အခန်း (၁၆) ယွီချွမ်းမြို့လေးရဲ့ ဝိညာဉ်ကျောက်တုံးကြော
ငါ့အထင်တော့ ဒီနတ်ဘုရားသားတော်က တောင်နောက်ဘက်မှာ အကျဉ်းချခံထားရတာ ကြာသွားလို့ စိတ်နည်းနည်း ပုံမှန်မဟုတ်တော့တာ ဖြစ်လိမ့်မယ်။
နောက်ရက်အနည်းငယ်နေရင် သူ သတိပြန်ဝင်လာပြီး စီနီယာမမ မူဝမ်အာကို လာပြီး တောင်းပန်မှာ သေချာပါတယ်။
ဒေါသကြောင့် မျက်နှာနီမြန်းနေသော မူဝမ်အာကို မြင်သောအခါ ဘေးနားရှိ ညီမငယ်တစ်ဦးက ချက်ချင်းပင် ချော့မော့လိုက်သည်။
နှမြောစရာကောင်းတာက ဒီတာဝန်က တကယ်ကို အန္တရာယ်များတာပဲ အစကတော့ ရှောင်ချီကို အကာအကွယ် (ဒိုင်း) အဖြစ် သုံးလို့ရရင် ငါတို့အတွက် ပိုဘေးကင်းမယ်လို့ ထင်ထားတာ။
ဒါပေမဲ့ သူက ဒီလောက်အထိ ရက်စက်ပြီး ဘာမှမပြောမဆိုဘဲ ပျံထွက်သွားလိမ့်မယ်လို့ မထင်ထားဘူး နောက်ထပ် ညီမငယ်တစ်ဦးကလည်း နောင်တရရိပ်သန်းစွာဖြင့် သက်ပြင်းချလိုက်သည်။
ဤတစ်ကြိမ်သည် ဂိုဏ်းတစ်ခုလုံးအတွက် ကြီးမားသော ဘေးဒုက္ခတစ်ခု ဖြစ်သည်။ အကြီးအကဲအချို့နှင့် တောင်ထိပ်သခင် အဆင့်အထက် ပုဂ္ဂိုလ်များမှလွဲ၍ ဂိုဏ်းအတွင်းရှိ လူတိုင်းသည် ဤဘေးဒုက္ခကို အတူတကွ ရင်ဆိုင်ကြရမည်ဖြစ်သည်။
သူတို့ ဤမျှအထိ ပေါ့ပေါ့ပါးပါး နေနိုင်ခဲ့ခြင်းမှာ မူဝမ်အာက သူမ၏ဂျူနီယာမောင်လေးကို ရှေ့တန်းသို့ အတင်းဆွဲခေါ်သွားနိုင်သည်ဟု ပြောခဲ့သောကြောင့် ဖြစ်သည်။
နောက်ဆုံးတွင်မူ သူသည် သူတို့ကို အသိအမှတ်ပင်မပြုဘဲ ပျံသန်းရေးဓားဖြင့် ပျံထွက်သွားခဲ့လေပြီ။
ဘာကြောက်စရာရှိလဲ ငါတို့ငါးယောက်လုံးက အမြုတေဖွဲ့စည်းခြင်းအဆင့်ရဲ့ နှောင်းပိုင်းအဆင့်မှာ ရှိနေကြတာပဲ စီနီယာမမ မူဝမ်အာဆိုရင် နတ်သန္ဓေအဆင့်ကိုတောင် ခြေတစ်ဖက် လှမ်းထားနိုင်ပြီလေ ငါတို့အားလုံး စုပေါင်းပြီး တိုက်ခိုက်ရင် နတ်သန္ဓေအဆင့် ကျွမ်းကျင်သူတစ်ယောက် လာတိုက်ရင်တောင် ငါတို့က အရှုံးပေးရမှာ မဟုတ်ဘူး။
ဝတ်စုံခရမ်းရောင်ဝတ်ထားသော ညီမငယ်တစ်ဦးက မိမိကိုယ်ကိုရော အခြားသူများကိုပါ အားပေးသည့်အနေဖြင့် ဟန်ဆောင်ပြုံးကာ ပြောလိုက်သည်။
"စီနီယာအစ်ကို... ဘာလို့ ဒုတိယစီနီယာမမကို အဲဒီလို စကားတွေ ပြောလိုက်ရတာလဲ"
ပျံသန်းရေးဓား၏ အနောက်ဘက်တွင် ထိုင်နေသော ကောင်မလေးသည် ယခုအထိ စကားတစ်ခွန်းမှ မပြောခဲ့ပေ။ နာရီဝက်ခန့် ခရီးနှင်ပြီးနောက်မှသာ သူမက ကြောက်ကြောက်လန့်လန့်ဖြင့် မေးလိုက်ခြင်း ဖြစ်သည်။
