အခန်း (၁၄၈) တရားမျှတမှုဆိုတာဘာလဲ
"ဝိညာဉ်ဓားဂိုဏ်းက ပျက်စီးသွားပြီ ငါ့မှာ မင်းနဲ့ပတ်သက်တဲ့ သံယောဇဉ် ဘာမှမရှိတော့ဘူး ရှောင်ချီ နဲ့ မင်းရဲ့ အာဃာတက မင်းရဲ့ကိုယ်ပိုင်ကိစ္စပဲ"
ဝိညာဉ်ဆရာကြီးလင်ယွီ သည် ခေါင်းခါယမ်းကာ နောက်သို့ တစ်လှမ်းဆုတ်လိုက်ပြီး ဂိုဏ်းချုပ် ဝူသောက်ဇီကို အေးစက်စွာ ကြည့်လိုက်သည်။
"လင်ယွီ... မင်းလိုကောင်စုတ်... ဘိုးဘေးကြီးရဲ့ အလောင်းတောင် မအေးသေးဘူး မင်းက ဒီလို အဓိပ္ပာယ်မရှိတာတွေ ပြောနေတာလား။ ဝိညာဉ်ဓားဂိုဏ်းက မင်းကိုပေးခဲ့တဲ့ ကျင့်ကြံခြင်းတွေနဲ့ရော ထိုက်တန်ရဲ့လား"
ဂိုဏ်းချုပ်ဝူသောက်ဇီသည် ဝိညာဉ်ဆရာကြီးလင်ယွီကို အံ့ဩတကြီး ကြည့်လိုက်သည်။ နူးညံ့သိမ်မွေ့သော ကျောက်စိမ်းကဲ့သို့ လူသားတစ်ဦးဖြစ်သည့် လင်ယွီထံမှ ဤကဲ့သို့ စကားမျိုး ကြားရလိမ့်မည်ဟု သူ လုံးဝ မယုံကြည်နိုင်ဘဲ ဖြစ်နေသည်။
"ဂိုဏ်းရဲ့ပါရမီရှင် တပည့်တွေကို အသက်ရှင်အောင် ဦးဆောင်ပေးမယ်လို့ ဘိုးဘေးကြီးကို ငါ ကတိပေးခဲ့တယ်"
"ဒါပေမဲ့ အဲ့ဒီထဲမှာ မင်းမပါဘူး မင်းကမင်းရဲ့ ကိုယ်ပိုင်အုပ်စုကိုခေါပြီး ဝိညာဉ်ဓားဂိုဏ်းကနေ အတင်းအဓမ္မ ထွက်ပြေးခဲ့တာ။ အဲ့ဒီအချိန်ကတည်းက ငါတို့ဟာ ဂိုဏ်းတူညီအစ်ကိုတွေ မဟုတ်တော့ဘူး"
ဝိညာဉ်ဆရာကြီးလင်ယွီသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ တည်ငြိမ်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
"ကောင်းပြီလေ... မင်းလိုကောင် ငါဒီနေ့ သေရမယ်ဆိုရင်တောင် မင်းကိုပါ ငါနဲ့အတူ ဆွဲခေါ်သွားမယ်" ဂိုဏ်းချုပ်ဝူသောက်ဇီသည် သွားကြိတ်ကာ လင်ယွီကို ကြည့်လိုက်ပြီးနောက် လက်ဖဝါးတွင် ရွှေရောင်အလင်းတန်းတစ်ခုကို စုစည်းကာ လင်ယွီဆီသို့ ပြေးဝင်သွားတော့သည်။
ဘုန်း... လင်ယွီကလက်ကိုခပ်ပေါ့ပေါ့ ဝေ့ယမ်းလိုက်ရုံဖြင့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းတစ်ခု ထွက်ပေါ်လာပြီး ဂိုဏ်းချုပ်ဝူသောက်ဇီမှာ လွင့်ထွက်သွားတော့သည်။
လင်ယွီ၏ခန္ဓာကိုယ်မှ မှိန်ဖျော့သော အဖြူရောင်အလင်းတန်းများ ဖြာထွက်နေပြီး သူသည် ကောင်းကင်နှင့် မြေကြီးကြားတွင် တစ်သားတည်းဖြစ်နေသကဲ့သို့ပင်။
