အခန်း (၁၅၀) အလောင်းချင်းထပ်နေသော ဝိညာဉ်ဓားဂိုဏ်း
ကံမကောင်းစွာဖြင့် သူတို့တွင် မွေးစားဖခင်အတွက် ဝမ်းနည်းပူဆွေးရန် အချိန်မရှိခဲ့ပေ ရှောင်ချီ သည် လက်ကို ခပ်ပေါ့ပေါ့ ဝေ့ယမ်းလိုက်ရုံဖြင့် အသက်များကိုရိတ်သိမ်းသည့် တံစဉ်များကဲ့သို့ ဓားချီ တန်းများကို ထုတ်လွှတ်လိုက်ပြီး ထိုနေရာရှိ ဝိညာဉ်ဓားဂိုဏ်း တပည့်အားလုံးကို သတ်ဖြတ်လိုက်သည်။
ရှောင်ချီအတွက်မူ ဤလူများ၏ ဦးခေါင်းမှာ ဆောင်းဦးရိတ်သိမ်းချိန်ရောက်နေသည့် ဂျုံခင်းများကဲ့သို့ပင် သူအလိုရှိသည့်အချိန်တိုင်း ရိတ်သိမ်း၍ ရနေသည်။
ရှောင်ချီက လက်ကို ညင်သာစွာ ဝေ့ယမ်းလိုက်ရာ ဝိညာဉ်အားလုံးမှာ သူ၏ လက်ထဲရှိ အလံရှည်ကြီးထဲသို့ စုပ်ယူခြင်း ခံလိုက်ရသည်။
ဝူး ဝူး... နာကျင်စွာ အော်ဟစ်ညည်းတွားသံများမှာ ဝိညာဉ်တစ်သောင်းအလံတော်အတွင်းမှ အဆက်မပြတ် ထွက်ပေါ်လာသည်။ ၎င်းမှာ နာကျင်စွာ အော်ဟစ်သံများသာမက အသနားခံသံများနှင့်လည်း တူနေသည်။
ဒီယဲ့ဖန်ကတော့ တကယ့်ကို လက်ဆောင်ပေးတဲ့ ကောင်လေးပဲ ဝိညာဉ်တစ်သောင်းအလံတော်လို အဖိုးတန်တဲ့အရာမျိုးကို လက်ဝယ်ပိုင်ဆိုင်ထားတာပဲ။
သူ့ရဲ့ ကျင့်ကြံခြင်းက နည်းနည်းလေး နိမ့်နေတာကတော့ နှမြောစရာပဲ အကယ်၍ သူ့ရဲ့ ကျင့်ကြံခြင်းကသာ ဟင်းလင်းပြင်ပြန်လည်ရောက်ရှိခြင်းရဲ့နှောင်းပိုင်းအဆင့်ကို ရောက်နေပြီး ဒီလို နတ်ဘုရားရတနာမျိုးသာ ရှိနေရင် သူ ငါ့ကို သေချာပေါက်ယှဉ်နိုင်မှာပဲ။
ရှောင်ချီသည် မိမိကိုယ်မိမိ တွေးလိုက်မိသည်။
တိုက်ပွဲမြေပြင်ကို နောက်တစ်ကြိမ် စစ်ဆေးပြီး အသက်ရှင်သူ မရှိတော့ကြောင်း အတည်ပြုပြီးနောက် ရှောင်ချီသည် ဝိညာဉ်စွမ်းအားတစ်ခုကို ထုတ်လွှတ်ကာ ထိုနေရာရှိ အလောင်းအားလုံးကို ပြာဖြစ်အောင် ရှို့ပစ်လိုက်သည်။
ဝိညာဉ်ဓားဂိုဏ်းမှာ ဘာတွေဖြစ်နေပြီလဲ မသိဘူး။ အဲ့ဒီ အဘိုးကြီးတွေရဲ့ ဝိညာဉ်တွေကတော့ ကယ်လို့ရမှာ မဟုတ်တော့ဘူး ထင်တယ်။
ရှောင်ချီသည် ဟင်းလင်းပြင်ကို နင်းကာ ဝိညာဉ်ဓားဂိုဏ်း ရှိရာဘက်သို့ လျှောက်လှမ်းသွားသည် သူ တစ်လှမ်း လှမ်းလိုက်တိုင်း မိုင်ပေါင်းများစွာ ခရီးပေါက်နေသည်။
ယခုအခါ ရှောင်ချီသည် ဟင်းလင်းပြင် စွမ်းအားအချို့ကို နားလည်ထားပြီ ဖြစ်သဖြင့် မြေပြင်ကို လက်မအရွယ်သို့ ကျုံ့စေသည့် ဤပညာရပ်ငယ်လေးကို အနည်းငယ် အသုံးပြုနိုင်နေပြီ ဖြစ်သည်။
