အခန်း (၁၄) မင်းလိုဆရာမျိုးက ငါ့အတွက် ဘာအသုံးကျလို့လဲ
ဝိညာဉ်ကျောက်တုံး မိုင်းတွင်းတွေအပြင် လူသားလောကက ဈေးတန်းတွေမှာလည်း ဆိုင်အချို့ ရှိသေးတယ်။
အရင်က ဝိညာဉ်ဓားဂိုဏ်းကို ခွဲတမ်းချပေးထားတဲ့ ဝိညာဉ်လယ်ကွင်းတွေအားလုံးလည်း လုယက်ဖျက်ဆီးခံလိုက်ရပြီ။
ကံကောင်းတာက ငါတို့ဝိညာဉ်ဓားဂိုဏ်းရဲ့ အင်အားနဲ့ အခြေခံအုတ်မြစ်က ရှိနေဆဲဆိုတော့ ကြီးကြီးမားမား ဆုံးရှုံးတာမျိုးတော့ မရှိသေးဘူး။
မင်းက မျိုးဆက်သစ်တပည့်တွေထဲမှာ အစွမ်းအထက်ဆုံးသူတစ်ယောက် ဖြစ်တဲ့အတွက် အခုအချိန်ဟာ မင်း တောင်အောက်ဆင်းပြီး ဂိုဏ်းရဲ့တာဝန်တွေကို ထမ်းဆောင်ရမယ့်အချိန်ပဲ။
နတ်မိမယ် လင်းယွင်သည် ဂိုဏ်းအတွင်း မကြာသေးမီက ဖြစ်ပျက်ခဲ့သော အခြေအနေများကို ရှောင်ချီအား ရှင်းပြလိုက်သည်။
လက်ရှိတွင် ဂိုဏ်းမှာ လူအင်အား အလွန်လိုအပ်နေသည်။ ဂိုဏ်းချုပ်ရော နတ်မိမယ် လင်းယွင်ပါ မျိုးဆက်သစ်တပည့်များထဲတွင် ထူးချွန်ထင်ရှားသည့် ရှောင်ချီကို တောင်နောက်ဘက်မှာ အေးအေးလူလူ အချိန်ဖြုန်းနေစေရန် အလိုမရှိကြတော့ပေ။
ပိုက်ဆံယူထားမှတော့ အလုပ်လုပ်ပေးရမှာပေါ့ ဒါကို ကျွန်တော်ပဲ ကိုင်တွယ်လိုက်ပါ့မယ်ရှောင်ချီက ခေါင်းညိတ်လိုက်ပြီး ဘာအခက်အခဲမျှ မရှိဘဲ မတ်တတ်ရပ်လိုက်ကာ မြေကြီးပေါ်ရှိ ဝိညာဉ်ကျောက်တုံးများနှင့် ဆေးပုလင်းကို သူ၏ သိုလှောင်အိတ်ထဲသို့ သိမ်းဆည်းလိုက်သည်။
ခုနက သူပြောခဲ့သည့် ခါးနာနေတာတွေ ဝိညာဉ်စွမ်းအားတွေ လွဲချော်နေတာတွေက ဘယ်ရောက်ကုန်ပြီနည်း။
ချီအာ... ဆရာ ဘယ်နေရာမှာ မှားသွားခဲ့လို့လဲ ဆရာ့ကိုပြောပြလို့ရမလား မင်းက အရင်က သိပ်လိမ္မာတဲ့ ကလေးလေးပါ ဘာလို့ အခုလို ဖြစ်သွားရတာလဲ။
ရှောင်ချီ ထွက်ခွာတော့မည့်အချိန်တွင် နတ်မိမယ် လင်းယွင်က သူ့ကို လှမ်းခေါ်လိုက်ပြီး ဝမ်းနည်းရိပ်သန်းနေသော လေသံဖြင့် မေးလိုက်သည်။