"မင်း... မင်းက ဝိညာဥ်ခန္ဓာပေါင်းစည်းခြင်းအဆင့်ရဲ့ အဆင့်နှောင်းပိုင်းကို တက်လှမ်းနိုင်သွားပြီလား" ဝူသောက်ဇီသည် လက်မခံနိုင်စရာ အရာတစ်ခုကို မြင်လိုက်ရသကဲ့သို့ လင်ယွီကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။
"ငါ့ဘဝတစ်ခုလုံးကို ကျင့်ကြံခြင်းလမ်းစဉ်ကို လေ့လာရင်းပဲ ကုန်ဆုံးစေခဲ့တာ။ ဒီအဆင့်ကို ရောက်နေတာက ထူးဆန်းလို့လား" လင်ယွီကမူ အလွန်ပင် တည်ငြိမ်နေပြီး သူ၏ ကျင့်ကြံခြင်းအဆင့်ကိုပင် ဂရုမစိုက်သကဲ့သို့ ရှိနေသည်။
"ဒီလောက်အစွမ်းထက်နေတာကို ခုနက ဘာလို့မတိုက်ခဲ့တာလဲ မင်းသာ တိုက်ရင် ဝိညာဉ်မျိုးနွယ်စုတွေကို မောင်းထုတ်နိုင်မှာပေါ့" ဝူသောက်ဇီက လင်ယွီ၏ အတွေးကို နားမလည်နိုင်ဘဲ အံ့ဩတကြီး မေးလိုက်သည်။
"မင်းရဲ့ကျင့်ကြံခြင်းက နိမ့်လွန်းနေလို့ ဝိညာဉ်မျိုးနွယ်စုရဲ့အင်အားကို မင်းမသိတာ။ သူတို့က ဒီတစ်ခါ ဝိညာဥ်ခန္ဓာပေါင်းစည်းခြင်းအဆင့် ပညာရှင် ၁၀ ယောက်တောင် လွှတ်လိုက်တာ။ တစ်ယောက်ချင်းစီက သန်မာကြသလို သူတို့ကဂိုဏ်းတစ်ခုလုံးကို မျိုးဖြုတ်ဖို့ လာကြတာ"
"အကယ်၍ ငါသာအစွမ်းကုန် တိုက်ခဲ့ရင် ဝိညာဥ်ခန္ဓာပေါင်းစည်းခြင်းအဆင့် တစ်ယောက် နှစ်ယောက်လောက်ကိုတော့ အတူခေါ်သွားနိုင်မှာပါ။"
"ဒါပေမဲ့ ဝိညာဉ်ဓားဂိုဏ်းလို ဂိုဏ်းမျိုးအတွက် အဲ့ဒီလိုလုပ်ရတာ မထိုက်တန်ဘူးလို့ ငါခံစားရတယ်"
"ငါ့ဆရာ အသက်ရှင်စဉ်တုန်းကတော့ ဝိညာဉ်ဓားဂိုဏ်းကို ငါ့ဘဝရဲ့တစ်ခုတည်းသော ခိုလှုံရာအဖြစ် ငါသတ်မှတ်ခဲ့ဖူးတယ်။"
"ဒါပေမဲ့ နောက်ပိုင်းမှာ ဒီဂိုဏ်းဟာ အရေးအကြီးဆုံး အရာတစ်ခုကို ဆုံးရှုံးသွားခဲ့တယ်... အဲ့ဒါက တရားမျှတမှုပဲ"
"ဘယ်အချိန်ကစပြီး ဒီစကားလုံးနှစ်လုံးကို သူတို့စွန့်ပစ်ခဲ့ကြလဲဆိုတာ ငါမသိဘူး"
"မူလကတော့ မင်းဝူသောက်ဇီက ဂိုဏ်းချုပ်ရာထူးမှာ အကြာကြီးနေနေခဲ့လို့ ဂိုဏ်းမှာ တရားမျှတမှု မရှိတာလို့ ငါထင်ခဲ့တယ်။"
"ဒါပေမဲ့ ငါကိုယ်တိုင် ဂိုဏ်းချုပ်ဖြစ်လာတော့မှ ဒါဟာမင်းတစ်ယောက်တည်း လုပ်နိုင်တဲ့ အရာမဟုတ်ဘူးဆိုတာ ငါသိလိုက်ရတယ်။"
