အခန်း (၁၄၁) ယဲ့ဖန်၏အဆုံးမဲ့မျှော်လင့်ချက်ကင်းမဲ့မှု
"ခုနက မင်းခဏလောက်တော့ အံ့ဩသွားတယ်မလား ငါသေသွားပြီလို့ ထင်လိုက်တာလား"
ဘေးပတ်ဝန်းကျင်ရှိ လူများ တီးတိုးပြောဆိုနေကြစဉ်မှာပင် ရှောင်ချီက ရုတ်တရက် ခေါင်းမော့လာသည်။
သူသည် သူ၏ရှေ့တွင် ဒူးတစ်ဖက်ထောက်ကျနေသော ယဲ့ဖန်ကို တည်ငြိမ်စွာ ကြည့်လိုက်ပြီး လှောင်ပြောင်သော မျက်နှာပေးဖြင့် မေးလိုက်သည်။
"မင်း... မင်းမှာ ဘာဒဏ်ရာမှ မရဘူးလား" ရင်ဘတ်တွင် အပေါက်ကြီးဖြစ်သွားသော်လည်း လုံးဝတုန်လှုပ်ခြင်းမရှိသော ရှောင်ချီကို ကြည့်ပြီး ယဲ့ဖန်သည် ကိုယ်တိုင် ပြန်လည်ထိတ်လန့်လာတော့သည်
"ငါ အဆင်ပြေတာပေါ့ နည်းနည်းပျင်းစရာကောင်းနေလို့ မင်းကို ခဏလောက် ကစားပေးနေတာ" ရှောင်ချီက ခပ်ပါးပါးပြုံးလိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်စွမ်းအားများ ပွင့်ထွက်လာသည်။ သူ၏ရင်ဘတ်မှ ဒဏ်ရာမှာ သွေးသားများ မျက်စိရှေ့တင်တင် လျင်မြန်စွာ ပြန်လည်ဖြစ်ပေါ်လာသည်။
အသက်ရှူကြိမ် ဆယ်ကြိမ်မပြည့်ခင်မှာပင် ရှောင်ချီ၏ ရင်ဘတ်မှာ လုံးဝပြန်လည်ကောင်းမွန်သွားခဲ့ပြီ။ သူ၏ စုတ်ပြဲနေသော အဝတ်အစားများသာလျှင် ဒဏ်ရာရခဲ့ဖူးကြောင်း သက်သေအဖြစ် ကျန်ရစ်တော့သည်။
"တကယ်ကို ပျင်းစရာကောင်းတာပဲ ကလဲ့စားချေရတာက အလွန်နေလို့ကောင်းပြီး ကျေနပ်စရာကောင်းမယ်လို့ ငါအရင်က ထင်ခဲ့တာ"
"ဒါပေမဲ့ မင်းရဲ့ ဒီလိုသေလုမြောပါးဖြစ်နေတဲ့ ပုံစံကိုကြည့်ပြီး ငါ တကယ်ပဲစိတ်ပျက်မိတယ်။"
"အော်... ဟုတ်သားပဲ မင်း အရင်က ခဏခဏပြောလေ့ရှိတဲ့ စကားတစ်ခွန်းကို ငါမှတ်မိသေးတယ် ဘာတဲ့... ငါ့ခေါင်းကို ဖြတ်ပြီး ကျင်ငယ်အိုးအဖြစ် သုံးမယ် ဆိုလား အဲ့ဒါကို ပြန်စဉ်းစားဖို့ နည်းနည်းခက်နေလို့။"
"ကောင်းပြီလေ... ဒီနေ့တော့ မင်းရဲ့ဆန္ဒကို ငါဖြည့်ဆည်းပေးရမှာပေါ့ ဒါပေမဲ့ ငါ့ခေါင်းက သုံးစရာရှိသေးတော့ မင်းရဲ့ခေါင်းကိုပဲ အဲ့ဒီကျင်ငယ်အိုးအဖြစ် ခေတ္တအစားထိုး သုံးလိုက်ရတာပေါ့"
ရှောင်ချီသည် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသော ယဲ့ဖန်ကို ကြည့်လိုက်သည်။ ဤကဲ့သို့သော ယဲ့ဖန်မှာ တကယ်ကို စိတ်ဝင်စားစရာမကောင်းဟု သူခံစားလိုက်ရသည်။
