အခန်း (၁၈) ဗီလိန်တစ်ယောက်ရဲ့ မရှိမဖြစ် အစိတ်အပိုင်းသုံးရပ်
နောက်ထပ် သုံးလေးရက်အတွင်း မြို့လေးထဲတွင် ဘာမှထူးထူးခြားခြား ဖြစ်မလာခဲ့ပေ အလွန်ဆုံးရှိလှ ဝိညာဉ်ကျောက်တုံး လာခိုးသည့် သူခိုးအသေးစား အချို့သာရှိပြီး သာမန်တပည့်များကပင် အလွယ်တကူ ကိုင်တွယ်နိုင်ကြသည်။
ရှောင်ချီသည် ဝိညာဉ်ကျောက်တုံးကြောထဲသို့ ခိုးဝင်ရန် နည်းလမ်းအမျိုးမျိုး ရှာဖွေခဲ့သော်လည်း ကံဆိုးစွာဖြင့် အားလုံးမှာ အရာမထင်ခဲ့ပေ။
အတင်းအကျပ် တိုးဝင်သွားရန် မဖြစ်နိုင်သည်တော့ မဟုတ်ပါ။ သို့သော် ထိုသို့လုပ်ဆောင်ခြင်းက သူ၏ရည်မှန်းချက်များကို ဖော်ပြရာရောက်သွားသလို တစ်ဖက်တွင်လည်း ဝိညာဉ်ပြောင်းလဲခြင်းအဆင့်ရှိသည့် အကြီးအကဲ၏ အာရုံစိုက်မှုကို ခံရပေလိမ့်မည်။
ထိုသို့ဆိုလျှင် သူ၏ အဆင့်အတန်းမှာ ဝိညာဉ်ဓားဂိုဏ်း၏နတ်ဘုရားသားတော်ဘဝမှ ဂိုဏ်း၏ သစ္စာဖောက်ဘဝသို့ ပြောင်းလဲသွားပေလိမ့်မည်။ ၎င်းမှာ သူရင်းနှီးရမည့် တန်ဖိုးနှင့် ယှဉ်လျှင် လုံးဝ မထိုက်တန်ပေ။
သို့သော် ဤရက်ပိုင်းအတွင်း ဘာမှ အကျိုးအမြတ် မရှိခဲ့သည်တော့ မဟုတ်ပါ။ ရှောင်ချီသည် ကျင့်ကြံရန် အသင့်တော်ဆုံး နေရာတစ်ခုကို ရှာတွေ့ခဲ့သည်။ ဤနေရာရှိ ဝိညာဉ်စွမ်းအားမှာ အလွန်ပင် သိပ်သည်းလှပြီး ပြင်ပလောကထက် ဆယ်ဆမက ပိုမိုအားကောင်းသဖြင့် ဝိညာဉ်ကျောက်တုံးကြောထဲမှ စွမ်းအင်များကို အဆက်မပြတ် စုပ်ယူနိုင်ခဲ့သည်။
သုံးရက်အတွင်းမှာပင် သူ၏ ကျင့်ကြံဆင့်မှာ မူလပိတ်ဆို့နေသည့် အတားအဆီးကို ကျော်ဖြတ်ကာ နတ်သန္ဓေအဆင့်၏ အလယ်အလတ်အဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
"စီနီယာအစ်ကို... စီနီယာအစ်ကိုရေ... ဟိုမှာ ခြေထောက်သုံးချောင်းနဲ့ သိုးကလေးတစ်ကောင်ရှိတယ် ကျွန်မတို့ အတူတူသွားကြည့်ရအောင်လေ"
ဤနေ့တွင် ရှောင်ချီ ကျင့်ကြံနေစဉ်မှာပင် ကောင်မလေးတစ်ဦး၏ အော်ဟစ်သံက နားထဲသို့ ပျံ့လွင့်လာသည်။ ရှောင်ချီ ဖြည်းဖြည်းချင်း မျက်လုံးဖွင့်ကြည့်လိုက်သောအခါ လန်းဆန်းတက်ကြွနေသည့် လင်းယွီရှို့၏ မျက်နှာလေးကို မြင်လိုက်ရသည်။
"ငါ မင်းကိုပြောထားတယ် မဟုတ်လား သေသေချာချာ ကျင့်ကြံပါဆိုတာကို။ ဘာလို့ အလုပ်ရှောင်နေပြန်တာလဲ"
