အခန်း (၁၄၀) ယဲ့ဖန်၏ ကြောက်ရွံ့မှု
"ယဲ့ဖန်... မင်းက ငါ့ရဲ့ ဒီဘဝအတွက် နှလုံးသားမိစ္ဆာပဲ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ငါ အစွမ်းကုန် တိုက်ခိုက်မှာ" ရှောင်ချီက အေးစက်စွာ ပြောလိုက်သည်။ ချက်ချင်းပင် ပျံသန်းနေသော ဓားတစ်သောင်းမှာ လျင်မြန်စွာ ကခုန်လာတော့သည် မြင့်မားသော ကောင်းကင်ယံတွင် ဝဲပျံနေသည့် မီတာတစ်သောင်းရှည်သော နဂါးကြီးတစ်ကောင်ကဲ့သို့ပင် သို့မဟုတ် အချိန်မရွေး တိုက်ခိုက်ရန် အသင့်ဖြစ်နေသည့် ဟိန်းဟောက်ပျံသန်းနေသော လွမ်ဖီးနစ်ငှက်တစ်ကောင်နှင့်ပင် တူလှသည်။
ရှောင်ချီ၏တိုက်စစ်ကို ကြည့်ရင်း ယဲ့ဖန်၏မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ မူလက သူသည် ပြင်းထန်စွာ ဒဏ်ရာရပြီး သေလုမြောပါး ဖြစ်နေသည့် အခြေအနေကို အသုံးချကာ ရှောင်ချီကို သတိလက်လွတ် ဖြစ်သွားစေရန် ကြံစည်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ရှောင်ချီက ပေါ့ပေါ့ဆဆ တိုက်ခိုက်လာလျှင် အခွင့်အရေးကို အရယူကာ ရှောင်ချီ၏ အသက်ကို အချိန်မရွေး နှုတ်ယူရန် ဖြစ်သည်။
သို့သော် ရှောင်ချီက သူ့အပေါ်ထားရှိသော မုန်းတီးမှုမှာ မည်သည့်အခြေအနေမှာမဆို အရှိန်အဟုန်အပြည့်ဖြင့် တိုက်ခိုက်မည် ဖြစ်သလို သူ၏ အစွမ်းထက်ဆုံး တိုက်ကွက်ကိုပင် အသုံးပြုလာလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
"ဆရာ... ကယ်ပါဦး ဆရာ အခုချက်ချင်း ဝင်မကူရင် ကျွန်တော် သူသတ်တာနဲ့ သေတော့မယ်"
ယဲ့ဖန်သည် နောက်ဆုံးတွင် စတင်ထိတ်လန့်လာပြီး လက်စွပ်ထဲရှိ ဝတ်ရုံဖြူဝတ်အမျိုးသမီး ကို အသည်းအသန် အကူအညီ တောင်းလိုက်တော့သည်။
"သူ့ကို သွားမစနဲ့လို့ ငါမင်းကိုအစောကြီးကတည်းက ပြောခဲ့သားပဲ။ သူက အရူးတစ်ယောက်လေ မင်းက ဘာလို့များ သူ့ကိုသွားပြီး ပြဿနာရှာခဲ့ရတာလဲ"
ဝတ်ရုံဖြူဝတ် အမျိုးသမီးက အားကိုးရာမဲ့သော မျက်နှာအမူအရာကို ပြသလိုက်ပြီးနောက် လွင့်ပျံနေသော စိမ်းဖန့်ဖန့် အခိုးအငွေ့များကြားမှ လက်စွပ်ထဲက ထွက်လာခဲ့သည်။