"မင်း ငါ့ကိုစီနီယာအစ်ကိုအဖြစ် အသိအမှတ်ပြုနေသေးရင် အဲဒီလူတွေနဲ့ နောက်ဆို ဝေးဝေးနေစမ်း" ရှောင်ချီက လည်ချောင်းတစ်ချက်ရှင်းကာ မကျေမနပ်ဖြစ်နေသော အမူအရာဖြင့် ပြောလိုက်သည်။
အင်း... စီနီယာအစ်ကို ခိုင်းသမျှ ကျွန်မ လုပ်ပါ့မယ်။ တကယ်တော့ ကျွန်မလည်း သူတို့ကို သိပ်ပြီး သဘောမကျပါဘူး။
ကျွန်မ စီနီယာအစ်မကြီး ဒါမှမဟုတ် ဒုတိယစီနီယာမမဆီကိုသွားတိုင်း သူတို့က ကျွန်မကို ရွံရှာတဲ့အကြည့်တွေနဲ့ပဲ အမြဲကြည့်ကြတယ်။ ကျွန်မကိုလည်း လုံးဝ လျစ်လျူရှုထားကြတာ။
ဒါပေမဲ့ အရင်တုန်းက စီနီယာအစ်ကိုက သူတို့နဲ့ နေ့တိုင်း အတူရှိနေတော့ ကျွန်မလည်း စိတ်ကိုတင်းပြီး စီနီယာအစ်ကိုတို့ ရှေ့ကို ခဏခဏ လာခဲ့ရတာပါ။
ကောင်မလေးက ခေါင်းငုံ့လျက် အလေးအနက် ပြောလိုက်သည်။ လိမ္မာလှသော ဂျူနီယာညီမလေးကို ကြည့်ရင်း ရှောင်ချီ ရင်ထဲတွင် အပြစ်မကင်းသလို ခံစားလိုက်ရသည်။
ကောင်းပြီ... နောက်ဆိုရင် မင်းလုပ်ချင်တာပဲလုပ်။ စီနီယာအစ်ကို ဘာမှ မတားတော့ဘူး။
ပြီးတော့ ဒီဆေးလုံးကို ယူထားလိုက်။ ဒါက မင်းရဲ့ ကျင့်ကြံခြင်းအတွက် အများကြီး အထောက်အကူ ဖြစ်လိမ့်မယ် ရှောင်ချီသည် နတ်မိမယ် လင်းယွင်ဆီမှ သူ နှိုက်ယူလာခဲ့သော ဆေးလုံးကို ညီမလေးအား ပေးလိုက်ရင်း နူးညံ့စွာပြောလိုက်သည်။
ဟင့်အင်း... ကျွန်မရဲ့ကျင့်ကြံခြင်းက နှေးကွေးလွန်းပါတယ် ဒီလိုဆေးလုံးတွေကို ကျွန်မ မသုံးသင့်ပါဘူး။ စီနီယာအစ်ကိုကမှ တကယ့် ပါရမီရှင်ပါ နေ့တိုင်း တိုးတက်နေတာလေ။
စီနီယာအစ်ကိုကိုယ်တိုင် ဒီဆေးလုံးကိုသုံးမှသာ ကျင့်ကြံဆင့်က ပိုပြီး မြန်မြန် တိုးတက်မှာပါ ကောင်မလေးက ဆေးလုံးကို လက်မခံလိုဘဲ ထပ်ခါထပ်ခါ ငြင်းဆိုနေတော့သည်။
"တော်တော့... ငါနဲ့ ဘာလို့ ဒီလောက် အားနာနေတာလဲ" ရှောင်ချီသည် နောက်ထပ် စကားမပြောတော့ဘဲ ကောင်မလေး၏ ပါးစပ်ကို အသာအယာဟကာ ဆေးလုံးကို အတင်းထည့်ပေးလိုက်သည်။
ထို့နောက် သူမ၏ ရင်ဘတ်ကို လက်ဖြင့် ခပ်ဖွဖွလေး ဖိကာ ဆေးစွမ်းများ ပျော်ဝင်သွားအောင် အတင်းအကျပ် ကူညီပေးလိုက်သည်။
"အင်း..." လင်းယွီရှို့သည် ညည်းညူသံလေး ထွက်လာပြီး အစွမ်းထက်သော ဆေးစွမ်းများ သူမ၏ ဒန်ထျန်းနှင့် ချီပင်လယ်အတွင်းသို့ စီးဝင်သွားသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။