ရှောင်ချီက မတ်တတ်ရပ်လိုက်ပြီး ကောင်မလေး၏ ခေါင်းကို ပွတ်သပ်ကာ ဟန်ဆောင်ဒေါသဖြင့် မေးလိုက်သည်။
"အို... အမြဲတမ်း ကျင့်ကြံနေရတာ ပျင်းစရာကြီး စီနီယာအစ်ကို မြန်မြန်လာပါ ကျွန်မနဲ့အတူ သွားကြည့်ရအောင်" ကောင်မလေးက ရှောင်ချီ၏ လက်ကိုဆွဲကာ လျင်မြန်စွာ ထွက်ခွာသွားတော့သည်။
ရှောင်ချီသည် ကောင်မလေးနောက်သို့ လိုက်ပါရင်း ဝိညာဉ်ကျောက်တုံးကြောရှိရာ တောင်နောက်ဘက်သို့ ရောက်သွားပြီး သူမပြောသည့် ခြေထောက်သုံးချောင်းပါသည့် သိုးကလေးကို အမှန်တကယ်ပင် တွေ့လိုက်ရသည်။
ထိုသိုးကလေးမှာ အလွန်ပင် ဉာဏ်ရည်ထက်မြက်ပုံရပြီး ကောင်မလေးနှင့်လည်း အလွန်ပင် ခင်မင်နေကြသည်။ ၎င်းသည် ကောင်မလေး၏ ပေါင်ကို ၎င်း၏ ဦးခေါင်းလေးဖြင့် တိုးဝှေ့ကာ အလွန်အမင်း ချစ်ခင်ကြောင်း ပြသနေတော့သည်။
အစကတော့ ရှောင်ချီသည် ဤသားရဲလေးကို ဂိုဏ်းသို့ ပြန်ခေါ်သွားပြီး ကောင်မလေး အလိုရှိသည့်အခါတိုင်း မြင်နိုင်အောင် မွေးမြူပေးချင်ခဲ့သည်။
သို့သော် လင်းယွီရှို့က ပြတ်ပြတ်သားသားပင် ငြင်းဆိုခဲ့သည်။ သူမ၏ အကြောင်းပြချက်မှာ ရိုးရှင်းပါသည်။ ဤသိုးကလေးမှာ ဤတောအုပ်ထဲတွင် လွတ်လပ်စွာ နေထိုင်နေခြင်းဖြစ်သည်။ သူတို့သာ ဖမ်းသွားလျှင် ၎င်း၏ မူလဘဝနေထိုင်မှုကို ဖျက်ဆီးရာရောက်ပြီး ၎င်း၏ မိဘများနှင့် ခွဲခွာစေရာ ရောက်ပေလိမ့်မည်။ ကောင်မလေးမှာ ဤကဲ့သို့ မလုပ်ချင်ပေ။
ထို့နောက်တွင် ရှောင်ချီသည် ကောင်မလေးကို တောအုပ်အတွင်း တစ်ပတ်ခန့် ပျံသန်းပြပြီးနောက် သူ၏ ကျင့်ကြံခြင်းကို ဆက်လက်လုပ်ဆောင်ရန် ပြန်လာခဲ့သည်။
သို့သော် သူ၏ မူလကျင့်ကြံသည့် နေရာသို့ ပြန်ရောက်သည့်အခါ အခြားတစ်စုံတစ်ယောက် ထိုင်နေသည်ကို တွေ့လိုက်ရသည်။
သူသည် ဂိုဏ်း၏နတ်ဘုရားသားတော် ဖြစ်သလို နတ်သန္ဓေအဆင့်ရှိသည့် ကျွမ်းကျင်သူတစ်ဦးလည်း ဖြစ်သည်။ သူ ဤနေရာမှာ ကျင့်ကြံရန် ရွေးချယ်ထားသဖြင့် အနီးနားတွင် တပည့်များ လာရောက်ခြင်း မရှိသလောက်ပင်။ ဤနေရာမှာ သူ၏ကိုယ်ပိုင်နယ်မြေ ဖြစ်နေသည်မှာ အားလုံးသိထားပြီးသား ဖြစ်သည်။