ရှောင်ချီက သူ၏လက်ကို ခပ်ပေါ့ပေါ့ ဝေ့ယမ်းလိုက်ရာ ယဲ့ဖန်၏ရင်ဘတ်ကို ခုနကထိုးဖောက်ခဲ့သော ဓားရှည်မှာ သူ၏လက်ထဲသို့ လျင်မြန်စွာ ပြန်လည်ရောက်ရှိလာသည်။
ရွှူး... ဓားအလင်းတန်း တစ်ချက်လက်သွားပြီးနောက် ယဲ့ဖန်၏ ညာဘက်လက်မောင်းမှာ တိုက်ရိုက်ပြတ်တောက်သွားတော့သည်။
"ကံကြမ္မာသားတော် ဟုတ်လား မင်းကပြန်လည်ရှင်သန်နိုင်တယ်ပေါ့လေ" ရှောင်ချီသည် လက်ထဲမှ ပြတ်တောက်သွားသော လက်မောင်းကို ကြည့်ကာ တစ်ယောက်တည်း ပြောနေသကဲ့သို့ ပြောလိုက်သည်။
ရှောင်ချီက လက်ညှိုးကို ခပ်ဖွဖွမြှောက်လိုက်ရာ လက်ထိပ်တွင် မီးတောက်အသေးလေးတစ်ခု ပေါ်လာသည်။ ထိုမီးတောက်မှာ တဖြည်းဖြည်း ကြီးထွားလာပြီး လက်မောင်းတစ်ခုလုံးကို ဝါးမြိုသွားတော့သည်။
တဖြတ်ဖြတ်... မီးလောင်ကျွမ်းသံများမှာ လေထုထဲတွင် ဟိန်းထွက်နေပြီး ဘေးရှိလူများ၏ နားထဲတွင် ဆူညံနေသည်။
၁၅ မိနစ်ခန့် ကြာပြီးနောက် ယဲ့ဖန်၏လက်မောင်းမှာ ပြာပုံအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ။ ထိုအချိန်အတောအတွင်း ဝိညာဉ်ဓားဂိုဏ်းမှ မည်သည့်တပည့်မျှ စိတ်လိုက်မာန်ပါ မလှုပ်ရှားရဲကြပေ။
သူတို့သည် သူတို့၏ဂိုဏ်းချုပ် လက်မောင်းဖြတ်ခံရပြီး ပြာအဖြစ် ပြောင်းလဲသွားသည်ကို တိတ်ဆိတ်စွာ ကြည့်နေရုံသာ တတ်နိုင်ကြသည်။
"ရှောင်ချီ... ငါမှားသွားပြီ ငါမှားမှန်းသိပါပြီ။ ငါအခုတကယ် နောင်တရနေတာပါ ငါ့ကို နောက်ထပ် အခွင့်အရေးတစ်ခုလောက် ထပ်မပေးနိုင်ဘူးလား"
ရှောင်ချီက သူ၏ဘယ်ဘက်လက်မောင်းကိုဖြတ်ရန် ဓားကိုပြန်မြှောက်လိုက်သည်ကို မြင်သောအခါ ယဲ့ဖန်သည် အလွန်အမင်းထိတ်လန့်သွားပြီး အသက်ဘေးမှလွတ်ရန် အသည်းအသန် အသနားခံတော့သည်။
ယခုမှသာ ရှောင်ချီ၏ ရက်စက်မှုကို သူမြင်တွေ့လိုက်ရခြင်းဖြစ်သည်။ သူ၏ဆရာ ပြောခဲ့သလိုပင် ဤလူမှာ ဘာမဆိုလုပ်ဝံ့သော အရူးတစ်ယောက်ပင် ဖြစ်သည်။
"မင်း မှားသွားတယ် ဟုတ်လား မဟုတ်ပါဘူး... မဟုတ်ပါဘူး။ မင်း လုံးဝမမှားပါဘူး မင်းက ကံကြမ္မာသားတော်ပဲ ကံကြမ္မာသားတော်က ဘယ်လိုလုပ် အမှားလုပ်မှာလဲ"
"ငါကသာ မှားခဲ့တာပါ။ ငါ မင်းကိုမဆန့်ကျင်ခဲ့သင့်ဘူး မင်းကိုအညံ့ခံခဲ့သင့်တာ ဒီအဓိပ္ပာယ်မရှိတဲ့ ကံကြမ္မာဆိုတဲ့ အရာကို ငါအညံ့ခံခဲ့သင့်တာ"