"ဂိုဏ်းထဲက လူတိုင်းက အတားအဆီးတွေပဲ အားကြီးတဲ့သူတွေက အားနည်းတဲ့သူတွေနဲ့ တန်းတူ မဆက်ဆံချင်ကြဘူး"
"အကြီးအကဲတွေနဲ့ တောင်ကုန်းသခင်တွေရဲ့သားသမီးတွေက သာမန်တပည့်တွေထက် အမြဲတမ်း အဆင့်အတန်းမြင့်နေလိမ့်မယ် ဒီလိုလေထုက ငါတစ်ယောက်တည်း မပြောင်းလဲနိုင်တဲ့ သံမဏိစည်းကမ်းကြီးတစ်ခု ဖြစ်နေခဲ့တာကြာပြီ။"
"နောက်တော့ ဒါတွေအားလုံးက အကြီးအကဲချုပ်ရဲ့ သွေးထိုးပေးမှုကြောင့်လို့ ငါထင်ခဲ့ပြန်တယ်"
"ဒါကြောင့် ငါ ဂိုဏ်းချုပ်ဖြစ်နေတုန်းမှာ ဂိုဏ်းအတွင်း တရားမျှတမှုရှိအောင် ငါအစွမ်းကုန် ကြိုးစားခဲ့တယ်။"
"ဒါပေမဲ့ လူတစ်ယောက်ရဲ့အင်အားက သေးငယ်လွန်းပါတယ်။ ငါဘာပဲလုပ်လုပ် အချည်းနှီးပါပဲ ငါက ရေစီးကြောင်းကြီးတစ်ခုလုံးကို ဆန့်ကျင်နေရသလိုပဲ"
"ဂိုဏ်းတစ်ခုလုံးရဲ့သွေးကို အသစ်မလဲသရွေ့ ဒါတွေအားလုံးက အလကားပဲ"
"ဒါကြောင့် နောက်ပိုင်းမှာ ဒီဂိုဏ်းအပေါ် ငါလုံးဝစိတ်ပျက်သွားခဲ့တယ်။ ၁၀ နှစ်သက်တမ်း ပြည့်တာနဲ့ ဂိုဏ်းချုပ်ရာထူးကနေ ချက်ချင်းနှုတ်ထွက်ပြီး နောက်တောင်ကုန်းမှာ တံခါးပိတ်ကျင့်ကြံနေခဲ့တာ"
"အကြီးအကဲချုပ်က ငါကဂိုဏ်းကို တာဝန်မယူချင်လို့ ဝိညာဉ်ဓားဂိုဏ်း ဒီလိုအခြေအနေ ရောက်သွားတာလို့ အမြဲပြောတယ်"
"ဒါပေမဲ့ ဝိညာဉ်ဓားဂိုဏ်းက ဒီအဆင့်အထိ ရောက်နေပြီဆိုရင် မဟာနတ်ဘုရားတစ်ပါး ဆင်းသက်လာရင်တောင် ကယ်နိုင်မှာမဟုတ်ဘူးလို့ ငါတစ်ခါမှမပြောခဲ့ဘူး"
"အဲ့ဒီ နတ်ဘုရားက ဝိညာဉ်ဓားဂိုဏ်းတစ်ခုလုံးကို ဖျက်ဆီးပြီး အသစ်ပြန်တည်ဆောက်ရင်တော့ တစ်မျိုးပေါ့"
ဝိညာဉ်ဆရာကြီးလင်ယွီသည် ဝူသောက်ဇီကိုကြည့်ကာ သက်ပြင်းချရင်း ခေါင်းခါလိုက်သည်။ ဤသည်မှာ ဝိညာဉ်ဓားဂိုဏ်းအပေါ် သူ၏အမြင်နှင့် ဘာကြောင့်ဂိုဏ်းချုပ် မလုပ်ချင်ဘဲ နောက်တောင်ကုန်းမှာ အေးအေးဆေးဆေး ကျင့်ကြံနေချင်ရလဲဆိုတာကို ပထမဆုံးအကြိမ် ထုတ်ပြောခြင်းဖြစ်သည်။
"လင်ယွီ... မင်းက အရူးပဲ ငါတို့ကျင့်ကြံသူတွေ နေ့ညမပြတ် ကျင့်ကြံနေတာက ကံကြမ္မာကို ဆန့်ကျင်ပြီး ပြောင်းလဲဖို့ မဟုတ်ဘူးလား"
"မင်းက ဒီရာထူးကိုရနေတာတောင် ဘာလို့အဲ့ဒီပုရွက်ဆိတ်တွေရဲ့ အမြင်နဲ့ စဉ်းစားနေရတာလဲ"