ဆရာမကြီး... ကျွန်တော့်ကို ပြောပြစမ်းပါ ဆရာ့ရဲ့တပည့်တစ်ယောက်အနေနဲ့ ကျွန်တော် တကယ်တမ်းမှာ ဘာအကျိုးကျေးဇူးတွေ ရခဲ့လို့လဲ ဟုတ်ပါတယ် ကျွန်တော့်ကို တောင်ပေါ် ခေါ်လာပေးခဲ့လို့ မြို့ထဲမှာ တောင်းရမ်းစားသောက်ရတဲ့ ဘဝကနေ လွတ်မြောက်ခဲ့ရတာကိုတော့ ကျွန်တော် တကယ် ကျေးဇူးတင်ပါတယ်။
တစ်ချိန်တုန်းကတော့ ဒီကျေးဇူးတစ်ခုတည်းနဲ့တင် ဆရာ့အပေါ် တစ်သက်လုံး ပြန်ဆပ်လို့ ကုန်မှာမဟုတ်ဘူးလို့ ကျွန်တော်ခံစားခဲ့ရဖူးတယ်။
ဒါပေမဲ့ နောက်ပိုင်းမှာ ကျွန်တော် သိလာတာက တစ်ဖက်သတ် ပေးဆပ်ရတာမျိုးက တကယ့်ကို ကြောက်စရာကောင်းတဲ့ အရာပါလားဆိုတာပဲ။
ကျွန်တော့်အမြင်မှာတော့ ဒါဟာ အသက်နဲ့လဲပြီး ဆပ်ရမယ့် ကျေးဇူးတရားလို့ ထင်ခဲ့ပေမဲ့ ဆရာ့အမြင်မှာတော့ ဒါဟာ သိပ်ကို သေးငယ်လွန်းလှပါတယ်။
ကျွန်တော်က ဖုန်းတောင်းစားဘဝက လာခဲ့တာဆိုတော့ အမြဲတမ်း စိုးရိမ်စိတ်တွေရှိပြီး လမ်းပျောက်နေခဲ့တယ် ဒါကြောင့် ဆရာနဲ့ စီနီယာမမတို့နဲ့ ပိုပြီး နီးနီးကပ်ကပ် ရှိနေချင်ခဲ့တာပါ။
ကျွန်တော်က ဆရာတို့ စိတ်ချမ်းသာအောင် နည်းလမ်းမျိုးစုံနဲ့ အမြဲတမ်း ကြိုးစားခဲ့ပေမဲ့ ကျွန်တော် ပြန်ရခဲ့တာကတော့ ဆရာတို့ရဲ့ အေးစက်မှုနဲ့ ဂရုမစိုက်မှုတွေပဲ တဖြည်းဖြည်းနဲ့ ဆရာတို့က ကျွန်တော့်ရဲ့ ကြိုးစားအားထုတ်မှုတွေကို အထူးအဆန်းမဟုတ်သလို သဘောထားလာကြတယ်။
ကျွန်တော့်ကို တပည့်အဖြစ် ရခဲ့တာက သိပ်လွယ်ကူလွန်းနေလို့လားတော့ မသိဘူး ဆရာ ကျွန်တော့်ကို ဘယ်တော့မှ အလေးအနက် မထားခဲ့ဘူး။
အသက် (၁၆) နှစ်မှာ ကျွန်တော်နတ်ဘုရားသားတော်အဖြစ် ရွေးချယ်ခံခဲ့ရတယ် အဲဒီအတွက် ပေးဆပ်ရတဲ့တန်ဖိုးကတော့ မောက်မာရိုင်းစိုင်းတဲ့ လင်းကျောင်လန် နဲ့ လက်ထပ်ရမှာပဲ အဲဒီတုန်းက ဒီစေ့စပ်ပွဲကို ဖျက်သိမ်းပေးဖို့ ကျွန်တော် ဆရာ့ကို အသနားခံခဲ့သေးတယ် ကျွန်တော်နတ်ဘုရားသားတော်မဖြစ်ရရင်တောင် နေပါစေဆိုပြီးတော့ပေါ့။
ဒါပေမဲ့ ဆရာက ကျွန်တော့်ကို အဓိပ္ပာယ်မရှိတာတွေပြောနေတယ် အနာဂတ် ဂိုဏ်းရဲ့ အကျိုးစီးပွားကို မငဲ့ကွက်ဘူးဆိုပြီး ပြောခဲ့တယ်။