ရှောင်ချီသည် သွေးများစွန်းပေနေသော သူ၏ကျန်လက်တစ်ဖက်ကို မြှောက်လိုက်ပြီး ယဲ့ဖန်၏ပါးကို ပုတ်လိုက်သည်
"ဟား ဟား ဟား ဟား"
ထို့နောက် ဤအရာအားလုံးမှာ အလွန်ရယ်စရာကောင်းသည်ဟု ထင်လိုက်ကာ သူသည် ရူးသွပ်စွာ အော်ဟစ်ရယ်မောလိုက်တော့သည်။
"မင်းတို့တွေ ဘာရပ်ကြည့်နေကြတာလဲ သူ့ကိုအမြန်သတ်ကြလေ ငါ့ကိုသတ်ပြီးရင် သူက မင်းတို့ကို လွှတ်ပေးမယ်လို့ ထင်နေတာလား"
ယဲ့ဖန်သည် ဘေးပတ်ဝန်းကျင်ရှိ ဝိညာဉ်ဓားဂိုဏ်း ကျင့်ကြံသူများကို အကျယ်ကြီး အော်ပြောလိုက်သည်။
သို့သော် ထိုလူများသည် ရှောင်ချီ၏ လုပ်ရပ်များကြောင့် ကြောက်လန့်တုန်ရင်နေကြသည်မှာ ကြာပြီဖြစ်သည်။ သူတို့အားလုံးမှာ ရှေ့သို့မတိုးရဲဘဲ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ထိုနေရာမှာတင် ရပ်နေကြသည်။
ရှပ်... ရှောင်ချီက သူ၏ဓားကို ထပ်မံဝေ့ယမ်းလိုက်သည်။ အလင်းတစ်ချက်လက်သွားပြီးနောက် ယဲ့ဖန်၏ ဘယ်ဘက်လက်မောင်းမှာလည်း ပြတ်တောက်သွားပြန်သည်။
"စဉ်းစားကြည့်ရအောင်... နောက်ဆုံးလက်မောင်းကိုတော့ မီးနဲ့ရှို့ခဲ့တယ်။ ဒီတစ်ဖက်ကိုကျ ဘယ်လိုလုပ်ရမလဲ"
ရှောင်ချီသည် ခက်ခဲသော ပုစ္ဆာတစ်ပုဒ်နှင့် တွေ့နေရသကဲ့သို့ပင်။ သူသည် ယဲ့ဖန်၏ ဘယ်ဘက်လက်မောင်းကို သေချာစွာ ကြည့်ရင်း အလေးအနက် စဉ်းစားနေသည်။
"အော်... ဟုတ်ပြီ အရင်တစ်ခါက မီးသုံးခဲ့တော့ ဒီတစ်ခါ ရေခဲနဲ့ အေးခဲပစ်ရအောင်" ရှောင်ချီက သူ၏ခေါင်းကို ပုတ်လိုက်ပြီး ကောင်းမွန်သော အကြံရခဲ့သည့်အတွက် ကိုယ့်ကိုယ်ကိုယ် ချီးမွမ်းနေသည့်ပုံပင်။
ဂျွတ်... ဂျွတ်... ရေခဲဓာတ်ပါသော ဝိညာဉ်စွမ်းအားများမှာ ပြတ်တောက်သွားသော ဘယ်ဘက်လက်မောင်းပေါ်သို့ လျင်မြန်စွာ ဖုံးလွှမ်းသွားသည် ခဏအတွင်းမှာပင် လက်မောင်းတစ်ခုလုံး ခဲသွားတော့သည်။
ရှောင်ချီက အင်အားအနည်းငယ် သုံးလိုက်ရာ ရေခဲတုံးဖြစ်နေသော လက်မောင်းမှာ သူ၏လက်ထဲတွင် အမှုန့်ဖြစ်သွားတော့သည်
"ညီအစ်ကို ရှောင်ချီ... မင်း ဘာလိုချင်တာလဲ မင်းလိုချင်တာ အကုန်ပေးမယ် ရာထူးလား"
"မင်းကို ဝိညာဉ်ဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ရာထူး ပေးပါ့မယ်။ စည်းစိမ်ဥစ္စာလား ငါ့ရဲ့ သိုလှောင်အိတ်ထဲမှာ ဝိညာဉ်ကျောက်တုံးတွေ မှော်ရတနာတွေနဲ့ ဆေးလုံးတွေ အများကြီးရှိတယ်။ မင်းကို အကုန်ပေးပါ့မယ်"