သူ ဝိညာဉ်ဓားဂိုဏ်း၏ ကောင်းကင်ယံသို့ ရောက်သောအခါ ထိုနေရာမှာ လုံးဝ ပျက်စီးနေသည်ကို တွေ့လိုက်ရသည် တိုက်ပွဲကြီး၏ အပျက်အစီးများမှာ နေရာအနှံ့ ရှိနေသည်။
မူလက ခန့်ညားထည်ဝါလှသော ဂိုဏ်းမဟာရင်ပြင် လေ့ကျင့်ရေးကွင်း ၎င်း၏ ဘေးတစ်ဖက်စီတွင်ရှိသော စည်းကမ်းထိန်းသိမ်းရေးခန်းမနှင့် စာကြည့်တိုက်ဆောင်များမှာ ယခုအခါ အုတ်ပုံများနှင့် ကျင်းကြီးများအဖြစ် ပြောင်းလဲသွားခဲ့သည်။ ဝိညာဉ်ဓားဂိုဏ်းဝင်များ၏ အလောင်းများမှာလည်း ဂိုဏ်း၏ ထောင့်အသီးသီးတွင် အစီအရီ လဲလျောင်းနေကြသည်။
ရှောင်ချီသည် ဤအရာအားလုံးကို တည်ငြိမ်သော မျက်လုံးများဖြင့် ကြည့်နေသည် သူ၏ အကြည့်တွင် မည်သည့် ခံစားချက်မျှ မရှိသကဲ့သို့ပင်။
ရှောင်ချီသည် ဝိညာဉ်တစ်သောင်းအလံတော်ကို ကောင်းကင်ယံသို့ ပစ်တင်လိုက်သည် အလံတော်၏ အနက်ရောင်အဝတ်စမှ အနက်ရောင်ချီစွမ်းအားများ ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော စုပ်ယူအားများအဖြစ် ပြောင်းလဲသွားကာ ဂိုဏ်းတစ်ခုလုံးရှိ ကျန်ရှိနေသော ဝိညာဉ်များကို စုပ်ယူလေတော့သည်။
သို့သော် ရှောင်ချီ စုဆောင်းနိုင်သည်မှာ ဝိညာဉ်အစအနအချို့သာ ဖြစ်သည်။ ဝိညာဉ်မျိုးနွယ်စု၏ နည်းလမ်းမှာ အလွန်ပင်ရက်စက်လှသည် ဝိညာဉ်ဓားဂိုဏ်းဝင်များ၏ ခန္ဓာကိုယ်ကို ရှို့ပစ်ရုံသာမက သူတို့၏ ဝိညာဉ်များကိုပါ ဖျက်ဆီးပစ်ရန် နတ်ဘုရားလက်နက်များကို အသုံးပြုခဲ့ကြသည်။ ၎င်းကို ဝိညာဉ်ပါ လွင့်စင်သွားခြင်းဟုပင် ဆိုရပေမည်။
ဝိညာဉ်မျိုးနွယ်စုဝင်များသည် ဝိညာဉ်ဓားဂိုဏ်းအပေါ် အလွန်ကြီးမားသော အာဃာတရှိပုံရသည်။
ပုံမှန်အားဖြင့် အာဃာတအလွန်မကြီးမားပါက ကျင့်ကြံသူများကြား တိုက်ခိုက်ရာတွင် ပြိုင်ဘက်၏ ဝိညာဉ်ကို ဖျက်ဆီးပစ်လေ့ မရှိကြပေ။
ဤသို့ဖြင့် ထိုဝိညာဉ်များသည် အခြားပုံစံတစ်ခုဖြင့် ဆက်လက်ရှင်သန်နိုင်ပြီး အထွတ်အထိပ်အဆင့်သို့ ကျင့်ကြံကာ တစ္ဆေနတ်ဘုရားများ ဖြစ်လာနိုင်သောကြောင့် ဖြစ်သည်။
ထို့အပြင် တစ္ဆေနတ်ဘုရားများသည် ယေဘုယျအားဖြင့် အင်အားနည်းကြပြီး အားကောင်းသော ယန်ချီရှိသည့် ကျင့်ကြံသူများကို မယှဉ်နိုင်ကြပေ။
