ်လို့ခေါ်တဲ့ လှံတစ်လက် ရှိတယ် အဲဒါကဒီကမ္ဘာပေါ်က အတတ်ပညာတွေ၊ ဓားကွက်တွေနဲ့ အစီရင်တွေ အားလုံးကို ဖျက်ဆီးပစ်နိုင်တယ်။ မင်း ဒါကို ဘယ်လိုတားမလဲ ကြည့်ရအောင်။
သူသည် လှံကို လေထဲသို့ အားကုန်လွှဲယမ်းလိုက်ရာ ဟင်းလင်းပြင်ကြီးပင် ကွဲအက်မတတ် ဖြစ်သွားသည်။ လှံ၏ အရိပ်နှင့် ဓား၏အရိပ်တို့မှာ အရှိန်ပြင်းစွာ ထိပ်တိုက်တွေ့ဆုံသွားကြတော့သည်။
ဘုန်း... ကျယ်လောင်လှသော ပေါက်ကွဲသံကြီးနှင့်အတူ နောက်ကွယ်ရှိ ကျောက်ဆောင်များမှာ ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။ ထိုပြင်းထန်လှသော ဖိအားကြောင့် တောင်ကြီးတစ်ခုလုံးပင် ပြိုကျမတတ် ဖြစ်သွားခဲ့ရသည်။
ဖူး... ရှောင်ချီသည် ရုတ်တရက် သွေးတစ်လုပ် အန်ထုတ်လိုက်ရသည်။ သူ၏ ရင်ဘတ်မှာ လှံ၏ အရိပ်ကြောင့် အပေါက်ဖြစ်သွားခဲ့ရသည် ပူနွေးလှသော သွေးနီရောင်များမှာ သူ၏ အဝတ်အစားများပေါ်သို့ ဖြည်းဖြည်းချင်း စီးကျလာတော့သည်။
မျှော်လင့်ထားသည့်အတိုင်း ကံကြမ္မာရှင်ရဲ့ အစွမ်းကတော့ တကယ်ကို သာမန်မဟုတ်ပါလား။
ရှောင်ချီသည် ပါးစပ်ထောင့်မှ သွေးများကို ဖြည်းဖြည်းချင်း သုတ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်မှာ အနည်းငယ် ယိုင်နဲ့သွားခဲ့သည်။ သူသည် ချင်းဖုန်းဓားကို အားပြုကာ မိမိကိုယ်ကို လဲမကျအောင် ထိန်းထားလိုက်ရသည်။
သူ ယဲ့ဖန်ကို မော့ကြည့်လိုက်သည်။ ယခုအချိန်တွင် ယဲ့ဖန်မှာလည်း အခြေအနေမကောင်းပေ သူ၏ရင်ဘတ်တွင် တစ်ပေခန့် ရှည်လျားသော ဓားဒဏ်ရာတစ်ခု ရရှိထားသည် ထိုဒဏ်ရာမှာ သိပ်မနက်သော်လည်း သူ၏ အဝတ်အစားများမှာ စုတ်ပြတ်သတ်သွားပြီး သန်မာလှသော ကြွက်သားများကို မြင်တွေ့နေရသည်။ သွေးအသစ်များနှင့် သွေးဟောင်းများ ရောယှက်နေသည်မှာ ကြည့်ရသည်မှာ အလွန်ပင် ကြောက်စရာကောင်းလှသည်။
သို့သော်လည်း ယခုအချိန်တွင် ယဲ့ဖန်၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများမှာ ဒုတိယအချက်သာ ဖြစ်သည်။ အဓိက ဒဏ်ရာမှာ သူ၏ ဝိညာဉ်အတွင်းမှာပင်ဖြစ်သည် သူ၏ ဝိညာဉ်မှာ လင်းလိုက်မှိန်လိုက် ဖြစ်နေပြီး အလွန်ပင် မတည်မငြိမ် ဖြစ်နေတော့သည်။
သူ၏ ကျင့်ကြံခြင်း စွမ်းအားများဖြင့် အတင်းအကျပ် ထိန်းချုပ်လိုက်ပြီးနောက်မှသာ သူသည် သတိပြန်ဝင်လာခဲ့တော့သည်။