"အော်... လူဟောင်းကြီးပါလား ဒီနတ်မိမယ်က ယဲ့ဖန်ကို ကယ်ဖို့ နောက်တစ်ကြိမ် ဝင်ပါဦးမလို့လား"
ရှောင်ချီက ဝတ်ရုံဖြူဝတ် အမျိုးသမီးကို တစ်ချက်ကြည့်လိုက်ကာ ပါးစပ်ထောင့်ကို အနည်းငယ် တွန့်ကွေးလျက် အထင်အမြင်သေးသော လေသံဖြင့် မေးလိုက်သည်။
"လူငယ်လေး... အရမ်း မာနမကြီးနဲ့ဦး ငါ့ရဲ့ သိက္ခာကို ငဲ့ပြီး ဒီနေ့ ကိစ္စကို ဒီမှာတင်ရပ်လိုက်ပါ မဟုတ်ရင် ဘယ်သူမှ အကျိုးရှိမှာ မဟုတ်ဘူး"
ဝတ်ရုံဖြူဝတ် အမျိုးသမီး၏လေသံမှာ အနည်းငယ် ကြောက်ရွံ့နေသကဲ့သို့ ရှိသော်လည်း လက်တွေ့ လှုပ်ရှားမှုတွင်မူ သူမဝေခွဲမနေခဲ့ပေ။ သူမသည် ယဲ့ဖန်၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်ဝင်ရောက်သွားပြီး ချက်ချင်းပင် ယဲ့ဖန်၏ ခန္ဓာကိုယ်မှ ဖြူစင်သော အလင်းတန်းများ ပွင့်ထွက်လာသည်။ သူ၏ အားအင်ကုန်ခမ်းနေသော ပုံစံမှာ ပျောက်ကွယ်သွားပြီး အင်အားနှင့် တက်ကြွမှုများ ပြည့်နှက်နေသော အနေအထားသို့ ရောက်ရှိသွားသည်။
ရွှူး... ရွှူး... ရွှူး... သူတို့ စကားပြောနေသည့် အချိန်အတွင်းမှာပင် ရှောင်ချီ၏ တိုက်ကွက်များမှာ ယဲ့ဖန်၏ ပတ်ဝန်းကျင်သို့ ရောက်ရှိလာခဲ့ပြီ။
မရေမတွက်နိုင်သော ပျံသန်းနေသည့် ဓားများက ယဲ့ဖန်ကို ဝိုင်းရံထားသည်; နောက်တစ်စက္ကန့်တွင် ထိုဓားများက သူ့ကို အပိုင်းပိုင်း အမြတ်မြတ် ပိုင်းဖြတ်ပစ်နိုင်သည်လေ။
"ကောင်းကင်ဘုံ တရားဓမ္မ ထင်ရှားခြင်း” ယဲ့ဖန်နှင့် ထိုအမျိုးသမီးက တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြပြီး သူတို့၏ ပုံရိပ်မှာ လျင်မြန်စွာ ကြီးထွားလာတော့သည်။
ဝိညာဉ်အလင်းတန်းများမှာ သူတို့နှစ်ဦး၏ ရှေ့တွင် လှည့်လည်နေကြသည်။ အသက်ရှူရုံ အချိန်အတွင်းမှာပင် သူတို့၏ ပုံရိပ်မှာ မိုင်တစ်ရာခန့်အထိ ကြီးမားသွားခဲ့ပြီ ဖြစ်သည်။
