အခန်း (၁၄၄) လင်ယွင်လည်း ပြန်လည်ရှင်သန်လာတာလား
"ကျင့်စဉ်ကျမ်းစာတွေ ဒီလောက်တောင် များနေတာလား။ ဒီယဲ့ဖန်က ပစ္စည်းစုဆောင်းရတာကို စွဲလန်းနေတဲ့ရောဂါ ရှိနေတာလား"
ထောင်နဲ့ချီတဲ့ ကျင့်စဉ်ကျမ်းစာတွေကို ကြည့်ပြီး ရှောင်ချီတစ်ယောက် အံ့ဩလွန်းလို့ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
ဒီကျင့်စဉ် တစ်ခုချင်းစီဟာ အလတ်စား ဂိုဏ်းတစ်ခုမှာဆိုရင် ဂိုဏ်းရဲ့ အဖိုးတန်ရတနာအဖြစ် သတ်မှတ်ခံရမယ့်အရာတွေ ဖြစ်သည်။
ဝိညာဉ်ဓားဂိုဏ်းလို ဂိုဏ်းကြီးမျိုးမှာတောင် ဒါတွေဟာ ထိပ်တန်းအဆင့် ကျင့်စဉ်တွေ ဖြစ်ပေလိမ့်မည် ယဲ့ဖန် တစ်ယောက်တည်းက ဒီလိုကျင့်စဉ်မျိုး အခုတစ်ထောင်ကျော် စုဆောင်းထားနိုင်တာဟာ တကယ်ကို မယုံနိုင်စရာ ကောင်းလှသည်။
ရှောင်ချီသည် စာအုပ်စင်တစ်ခုလုံးကို အပြင်သို့ ထုတ်ယူလိုက်ပြီး သေသေချာချာ ဖတ်ရှုလေ့လာကြည့်ရာ သူ၏စိတ်ထဲတွင် နားလည်မှုအသစ်များစွာ ရရှိလာခဲ့သည်။
သူ၏အရင်ဘဝက နှစ်ပေါင်း ၂၀၀ ကျော်အတွင်းကျင့်ကြံခြင်း မပြုနိုင်ခဲ့သဖြင့် သူသည် လမ်းဘေးကျင့်စဉ်များနှင့် ထူးဆန်းသော နည်းလမ်းပေါင်းစုံကို လေ့လာခဲ့ဖူးသည်။
သူ၏ စိတ်ထဲမှ စွဲလမ်းမှုကို ဘယ်တော့မှ ဖျောက်ဖျက်၍ မရသဖြင့် ကျင့်စဉ်များအပေါ် သုတေသနပြုခြင်းကို သူ တစ်ခါမှ မရပ်တန့်ခဲ့ပေ။
ထိုစဉ်က ရှောင်ချီသည် အတော်လေး ဆင်းရဲသဖြင့် သူရရှိနိုင်သော ကျင့်စဉ်များမှာ အခြေခံ အနိမ့်စား ကျင့်စဉ်များသာ ဖြစ်သည်။
သူ ပြန်လည်ရှင်သန်လာပြီးနောက် အသုံးပြုနေသော ကျင့်စဉ်မှာပင် သူကိုယ်တိုင် ဟိုကဒီက စုပေါင်းပြီး ဖန်တီးထားသော ကျင့်စဉ်တစ်ခုသာ ဖြစ်သည်။
၎င်းတွင် ဝိညာဉ်ဓားဂိုဏ်း၏ အခြေခံကျင့်စဉ်နှင့် တစ်ိုက်လုံးမှ သူရှာဖွေထားသော အခြေခံ နည်းစနစ်အချို့ ပါဝင်သည်။
သူ၏နှစ်ပေါင်း ၂၀ အတွေ့အကြုံနှင့် ကြောက်မက်ဖွယ်ကောင်းသော ပါရမီကို အသုံးပြု၍ ရှောင်ချီသည် ၎င်းတို့ကို ပေါင်းစပ်ကာ ကိုယ်ပိုင်ကျင့်စဉ်တစ်ခု ဖန်တီးခဲ့ခြင်းဖြစ်သည်။
သို့သော် ကိုးကားစရာကျင့်စဉ် အလွန်နည်းပါးပြီး အရည်အသွေးလည်း နိမ့်သဖြင့် ရှောင်ချီ အသုံးပြုနေသော ကျင့်စဉ်မှာ ထိပ်တန်းအဆင့်သို့ မရောက်ရှိခဲ့ပေ။