ယခုအခါ အခြားသူတစ်ယောက် ထိုင်နေသည်ကို မြင်လိုက်ရသဖြင့် ရှောင်ချီ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားသည်။ သာမန်တပည့်ဆိုလျှင်တော့ သူက ကောင်းကောင်းမွန်မွန် ပြောဆိုပြီး အကျိုးအမြတ်အချို့ပေးကာ ထွက်သွားခိုင်းမည် ဖြစ်သည်။
သို့သော် ထိုနေရာမှာ ထိုင်နေသည့် အမျိုးသားနှင့် အမျိုးသမီး နှစ်ဦးကို မြင်လိုက်ရသည့်အခါ ရှောင်ချီ၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် ပြောင်းလဲသွားသည်။
မှန်ပါသည် ထိုနှစ်ယောက်မှာ အခြားသူမဟုတ် ယဲ့ဖန်နှင့် လင်းကျောင်လန်တို့ပင် ဖြစ်သည်။
ရှောင်ချီ၏ ဒေါသများမှာ ချက်ချင်းပင် မြင့်တက်လာပြီး သူ၏ စိတ်ထဲတွင် ယုတ်မာသော အတွေးအချို့ ပေါ်ပေါက်လာခဲ့သည်။
ဤမြင်ကွင်းမှာ ဗီလိန်တစ်ယောက်နှင့် ကံကြမ္မာရှင်တို့၏ ထိပ်တိုက်တွေ့ဆုံမှု မဟုတ်ပါလား ဒီနေ့မှာတော့ သူဟာ ဗီလိန်စစ်စစ် တစ်ယောက်အဖြစ် နာမည်ကျော်အောင် လုပ်ပြရတော့မည်။
"ဘယ်သူက မင်းတို့ကို ဒီမှာကျင့်ကြံခိုင်းလို့လဲ ထွက်သွားစမ်း" ရှောင်ချီသည် ချက်ချင်းပင် ထိုနှစ်ယောက်ရှေ့တွင် ပေါ်လာပြီး ယဲ့ဖန်၏ မျက်နှာကို ကန်ထုတ်လိုက်ရာ ယဲ့ဖန်မှာ နောက်ဘက်ရှိ ကျောက်နံရံဆီသို့ လွင့်ထွက်သွားတော့သည်။
ယခုအခါ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်မှာသာ ရှိသေးသည့် ယဲ့ဖန်မှာ ဘာမှပင် မတုံ့ပြန်နိုင်မီမှာပင် ပြင်းထန်စွာ ဒဏ်ရာရသွားပြီး ကျောက်နံရံကို မှီကာ အသက်ကို မနည်းရှူနေရရှာသည်။
"ဖန်လောင်... အဆင်ပြေရဲ့လား" လင်းကျောင်လန်သည် ကျောက်နံရံဆီသို့ အပြေးအလွှား သွားလိုက်ပြီး ယဲ့ဖန်ကို ထူပေးကာ စိုးရိမ်တကြီး ကြည့်နေတော့သည်။
သူမက ဝိညာဉ်စွမ်းအားအချို့ကို ယဲ့ဖန်ဆီသို့ ပို့လွှတ်ပေးလိုက်ပြီးနောက် ယဲ့ဖန်၏ အခြေအနေမှာ အနည်းငယ် ပြန်ကောင်းလာခဲ့သည်။ သူသည် မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်ပြီး ရှောင်ချီကို မြင်လိုက်ရသည့် အခိုက်အတန့်မှာတော့ သူ၏ မျက်ဝန်းထဲမှ ဒေါသများမှာ ကောင်းကင်တစ်ခုလုံးကို လောင်ကျွမ်းပစ်နိုင်မည့်အလား ပြင်းထန်လှသည်။
ရှောင်ချီ... နင် ဘာလုပ်နေတာလဲ နင်မှာ အသိတရားရောရှိရဲ့လား ငါနဲ့ ငါ့ရဲ့ ဖန်လောင်က ဒီမှာ အေးအေးဆေးဆေး ကျင့်ကြံနေတာကို နင်က ဘာအခွင့်အရေးနဲ့ လူကို လာရိုက်တာလဲ။