ယဲ့ဖန်သည် သူ၏ကျန်ရှိနေသော ခြေထောက်များကို အသုံးပြု၍ သူ့ဆီသို့ တဖြည်းဖြည်း ချဉ်းကပ်လာသော ရှောင်ချီနှင့် ဝေးရာသို့ အသည်းအသန် တွားသွားနေသည်။
ရွှူး... ရှောင်ချီ၏လက်ထဲမှ ဓားရှည်မှာ သေမင်း၏တံစဉ်ကဲ့သို့ပင် ဓားကို ဝေ့ယမ်းလိုက်တိုင်း ယဲ့ဖန်၏ ခန္ဓာကိုယ်ပေါ်ရှိ မွေးညင်းနုလေးများအထိ တုန်ရင်နေရသည်။
သို့သော် ယဲ့ဖန်၏ကြောက်ရွံ့မှုက ရှောင်ချီကို ပို၍ စိတ်လှုပ်ရှားစေသည် တတိယမြောက် ဓားချက် ကျရောက်လာပြီးနောက် ယဲ့ဖန်၏ ညာဘက်ခြေထောက်မှာ ချက်ချင်း ပြတ်တောက်သွားတော့သည်။
"မီးနဲ့ ရေခဲပြီးပြီဆိုတော့... နောက်ထပ် ဘာသုံးရမလဲ" ရှောင်ချီက မျက်မှောင်ကြုတ်ကာ အလေးအနက် စဉ်းစားပြန်သည်။
ဖျတ်... ခရမ်းရောင် လျှပ်စီးတစ်ချက် လက်သွားပြီးနောက် ခြေထောက်တစ်ခုလုံးမှာ ချက်ချင်း ပြာဖြစ်သွားတော့သည်။
"လျှပ်စီးက ပိုပြီးတော့ အဆင်ပြေတာပဲ" သူ၏လက်ရာကိုကြည့်ပြီး ရှောင်ချီက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
ချက်ချင်းပင် ရှောင်ချီသည် ယဲ့ဖန်၏ နောက်ဆုံးကျန်ရှိနေသော ခြေထောက်ကို စိုက်ကြည့်လိုက်သည်။
"ရှောင်ချီ... မင်း သေချင်းဆိုးနဲ့ သေပါစေ မင်းကိုငါအဆုံးထိ တိုက်ခိုက်သွားမယ်" ယဲ့ဖန်သည် ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ ကြောက်မက်ဖွယ်ကောင်းသော အလင်းတန်းများ ပွင့်ထွက်လာပြီး ရှောင်ချီနှင့်အတူ အသေခံ တိုက်ခိုက်ရန် ပြင်လိုက်သည်။
သူ၏သိုလှောင်လက်စွပ်ထဲမှ အရာတစ်ခုမှာ အပြင်သို့ အတင်းအကျပ် ထွက်လာချင်နေပုံရသည်။ အနက်ရောင် အလံငယ်လေးတစ်ခုမှာ ခဏမျှ ရိပ်ခနဲ ပေါ်လာသည်။
"ကျီတောက်ရွှေကြာပန်း သူ့ကို ငါ့အတွက်ဖိနှိပ်စမ်း" ရှောင်ချီက ယဲ့ဖန်၏ ခေါင်းပေါ်သို့ ညွှန်ပြလိုက်သည်။ ရွှေကြာပန်းတစ်ခု ပေါ်ထွက်လာပြီး ယဲ့ဖန်၏အပေါ်တွင် ဝဲပျံနေသည်။ ရွှေရောင်အလင်းတန်းများ ကျဆင်းလာပြီး ယဲ့ဖန်၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။