ပြင်းထန်သော ဝိညာဉ်စွမ်းအင်များက သူမ၏ ဝိညာဉ်ပင်လယ်နှင့် ခန္ဓာကိုယ်တစ်ခုလုံးကို ဆေးကြောပေးနေသကဲ့သို့ပင်။
ဆေးစွမ်းများကို စုပ်ယူရန် မျက်လုံးမှိတ်ကာ ကျင့်ကြံနေသော ကောင်မလေးကို ကြည့်ရင်း ရှောင်ချီ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
သူသည် ပျံသန်းရေးဓားကို ဆက်လက် ထိန်းကျောင်းရင်း သူတို့သွားမည့်နေရာသို့ အရှိန်မြှင့်ကာ ထွက်ခွာလာခဲ့သည်။
သူတို့သည် (၈) နာရီကြာအောင် ပျံသန်းခဲ့ကြပြီး ပဓားပျံပေါ်မှာပင် ညတာကို ကုန်ဆုံးစေခဲ့သည်။ နောက်ဆုံးတွင် ဝိညာဉ်ဓားဂိုဏ်း၏ ဝိညာဉ်ကျောက်တုံး မိုင်းတွင်း သုံးခုအနက် တစ်ခုရှိရာသို့ ရောက်ရှိခဲ့ကြသည်။
ရှောင်ချီတို့ ရှိနေသော ဤမြေပြင်ကို မဟာဝေနိုင်ငံတော်ဟု ခေါ်သော နိုင်ငံတစ်ခုက ထိန်းချုပ်ထားသည်။
၎င်းသည် လူသားနိုင်ငံတစ်ခုဖြစ်သော်လည်း ကျင့်ကြံခြင်းလောကနှင့် ပေါင်းစပ်လိုက်သောအခါ မဟာဝေနိုင်ငံတော်သည် အခြား မည်သည့် ကျင့်ကြံခြင်း အင်အားစုထက်မဆို ပို၍ အင်အားကြီးမားသည်။
မဟာဝေနိုင်ငံတော်အတွင်းတွင် အင်အားအကြီးဆုံးနှင့် နာမည်အကျော်ကြားဆုံး ဂိုဏ်းကြီး (၇) ဂိုဏ်း ရှိသည်။ ဝိညာဉ်ဓားဂိုဏ်းမှာ ထို ဂိုဏ်းကြီး (၇) ဂိုဏ်း ထဲမှ တစ်ခုဖြစ်သည်။
ဝိညာဉ်ဓားဂိုဏ်းသည် နှစ်ပေါင်းထောင်ချီအောင် သူ၏အဆင့်အတန်းကို ခိုင်ခိုင်မာမာ ထိန်းထားနိုင်ရခြင်း၏ အဓိက အကြောင်းရင်းမှာ ဂိုဏ်း၏ အဖိုးတန်ရတနာ ဟောက်ထျန်းစေတီကြောင့် ဖြစ်သည်။
ပင်လယ်ရပ်ခြား အင်အားစုများသည် ကျင့်ကြံခြင်းလောကရှိ မှော်ရတနာများအားလုံးအတွက် အဆင့်သတ်မှတ်ချက်တစ်ခု ပြုလုပ်ခဲ့ဖူးသည်။
ထိုအဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံး (၁၀) ခုအတွင်း ဝင်နိုင်သော ရတနာမှန်သမျှသည် ဂိုဏ်းတစ်ခုကို နှစ်ပေါင်းထောင်ချီအောင် မပျက်မစီး ကာကွယ်ပေးနိုင်သည်။
မဟာဝေနိုင်ငံတော်အတွင်းတွင် ထိုအဆင့် (၁၀) ခုစာရင်းဝင်ရန် အရည်အချင်းပြည့်မီသော မှော်ရတနာ သုံးခုသာ ရှိသည်။
၎င်းတို့မှာ ဒုတိယအဆင့်ရှိ မဟာဝေနိုင်ငံတော်၏အမျိုးသားအဆင့် နတ်ဘုရားလက်နက်ဖြစ်သော တုန်းဟွမ်ခေါင်းလောင်း။
ပဉ္စမအဆင့်ရှိ ဝိညာဉ်ဓားဂိုဏ်း၏ အဖိုးတန်ရတနာ ဟောက်ထျန်းစေတီ။