လင်းကျောင်လန်က ရှောင်ချီကို လက်ညှိုးထိုးပြီး အော်ဟစ်ဆဲဆိုနေတော့သည်။
"ဘာအခွင့်အရေးလဲ ဒီနေရာက ငါ့နယ်မြေဖြစ်နေတဲ့ အခွင့်အရေးနဲ့ပေါ့ ငါ ဒီမှာကျင့်ကြံနေတာ သုံးရက်ရှိပြီ နင်တို့ နှစ်ယောက်က ဘာမှမပြောမဆိုဘဲ လာပြီး နေရာဦးရအောင် နင်တို့က ဘာကောင်တွေမို့လို့လဲ"
ဗီလိန်တစ်ယောက်ရဲ့ အစိတ်အပိုင်း သုံးရပ်က ဘာတွေလဲ ၎င်းတို့မှာ အကြောင်းပြချက်မရှိခြင်း မောက်မာရိုင်းစိုင်းခြင်း နှင့် စကားထက် လက်က အရင်ဦးခြင်းတို့ပင်ဖြစ်သည်။
ရှောင်ချီသည် လင်းကျောင်လန်နှင့် ယဲ့ဖန်တို့ကို မောက်မာစွာ ကြည့်လိုက်ပြီး သူ၏ နှာခေါင်းမှာ ကောင်းကင်ကိုပင် မော့ကြည့်နေသကဲ့သို့ ရှိသည်။
"ရှောင်ချီ... နင်လို အကျင့်စာရိတ္တ မကောင်းတဲ့သူ၊ အကြောင်းပြချက်မရှိတဲ့သူ၊ လူကို ရမ်းပြီး ရိုက်တတ်တဲ့သူက ငါနဲ့ လုံးဝ မထိုက်တန်ဘူး။
ဂိုဏ်းရဲ့နတ်ဘုရားသားတော်ဆိုတဲ့ ဘွဲ့နဲ့တောင် မထိုက်တန်ဘူး ငါဂိုဏ်းကို ပြန်ရောက်ရင် နင့်ကိုနတ်ဘုရားသားတော်ရာထူးကနေ ဖယ်ရှားဖို့နဲ့ ငါနဲ့ စေ့စပ်ထားတာကို ဖျက်သိမ်းဖို့ ငါ့အဖေကို ပြောပြမယ်။
နင်လို အမှိုက်မျိုးက ရွှံ့နွံထဲမှာပဲနေပြီး ဖုန်းကြားမှာ ခွေးတွေနဲ့ အစာလုစားဖို့ပဲ ထိုက်တန်တယ် အခုချက်ချင်း ထွက်သွားစမ်း မဟုတ်ရင် ငါအကြီးအကဲ ချန်ကိုသွားတိုင်မယ်၊ အဲဒီကျမှ နင် သိကြတာပေါ့"
လင်းကျောင်လန်သည် ဒေါသတကြီးဖြင့် ရှောင်ချီကို လက်ညှိုးထိုးပြီး ဆူပူကြိမ်းမောင်းနေတော့သည်။ တကယ်တော့ သူမသည် ရှောင်ချီကို အနည်းငယ် ကြောက်နေမိသည်၊ အကြောင်းမှာ ဤလူမှာ အကြောင်းပြချက်မရှိဘဲ လူကို ရိုက်တတ်ပြီး ဘာကိုမှ ညှာတာမည့်ပုံ မရှိသောကြောင့်ပင်။
"ငါ ခုနက သူ့ကိုပဲ ကန်ရသေးတာ နင့်ကို မကန်ရသေးဘူး မဟုတ်လား ကောင်းပြီလေ... နင်က ချန်လှပ်ခံထားရတယ်လို့ ခံစားနေရတယ်ဆိုရင် ငါ အခုပဲ နင့်ကို ဖြည့်ဆည်းပေးမယ်"
ရှောင်ချီသည် ရှေ့သို့ တစ်လှမ်းချင်း လှမ်းလာပြီး လင်းကျောင်လန်၏ ရှေ့သို့ ရောက်သွားကာ သူမ၏ မျက်နှာကို ကန်ရန် ချိန်လိုက်သည်။
သို့သော် ဤတစ်ကြိမ်တွင်တော့ သူ ထင်မှတ်ထားသလို လင်းကျောင်လန်၏ လှပသော မျက်နှာပေါ်သို့ မကျရောက်ခဲ့ပေ။