"ဟူး..." ရှောင်ချီသည် သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွ ချလိုက်မိသည် ဤထောင်ပေါင်းများစွာသော အလောင်းများထဲတွင် ဝိညာဉ်အပြည့်အဝကျန်ရှိနေသည်မှာ တစ်ရာခန့်သာရှိကြောင်း သူ တွေ့လိုက်ရသည်။ ကျန်ရှိသော ဝိညာဉ်များမှာ ပျက်စီးနေကြပြီ ဖြစ်သည် ရှောင်ချီသည် ထိုဝိညာဉ်အစအနများကို ဝိညာဉ်တစ်သောင်းအလံတော်အတွက် အာဟာရအဖြစ်သာ သဘောထားကာ အကုန်စုပ်ယူလိုက်သည်။
ဒီထဲမှာ ယွီရှောင်ဇီ နဲ့ ယွီရှင်းတို့ရဲ့ ဝိညာဉ်တွေကတော့ အားအကောင်းဆုံးပဲ။ သူတို့က ပြန့်ကျဲနေပေမယ့်လည်း တခြားကျင့်ကြံသူ တစ်ထောင်ကျော်ရဲ့ ဝိညာဉ်အစအနတွေထက် ပိုတန်ဖိုးရှိတယ်။
"ရှောင်ချီ... နင် အဆင်ပြေရဲ့လား" ရှောင်ချီ ပြန်လှည့်ထွက်တော့မည့်အချိန်မှာပင် သူ၏ အနောက်မှ အသံနှစ်ခု ထွက်ပေါ်လာသည်။
ရှောင်ချီ လှည့်ကြည့်လိုက်ရာ စကားပြောနေသူများမှာ နင်ယိုဝေနှင့် ယွီလင်လုံတို့ ဖြစ်နေသည်။
သူယဲ့ဖန်နောက်ကို လိုက်သွားစဉ်က ယွီလင်လုံတို့အား ထိုနေရာတွင်သာ စောင့်နေရန် သူ မှာကြားခဲ့သည်။
ယခုအခါ ရှောင်ချီက ကိစ္စအားလုံးကို ကိုင်တွယ်ပြီး ဝိညာဉ်ဓားဂိုဏ်း နယ်မြေသို့ ပြန်ရောက်လာသောအခါ ထိုအမျိုးသမီးနှစ်ဦးမှာ သူ့ကို လာရောက်ကြိုဆိုခြင်း ဖြစ်သည်။
"ငါ့မှာ ဘာဖြစ်စရာရှိလို့လဲ" ရှောင်ချီသည် ဝိညာဉ်တစ်သောင်းအလံတော်ကို သူ၏ သိုလှောင်လက်စွပ်ထဲသို့ သိမ်းလိုက်ပြီး အပျင်းကြောဆန့်ရင်း ပြောလိုက်သည်။
သူသည် ယွီလင်လုံတို့နှင့် ခေတ္တမျှသာ ဝေးကွာခဲ့ခြင်း ဖြစ်သည်။ သို့သော် ထိုအချိန်အတွင်း ကိစ္စများစွာ ဖြစ်ပျက်ခဲ့သည်မှာ အမှန်ပင်။
ရှောင်ချီကို အကျေနပ်ဆုံး ဖြစ်စေသည်မှာ နတ်မိမယ် လင်ယွင်၏ ရုပ်ခန္ဓာကို ဖျက်ဆီးနိုင်ခဲ့ခြင်း ဖြစ်သည် ၎င်းမှာသူမကို သတ်လိုက်သည်နှင့် အတူတူပင်။
ရှောင်ချီကို အခက်တွေ့စေသည်မှာ ယဲ့ဖန် ကယ်တင်ခံလိုက်ရခြင်း ဖြစ်သည်။
ဤကံကြမ္မာသားတော်များသည် သေလုနီးပါး အခြေအနေသို့ ရောက်တိုင်း အစွမ်းထက်သော ပုဂ္ဂိုလ်ကြီးများ၏ အကူအညီကို အမြဲ ရတတ်ကြသည်။
ရှောင်ချီ နားမလည်နိုင်သည်မှာ ယဲ့ဖန်နှင့် ကျိုယိုအရှင်တို့ မည်သည့်အချိန်က ပတ်သက်သွားခဲ့ကြသနည်း ဆိုသည်ပင်။
ထိုပုဂ္ဂိုလ်မှာ တစ်ပြည်လုံးရှိ မဟာယာနအဆင့်ရှိ ပညာရှင်ကြီး သုံးဦးထဲမှ တစ်ဦး ဖြစ်သည်။