ဒင်... ဒင်... ဒင်... ပျံသန်းနေသော ဓားများမှာ ထိုဧရာမခန္ဓာကိုယ်ကြီးကို သွားရောက် ထိမှန်ကာ ပြတ်သားသော အသံများ ထွက်ပေါ်လာသည်။ ရွှေရောင်အလင်းနှင့် ဓားများ၏ တိုက်ခိုက်မှုမှာ အတော်ကြာအောင် ကြာမြင့်ခဲ့သော်လည်း ဓားများမှာ ကာကွယ်ရေးကို ဖောက်ထွက်နိုင်ခြင်း မရှိသေးပေ။
ရွှူး... သို့သော် ယဲ့ဖန်က ကျေနပ်အားရနေပြီး ရှောင်ချီကို လှောင်ပြောင်ရန် ပြင်လိုက်စဉ်မှာပင်
ကြီးမားလှသော ဓားအလင်းတန်းတစ်ခုက ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ ယဲ့ဖန်၏ ဧရာမ ခန္ဓာကိုယ်ကြီးကို တိုက်ရိုက် ထိုးဖောက်သွားခဲ့သည်။ ၎င်းမှာ ခန့်ညားထည်ဝါလှသော ထို ဓမ္မရုပ်ပွားတော်ကြီးကို သကြားလုံးတုတ်ထိုးကဲ့သို့ ထိုးဖောက်လိုက်ခြင်းပင်။
သွေးများ စင်ဟန်သွားသည်... ခဏအတွင်းမှာပင် သွေးများ နေရာအနှံ့ စင်ဟန်သွားတော့သည်။ ယဲ့ဖန်၏သွေးများသည် ရေတံခွန်ကဲ့သို့ စီးကျလာပြီး မူလက ခြောက်သွေ့နေသော မြေပြင်ကို ရဲရဲနီသွားစေခဲ့သည်။
"ဘယ်လို... ဘယ်လို ဖြစ်နိုင်မှာလဲ မင်းက ဘယ်လိုလုပ် ဒီလောက်တောင် သန်မာနေရတာလဲ" ယဲ့ဖန်နှင့် ဝတ်ရုံဖြူဝတ် အမျိုးသမီးက တစ်ပြိုင်နက်တည်း ပြောလိုက်ကြပြီး ရှောင်ချီကို မယုံကြည်နိုင်သော မျက်နှာများဖြင့် ကြည့်လိုက်ကြသည်။
ယဲ့ဖန်သည် လွန်ခဲ့သော ရက်အနည်းငယ်ကမှ ဟင်းလင်းပြင်ပြန်လည်ရောက်ရှိခြင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်ပြီး သူ၏ ကျင့်ကြံခြင်းမှာ ယခုမှ ဟင်းလင်းပြင်ပြန်လည်ရောက်ရှိခြင်းအဆင့်၏ အစောပိုင်းအဆင့်တွင် အခြေကျရုံသာရှိသေးသည်။
ဝတ်ရုံဖြူဝတ် အမျိုးသမီး၏အကူအညီနှင့် ပေါင်းစပ်လိုက်လျှင်ပင် သူတို့၏ ကျင့်ကြံခြင်းမှာ ဟင်းလင်းပြင်ပြန်လည်ရောက်ရှိခြင်းအဆင့်၏ နောက်ဆုံးအဆင့်သို့မနည်း ရောက်ရှိရုံသာ ရှိသည်။ ရှောင်ချီ၏ဓားက သူ၏ရင်ဘတ်ကို ထိုးဖောက်နိုင်လိမ့်မည်ဟု သူ လုံးဝမထင်မှတ်ထားခဲ့ပေ။
"ယဲ့ဖန်... မင်း အဲ့ဒီမှာ သေချင်ယောင်ဆောင်နေတာကို ငါမမြင်ဘူးလို့ ထင်နေတာလား ငါက စိတ်ဝင်စားစရာ ကောင်းတယ်လို့ ထင်လို့ လိုက်ကစားပေးနေတာပါ"