ဆရာ့အပေါ် ထားရှိတဲ့ ယုံကြည်မှုကြောင့်ပဲ ကျွန်တော် ဒီလက်ထပ်ပွဲကို အတင်းအကျပ် သဘောတူခဲ့ရတယ်။
ဒါဆို ကျွန်တော်ဘာပြန်ရခဲ့လဲ စေ့စပ်ပွဲနေ့မှာ လင်းကျောင်လန်က ဂိုဏ်းခန်းမဆောင်ကြီးထဲကို သာမန်လူတစ်ယောက်ကို ခေါ်လာပြီး ကျွန်တော့်ကို အရှက်ခွဲခဲ့တယ်။
ကျွန်တော့်အတွက် တစ်ခုခု လုပ်ပေးဖို့ ဒါမှမဟုတ် ကျွန်တော့်ဘက်ကနေ စကားပြောပေးဖို့ ကျွန်တော်မတောင်းဆိုခဲ့ပါဘူး။
ဒါပေမဲ့ ကျွန်တော်က ဒီကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းနေတဲ့အချိန် တစ်စုံတစ်ယောက်ကို ကျွန်တော် လက်တုံ့ပြန်လိုက်တဲ့အချိန်မှာ ဆရာက ဆန့်ကျင်ဘက် အဖွဲ့အစည်းဘက်မှာ ရပ်နေခဲ့တယ်။
ဖြစ်နိုင်တာကတော့ ကျွန်တော်က ဆရာ့ရဲ့တပည့်ဖြစ်နေလို့ ဆရာ့အနေနဲ့ ဘက်လိုက်တယ်လို့ အပြောမခံချင်လို့ ဒါဟာ မှန်ကန်တဲ့ လုပ်ရပ်ပဲလို့ ဆရာ ထင်ခဲ့တာ ဖြစ်ပါလိမ့်မယ်။
တစ်ခါဆိုရင်လည်း ထားပါဦး နှစ်ခါ၊ သုံးခါ... ငယ်ငယ်ကတည်းက အခုအထိ ပြန်စဉ်းစားကြည့်ပါ.ကျွန်တော် အမှားတစ်ခုခု လုပ်မိတိုင်း ဆရာ ကျွန်တော့်ဘက်မှာ မရှိခဲ့ဘူး မဟုတ်လား။
ကဲ... ပြောစမ်းပါဦး မင်းလိုဆရာမျိုးက ငါ့အတွက် ဘာအသုံးကျလို့လဲ။
ရှောင်ချီသည် ဝတ်စုံဖြူ ဝတ်ဆင်ထားသော နတ်မိမယ် လင်းယွင်ကိုကြည့်ကာ အေးစက်သော လေသံဖြင့် ပြောလိုက်သည်။
သို့သော် သူ မပြောဘဲ ချန်ထားခဲ့သော စကားလုံးများစွာ ရှိပါသေးသည်။
အဘယ်ကြောင့်ဆိုသော် ၎င်းတို့ကို ပြောပြရန် မဖြစ်နိုင်သောကြောင့်ပင်။
အတိတ်ဘဝတုန်းက ဤကဲ့သို့ ဆက်ဆံခံခဲ့ရသော်လည်း ရှောင်ချီသည် သူ၏ဆရာ၊ စီနီယာမမနှင့် ညီမလေးတို့ကို သူ၏ အရင်းနှီးဆုံး ဆွေမျိုးများအဖြစ် သဘောထားခဲ့ဆဲ ဖြစ်သည်။
သို့သော် သူသည် ဂိုဏ်းနှင့် ယဲ့ဖန်တို့၏ နှိပ်စက်ညှဉ်းပန်းမှုနှင့် အကွက်ဆင်မှုကို ခံခဲ့ရသည့်အချိန်တွင်ပင် သူတို့သည် ဆန့်ကျင်ဘက်အဖွဲ့အစည်းဘက်မှာ ခိုင်ခိုင်မာမာ ရပ်တည်နေခဲ့ကြဆဲပင်။