ခုနစ်ခုမြောက်အဆင့်ရှိ နတ်ဘုရားသတ် ပျံလွှားဓားမြှောင်ဖြစ်သည်။ ဤမှော်ရတနာမှာ ဂိုဏ်းကြီး (၇) ဂိုဏ်း၏ ခေါင်းဆောင်ဖြစ်သော တူးရှန်ဂိုဏ်း၏ အစောင့်အရှောက်ရတနာဖြစ်ကြောင်း ပြောစမှတ်ပြုကြသည်။
အမှန်စင်စစ် ဝိညာဉ်ဓားဂိုဏ်း၏ ကိုယ်ပိုင်အင်အားမှာ ဂိုဏ်းကြီး (၇) ဂိုဏ်း၏ အဆင့်အတန်းမှ လျော့ကျသွားခဲ့ပြီ ဖြစ်သည်။ ဤအဆင့်အတန်းကို ဆက်လက်ထိန်းထားနိုင်ပြီး အခြားဂိုဏ်းများကဲ့သို့ အရင်းအမြစ်များကို ခံစားနိုင်ခြင်းမှာ ဂိုဏ်း၏ အဖိုးတန်ရတနာ ဟောက်ထျန်းစေတီကြောင့်သာ ဖြစ်သည်။
ယခုအခါ ဝိညာဉ်ဓားဂိုဏ်း၏ အဖိုးတန်ရတနာဟောက်ထျန်းစေတီ ပျက်စီးသွားပြီဟူသော သတင်းကြောင့် အင်အားစု အမျိုးမျိုးက သူတို့ကို ရှုတ်ချရန်နှင့် တိုက်ခိုက်ရန် တစ်ဖွဲ့ပြီးတစ်ဖွဲ့ ရောက်ရှိလာကြသည်။
သူတို့သည် ဂိုဏ်းကြီး (၇) ဂိုဏ်း၏ နေရာကိုရော၊ ထိုနေရာနှင့် ထိုက်တန်သော အရင်းအမြစ်နှင့် ဂုဏ်သတင်းများကိုပါ လုယူချင်နေကြခြင်း ဖြစ်သည်။
ယခုအခါ ဝိညာဉ်ဓားဂိုဏ်း၏ အင်အားမှာ တဖြည်းဖြည်း ဆုတ်ယုတ်လာနေပြီး တပည့်များမှာလည်း နေ့စဉ်နှင့်အမျှ တိုက်ပွဲဝင်ရင်း သေဆုံးနေကြသည်။ ဂိုဏ်းအတွင်းရှိ တပည့်များမှာ ထိတ်လန့်တုန်လှုပ်နေကြပြီး ပြိုလဲလုနီးပါး အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ရှောင်ချီ ရောက်ရှိလာသည့် မြို့လေးမှာ ယွီချွမ်းမြို့ဟု ခေါ်ပြီး ဝိညာဉ်ကျောက်တုံးကြောတစ်ခု တည်ရှိသည်။ နှစ်စဉ်နှစ်တိုင်း ဝိညာဉ်ဓားဂိုဏ်းက တပည့်များကို လာရောက်စောင့်ကြပ်စေပြီး မိုင်းတူးဖော်စေသည်။
သို့သော် လွန်ခဲ့သော ရက်အနည်းငယ်က ဤကျောက်တုံးကြောကို အမည်မသိ အင်အားစုများက တိုက်ခိုက်ခဲ့ကြပြီး စောင့်ကြပ်နေသော တပည့်တစ်ဝက်ခန့်မှာ တိုက်ပွဲအတွင်း ကျဆုံးခဲ့ရသည်။
ထို့ကြောင့် ထိုတပည့်များသည် ဂိုဏ်းထံသို့ စစ်ကူတောင်းခံခဲ့ကြပြီး ထို့နောက်တွင် ဝိညာဉ်ဓားဂိုဏ်းမှ တပည့်များမှာ ဤနေရာကို စောင့်ကြပ်ရန် တစ်သုတ်ပြီးတစ်သုတ် ရောက်ရှိလာခဲ့ကြခြင်း ဖြစ်သည်။
သို့သော် ယခုလက်ရှိ ရှောင်ချီသည် ဂိုဏ်းအတွင်းရှိ ထိုအဖိုးကြီးများ၏ စရိုက်အမှန်ကို ကောင်းကောင်းသိမြင်သွားပြီ ဖြစ်သဖြင့် သူတို့အတွက်နှင့် အသက်စွန့်ရန် လုံးဝဆန္ဒမရှိတော့ပေ။