မူလက အသေခံပေါက်ကွဲရန် ပြင်နေသော ယဲ့ဖန်မှာ ဤရွှေရောင်အလင်း၏ ဖိနှိပ်မှုအောက်တွင် လုံးဝ မလှုပ်ရှားနိုင်တော့ပေ။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအားများမှာ လုံးဝ ပျောက်ကွယ်သွားသည်ဟု သူ ခံစားလိုက်ရသည်။ ယခုအခါ ယဲ့ဖန်မှာ အားကိုးရာမဲ့နေသော သာမန်လူတစ်ယောက်ကဲ့သို့ ဖြစ်နေပြီ။
သိုလှောင်လက်စွပ်ထဲမှ ထွက်လာရန် ပြင်နေသော အရာမှာလည်း လျင်မြန်စွာ ပြန်လည် ပျောက်ကွယ်သွားတော့သည်။
"ငါယဲ့ဖန်က ဂုဏ်သိက္ခာရှိရှိနဲ့ တရားမျှတစွာ နေထိုင်ခဲ့ပါလျက်နဲ့ အခုတော့ ဒီလိုမျိုး အဆုံးသတ်ရတော့မှာလား"
"ရှောင်ချီ... မင်းသာ တကယ် ယောက်ျားဖြစ်ရင် ငါ့ကို မြန်မြန်ပဲ သတ်လိုက်ပါတော့"
ယဲ့ဖန်သည် သူ၏ကံကြမ္မာမှာ ဆုံးဖြတ်ပြီးသားဖြစ်ကြောင်း သိလိုက်ပြီ။ သူ ဘယ်လိုပဲခုခံပါစေ ဒီနေ့မှာတော့ သူ သေချာပေါက် သေရတော့မည် ဖြစ်သည်။
သူသည် ရှောင်ချီကို အေးစက်စွာ ကြည့်လိုက်ပြီး ပြတ်သားစွာ ပြောလိုက်သည်။
"ရှောင်ချီ... ငါ့ရဲ့ ဖန်လောင်ကို ထပ်ပြီး နာကျင်အောင် မလုပ်ပါနဲ့တော့။ မင်း တစ်ယောက်ယောက်ကို သတ်ချင်ရင် ငါ့ကိုပဲ သတ်ပါ သူ့အတွက် အပြစ်တွေ အားလုံးကိုငါပဲခံယူပါ့မယ်"
လျူချင်းအာသည် ဘေးရှိလူများ တားနေသည့်ကြားမှ ယဲ့ဖန်၏ဘေးသို့ ပြေးဝင်လာသည်။ သူမသည် ယဲ့ဖန်ကို သူမ၏ ခန္ဓာကိုယ်ဖြင့် အကာအကွယ်ပေးကာ ရှောင်ချီ၏ ရှေ့တွင် ဒူးထောက်ပြီး ဝမ်းနည်းပက်လက် အသနားခံနေတော့သည်။
"အရမ်း အလောမကြီးပါနဲ့ဦး။ မင်းရဲ့ အလှည့်ကလည်း မကြာခင် လာတော့မှာပါ"
ရှောင်ချီသည် လျူချင်းအာ၏ မေးစေ့ကို ဖြည်းညှင်းစွာ မလိုက်ပြီး သူမကိုရူးသွပ်သော အပြုံးတစ်ခု ပြလိုက်သည်။
ထို့နောက် သူ၏ညာလက်ကို ခပ်ဖွဖွ ဝေ့ယမ်းလိုက်ရာ လျူချင်းအာ၏ ခန္ဓာကိုယ်မှာ လွင့်စင်သွားတော့သည်။
ဤအချိန်တွင် လင်းကျောက်လန်မှာ ကြောက်လန့်လွန်း၍ သတိလက်လွတ် ဖြစ်နေပြီ ဖြစ်သည်။ သူမသည် မြေပြင်ပေါ်တွင် လဲကျနေပြီး ရှောင်ချီ၏ကျောပြင်ကို ထိတ်လန့်စွာ ကြည့်နေရုံသာ တတ်နိုင်တော့သည်။ ယဲ့ဖန်အတွက် အသနားခံရန်ပင် သူမမှာ အင်အား မရှိတော့ပေ။
ရွှူး... လက်ကို မြှောက်လိုက်ပြီး ဓားကို ဝေ့ယမ်းလိုက်သည် ရှောင်ချီ စတုတ္ထအကြိမ်မြောက် ဓားကို ဝေ့ယမ်းလိုက်သောအခါ ယဲ့ဖန်၏ နောက်ဆုံး ခြေထောက်မှာလည်း ပြတ်တောက်သွားတော့သည်။ အော်ဟစ်သံ တစ်ချက် ထွက်ပေါ်လာပြီးနောက် ယဲ့ဖန်မှာ သတိမေ့မြောသွားတော့သည်။