"ငါ နယ်စပ်မှာ တစ်နှစ်ခွဲတိတိ တိုက်ပွဲဝင်ခဲ့တာ ငါ့ရဲ့ ကျင့်ကြံခြင်းက အခု ဟင်းလင်းပြင်ပြန်လည်ရောက်ရှိခြင်းအဆင့်ရဲ့ နောက်ဆုံးအဆင့်ကို ရောက်နေပြီ။ ငါသာ အလိုရှိရင် ဝိညာဥ်ခန္ဓာပေါင်းစည်းခြင်းအဆင့်က လူတွေကို သတ်ရတာကတောင် ခွေးသတ်ရသလိုပဲ"
"ငါ့မျက်လုံးထဲမှာတော့ မင်းရဲ့ ကျင့်ကြံခြင်းက သုံးနှစ်သား ကလေးလေး တစ်ယောက်လိုပဲ ကလေးကလား ဆန်လွန်းတယ်။ ဝတ်ရုံဖြူဝတ်အမျိုးသမီးရဲ့ အကူအညီပါရင်တောင် အဲ့ဒါက နောက်ဆုံးတော့ တံလျှပ်လို ထင်ယောင်ထင်မှားတစ်ခုပါပဲ။ ကျင့်ကြံခြင်းဆိုတာ ကိုယ်တိုင် အားထုတ်မှသာ ခိုင်မာတာ သူများ ပေးကမ်းတာတွေက နောက်ဆုံးတော့ စိတ်ကူးယဉ်မှုတစ်ခုပဲ"
ရှောင်ချီက လက်တစ်ဖက်ဖြင့် သူ၏မျက်နှာကို အုပ်ကာ ကျန်လက်တစ်ဖက်ဖြင့် ယဲ့ဖန်ကို ညွှန်ပြရင်း အရူးတစ်ယောက်ကို ကြည့်သလိုမျိုး ပြောလိုက်သည်။
"မင်း... မင်း လူယုတ်မာ ငါက ကံကြမ္မာသားတော်ပဲ ငါကဒီလောကရဲ့ အချစ်တော်ပဲ ဘာအခွင့်အရေးနဲ့လဲ ဘာအခွင့်အရေးနဲ့ မင်းက ငါ့ကို အနိုင်ယူနိုင်ရတာလဲ ဘာလို့မင်းရဲ့ ကျင့်ကြံခြင်းက ငါ့ထက် သာနေရတာလဲ ဘာလို့မင်းရဲ့ ပါရမီက ငါ့ထက်ကောင်းနေရတာလဲ"
ယဲ့ဖန်မှာ ရူးမတတ် ဖြစ်နေရပြီ သူသည် နီရဲနေသော မျက်လုံးများဖြင့် ရှောင်ချီကို ကြည့်နေသော်လည်း သူ၏ ပုံရိပ်မှာ တစ်ဖြည်းဖြည်း သေးငယ်သွားတော့သည်။
သူ၏မှော်စွမ်းအားမှာ ထိုကြောက်မက်ဖွယ် အရွယ်အစားကို ကြာရှည်စွာ မထိန်းထားနိုင်ပေ အသက်ရှူရုံ ခဏအတွင်းမှာပင် သူသည် မူလ ပုံစံသို့ ပြန်လည်ရောက်ရှိသွားသည်။
ယဲ့ဖန်သည် ဒူးတစ်ဖက် ထောက်ကျသွားပြီး လက်တစ်ဖက်ဖြင့် သူ၏ရင်ဘတ်ကို ဖိထားသည်။ ရှောင်ချီ ခုနက ဓားချက်မှာ သူ၏ နှလုံးသွေးကြောများကို တိုက်ရိုက် ထိုးဖောက်သွားခဲ့သည်။ ယဲ့ဖန်၏ အစွမ်းထက်သော သက်စောင့်အားနှင့်ပင် ယခုအခါ သူ၏ အသက်မှာ တဖြည်းဖြည်း လွင့်ပါးနေသည်ကို သူ ရှင်းရှင်းလင်းလင်း ခံစားနေရပြီ ဖြစ်သည်။