တစ်ခါ၊ နှစ်ခါ၊ သုံးခါ၊ လေးခါ... ရှောင်ချီသည် ဤခံစားချက်ကို ကျင့်သားရနေပြီ ဖြစ်သော်လည်း နှလုံးသားထဲမှာတော့ အကြီးအကျယ် နာကျင်နေရဆဲပင်။
သို့သော် အတိတ်ဘဝက ရှောင်ချီမှာ အလွန်အမင်း မိုက်မဲခဲ့သည် သူသည် မိမိကိုယ်ကို အကြိမ်ကြိမ် ဖြေသိမ့်ခဲ့ဖူးသည်။
သူ၏ဆရာနှင့် စီနီယာမမတို့က သူ့ဘက်မှာ မရပ်တည်ခဲ့လျှင်တောင် သူကတော့ အရင်လိုပဲသူ့ကို ဘက်လိုက်တယ်လို့ အပြောမခံချင်လို့ နေမှာပါဆိုပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ချော့ခဲ့ဖူးသည်။
သူ၏ဆရာနှင့် စီနီယာမမတို့က သူ့ကို ခွင့်လွှတ်လိမ့်မည်ဟု သူအခိုင်အမာ ယုံကြည်ခဲ့ဖူးသည်။ အရင်တုန်းကလိုပဲ ဆူပူကြိမ်းမောင်းပြီးသွားရင်တော့ ပုံမှန်အတိုင်း ဆရာတပည့် ဆက်ဆံရေး ပြန်ဖြစ်သွားမှာပါလို့ပေါ့။
သို့သော် သူသည် ဂိုဏ်း၏ အဖိုးတန်ရတနာကို ခိုးယူသည်ဟူသော အရှုပ်တော်ပုံထဲတွင် နာမည်ပျက်သွားခဲ့သည့် အချိန်မှစ၍ သူ၏ဆရာနှင့် စီနီယာမမတို့သည် သူ့ကို တစ်ခွန်းမှ စကားမပြောကြတော့ပေ။ သူသည် လုံးဝကို အထီးကျန်သူ ဖြစ်သွားခဲ့ရသည်။
သူသည် ခရမ်းရောင်တိမ်တိုက်တောင်ထိပ်မှ နှင်ထုတ်ခံခဲ့ရပြီး ဂိုဏ်းအတွင်းရှိ ဝေးလံသီးခြားသော တောင်ထိပ်တစ်ခုမှာ နေထိုင်ခဲ့ရသည်။
ရှောင်ချီ၏ ရင်ထဲတွင် မတရားမှုများစွာက လည်ချောင်းထဲမှာ တစ်ဆို့နေသလို ခံစားနေရသည်။ သူက ဤလူများကို မိသားစုလို သဘောထားခဲ့သော်လည်း သူတို့ကတော့ သူ့ကို အသုံးချပြီး လွှင့်ပစ်မည့် ကိရိယာတစ်ခုလိုသာ သဘောထားခဲ့ကြသည်။
သို့သော် ရှောင်ချီ၏ မျှော်လင့်ချက်အားလုံးကို အပြီးတိုင် ရိုက်ချိုးလိုက်သည့် အချိန်မှာတော့ အတိတ်ဘဝတွင် သူသေခါနီး အချိန်ပင် ဖြစ်သည်။
ထိုအမျိုးသမီး သုံးဦးသည် ယဲ့ဖန်၏ ဘေးနားတွင် မြင့်မြတ်စွာ ရပ်နေကြပြီး သူတို့၏ အကြည့်များမှာ အရာရာကို အရေးမစိုက်သလို သူ့ကို ပုရွက်ဆိတ်တစ်ကောင်လို ကြည့်နေကြသည်ကို မြင်လိုက်ရသည့် အချိန်တွင်တော့ ရှောင်ချီသည် ထိုအချိန်မှာပင် ထိုသုံးယောက်လုံးကို သတ်ပစ်ချင်စိတ် အပြင်းအထန် ပေါက်ခဲ့မိသည်။