ကျင့်ကြံခြင်းလမ်းစဉ်ကို ယေဘုယျအားဖြင့် အဆင့် (၉) ဆင့် ခွဲခြားထားသည် ချီသန့်စင်ခြင်း (Qi ၊ အခြေခံတည်ဆောက်ခြင်း ၊ အမြုတေဖြစ်တည်ခြင်း ၊ နတ်သားသန္ဓေတည်ခြင်း ၊ ဝိညာဉ်အသွင်ပြောင်းလဲခြင်း ၊ ဟင်းလင်းပြင်ပြန်လည်ရောက်ရှိခြင်းအဆင့် ၊ ဝိညာဥ်ခန္ဓာပေါင်းစည်းခြင်းအဆင့်နှင့် မဟာယာနတို့ ဖြစ်သည်။
ဤအဆင့်များထဲတွင် အဋ္ဌမမြောက်အဆင့်ဖြစ်သော ဝိညာဥ်ခန္ဓပေါင်းစည်းခြင်းအဆင့်မှာ အန္တရာယ်အရှိဆုံး ဖြစ်သည်။
ဤအဆင့်တွင် မိုးကြိုးကပ်ဘေးသုံးကြိမ်ကို ကျော်ဖြတ်ရသည် ပျမ်းမျှအားဖြင့် သုံးနှစ်လျှင် ကပ်ဘေးတစ်ကြိမ် ကြုံတွေ့ရလေ့ရှိသည်။
ကပ်ဘေးကျော်ဖြတ်ခြင်းအဆင့်တွင် ကပ်ဘေးကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခြေမှာ ၃၀ ရာခိုင်နှုန်းသာ ရှိသည် ဆိုလိုသည်မှာ ကျင့်ကြံသူ အများစုသည် ဤအဆင့်တွင် ဆယ်စုနှစ်တစ်ခုခန့်သာ နေနိုင်ကြသည်။
သူတို့သည် လမ်းစဉ်ပျက်စီး၍ သေဆုံးသွားခြင်း သို့မဟုတ် မဟာယာနအဆင့်သို့ တက်လှမ်းနိုင်ခြင်း နှစ်ခုထဲမှ တစ်ခုကိုသာ ရွေးချယ်ရသည်။ ထို့ကြောင့်လည်း တစ်နိုင်ငံလုံးတွင် ဝိညာဥ်ခန္ဓာပေါင်းစည်းခြင်းအဆင့်ရှိပညာရှင်များ မရှိသလောက် ရှားပါးနေခြင်း ဖြစ်သည်။
...
နင်မရှိတဲ့ရက်တွေမှာ ဒီတိုက်ပွဲက ဘယ်လောက်ရက်စက်လဲဆိုတာ နင်မသိနိုင်ဘူး
ဝိညာဉ်ဓားဂိုဏ်းတစ်ခုလုံးနီးပါး အသက်ပေးတိုက်ခိုက်ခဲ့ကြတာ ဝိညာဉ်မျိုးနွယ်စုရဲ့ ပညာရှင် ထက်ဝက်လောက်လည်း သေကုန်ကြတယ်။
ဝိညာဉ်မျိုးနွယ်စုတွေက အရမ်းမြန်မြန် ဆုတ်ခွာသွားတာကတော့ နှမြောစရာပဲ။ ငါတို့နိုင်ငံရဲ့ စစ်သည်တော်တွေ သွားရောက်တားဆီးချိန်မှာ သူတို့က နယ်နိမိတ်ကျော်ဖြတ်အစီအရင်တွေကို သုံးပြီး သူတို့နယ်မြေကို ပြန်ရောက်ကုန်ကြပြီ။
ယွီလင်လုံ၊ ရှောင်ချီနှင့် နင်ယိုဝေတို့သည် ထိုပျက်စီးနေသော နေရာတွင် အကြာကြီး မနေခဲ့ကြပေ။
ပျက်စီးနေသော ဝိညာဉ်ဓားဂိုဏ်းကို နောက်ဆုံးတစ်ချက် ကြည့်ရှုပြီးနောက် သူတို့ သုံးဦးသည် ဝိညာဉ်လှေ ရှိရာဘက်သို့ ပြန်လာခဲ့ကြသည်။
လမ်းတစ်လျှောက်တွင် ယွီလင်လုံ၏ပါးစပ်လေးမှာ ငှက်ကလေးတစ်ကောင်လို မနားတမ်း ပြောနေတော့သည်။
သူမ မည်သူ့ဘက်ကလဲဆိုသည်မှာ မသေချာပေ တစ်ခါတလေ ဝိညာဉ်မျိုးနွယ်စု၏ရဲရင့်မှုကို ချီးကျူးလိုက် တစ်ခါတလေ ဝိညာဉ်ဓားဂိုဏ်း၏ သူရဲကောင်းဆန်မှုကို နှမြောတသ ဖြစ်လိုက်နှင့်ပင်။