"ငါ ပြောပြီးပြီလေ ဒီနေ့ ဘယ်သူမှ မင်းကိုမကယ်နိုင်ဘူး။ ငါ မင်းကိုအပိုင်းပိုင်း အမြတ်မြတ် ပိုင်းဖြတ်ပစ်မယ်" ရှောင်ချီက ယဲ့ဖန်ဆီသို့ တစ်လှမ်းချင်း လျှောက်သွားသည် သူ လှမ်းလိုက်သည့် ခြေလှမ်းတိုင်းမှာ ယဲ့ဖန်၏ နှလုံးသားကို နင်းခြေလိုက်သကဲ့သို့ပင်။
ဒုတ်... ဒုတ်... ဒုတ်... ရှောင်ချီ၏ခြေသံများမှာ ထူးဆန်းသော မှော်စွမ်းအားတစ်ခု ရှိနေပုံရသည်။
သဲပြင်ပေါ်တွင် လျှောက်လှမ်းနေသော ခြေသံတိုးတိုးလေးမှာ ယဲ့ဖန်၏နားထဲတွင်မူ မိုးကြိုးပစ်သံကဲ့သို့ ကျယ်လောင်နေပြီး သူ၏ နှလုံးသားတစ်ခုလုံးကို မရပ်မနား တုန်ယင်သွားစေသည်။
"မလာနဲ့... မလာနဲ့တော့ ရပ်လိုက်စမ်း" ယဲ့ဖန်သည် လက်တစ်ဖက်ဖြင့် မြေပြင်ကို ထောက်ထားကာ ကျန်လက်တစ်ဖက်ကို ကောင်းကင်ယံတွင် ယမ်းခါရင်း ရှောင်ချီ၏ ခြေလှမ်းကို တားဆီးရန် ကြိုးစားနေသည်။
သို့သော် ယခုအချိန်မှသာ ယဲ့ဖန်သည် သူမည်မျှအထိ အားကိုးရာမဲ့နေကြောင်း အမှန်တကယ် သိလိုက်ရသည်။ သူ မည်မျှပင် ယမ်းခါနေပါစေ ရှောင်ချီ၏ ခြေလှမ်းမှာ ရပ်တန့်မသွားဘဲ သူရှိရာသို့ ပြတ်သားစွာ ဆက်လက် လျှောက်လှမ်းလာနေဆဲပင်။
နောက်ဆုံးတွင် ရှောင်ချီ ရပ်လိုက်သော်လည်း သူသည် ယဲ့ဖန်၏ ရှေ့တည့်တည့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ တစ်မီတာတောင် မကွာတော့သည့် ရှောင်ချီကို ကြည့်ရင်း ယဲ့ဖန်၏ နှလုံးသားထဲတွင် အဆုံးမဲ့သော ကြောက်ရွံ့မှုများ လှိုင်းထနေတော့သည်။
"ကံကြမ္မာသားတော်... အဆုံးမဲ့တဲ့ကံတရား မင်း ငါ့ကို ဘယ်လောက်တောင် ဒုက္ခပေးခဲ့လဲဆိုတာ မင်းသိလား"
"နှစ်ပေါင်း ၂၀ ကြာအောင် တစ်ကိုယ်တည်းဖြစ်ခဲ့ရတာ ကျင့်ကြံခြင်း တိုးတက်မလာမှာကို ကြောက်ခဲ့ရတာ နာကျည်းမှုတွေ"
"အရင်တုန်းက မင်းကိုရင်ဆိုင်ရတာက မြင့်မားတဲ့ ကောင်းကင်ယံကို မော့ကြည့်နေရတဲ့ ပိုးကောင်လေးတစ်ကောင်လိုပဲ မင်းက ငါလှမ်းမမီနိုင်တဲ့နေရာမှာ ရှိနေတယ်လို့ခံစားခဲ့ရတယ်"
"အခု မင်းကိုပြန်တွေ့တဲ့အခါကျမှ မင်းက ငါ့ခြေဖဝါးအောက်ကဖုန်မှုန့်တစ်စ ပုရွက်ဆိတ်တစ်ကောင်ထက် မပိုဘူးဆိုတာ ငါသိလိုက်ရတယ်"