ရှောင်ချီ၏ စွပ်စွဲချက်များကို နားထောင်ပြီးနောက် နတ်မိမယ် လင်းယွင်သည် ခဏတာ တိတ်ဆိတ်သွားခဲ့သည်။
သူမသည် ဤစကားလုံးများကို ပြန်လည်ချေပရန် မစွမ်းသာခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ရှောင်ချီ ပြောသည်မှာ မှန်နေသောကြောင့် ဖြစ်သည်။
(၅) နှစ်လုံးလုံး သူမသည် တင်းကျပ်သော ဆရာတစ်ဦး၏ ပုံရိပ်ကိုသာ ထိန်းသိမ်းခဲ့သည် သူမသည် သူ၏တတိယမြောက်တပည့်၏ ခံစားချက်ကို တစ်ခါမှ ဂရုမစိုက်ခဲ့မိပုံ ရသည်။
ချီအာ... ဆရာ မှားသွားမှန်း သိပါပြီ။ ဆရာ နောက်ကျရင် မင်းကို အကောင်းဆုံး ပြန်ပြီး ပြုစုပျိုးထောင်ပေးပါ့မယ်။ အခုလိုမျိုး စိတ်ကောက်မနေပါနဲ့တော့ ဟုတ်ပြီလား။
နတ်မိမယ် လင်းယွင်က ဖြည်းညှင်းစွာ ရှေ့သို့တိုးလာပြီး ရှောင်ချီ၏ ဆံပင်များကို ပွတ်သပ်ကာ နူးညံ့သော လေသံဖြင့် ပြောလိုက်သည်။
"လက်ကို ဖယ်လိုက်ပါ။ ကျွန်တော် ဆရာ့ကို ရွံတယ်" ရှောင်ချီက မျက်လုံးကို ဖြည်းဖြည်းချင်း မော့ကြည့်လိုက်ပြီး ထူးထူးခြားခြား တည်ငြိမ်နေသော လေသံဖြင့် ပြောလိုက်သည်။
နတ်မိမယ် လင်းယွင်၏ လက်မှာ လေထဲမှာတင် တောင့်တင်းသွားပြီး ပါးစပ်မှာလည်း အနည်းငယ် ဟသွားသည်။ သူမသည် ရှောင်ချီကို လုံးဝ မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် ကြည့်နေမိသည်။
ဖုန်းတောင်းစားတွေထဲကနေ သူမကိုယ်တိုင် ခေါ်ထုတ်လာခဲ့တဲ့ တပည့်ဖြစ်သူက ဤကဲ့သို့သော စကားမျိုး ပြောလိမ့်မည်ဟု သူမ တစ်ခါမှ မထင်ထားခဲ့ပေ။
သူမနောက်ကို တစ်နေကုန် တကောက်ကောက်လိုက်ရင်း "ဆရာ... ဆရာ" နဲ့ ခေါ်နေခဲ့တဲ့ လိမ္မာပြီး ချစ်စရာကောင်းတဲ့ ကောင်လေးကို သတိရမိရင်း ဘာကြောင့်မှန်းမသိဘဲ နတ်မိမယ် လင်းယွင်၏ မျက်ဝန်းအစုံမှ မျက်ရည်များ စီးကျလာတော့သည်။
ရှောင်ချီက သူမကို တစ်ချက်ကြည့်လိုက်ပြီး ရှေ့သို့ လှမ်းတက်ကာ နောင်တတောင်ကမ်းပါးမှ ထွက်ခွာသွားတော့သည်။