သူသည် မိမိပိုင်ဆိုင်သည့် အရာအချို့ကို ပြန်လည်ယူဆောင်ရန်အတွက်သာ ဤနေရာသို့ လာခဲ့ခြင်း ဖြစ်သည်။
"နတ်ဘုရားသားတော်... ရောက်လာပြီပဲ" ဓားကြီး ဖြည်းဖြည်းချင်း ဆင်းသက်လာသည်ကို မြင်သောအခါ ဝိညာဉ်ဓားဂိုဏ်းမှ တပည့် (၁၀) ကျော်မှာ မြို့ထဲမှ လျင်မြန်စွာ ပျံသန်းလာကြပြီး ရှောင်ချီကို ဝမ်းသာအားရ နှုတ်ဆက်ကြသည်။
"အခု အခြေအနေက ဘယ်လိုလဲ ဘယ်သူက ဒီမြို့ကို စောင့်ကြပ်နေတာလဲ" ရှောင်ချီသည် ဓားပျံကို ပြန်မသိမ်းသေးပေ အဘယ်ကြောင့်ဆိုသော် ညီမလေးမှာ ထိုဓားပေါ်တွင် ကျင့်ကြံနေဆဲဖြစ်သောကြောင့် ဖြစ်သည်။ သူသည် မြေပြင်ပေါ်သို့ အသာအယာ ခုန်ဆင်းလိုက်ပြီး လူအုပ်ကို မေးမြန်းလိုက်သည်။
နတ်ဘုရားသားတော်ကို တင်ပြရရင် အခြေအနေက မကောင်းပါဘူး မနေ့ညကတင် ကျွန်တော်တို့ရဲ့ဝိညာဉ်ကျောက်တုံးကြောက တတိယအကြိမ်မြောက် လုယက်မှုကို ခံလိုက်ရပါတယ်။
တပည့် (၁၂) ယောက် ကျဆုံးခဲ့ပြီး (၂၀) ကျော် ဒဏ်ရာရခဲ့ပါတယ်။ ဝိညာဉ်ကျောက်တုံး ပေါင်း သုံးသောင်းကျော် အလုခံလိုက်ရပါတယ်။
လောလောဆယ် ယွီချွမ်းမြို့ကို စောင့်ကြပ်နေတဲ့သူတွေကတော့ အကြီးအကဲ ချန်နဲ့ စီနီယာအစ်ကို လင်ထျန်းတို့ ဖြစ်ပါတယ်။ စီနီယာအစ်ကိုလင်ထျန်းက မနေ့က တိုက်ပွဲမှာ ဒဏ်ရာရသွားလို့ အခု ဆေးကုသမှု ခံယူနေရပါတယ် ဒါကြောင့်နတ်ဘုရားသားတော်ကို လာပြီး မနှုတ်ဆက်နိုင်တာပါ" ဟု တပည့်ဖြစ်သူက လက်အုပ်ချီ ဦးညွှတ်ကာ ပြောလိုက်သည်။
ထိုစကားကို နားထောင်ပြီးနောက် ရှောင်ချီ၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားသည်။ လက်ရှိ ဝိညာဉ်ဓားဂိုဏ်းမှာ တကယ့်ကို သနားစရာကောင်းသော အခြေအနေသို့ ရောက်နေပြီး အချိန်တိုင်းမှာ အသေအပျောက်တွေ ရှိနေသည်။
အတိတ်ဘဝတုန်းက ဤလူတွေက သူ့ကို ဘာလို့ ဤမျှအထိ မုန်းတီးခဲ့ကြသလဲဆိုတာ မဆန်းတော့ပေ။ ထိုဂိုဏ်းချုပ် အဖိုးကြီးယုတ်က တာဝန်အားလုံးကို ရှောင်ချီအပေါ် ပုံချခဲ့သည် မဟုတ်ပါလား။
ကျဆုံးသွားသည့် တပည့်များနှင့် ထိတ်လန့်မှုထဲမှာ ရှင်သန်နေရသူများသည် သူတို့၏ မုန်းတီးမှုအားလုံးကို ရှောင်ချီအပေါ်သို့သာ လွှဲပြောင်းပုံချလိုက်ကြသည်မှာ သဘာဝပင်။
ရှောင်ချီသည် စီနီယာအစ်ကို
လင်ထျန်း ဆိုသည့် နာမည်ကို ကြားလိုက်ရသည့်အခါ တည်ငြိမ်နေသော သူ၏နှလုံးသားမှာ နောက်တစ်ကြိမ် တုန်လှုပ်သွားရပြန်သည်။