"ကျင့်ကြံခြင်းနိမ့်ပါးပြီး နောက်ခံမရှိတဲ့ အဲ့ဒီအောက်ခြေ ကျင့်ကြံသူတွေအတွက်တော့ ငါတို့က ကောင်းကင်ဘုံပဲ ငါတို့ကနတ်ဘုရားတွေပဲ"
"ငါတို့ရဲ့ စကားတစ်ခွန်းက သူတို့ရဲ့ အသက်ရှင်ခြင်းနဲ့ သေခြင်းကို ဆုံးဖြတ်နိုင်တယ် ငါ့ရဲ့ စကားတစ်ခွန်းက သူတို့ရဲ့ ဘဝကို တောက်ပစေနိုင်တယ်"
"ငါ ဒီအဆင့်အထိ ရောက်အောင် ကြိုးစားခဲ့တာက ဒီလိုအာဏာမျိုးရှိဖို့ တစ်ပါးသူရဲ့ ကံကြမ္မာကို ထိန်းချုပ်နိုင်ဖို့အတွက်ပဲ"
"လူဆိုတာ မွေးရာပါကွဲပြားပြီးသားပဲ အချို့ကမြင့်မြတ်တဲ့မျိုးရိုးက မွေးဖွားလာတယ် အချို့က နိမ့်ကျတဲ့မျိုးရိုးက မွေးဖွားလာတယ်။ ဒါဟာထာဝရ အမှန်တရားပဲလင်ယွီ... မင်းက ကံကြမ္မာကို ဆန့်ကျင်ပြီး ပြောင်းလဲချင်နေသေးတာလား"
ဂိုဏ်းချုပ်ဝူသောက်ဇီသည် လင်ယွီကို မကျေမနပ် ဖြစ်နေသော မျက်နှာဖြင့် ကြည့်ကာ အော်ဟစ်လိုက်သည်။
သူ့ဘဝမှာ အမုန်းဆုံးက ဒီလိုဟန်ဆောင်ကောင်းတဲ့ သူတွေပင် သူတို့လည်း သူ့လိုပဲ အခွင့်အရေးတွေ ခံစားနေရပြီး အာဏာရှိတဲ့ နေရာမှာ ထိုင်နေကြတာဖြစ်ပေမယ့် လူထုရဲ့ ဒုက္ခတွေကို စာနာသယောင် သူတို့အတွက် အခွင့်အရေး ရှာပေးချင်သယောင်တွေ ပြောနေတာကို သူ လုံးဝ မကြိုက်ပေ။
"မင်းနဲ့ငါ ထပ်ပြီး ငြင်းခုံမနေချင်တော့ဘူး ရှောင်ချီ... ဒီတပည့်တွေနဲ့ မင်းကြားမှာ အာဃာတရှိလား မရှိဘူးဆိုရင် သူတို့ကို ငါခေါ်သွားလို့ ရမလား"
လင်ယွီသည် ဝူသောက်ဇီကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီးနောက် ရှောင်ချီကို ကြည့်ကာ တည်ငြိမ်စွာ မေးလိုက်သည်။
ရှောင်ချီသည် သူတို့၏ငြင်းခုံမှုကို ဘေးကနေ စိတ်ဝင်တစား နားထောင်နေခြင်း ဖြစ်သည်။ ရုတ်တရက် လင်ယွီက သူ့ကို ခေါ်လိုက်သဖြင့် သူ ခေတ္တမျှ ကြောင်သွားသည်။
ရှောင်ချီသည် လင်ယွီထံသို့ ဖြည်းညှင်းစွာ လျှောက်သွားပြီး သူ့ကို ရိုရိုသေသေ ဦးညွှတ်ကာ ပြောလိုက်သည် "ဝိညာဉ်ဆရာကြီးလင်ယွီ အခုပြောခဲ့တဲ့ စကားတွေကို အမြဲ မှတ်မိနေဖို့ ငါ မျှော်လင့်ပါတယ်။ နောင်တစ်ချိန်မှာ ဝိညာဉ်ဆရာကြီးရဲ့ ကိယ်ပိုင် ဝိညာဉ်ဓားဂိုဏ်းတစ်ခု ထောင်နဲ့ချီတဲ့ ကျင့်ကြံသူတွေ ပိုင်ဆိုင်တဲ့ ဝိညာဉ်ဓားဂိုဏ်းတစ်ခုကို တည်ဆောက်နိုင်ပါစေ"