ယဲ့ဖန်က လင်းကျောင်လန်ကို အမြန်ပင် ဆွဲယူပြီး သူ၏ ခန္ဓာကိုယ်ဖြင့် အကာအကွယ် ပေးလိုက်သောကြောင့် ဖြစ်သည်။
"ဖူး..." ယဲ့ဖန်သည် သွေးများကို အန်ထုတ်လိုက်ရာ လင်းကျောင်လန်၏ လှပသော မျက်နှာပေါ်သို့ စင်ဟပ်သွားတော့သည်
လင်းကျောင်လန်သည် ခဏတာ မှင်သက်သွားပြီး သူမ၏ ချစ်သူကို မယုံကြည်နိုင်စွာ ကြည့်လိုက်ကာ ထို့နောက်တွင် သူမနောက်ကွယ်မှ မိစ္ဆာတစ်ကောင်ကဲ့သို့သော ရှောင်ချီကို ကြည့်လိုက်သည်။
"နင်... နင်လို လူယုတ်မာကို ငါ သတ်မယ်" လင်းကျောင်လန်၏ မျက်ဝန်းများမှ ဒေါသမီးများ ထွက်ပေါ်လာပြီး ယဲ့ဖန်ကို ဘေးသို့ ပို့လိုက်သည်။ သူမ၏ မျက်နှာပေါ်ရှိ သွေးများကိုပင် ဂရုမစိုက်ဘဲ ခရမ်းရောင်ခေါင်းလောင်းတစ်ခုကို ထုတ်ယူကာ ရှောင်ချီဆီသို့ ပစ်လွှတ်လိုက်တော့သည်။
ထိုခရမ်းရောင်ခေါင်းလောင်းမှ ထူးဆန်းသော အငွေ့အသက်များ ထွက်ပေါ်လာသည်။
ပတ်ဝန်းကျင်ရှိ အပင်များမှာ ထိုအငွေ့များနှင့် ထိတွေ့လိုက်သည်နှင့် ချက်ချင်းပင် ညှိုးနွမ်းသွားကြသည်။
ခရမ်းရောင်ခေါင်းလောင်းသည် သူ၏ အနီးသို့ ချဉ်းကပ်လာသည့် အခိုက်အတန့်မှာပင် ရှောင်ချီသည် သူ၏ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအားများ လျင်မြန်စွာ လျော့နည်းသွားသည်ကို ခံစားလိုက်ရသည်။
ဖြစ်နိုင်သည်မှာ ထိုဂိုဏ်းချုပ် အဖိုးကြီးယုတ်က သူ၏သမီးဖြစ်သူ အပြင်ထွက်သည့်အခါ အန္တရာယ်တွေ့မည်ကို စိုးရိမ်သဖြင့် ဤခေါင်းလောင်းကို ပေးထားခြင်း ဖြစ်ပေလိမ့်မည်။
"ဘယ်လောက်ပဲကောင်းတဲ့ မှော်ရတနာ ဖြစ်ပါစေ သုံးတဲ့သူပေါ်မှာပဲ မူတည်တယ်။ ရွှေရောင်အမြုတေအလယ်အလတ်အဆင့်မှာပဲရှိသေးတဲ့ ပုရွက်ဆိတ်တစ်ကောင်က ငါ့လို တစ်ဆင့်မြင့်တဲ့ ကျင့်ကြံသူကို ရန်စရဲတယ်ပေါ့ နင် တကယ်ပဲ သေချင်နေတာပဲ
ကွဲအက်သွားစမ်း"
ရှောင်ချီ၏ အော်ဟစ်သံနှင့်အတူ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ပြင်းထန်လှသော ဝိညာဉ်စွမ်းအားများ ပေါက်ကွဲထွက်လာသည်။
ခေါင်းလောင်းမှထွက်ပေါ်လာသောထူးဆန်းသောအငွေ့အသက်များမှာချက်ချင်းပင်ပျောက်ကွယ်သွားတော့သည်လင်းကျောင်လန်သည်လည်းထိုမှော်ရတနာနှင့်သူမ၏ဆက်သွယ်မှုမှာချက်ချင်းပင်ပြတ်တောက်သွားကြောင်းခံစားလိုက်ရသည်။