"စကားမစပ် အခု ငါတို့နိုင်ငံက ဝိညာဉ်မျိုးနွယ်စုကိုပဲ အာရုံစိုက်နေတာ။ ဒီအချိန်မှာ သားရဲယဉ်ပါးအောင်လေ့ကျင့်ခြင်းဂိုဏ်းကို အလစ်အငိုက် တိုက်ခိုက်တာက အကောင်းဆုံး ရွေးချယ်မှု ဖြစ်လိမ့်မယ်"
ပျံသန်းနေသော လှေပေါ်တွင် ယွီလင်လုံသည် အတွေးထဲတွင် နစ်နေသော ရှောင်ချီကို ကြည့်ကာ ပြောလိုက်သည်။
သူမသည် ရှောင်ချီ၏စရိုက်ကို နားလည်သည် ဒီလူကတော့ ဘာပဲဖြစ်ဖြစ် သားရဲယဉ်ပါးဂိုဏ်းကို သေချာပေါက် ပစ်မှတ်ထားမှာပဲ။
အခြေအနေကို စောင့်ကြည့်နေမယ့်အစား အခုပဲ စတင်လှုပ်ရှားတာက ပိုကောင်းသည်။ နိုင်ငံတော်က ဝိညာဉ်မျိုးနွယ်စုကိုပဲ အာရုံစိုက်နေချိန်မှာ သားရဲယဉ်ပါးဂိုဏ်းနဲ့ အာဃာတတွေကို ရှင်းပစ်ဖို့ အချိန်ကောင်းပဲ
"ငါ အစတုန်းကတော့ သူတို့ကို အချိန်ဝက်ပဲ ပေးမယ်လို့ ပြောခဲ့တာ ဒါပေမဲ့ ကိစ္စအချို့ကြောင့် နောက်ကျသွားတာနဲ့ သုံးလေးရက်တောင် ကြာသွားပြီ ဒီလောက်တောင် အချိန်ကုန်သွားမှတော့ အခုမှ အလောတကြီး လုပ်နေစရာ မလိုတော့ပါဘူး။
အခုက ကသောင်းကနင်း ဖြစ်နေတဲ့အချိန်ပဲ။ ငါသာ သားရဲယဉ်ပါးဂိုဏ်းကို တိုက်ခိုက်လိုက်ရင် ယွမ်ကျူးတိုက်ကြီးမှာ ဆက်နေလို့ ရမှာမဟုတ်တော့ဘူး ။ အချိန်ရှိတုန်းလေး ငါ့ရဲ့ဆရာကို သွားပြီး သေသေချာချာ နှုတ်ဆက်သင့်တယ်။
ရှောင်ချီသည် အဝေးတစ်နေရာကို နက်ရှိုင်းသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ သူ၏ စိတ်ထဲတွင် မပြီးပြတ်သေးသော အတွေးများစွာ ရှိနေပုံရသည်။
"ဘာ... နင်က ထွက်သွားတော့မလို့လား ဘယ်ကိုသွားမှာလဲ" ယွီလင်လုံသည် မယုံကြည်နိုင်သော မျက်နှာဖြင့် ရှောင်ချီကို ကြည့်လိုက်သည်။ သူမ၏ရင်ထဲတွင်လည်း ဖော်မပြနိုင်သော ဟာလာဟင်းလင်း ဖြစ်မှုကို ခံစားလိုက်ရသည်။
"ဒီနေရာက ကမ္ဘာငယ်လေးတစ်ခုပဲလေ လမ်းစဉ်တွေကလည်း မပြည့်စုံဘူး။ ဒီမှာနေရင် နောက်ဆုံးတော့ ကြီးကျယ်တဲ့ အောင်မြင်မှုတွေရဖို့ခက်ခဲလိမ့်မယ်
ငါက အစစ်အမှန်ကမ္ဘာကြီးကိုသွားမှာ ပိုပြီးကျယ်ပြောတဲ့ ကောင်းကင်နဲ့ မြေပြင် ပိုပြီး အစွမ်းထက်တဲ့ မျိုးနွယ်စုတွေကို ငါသွားတွေ့ချင်တယ်"
ရှောင်ချီသည် ဝေးလံသော ကောင်းကင်ယံကို ကြည့်ကာ မိမိဘာသာ ရေရွတ်လိုက်လေသည်။