ဤကဲ့သို့သော လူစားမျိုးကို စကားတစ်ခွန်း ပိုပြောရမှာကိုပင် သူ ရွံရှာနေမိသည်။ ယခုအချိန်မှာတော့ သူ၏အင်အားက မလုံလောက်သေးလို့သာ သည်းခံနေရခြင်း ဖြစ်သည်၊ မဟုတ်ရင်တော့ သူ အားလုံးကို ဖျက်ဆီးပစ်လိုက်တာ ကြာပြီ။
ရှောင်ချီသည် တောင်တန်းများကြားတွင် ပျံသန်းရင်း လျှောက်လှမ်းလာခဲ့သည်။ သူ၏ ကျောပေါ်တွင် အစိမ်းရောင် ဓားရှည်တစ်လက်ကို လွယ်ထားပြီး သူ၏ဆံနွယ်ရှည်များမှာ လေထဲတွင်လွင့်ပျံ့နေကာ မျက်ဝန်းအစုံမှာလည်း တောက်ပနေသည် ချောမောလှပသော မျက်နှာနှင့် ပေါင်းစပ်လိုက်သောအခါ သူသည် လောကီလောကသို့ ဆင်းသက်လာသော နတ်သားတစ်ပါးနှင့်ပင် တူနေတော့သည်။
ဂျူနီယာညီလေး ရှောင်ချီ ထွက်လာပြီဟေ့ သူက နတ်သန္ဓေအဆင့်ကိုတောင် ရောက်နေပြီလို့ ကြားတယ်။ အခုဆိုရင် ရှေ့တန်းက ငါတို့လူတွေရဲ့ ဖိအားတွေ လျော့သွားနိုင်ပြီ။
နတ်သန္ဓေအဆင့်လေး ကျင့်ကြံသူတစ်ယောက်က ဘာလုပ်နိုင်မှာလဲ အခုရှေ့တန်းမှာ စစ်ပွဲတွေ နေရာအနှံ့ ဖြစ်နေတာ ဝိညာဉ်ပြောင်းလဲခြင်းအဆင့်ရှိတဲ့ အကြီးအကဲတွေတောင် သိပ်ပြီး မတတ်နိုင်ဘူး။
"ငါ့ကိုမေးရင်တော့ တောင်ထိပ်သခင်တွေကိုပဲ တောင်အောက်ဆင်းခိုင်းသင့်တာ။ အခုလို အခြေအနေမျိုးမှာ တောင်ထိပ်သခင်တွေ ကိုယ်တိုင် ဆင်းလာမှပဲ အလှည့်အပြောင်း ဖြစ်နိုင်မှာ။
မင်းက ဘာသိလို့လဲ ဝိညာဉ်ကျောက်တုံး မိုင်းတွင်းတွေနဲ့ ဝိညာဉ်လယ်ကွင်းတွေက အရေးကြီးတာ မှန်ပေမဲ့ ဒါတွေက အရန်လုပ်ငန်းတွေပဲ။ ငါတို့ဂိုဏ်းကြီး တစ်ခုလုံးက ပိုပြီးအရေးကြီးတယ်။ ဒီလို ကျွမ်းကျင်သူတွေက ဂိုဏ်းထဲမှာပဲ နေပြီး ပြင်ပရန်သူတွေ ဝင်မလာအောင် စောင့်ကြပ်နေရမှာပေါ့။
တောင်ပေါ်ကနေ ဆင်းလာတဲ့ ရှောင်ချီကို ကြည့်ပြီး ဂိုဏ်းထဲက အားနေတဲ့ တပည့်တွေက အသည်းအသန် ဆွေးနွေးနေကြသည်။
အချို့က ပြင်ပစစ်ပွဲ အခြေအနေတွေအကြောင်း ပြောနေကြပြီး အချို့ကတော့ ဂိုဏ်းရဲ့အဆင့်မြင့် ကျွမ်းကျင်သူတွေ ဘာလို့ တောင်အောက်မဆင်းကြတာလဲဆိုတာကို ငြင်းခုံနေကြသည်။