ယခုမူ ထိပ်တန်းကျင့်စဉ်တစ်ထောင်ကျော်၏ အကူအညီဖြင့် ရှောင်ချီသည် သူ၏ ကိုယ်ပိုင်ကျင့်စဉ်ကို ၁၀ နှစ်မပြည့်ခင်မှာပင် ပြည့်စုံအောင် ဖန်တီးနိုင်မည်ဟု ယုံကြည်သွားသည်။
ခဏမျှ ဖတ်ရှုပြီးနောက် ရှောင်ချီသည် ကျင့်စဉ်ကျမ်းစာများကို သူ၏သိုလှောင်လက်စွပ်ထဲသို့ ပြန်ထည့်လိုက်သည်။
ရှောင်ချီသည် ထိုနေရာမှ ထွက်မသွားဘဲ တစ်စုံတစ်ဦးကို စောင့်နေသကဲ့သို့ ဆက်လက် ရပ်နေသည်။
"လင်ယွင်မင်း ဒီကိုရောက်နေမှတော့ ဘာလို့ပုန်းနေသေးတာလဲ" နှစ်နာရီခန့် စောင့်ဆိုင်းပြီးနောက် ရှောင်ချီသည် ဟင်းလင်းပြင်ထဲသို့ စိတ်မရှည်စွာ အော်ပြောလိုက်သည်။
"အော်... မင်း ငါ့ကိုသတိထားမိနေတာ ကြာပြီပေါ့" ပန်းရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး ဆံပင်များမှာ ပိုးသားကဲ့သို့ ဖြူဖွေးနေသော လှပသည့် အမျိုးသမီးတစ်ဦးသည် ဟင်းလင်းပြင်ထဲမှ ထွက်လာကာ ရှောင်ချီကို နူးညံ့စွာ ပြုံးပြလိုက်သည်။
ချီအာ... မင်း ဒီနေ့ ဒီလောက်အထိ အောင်မြင်မှုတွေ ရလာတာကို ဆရာ တကယ်ပဲ ဝမ်းသာပါတယ်။
ဂိုဏ်းက မင်းကို မတရား စွပ်စွဲတုန်းက ဆရာ မင်းဘက်က မရပ်တည်ပေးခဲ့လို့ မင်း ငါ့ကို မုန်းနေမှန်း ဆရာ သိပါတယ်။
ဒါပေမဲ့ မင်းလည်း ဆရာ့ဘက်ကနေ ပြန်စဉ်းစားပေးပါဦး ခရမ်းရောင်တိမ်တိုက်တောင်ကုန်းရဲ့ ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ ဆရာဟာ တရားမျှတပြီး ဖြောင့်မတ်တဲ့ ပုံရိပ်ကို ထိန်းသိမ်းရတယ်လေ။
ဒါပေမဲ့ ဒီအချိန်အတောအတွင်းမှာ ဆရာ့ရဲ့ လုပ်ရပ်တွေက တကယ်ပဲ မသင့်တော်ခဲ့ဘူးဆိုတာ ဆရာ သိလိုက်ရပါပြီ။ ဘာပဲဖြစ်ဖြစ် မင်းက ဆရာ့တပည့်ပဲ ဆရာ မင်းကို ဘာအကြောင်းပြချက်မှမရှိဘဲ ယုံကြည်ပေးခဲ့သင့်တာ။
ဆရာ မကြာသေးခင်က အကြိမ်ကြိမ် ပြန်စဉ်းစားကြည့်မိတယ် မင်းရဲ့ နေရာကနေလည်း ဝင်ခံစားကြည့်မိတယ်။ အဲ့ဒီအခါကျမှ ဆရာ့လုပ်ရပ်တွေက မင်းကို ဘယ်လောက်တောင် နာကျင်စေခဲ့လဲဆိုတာ ဆရာသိလိုက်ရတာ။