ထို့နောက် ရှောင်ချီသည် လင်ယွီ၏ အနောက်ဘက်သို့ လျှောက်သွားပြီး သာမန်ရုပ်ရည်ရှိသော ကျင့်ကြံသူတစ်ဦး၏ ရှေ့သို့ ရောက်သွားသည်။
"စီနီယာအစ်ကိုလင်းထျန်း မတွေ့တာကြာပြီနော် နောင်တစ်ချိန်မှာ ဝိညာဉ်ဆရာကြီး လင်ယွီရဲ့ နောက်ကို သေသေချာချာလိုက်ပါ စီနီယာအစ်ကိုလည်း ကိုယ်ပိုင်ဒဏ္ဍာရီတစ်ခုကို တည်ဆောက်နိုင်လိမ့်မယ်လို့ ငါယုံကြည်ပါတယ်"
ရှောင်ချီသည် ဝတ်စုံဖြူ ဝတ်ထားသော ထိုလူငယ်ကို ကြည့်ကာ ပြုံးပြလိုက်သည်။ ထို့နောက် သူ၏ သိုလှောင်အိတ်ထဲမှ ဝိညာဉ်ကျောက်တုံး တစ်သိန်းကို ထုတ်ယူကာ သူ့ကိုပေးလိုက်သည်
အရင်ဘဝတုန်းက ဒီစီနီယာအစ်ကိုပိုင်လင်းထျန်းဟာ ငါ့အတွက် အသက်ရှင်ဖို့ အခွင့်အရေးတစ်ခု ရှာပေးခဲ့လို့ ငါနောက်ထပ်အနှစ် ၂၀ လောက် အသက်ရှင်ခွင့်ရခဲ့တာ ဒါပေမဲ့ သူကိုယ်တိုင်ကတော့ အဲ့ဒီ စစ်ပွဲကြီးမှာ သေဆုံးသွားခဲ့ရတယ်။
ရှောင်ချီသည် ကျေးဇူးကန်းသောသူ မဟုတ်ပေ သူ၏ အရင်ဘဝက သူ့အပေါ် ကောင်းခဲ့သူများကို သူ အမြဲ မှတ်မိနေသည်။
ထိုအနှစ် ၂၀ အတွင်း သူဘာမှအောင်အောင်မြင်မြင် မလုပ်နိုင်ခဲ့သော်လည်း ပိုင်လင်းထျန်း၏ ကျေးဇူးကိုတော့ သူ အမြဲအောက်မေ့နေခဲ့သည်။
ဒီဘဝမှာတော့ ဝိညာဉ်ဆရာကြီးလင်ယွီက အမှန်တရားကို သိမြင်သွားပြီး ပိုင်လင်းထျန်း အပါအဝင် တပည့်များစွာကို ဝိညာဉ်ဓားဂိုဏ်းကနေ ခေါ်ထုတ်လာနိုင်ခဲ့ခြင်းမှာ ရှောင်ချီအတွက် အလွန်ပင် ဝမ်းသာစရာ ဖြစ်သည်။
ဒီဝိညာဉ်ကျောက်တုံး တစ်သိန်းဟာ ကြီးမားတဲ့ ရတနာတော့ မဟုတ်ပေမယ့် ပိုင်လင်းထျန်း တစ်သက်လုံး ကျင့်ကြံဖို့အတွက်တော့ လုံလောက်ပါသည်။
ရှောင်ချီက ကပ်စေးနှဲလို့ ဒါမှမဟုတ် အဖိုးတန်ရတနာတွေ ကျောက်တုံးတွေ အများကြီး မပေးချင်လို့ မဟုတ်ပါဘူး။
အကြောင်းရင်းမှာ တန်ဖိုးရှိတဲ့ လက်စွပ်ကို ဝတ်ထားခြင်းက ရာဇဝတ်မှု ဖြစ်လာနိုင်တယ် ဆိုတဲ့ သဘောတရားကို ရှောင်ချီ နားလည်နေလို့ ဖြစ်သည်။ ပိုင်လင်းထျန်း၏ ကျင့်ကြံခြင်းက နိမ့်ကျနေသဖြင့် လင်ယွီ၏ လက်အောက်မှာ ရှိနေရင်တောင် အခြားသူတွေက သူ့ကို မနာလိုဖြစ်ပြီး ဒုက္ခပေးမှာကို ရှောင်ချီက စိုးရိမ်ခြင်း ဖြစ်သည်။