"ဒီနေ့ ငါတို့ရဲ့ကံကြမ္မာက ဒီမှာတင် အဆုံးသတ်သင့်ပြီ ငါ့ရဲ့အရင်ဘဝက အကြောင်းအရာတွေ အားလုံးကို ငါမေ့ပစ်သင့်ပြီ ငါအားလုံးကို လက်လွှတ်လိုက်သင့်ပြီ"
ရှောင်ချီသည် လက်တစ်ဖက်ကို ယဲ့ဖန်၏ဦးခေါင်းပေါ်တွင် တင်လိုက်ပြီး သူ၏ မျက်လုံးများကို တင်းတင်းပိတ်လိုက်သည်။ သူ၏ ဆံပင်များကို ဖြတ်တိုက်သွားသော လေပြေကို ခံစားရင်း သူ တစ်ခါမှ မခံစားဖူးသည့် ပေါ့ပါးမှုကို ခံစားလိုက်ရသည်။
"အဆုံးမဲ့ဓား" သို့သော် ရှောင်ချီက မျက်လုံးမှိတ်ပြီး ထိုခံစားချက်ကို ခံစားနေသည့် အခိုက်အတန့်မှာပင် ယဲ့ဖန်၏ ခန္ဓာကိုယ်ထဲမှ နီရဲသော ရွှေရောင်ဓားအလင်းတန်းတစ်ခု ပွင့်ထွက်လာသည်။
ဇွပ်... အကွာအဝေးမှာ အလွန်နီးကပ်နေသဖြင့် ထိုဓားအလင်းတန်းမှာ ရှောင်ချီ၏ ခန္ဓာကိုယ်ကို မည်သည့် အဟန့်အတားမှ မရှိဘဲ ထိုးဖောက်သွားခဲ့သည်။
"ဟင်း... လူငယ်လေး မင်းက နည်းနည်းတော့ မာနကြီးလွန်းသွားပြီ ငါက ယဲ့ဖန်လေးရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိနေသေးတာကို မမေ့နဲ့ဦး"
ဝတ်ရုံဖြူဝတ် အမျိုးသမီး၏ ပုံရိပ်မှာ ဖြည်းည်းချင်း ထွက်ပေါ်လာပြီး သူမ၏ ပါးစပ်ထောင့်မှာ အနည်းငယ် ပြုံးယောင်သန်းနေသည်။ သူမသည် ရင်ဘတ် ထိုးဖောက်ခံလိုက်ရသော ရှောင်ချီကို ကြည့်ကာ အထင်အမြင်သေးသော မျက်နှာဖြင့် ပြောလိုက်သည်။
ရှောင်ချီ၏ ခန္ဓာကိုယ်မှာ ထိုတိုက်ခိုက်မှုကြောင့် အပေါက်ကြီး တစ်ပေါက် ဖြစ်သွားခဲ့ပြီ ပတ်ဝန်းကျင်ရှိ ဝိညာဉ်ဓားဂိုဏ်း တပည့်များသည်လည်း သူ၏ အတွင်းကလီစာများကို ရှင်းရှင်းလင်းလင်း မြင်နေရပြီ ဖြစ်သည်။
"သူ... သူ နိုင်သွားတာလား ဂိုဏ်းချုပ်က ရှုံးမှာမဟုတ်ဘူးဆိုတာ ငါ သိသားပဲ"
"ဒါက ရှောင်ချီက အရမ်း မာနကြီးလွန်းလို့ ဖြစ်ရတာ ဂိုဏ်းချုပ်နဲ့ ဒီလောက်နီးနီးကပ်ကပ် ရပ်ရဲတာကိုး သူက တကယ့်ကို သေမင်းကို ဖိတ်ခေါ်နေတာပဲ"
ပတ်ဝန်းကျင်ရှိ တပည့်များ၏ မျက်နှာတွင် ပြုံးရယ်မှုများ ပေါ်လာကြပြီး ရှောင်ချီကို ညွှန်ပြကာ လှောင်ပြောင် ပြောဆိုနေကြသည်လေ။