ချီအာ... ဆရာ အမှားဝန်ခံပြီးပြီဆိုတော့ မင်းဆရာ့ကို ခွင့်လွှတ်ပေးနိုင်မလား အကယ်၍ မင်း စိတ်မကျေနပ်သေးရင် ဆရာ့ဆီမှာ နတ်ဘုရားနှင်တံရှိတယ် ဒါက မှော်လက်နက်တစ်ခုပဲ။ မင်း ဆရာ့ကို အချက် ၃၀ ပြည့်အောင် ရိုက်လို့ရပါတယ် အဲ့ဒါက မင်း စည်းကမ်းထိန်းသိမ်းရေးဌာနမှာ ခံခဲ့ရတဲ့ ပြစ်ဒဏ်အတွက် အစားထိုးတာပေါ့။
ဆရာ တကယ် နောင်တရနေပါပြီ။ ဆရာ့ကို နောက်ထပ် အခွင့်အရေးတစ်ခုလောက် ထပ်ပေးပါဦးနော်ချီအာ။
နတ်မိမယ် လင်ယွင်သည် ဟင်းလင်းပြင်ထဲမှ ထွက်လာသော်လည်း ရှောင်ချီ ဘာမှ ပြန်မပြောနိုင်ခင်မှာပင် သူမ၏ မျက်နှာအမူအရာမှာ ဝမ်းနည်းကြေကွဲပြီး နောင်တရနေသည့် ပုံစံသို့ ချက်ချင်း ပြောင်းလဲသွားသည်။
သူမသည် စကားပြောရင်း သူမ၏သိုလှောင်အိတ်ထဲမှ ဆူးများပါသော အနက်ရောင် နှင်တံတစ်ခုကို ထုတ်လိုက်သည်။ ထိုနှင်တံမှာ စည်းကမ်းထိန်းသိမ်းရေးဌာနတွင် အသုံးပြုသော နှင်တံများနှင့် အလွန်တူနေကြောင်း ရှောင်ချီ သတိထားမိလိုက်သည် ၎င်းတို့မှာ တစ်သုတ်တည်း ထွက်ထားသည့်ပုံပင်။
လင်ယွင်၏ မျက်ရည်စက်လက်ဖြစ်နေသော မျက်နှာကို ကြည့်ရင်း ရှောင်ချီက အထင်အမြင်သေးစွာ နှာမှုတ်လိုက်သည်။
"လင်ယွင်... မင်း ဝိညာဥ်ခန္ဓာပေါင်းစည်းခြင်းအဆင့်ကို တက်လှမ်းနိုင်သွားပြီ မဟုတ်လား" ရှောင်ချီသည် သူမကို ခွင့်လွှတ်သည် မခွင့်လွှတ်ဘူးဆိုတာကို မပြောဘဲ အကြောင်းအရာကို တိုက်ရိုက် ပြောင်းလိုက်သည်။
"မင်း... မင်း သိနေတာလား" လင်ယွင်က ရှောင်ချီကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်ကာ မေးလိုက်သည်။
သူမဟာ ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားတဲ့ နည်းစနစ် သုံးမျိုးတောင် သုံးထားတာလေ ဒါတောင် ရှောင်ချီက တစ်ချက်ကြည့်ရုံနဲ့ သိနေတာလား။ သူ့ရဲ့ ဝိညာဉ်အာရုံက ဘယ်လောက်တောင် ကြောက်စရာကောင်းနေတာလဲ ဟု လင်ယွင်က စိတ်ထဲမှ တွေးကာ သူမ၏ တပည့်အပေါ် ပို၍ သတိထားလာမိသည်။
"လင်ယွင်... မင်းရဲ့ ပါရမီက ငါနဲ့ ယဲ့ဖန်တို့နဲ့ ယှဉ်ရင် အတော်လေး ကွာခြားပါတယ်။ ငါ့ရဲ့ ခန့်မှန်းချက်အရဆိုရင် သာမန်အခြေအနေမှာ မင်း နောက်ထပ် ၁၀ နှစ်လောက် ကျင့်ကြံရင်တောင် ဝိညာဥ်ခန္ဓာပေါင်းစည်းခြင်းအဆင့်ကို ရောက်ချင်မှ ရောက်မှာပါ။
ဒါဆို မင်း ဘာလို့ရုတ်တရက် ဝိညာဥ်ခန္ဓာပေါင်းစည်းခြင်းအဆင့်ကို ရောက်သွားတာလဲ အဖြေက တစ်ခုပဲရှိတယ် မင်း ကောင်းကင်ဘုံကိုဆန့်ကျင်တဲ့ အခွင့်အလမ်းတစ်ခုခု ရထားတာပဲ။
အခွင့်အလမ်းတွေက အမျိုးမျိုးရှိတာပေါ့ ဒါပေမဲ့ အချိန်တိုအတွင်းမှာ လူတစ်ယောက်ကို ဝိညာဥ်ခန္ဓာပေါင်းစည်းခြင်းအဆင့်အထိ ရောက်အောင် လုပ်ပေးနိုင်တာကတော့ အနည်းငယ်ပဲ ရှိတယ်။
ငါ မှားမနေဘူးဆိုရင်... မင်းလည်း အနာဂတ် နှစ် ၂၀ ကနေပြန်လာတာ မဟုတ်လား။
ရှောင်ချီက အေးစက်စွာ ပြောလိုက်သော်လည်း သူ၏စကားများကြောင့် လင်ယွင်မှာ ချွေးစေးများ ထွက်လာတော့သည်။
ဤလူမှာ တကယ်ပင် ကြောက်စရာကောင်းလှသည် သူ၏ခန့်မှန်းချက်မှာ အမှန်တရားနှင့် အလွန်ပင် နီးစပ်လွန်းနေသည်။
"မင်း တကယ်ပဲ အစွမ်းထက်တယ်ဆိုတာ ငါဝန်ခံရပါ့မယ် ဒါပေမဲ့ ကံမကောင်းတာက မင်း ခန့်မှန်းတာ မှားသွားပြီ ငါအနာဂတ်နှစ် ၂၀ ကနေပြန်လာတာ မဟုတ်ဘူး
ငါအနာဂတ်မှာ အကြာကြီးနေခဲ့တာ မင်းထက် အများကြီးပိုကြာတယ်"
လင်ယွင်၏ မျက်နှာအမူအရာမှာ ရုတ်တရက် တည်ငြိမ်သွားပြီး သူမ၏ ဟန်ဆောင်မှုများကို ဖယ်ရှားလိုက်ရခြင်းက သူမကို ကျေနပ်မှု ပေးနေသည့်ပုံပင်။
ဒါပေမဲ့ နှမြောစရာ ကောင်းတာက အချိန်တွေ အများကြီး ကုန်ဆုံးသွားခဲ့လို့ ငါ့ရဲ့ အရင်ဘဝက အကြောင်းအရာ အချို့ကိုပဲ မှတ်မိတော့တာ ဒါပေမဲ့ ဒါကတောင် ငါ့ရဲ့ ကျင့်ကြံခြင်းကို ဒီလောက်အထိ မြန်ဆန်စေဖို့ လုံလောက်ပါတယ်။
ငါ ပထမဆုံးပြန်ရောက်လာတုန်းက ဒီနေရာက အရာအားလုံးက ငါ့မှတ်ဉာဏ်ထဲကနဲ့ ဘာလို့ အနည်းငယ် ကွဲလွဲနေတာလဲလို့ ငါတွေးမိခဲ့တယ်။
ငါ ဆယ်စုနှစ်အနည်းငယ်လောက်အထိ ပြန်ပြီး တွက်ချက်ကြည့်လိုက်တော့မှ မင်းက ဒီရှုပ်ထွေးမှုတွေ အားလုံးရဲ့ အရင်းအမြစ်ဆိုတာ သိလိုက်ရတာ။
ငါ့ရဲ့ ချစ်လှစွာသော တပည့်လေး... မင်းလည်း ပြန်လည်ရှင်သန်လာလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး မင်းလို ပုရွက်ဆိတ်တစ်ကောင်က ပြန်လည်ရှင်သန်လာပြီး ယဲ့ဖန်ကိုတောင် ဒီလောက်အထိ ဖိနှိပ်ထားနိုင်တယ်ဆိုတာ... ဒီလောကကြီးက တကယ်ကို ရယ်စရာကောင်းလွန်းတယ်
လင်ယွင်က တစ်ကမ္ဘာလုံးကို လှောင်ပြောင်နေသကဲ့သို့ နှာမှုတ်လိုက်သည်။
တကယ်တော့ ငါ့ရဲ့ အရင်ဘဝမှာ မင်းနဲ့ ပတ်သက်တဲ့ မှတ်ဉာဏ်တွေ အများကြီး မရှိပါဘူး။ မင်းက ငါ့ဘဝမှာ ဖြတ်သွားဖြတ်လာ တစ်ယောက်တောင် မဟုတ်ခဲ့ဘူး။ မင်း ငါ့ဆီမှာ ၅ နှစ်လောက် ပညာသင်ခဲ့ပေမယ့် ငါတို့တွေ့ရတဲ့ အချိန်က အလွန်နည်းတယ်။ နောက်ပိုင်းမှာ မင်း ခရမ်းရောင်တိမ်တိုက်တောင်ကုန်းရဲ့ နောက်ဘက် တောင်ကမ်းပါးယံမှာ အကျဉ်းချခံလိုက်ရတော့ မင်းအပေါ် ငါ့ရဲ့ မှတ်ဉာဏ်တွေက ပိုပြီး မှေးမှိန်သွားခဲ့တာ မင်းပြန်လွတ်လာပြီးနောက်မှာ မင်းရဲ့ စီနီယာအစ်မတွေနဲ့ ငါက မင်းနဲ့ ပတ်သက်မှုကို ဖြတ်တောက်လိုက်ကြတယ်။ အဲ့ဒီကတည်းက မင်းက ငါ့တပည့် မဟုတ်တော့ဘူး။
ငါ့ရဲ့ အရင်ဘဝမှာ မင်းအကြောင်း တွေးမိတာဆိုလို့ မင်း ဝိညာဉ်ဓားဂိုဏ်းအသစ်ကို ကျူးကျော်ဝင်ရောက်ခဲ့တဲ့ အချိန်ပဲရှိလိမ့်မယ် ပုရွက်ဆိတ်တစ်ကောင်က နတ်ဘုရားရဲ့ အရှိန်အဝါကို စော်ကားရဲတယ်ပေါ့ တကယ်ကို ရယ်စရာကောင်းလိုက်တာ ဒါပေမဲ့ ငါ မထင်မှတ်ထားတာက အခု ပြန်လာတဲ့အခါမှာ မင်းက တစ်ခြားစီ ဖြစ်နေတာပဲ။ အခု မင်းက ငါ့အတွက်တော့ အသုံးချလို့ရတဲ့ တန်ဖိုးတစ်ခု ရှိနေပြီ။
ဘယ်လိုလဲ ငါ့ဘက်ကို ပူးပေါင်းမလား မင်းသာ ငါ့ကို မင်းရဲ့ ဆရာအဖြစ် ဆက်ပြီး အလုပ်အကျွေးပြုမယ်ဆိုရင် မင်းက ငါ့တပည့်အဖြစ် ဆက်ရှိနေမှာပါ။
လင်ယွင်သည် သူမ၏ လက်နှစ်ဖက်ကို ဖြန့်လိုက်ရာ သူမ၏ ခန္ဓာကိုယ်မှ မှိန်ဖျော့သော အလင်းတန်းများ ထွက်ပေါ်လာသည် သူမသည် ကောင်းကင်ဘုံမှ နတ်မိမယ်တစ်ဦးကဲ့သို့ပင် သူမ၏ ယုံကြည်သူများကို ကျေးဇူးတော် ချီးမြှင့်နေသည့်အလားပင်။ ရှောင်ချီသည် သူ၏ရှေ့တွင်ရှိသော လင်ယွင်မှာ လုံးဝ ပြောင်းလဲသွားပြီဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။
သူမသည် အရင်ကလို အရှုံးအမြတ်တွေကိုတွေးပူပြီး လမ်းပျောက်နေတဲ့ လင်ယွင်မဟုတ်တော့ပေ
အခု သူမဟာယုံကြည်မှုတွေ ပြည့်နှက်နေပြီး သတ္တဝါတွေ အားလုံးရဲ့ အထက်မှာ ရှိနေတဲ့ နတ်ဘုရားမတစ်ပါးလို ရပ်တည်နေပြီ ဖြစ်သည်။